← Chapters

အပိုင်း(၁၆၅)

Vol. 11 Ch. 165

အပိုင်း(၁၆၅)

Vol. 11 Ch. 165

ရှမြန်သည် သူမ၏ကိုယ်ပိုင်နှလုံးခုန်သံကြောင့် အလွန်မှ အနှောင့်အယှက် ဖြစ်သွားပြီး ဘယ်အချိန် အိပ်ပျော်သွားမှန်းပင် မသိချေ။ ခြံဝင်းထဲက ဆူညံသံကို ကြားလိုက်ရသည့်အချိန်တွင် ခဏလေးတောင် မအိပ်လိုက်ရလေဘူးဟု ခံစားလိုက်ရလေသည်။

အဒေါ်ဖြစ်သူက နိုးလာပြီဖြစ်သည်။

သူမသည် သူမ၏မျက်လုံးကို ဖွင့်လိုက်သည့်အချိန်တွင် သူမ၏မျက်လုံးများကို နေရောင်မှ ကာကွယ်ပေးထားကာ အုပ်ပေးထားသည့် ပဝါတစ်ထည်ကို မြင်လိုက်ရသည်။

သူမဘေးက ရှောင်ဖုန်းနှင့် ချန်ချန်တို့ကလည်း ထိုနည်းတူပင်။ သို့သော်ငြား နဥ်ရှောက်ပိုင်၏ နေရာကတော့ လွတ်နေပြီဖြစ်၏။

အမိုးပေါ်မှ ဆင်းလာချိန်တွင် ဒေါ်ကြီးသည် ရှမြန်က အလွန်အိပ်ချင်နေသဖြင့် သူမ၏မျက်လုံးများကို မဖွင့်နိုင်ဘဲ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ပြုံးကာပြောလိုက်၏။ "နင် ပြောတော့ ဒေါက်တာနဥ်ကို အဖော်လုပ်ပေးမှာဆို။ ဒါပေမဲ့ နင်ကကိုယ့်ဟာကိုယ် အိပ်ပျော်သွားတာပဲလေ။ ဟုတ်တယ်မလား"

ရှမြန်က သူမ၏နှာခေါင်းကို ထိလိုက်ပြီး မေးလိုက်၏။ "ဒေါက်တာနဥ်ရော"

"သူ ညနှောင်းပိုင်းမှာ ဆင်းလာခဲ့တာလေ။ အခု အိပ်နေတုန်းပဲ။ စကားတိုးတိုးပြော။ သူ့ကိုမနိုးစေနဲ့။ ပေးနားလိုက်ဦး"

"အင်း" ရှမြန်က ပြောလိုက်သည်။ "ကျွန်မ ပြန်သွားပြီးတော့ အရင်ဆုံး ပစ္စည်းတွေ သွားသိမ်းလိုက်ဦးမယ်"

"ဟုတ်ပြီ"ဒေါ်ကြီးက ပြောလိုက်၏။ "နင့်အတွက် မှိုတွေကို လာပို့ပေးဖို့ ရှချွမ်းကို ခဏနေပြောလိုက်မယ်"

နဥ်ရှောက်ပိုင်သည် အားလပ်ရက် အများကြီးမရခဲ့ချေ။ သူသည် အဘိုးအဘွားများကို အဖော်ပြုဖို့ရန်အတွက် မင်မြို့တွင် ၂ရက်နေခဲ့သည်။ ထို့ကြောင့် သူတို့သည် ဤနေရာတွင် ၁ရက်သာ နေနိုင်ခဲ့ပြီး သူတို့သည် မနက်ဖြန်ပြန်ရတော့မည်ဖြစ်၏။

ရှမြန်ကတော့ တစ်နေကုန် စိတ်လက်ကြည်သာလို့နေသည်။ မနေ့ညက အကျိုးသက်ရောက်မှုအပြင် အဓိကကတော့ သူတို့၏ခရီးဆောင်အိတ်များကို ထုပ်ပိုးနေရသောကြောင့်ဖြစ်သည်။ ထိုကြောင့် သူတို့၂ယောက်သည် သီးသန့်နေဖို့ရန် အချိန်လုံးဝမရှိခဲ့ချေ။

ရှမြန်နှင့် ရှောင်ဖုန်းတို့က ယန်မြို့သို့ ပြန်တော့မည်ဟု ကြားကြသဖြင့် ရှမိသားစု၏ ဆွေမျိုးသားချင်းများက သူ့ကို လာရောက် ပို့ဆောင်ပေးကြကာ ဒေသထွက် မုန့်ပဲသရေစာများကိုလည်း လာပို့ပေးကြသည်။

ဒီတစ်ကြိမ်ပြန်သွားသည်နှင့် ဘယ်တော့ ပြန်တွေ့ရမည်ကိုမသိသဖြင့် အတူတူထိုင်ချလိုက်ကာ အချိန်အကြာကြီး စကားစမြည် ပြောလိုက်ကြ၏။ ရှမြန်၏အိမ်သို့ လာသူများက တစ်နေ့လုံး မပြတ်ခဲ့ချေ။

နဥ်ရှောက်ပိုင်က ကားမောင်းလာသဖြင့် သူမ၏ဒေါ်ကြီးက သူမ သယ်သွားလို့ရသမျှ အရာအားလုံးကို သယ်သွားခိုင်းလေသည်။ ညနေခင်းရောက်သည့်အခါ သူမသည် အိတ်အကြီးကြီး၄လုံးကို ထုပ်ပိုးပြီးသားဖြစ်နေ၏။

ထို့နောက်တွင်တော့ သူမက အိမ်ကို တစ်ဖန် သန့်ရှင်းရေးလုပ်လိုက်သည်။ အရာအားလုံး ပြီးစီးသွားသည့်နောက်တွင် မနက်ခင်းစောစော ရောက်နေပြီဖြစ်၏။ အလွန်ပင်ပန်းလွန်းသဖြင့် ချက်ချင်းဆိုသလို အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့တွင် ရှောင်ဖုန်းက မိုးသောက်ယံတွင် နိုးလာခဲ့သည်။ ရှောင်ဖုန်းသည် ဒီနေ့ပြန်ရမည်ကို သိနေသဖြင့် စိတ်အားတက်ကြွနေ၏။ သူနှင့်ချန်ချန်တို့ကတော့ ခွဲခွာဖို့ရန် တွန့်ဆုတ်နေကြသည်။ ကလေး၂ယောက်က မနေ့ညက အတူတူအိပ်ခဲ့ကြပြီး ယခုတော့ အခန်းကရှင်းလင်းနေကာ သူတို့သည် နဥ်ရှောက်ပိုင်၏လက်ကိုတွဲထားပြီး ရှမြန်ကို စောင့်ဆိုင်းနေကြ၏။

ရှမြန်က နဥ်ရှောက်ပိုင်၏အပြုံးကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ သူ့ကိုဝါးစားတော့မတတ် ကြည့်လိုက်သည်။ နဥ်ရှောက်ပိုင်က လက်ကိုဆန့်လိုက်ကာ သူမ၏ကျစ်ဆံမြီးလေးကို လှမ်းဆွဲလိုက်၏။

ယောက်မ၂ ဟုန်ကျွမ်း၏ ဖက်ထုပ်ကို စားပြီးသည့်နောက်တွင် သူတို့အဖွဲ့သည် ခရီးဆက်ဖို့ အဆင်သင့် ဖြစ်လာခဲ့သည်။

နဥ်ရှောက်ပိုင်သည် သူဘာ စဉ်းစားနေသည်ကိုတော့ မသိချေ။ သူသည် ဒီနေရာသို့ ကိုယ့်ဟာကိုယ် ကားမောင်းလာခဲ့ပြီးမှ ပြန်သည့်အချိန်ကျတော့ ဒါရိုက်ဘာတစ်ယောက်ကို ဒီအတိုင်း ရှာဖွေခဲ့သေးသည်။

ရှမြန်သည် ရှောင်လျို့ကို တွေ့လိုက်ရသဖြင့် အခိုက်အတံ့ မှင်တက်အံ့သြသွားတော့၏။

"အစ်ကိုရှောင်လျို့က ဘာလို့ ဒီကိုရောက်နေတာလဲ"

နဥ်ရှောက်ပိုင်က ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်၏။ "ငါ သူ့ကို ခေါ်လိုက်တာလေ။ ပြီးခဲ့တဲ့၂ရက်အတွင်းမှာ ကောင်းကောင်းမနားရတော့ နည်းနည်းလေး မူးနေသလိုခံစားရလို့။ ဒီတိုင်း မောင်းရင် အန္တရာယ်များမှာ စိုးလို့"

ရှမြန်က သူသည် လောင်းကြေးကိစ္စ၏ နောက်ပိုင်းအကြောင်းအရာကို ပြောနေသည်ဟု စဉ်းစားမိလိုက်သဖြင့် သူမ၏ပါးများမှာ ပူထူသွားတော့သည်။ သူမက ဘာတစ်ခုမှ ထပ်မမေးတော့သဖြင့် နဥ်ရှောက်ပိုင်၏ မျက်လုံးထဲက အပြုံးကို လွဲချော်သွားခဲ့သည်။

ခရီးဆောင်အိတ်များကို ကားပေါ်သို့ တင်လိုက်ပြီး ၃ယောက်သားက နောက်ခန်းကခုံတွင် ဝင်ထိုင်လိုက်ကြသည်။ ရှောင်ဖုန်းက အလယ်တွင် ထိုင်ရမည်ဖြစ်သော်ငြားလည်း သူက ကားတံခါးကို မှီထားချင်သည်။ ချန်ချန်နှင့် တခြားသူများကို တွန့်ဆုတ်စွာနှင့် နှုတ်ဆက်စကား ပြောလိုက်ကြ၏။

ခွဲခွာခြင်းက အမြဲတမ်း ဝမ်းနည်းစရာကောင်းပေသည်။ နောက်ဆုံးတော့ ရှဟိုင်သည် ချန်ချန်ကို အတင်းဆွဲချီထားရပြီး ကားကလည်း လမ်းပေါ်သို့ မောင်းထွက်သွားတော့သည်။

ရှောင်ဖုန်းသည် ရှမြန်၏ရင်ခွင်ထဲတွင် နုံးချိကာမှီနေပြီး အနည်းငယ် ဝမ်းနည်းနေသလိုခံစားရ၏။

အရင်ဆုံး စကားစပြောလာသူမှာ နဥ်ရှောက်ပိုင်ဖြစ်သည်။ "သားရဲ့ကိုကိုချန်းချန်းကလည်း သားကို လွမ်းနေတယ်လေ။ ပြန်ရောက်သွားတဲ့အချိန်ကျရင် သားတို့ကို ရေကူးဖို့ခေါ်သွားပြီးတော့ ရေလွှာလျှောစီးဖို့လည်း ခေါ်သွားပေးမယ်"

"ရေလွှာလျှော ဟုတ်လား" ရှောင်ဖုန်း၏အာရုံက ပြောင်းလဲသွားတော့သည်။

ရှမြန်က ရယ်မောလိုက်ပြီး "အဲဒါက သားရဲ့ကိုကိုချန်ချန် ကစားနေတဲ့ ရွှံ့နဲ့လုပ်ထားတဲ့လျှောနဲ့ တူတယ်လေ။ ဒါပေမဲ့ ဒါကတော့ ရေပေါ်မှာ။ ရှောင်ဖုန်းလည်း ကစားလို့ရတယ်"

ရှောင်ဖုန်းသည် ချန်းချန်း၏ ပုံရိပ်လေးကို သတိထားမိသွားသယောင် ရုတ်တရက် ခပ်တိုးတိုးလေး ရယ်မောလိုက်ပြီး သူ၏စိတ်အခြေအနေက နောက်ဆုံးတော့ တိုးတက်သွားတော့၏။ "ကိုကိုချန်းချန်း"

သူကလည်း ကိုကိုချန်းချန်းကို လွမ်းနေသည်။

စီရင်စုမြို့မှ အဝေးပြေးလမ်းမပေါ်သို့ တက်ရန်အတွက် ချိုင့်ခွက်နှင့် မြေနီလမ်းကြီးကို ဖြတ်မောင်းရသေးသည်။ ကားသည် ကြမ်းကြမ်းတမ်းတမ်း လှုပ်ရမ်းနေသဖြင့် ရှမြန်သည် မကြာခဏဆိုသလို နဥ်ရှောက်ပိုင်ဘက်သို့ ယိမ်းသွားတတ်၏။

ဒီငနဲက မရှောင်ဘူးလေ။ ငါ အနားကို ကပ်သွားတဲ့အချိန်ကျရင် သူက ငါ့ခန္ဓာကိုယ်ကို တည်ငြိမ်သွားအောင် ပခုံးကိုတောင်မှ သဘာဝကျကျ ထိန်းပေးလိုက်သေးတယ်။

ရှမြန်က အမိုးပေါ်က လက်ကိုင်ကို ဖမ်းဆုပ်ထားပြီး မတ်မတ်ထိုင်ရအောင် ကြိုးစားထားရသည်။

နဥ်ရှောက်ပိုင်က သဘောကျသွားကာ သူမကို ကြည့်လိုက်ပြီးနောက် သူမဘေးတွင် ထိုင်နေသည့် ရှောင်ဖုန်းကို ကောက်ချီလိုက်ပြီး သူတို့နှစ်ယောက်ကြားထဲတွင် ချပေးထားလိုက်သည်။

သူက ရှေ့မှ ရှောင်လျို့ကို လှမ်းကြည့်လိုက်ပြီး ရှမြန်ကို ပါးစပ်လှုပ်ပြလိုက်၏။ ...ခပ်ဝေးဝေးနေ။

ရှမြန်...

ငါကလည်း အဲဒီလို တွေးနေတာပဲလေ။ နဥ်ရှောက်ပိုင်ရဲ့လုပ်ရပ်တွေက ဘာဖြစ်လို့များ ငါ့ကို ဆန့်ကျင်နေအောင် လုပ်ချင်နေတာလည်း မသိဘူး။

နဥ်ရှောက်ပိုင်ကတော့ သူလုပ်ခဲ့သည့်အရာကို အလွန်မှ ဂုဏ်ယူနေသယောင် သူမကို ပြုံးပြနေဆဲ။

ရှမြန်သည် အလွန်ဒေါသထွက်လာသဖြင့် လက်ကိုဆန့်ကာ သူ့ကိုရိုက်ပုတ်လိုက်တော့သည်။

နဥ်ရှောက်ပိုင်က လက်ကိုဆန့်လိုက်ပြီး သူမ၏ ရှေ့ဆံပင်လေးကို လှမ်းဆွဲလိုက်ပြန်သည်။

နှစ်ယောက်သားက အသံတိတ်ကစားနေကြသည့်အချိန်တွင် ကားက ရုတ်တရက် ဘရိတ်နင်းလိုက်သည်။

ရှမြန်သည် ချက်ချင်းဆိုသလို အလယ်တွင်ထိုင်နေသည့် ရှောင်ဖုန်းကို ကာကွယ်ပေးလိုက်၏။ နဥ်ရှောက်ပိုင်ကတော့ သူ၏ရှည်လျားသည့်လက်တံကို ဆန့်ထုတ်လိုက်ပြီး သူတို့၂ယောက်စလုံးကို သူတို့၏ထိုင်ခုံတွင် ဆွဲကပ်ထားလိုက်လေသည်။ သို့သော်ငြားလည်း သူ၏ပခုံးကတော့ သူ့ရှေ့က ထိုင်ခုံနှင့် သွားရိုက်မိလေသည်။

ရှမြန်၏မျက်နှာမှာ ပြောင်းလဲသွားပြီး ကိုယ်ကို မြန်မြန်ကုန်းလိုက်ကာ သူ့ကို လှမ်းကြည့်လိုက်သည်။

"အဆင်ပြေရဲ့လား"

နဥ်ရှောက်ပိုင်က သူ့ပခုံးကို ပွတ်သပ်လိုက်ကာ ပြောလိုက်၏။ "အဆင်ပြေပါတယ်"

"တကယ်ပါပဲ ဒီမိန်းမက ရူးနေတာလား" ဒရိုင်ဘာရှောင်လျို့သည် အမှတ်တမဲ့ ကျိန်ဆဲလိုက်ပြီးနောက် ကိုယ်ကို မြန်မြန်လှည့်ကာ တောင်းပန်လိုက်လေသည်။ "တောင်းပန်ပါတယ် လူကြီးမင်းနဥ်။ မိန်းမတစ်ယောက်က ရုတ်တရက်ကြီး ကျွန်တော်တို့ရှေ့ကို ပြေးထွက်လာလို့ပါ"

သူ့စကား ဆုံးသွားသည်နှင့်ချက်ချင်း အမျိုးသမီးတစ်ယောက်က သူ့အပေါ် ခုန်အုပ်တော့မလို ကားပြတင်းပေါက်ကို မြန်မြန်ခေါက်လိုက်လေသည်။

မာလီလီ ဖြစ်နေခြင်းပင်။

နဥ်ရှောက်ပိုင်ကလည်း သူ့ကိုမှတ်မိသွားပြီး ကိုယ်ကိုလှည့်ကာ ရှမြန်ကို အတည်ပြုခိုင်းလိုက်၏။

"အဲ့ဒါက ကိုယ့်ဟာကိုယ် ကံဆိုးတယ်လို့ထင်ပြီး မင်းထက်ပိုပြီးတော့ သာနိုင်တယ်လို့ ပြောတဲ့တစ်ယောက်လား"

ရှမြန်က ခေါင်းညိတ်ပြလိုက်သည်။ သူမကလည်း မာလီလီနှင့် ကိစ္စအကြောင်းကို နဥ်ရှောက်ပိုင်အား ပြောထားနှင့်ပြီးဖြစ်၏။ သူမသည် မာလီလီက သူမကို တိုက်ခိုက်နေသည့်စကားလုံးများက တော်တော်လေး ရယ်စရာကောင်းသည်ဟု ထူးထူးခြားခြား စဉ်းစားလိုက်မိသည်။ ထို့ကြောင့်ပင် သူမက နဥ်ရှောက်ပိုင်ကို ရယ်စရာအနေနှင့် ထိုအကြောင်းကို ပြောပြခဲ့ခြင်းဖြစ်သည်။

တမြန်နေ့က မာလီလီက သူ့လမ်းကို လာပိတ်လိုက်သည့်အချိန်တွင် နဥ်ရှောက်ပိုင်က သူမက မည်သူဖြစ်ကြောင်းကို ခန့်မှန်းမိပြီးသားဖြစ်သည်။ သို့သော်ငြားလည်း သူက သူမကို ဒီအတိုင်း ဂရုမစိုက်ချင်ရုံသာ။ သူမက သူ့ကို ဒီလောက်အတင့်ရဲကာ တွယ်ကပ်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။

နဥ်ရှောက်ပိုင်က သူ့မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းထားလိုက်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "သူ ဘာလုပ်မလဲ ကြည့်ကြတာပေါ့"

ရှမြန်က သူ့ပခုံးကို လှမ်းကြည့်လိုက်ပြီး ကြောက်လန့်သွားသည့်ရှောင်ဖုန်းကို ကောက်ချီလိုက်ကာ အနည်းငယ် ဒေါသထွက်သွားတော့သည်။ ဒီလူက အလုပ်ကြိုးစားဖို့ ဘယ်တော့မှဆန္ဒမရှိဘဲ အမြဲတမ်း ဖြတ်လမ်းကို လိုက်ချင်နေကြတာပဲ။ ရှမြန်သည် သူ ဘာလုပ်ဖို့ ကြိုးစားနေသည်ကို ခန့်မှန်းနိုင်၏။

ရှောင်လျို့က ကားပြတင်းပေါက်ကို ချပေးလိုက်သည်။ မာလီလီသည် တစ်မြန်နေ့က ဝတ်ဆင်ထားသည့် အဝတ်အစားကိုသာ ဝတ်ဆင်ထားဆဲ။ သူမသည် သူမ၏လက်ထဲတွင် ဟောင်းနွမ်းနေသည့် အိတ်တစ်လုံးကိုလည်း ကိုင်ထားသည်။ သူမ၏မျက်နှာကလည်း မိတ်ကပ်လိမ်းထားသယောင် အနည်းငယ် ညစ်ပတ်နေ၏။ သူမ၏ရုပ်ကို အလွန်မှ ရှက်ရွံစရာကောင်းအောင် ဖြစ်နေစေသည်။ သူမက သူမ၏ပါးစပ်ကို ဟလိုက်ကာ ပြောလိုက်၏။ "ဒေါက်တာနဥ် ကျေးဇူးပြုပြီးတော့ ကျွန်မကို ကယ်ပါဦး"

နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "အားနာပါတယ် ကျွန်တော်က ခင်ဗျားကိုမှ မသိတာ။ ခင်ဗျားကို မကယ်ပေးနိုင်ပါဘူး။ ကျေးဇူးပြုပြီးတော့ လမ်းဖယ်ပေးပါ"

သို့သော်ငြားလည်း မာလီလီက သူ့စကားကို လုံးဝနားမထောင်ဘဲ စက်သေနတ်တစ်ခုလို ဆက်တိုက် စကားပြောနေ၏။ "ရှင် ပြန်သွားရင် ဟောက်ရွှီဖုန်းက ကျွန်မကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး"

"ပြီးတော့ ကျွန်မရဲ့မိဘတွေ။ သူတို့တွေကလည်း သွေးစုပ်နေကြတဲ့ သန်ကောင်တွေပဲ။ သူတို့တွေက ကျွန်မကို ဟောက်ရွှီဖုန်းဆီ ရောင်းစားချင်နေတာလေ။ ဟောက်ရွှီဖုန်းက သူ့မိန်းမကို သေအောင်နှိပ်စက်နေတာ..."

"ကျွန်မ ကောင်းကောင်းနေချင်ပါတယ်။ ကျွန်မ တခြားလူတွေရဲ့ စိုးမိုးခြယ်လှယ်ခံနေရတဲ့ ကံကြမ္မာကနေ လွတ်မြောက်ချင်တယ်။ ကျေးဇူးပြုပြီးတော့ ရှင်က ကျွန်မကို ကယ်တင်ပေးနိုင်မဲ့ တစ်ဦးတည်းသောသူပါပဲ။ ကျွန်မနောက်ဆိုရင် ရှင့်ကို ပြန်ပြီးကျေးဇူးဆပ်ဖို့ ကျွန်တစ်ယောက်လို သေချာပေါက် အလုပ်လုပ်ပါမယ်။ ရှင် ကျွန်မကို ဒီနေရာကနေ ခေါ်သွားပေးရင်ရပါပြီ"

ရှမြန်သည် သူမကို မည်သို့ဝေဖန်ရမည်ကိုပင် မသိတော့ချေ။ နဥ်ရှောက်ပိုင်တစ်ယောက်ကပဲ သူ့ကိုကယ်နိုင်တယ်တဲ့လေ။ ဒါနဲ့ပဲ သူက သူ့ကို ကယ်ပေးရဦးမှာတဲ့လား။ ဒါကဘယ်လိုတောင် ဓားပြလော့ဂျစ်မျိုးလဲ။ ဒါနဲ့များ သူက ဘာဖြစ်လို့ စီရင်စုတရားသူကြီးဆီ မသွားခဲ့တာလဲ။ စီရင်စုတရားသူကြီးကလည်း သူ့ကို ကယ်နိုင်တာပဲလေ။

သို့သော်ငြားလည်း နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "မင်းက ငါ့ကို ဘယ်လို ကယ်ပေးစေချင်တာလဲ"

မာလီလီသည် အခွင့်အရေးတစ်ခု ရှိသည်ဟု ကြားလိုက်ရသည့်အခါ သူမ၏မျက်လုံးများက လင်းလက်သွားတော့သည်။ "ကျွန်မကို ဒီနေရာကနေ ခေါ်သွားပေးသ၍ ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ပါဘူး"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "ဒီတော့ မင်းက ဒီနေရာကနေထွက်ဖို့ အခွင့်အရေး မရှိရုံသက်သက်ပဲပေါ့နော် ဟုတ်လား"

မာလီလီက စိတ်အားတက်ကြွစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ "ဟုတ်ပါတယ်။ ရှင် ကျွန်မကို အခွင့်အရေးတစ်ခု ပေးရင်ရပါပြီ။ ကျွန်မရှင့်ကို ကျွန်မရဲ့အောင်မြင်မှုတွေကို သေချာပေါက်ပြပါမယ်"

ရှမြန်ကတော့ မျက်စောင်းထိုးလိုက်လေသည်။ နဥ်ရှောက်ပိုင်ကို အခွင့်အရေးတစ်ခု ပေးပါဆိုတာက ဘာသဘောလဲ။ နဥ်ရှောက်ပိုင်က သူ့ကို ဘာဖြစ်လို့ အခွင့်အရေးတစ်ခုပေးရမှာလဲ။

နဥ်ရှောက်ပိုင်ကတော့ မှတ်ချက်မပေးလိုက်ဘဲ ရှောင်လျို့ကို ပြောလိုက်၏။ "သူ့ကို ကားပေါ်တက်ခိုင်းလိုက်"

ရှမြန်သည် ဇဝေဇဝါဖြင့် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်မိတော့သည်။ ဒါက သူ့စတိုင် မဟုတ်ဘူးလေ။

ရှောင်လျို့ကလည်း မေးခွန်းများကို ထပ်မမေးတော့ဘဲ ဒရိုင်ဘာဘေးခုံကတံခါးကို ဖွင့်ပေးလိုက်၏။ မာလီလီသည် ဝမ်းသာအားရဖြင့် ကားပေါ်သို့ ချက်ခြင်းတက်လာခဲ့သည်။ "ကျေးဇူးတင်ပါတယ်နော် ဒေါက်တာနဉ်"

အတိတ်က အေးစက်စက်ခံစားချက်အားလုံးက ပျောက်ကွယ်သွားပြီး သူ့မျက်နှာသည် ပြုံးမယောင် ဖြစ်နေ၏။ သူမသည် တောက်ပသည့်အနာဂတ်ကြီးတစ်ခုထဲတွင် ကိုယ့်ဟာကိုယ် မြင်နေရသယောင်ဖြစ်နေ၏။

အစပိုင်းတွင်တော့ သူမသည် ယဥ်ယဥ်ကျေးကျေး စကားပြောဆိုကာ ကျေးဇူးတင်စကားပြောမည်ဟု စဉ်းစားထားသည်။ သို့သော်ငြားလည်း ကားကအဝေးပြေးလမ်းမပေါ်သို့ ချောချောမွေ့မွေ့ ထွက်သွားပြီးသည်နှင့် မာလီလီသည် သိသိသာသာ စိတ်လှုပ်ရှားလာကာ နဥ်ရှောက်ပိုင်ကို ပိုပြီး သိရှိလာဖို့ရန် ကြိုးစားတော့သည်။

"ဒေါက်တာနဥ် ရှင်က ဆရာဝန်ပေါ့နော်။ ကျွန်မ ရှင့်ကို ဘယ်လိုခေါ်သင့်လဲ"

နဥ်ရှောက်ပိုင်က သူမကို လျစ်လျူရှုထား၏။ သို့သော်ငြားလည်း သူမကတော့ တစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင် စကားပြောနေဆဲပင်။ "ယန်မြို့က ဘယ်ဆေးရုံမှာလုပ်တာလဲ။ တိုက်ဆိုင်ဆိုင်ပဲ။ ကျွန်မကလည်း သူနာပြုတစ်ယောက်လေ။ ကျွန်မလေ နေရာတစ်ခုကိုရောက်တာနဲ့ ဆေးရုံတစ်ခုမှာ အလုပ်ဝင်ဖို့ ဆုံးဖြတ်ထားတယ်။ ကျွန်မတို့တွေ လုပ်ဖော်ကိုင်ဖက် ဖြစ်နိုင်လောက်တယ်နော်"

ရှမြန်က မျက်စောင်းထိုးလိုက်ပြီး မနေနိုင်တော့ဘဲ ထေ့ငေါ့ကာ ပြောဆိုလိုက်လေသည်။ "ရှင်က သူနာပြုအလုပ်ကို ထွက်လိုက်တာ ကြာနေပြီ မဟုတ်လား။ ရှင်က အခု သရုပ်ဆောင်တစ်ယောက်လေ။ ဟုတ်တယ်မလား"

"ဒါနဲ့ ရှင် သရုပ်ဆောင်တဲ့အလုပ်ကို စနေပြီလေ ဟုတ်တယ်မလား။ ရှင်က တစ်ပိုင်းတစ်စနဲ့ ဒီလိုထွက်ပြေးလာခဲ့ရင် ဒါရိုက်တာက ဘယ်လိုလုပ်မှာလဲ"

မာလီလီသည် နဥ်ရှောက်ပိုင်ကို အလောတကြီး လှမ်းကြည့်လိုက်ပြီး ရှင်းပြလိုက်၏။ "ကျွန်မက သရုပ်ဆောင်တစ်ယောက် လုံးဝမလုပ်ချင်ပါဘူး။ ဟုတ်ပါတယ်။ ဟောက်ရွှီဖုန်းက ကျွန်မ လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့အချိန်မှာ သူ ကျွန်မကို သဘောကျသွားတာလေ..."သူမသည် ဒီစကားကို ပြောလိုက်သည့်အချိန်တွင် သူမ၏မျက်နှာက အနည်းငယ် နီရဲသွားပြီး သူမသည် သွယ်ဝိုက်ချီးကျူးစကားကြောင့် ရှက်ရွံ့နေသည့်ရုပ် ဖြစ်နေ၏။

"သူက ကျွန်မကို တားဆီးဖို့ စီရင်စုဆေးရုံကို ဆက်တိုက်သွားနေတာလေ။ ဒါကြောင့် ကျွန်မလည်း မတတ်သာတော့ဘဲ အလျှော့ပေးလိုက်ရတာပါ"

"ကျွန်မက တခြားရွေးစရာ မရှိတော့လို့ပါ။ ကျွန်မထင်လိုက်တာက ရိုက်ကူးရေးနေရာဆိုတော့ အဲ့ဒီနေရာမှာ လူတွေအများကြီးရှိမှာပဲလို့ ထင်ထားတာ။ ဒါဆိုရင် ကျွန်မကလည်း သူ့ကို နည်းနည်းတော့ ရှောင်ရှားနိုင်လိမ့်မယ်ပေါ့"

"ဒါပေမဲ့ ဒါရိုက်တာကလည်း လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာကို သိလိုက်ရတယ်လေ။ သူကလည်း ဟောက်ရွှီဖုန်းနဲ့ ကြံရာပါပဲ။ ဒါနဲ့ ကျွန်မလည်း ထွက်ပြေးလာခဲ့ရတာ..."

သူမက ကိုယ်ကိုလှည့်လိုက်ပြီး နဥ်ရှောက်ပိုင်ကိုကြည့်ကာ ပြောလိုက်၏။ "ကျွန်မက သူနာပြုဆရာမအလုပ်ကို သဘောကျနေပါသေးတယ်။ နောက်ဆုံး ကျွန်မက ဆေးပညာကျောင်းမှာ ပထမရခဲ့တယ်လေ။ တကယ်လို့ ကျွန်မက သူနာပြုဆရာမတစ်ယောက် မလုပ်ဘူးဆိုရင် ဒါက အလကား ဖြစ်သွားမှာပေါ့"

ရှမြန်ကတော့ ဝေဖန်ဖို့ရန်ပင် ပင်ပန်းသွားတော့သည်။

နဥ်ရှောက်ပိုင်က သူမ၏ခေါင်းကို လှမ်းထိလိုက်ပြီး မာလီလီကို ဗြုန်းစားကြီး ထပြောလိုက်လေသည်။

"ကျေးဇူးပြုပြီးတော့ တိတ်တိတ်နေပေးပါ။ ကျွန်တော် ကားမူးနေလို့ အနားယူချင်တယ်"

မာလီလီသည် အေးခဲသွားပြီး အောင့်သက်သက်နှင့် ကိုယ်ကိုပြန်လှည့်သွားကာ ထပ်ပြီး စကားမပြောရဲတော့ချေ။

ရှမြန်က နဥ်ရှောက်ပိုင်ကို တိတ်တိတ်လေး လက်မထောင်ပြလိုက်သည်။ နဥ်ရှောက်ပိုင်က သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်၏။

ရှောင်ဖုန်းကတော့ အမှန်ပင် ခေါင်းမူးနေလေသည်။ ရှမြန်ကလည်း ၂ရက်ဆက်တိုက် ကောင်းကောင်း မအိပ်ခဲ့ရချေ။ ကလေးကို ခဏလောက် ချီထားလိုက်ပြီးနောက် သူမကအိပ်ပျော်သွားတော့၏။

သူမ၏ဘေးက တစ်စုံတစ်ယောက်က ရှောင်ဖုန်းကို ကောက်ချီလိုက်သည်ကို မသဲမကွဲ သတိထားမိလိုက်သည်။ ရှမြန်က နဥ်ရှောက်ပိုင်မှန်း သိနေသဖြင့် သူမက သက်သောင့်သက်သာ အနေအထားတစ်ခုကို ရှာလိုက်ကာ အေးအေးချမ်းချမ်း အိပ်ပျော်သွားလေသည်။

သူမသည် သူမ၏ခေါင်းပေါ်က ဆူညံသံတစ်ခုကြောင့် အလန့်တကြား ဖြစ်သွားပြီးမှ သတိပြန်ဝင်လာ၏။ တစ်စုံတစ်ယောက်က သူမ၏ဆံပင်နှင့် ဆော့ကစားနေလေသည်။

ရှမြန်က မျက်လုံးကို ဖွင့်ကြည့်လိုက်၏။ ရှောင်ဖုန်းဖြစ်နေသည်။ သူသည် သူ့လက်သေးသေးလေးကို ဆန့်ထားပြီး သူမ၏မျက်နှာကို ကွယ်နေသည့် ဆံပင်များကို ဂရုတစိုက်ဖြင့် ဖယ်ပေးလိုက်၏။

သူမက နိုးလာသည်ကို မြင်လိုက်ရသည့်အခါ ကလေးကပြုံးပြီး ပြောလိုက်လေသည်။ "အန်တီလေး ဒါက မေချောက်ဖုန်"

လတ်တလောတွင် သိန်းငှက်သူရဲကောင်းဇာတ်လမ်းက အလွန်မှ နာမည်ကြီးနေသည်။ မေချောက်ဖုန်ကို ရှုပ်ပွနေသည့်ဆံပင်ပုံစံဖြင့် ပုံဖော်ထားပြီး ရှုပ်ပွနေသည့်ဆံပင်များ ဖြစ်နေသည့်လူများကို မေချောက်ဖုန်ဟု ခေါ်တတ်ကြသည်။

ရှမြန်က ကိုင်ကြည့်လိုက်သည်။ သူမကပိုပြီး သက်သောင့်သက်သာ အိပ်ပျော်ဖို့ရန်အလို့ငှာ သူမသည် သူမ၏ဆံပင်များကို ဖြည်ချထားမိဟန် တူသည်။ တစ်လမ်းလုံး အိပ်ပျော်လာခဲ့ပြီးသည့်နောက်တွင် သူမ၏ဆံပင်ကတော့ သေချာပေါက် ရှုပ်ပွနေလိမ့်မည်။

နဥ်ရှောက်ပိုင်၏အသံက သူမ၏ခေါင်းအပေါ်မှ ထွက်လာသည်။ "နိုးရင်လည်းထတော့လေ။ ခဏနေ ရောက်တော့မယ်။ အိပ်မနေနဲ့ ထတော့"

ရှမြန်သည် အလန့်တကြားဖြစ်သွားပြီး နဥ်ရှောက်ပိုင်၏ ပခုံးကို မှီထားသည့်သူမကိုယ်သူမ ပြန်တွေ့လိုက်ရသည်။ ပခုံးပေါ်ဟု ပြောလိုက်လျှင်တော့ သိပ်ပြီးတော့ မမှန်ကန်ချေ။ သူ၏ရင်ခွင်ထဲသို့ တစ်ဝက်နီးပါး ရောက်နေခြင်းပင်။ ရှောင်ဖုန်းက တစ်ဝက်နီးပါးနေရာ ယူထားပြီး သူမက ကျန်သည့်တစ်ဝက်ကို နေရာယူထားသည်။

အဲဒီလောက်အထိ သက်သောင့်သက်သာ အိပ်ပျော်သွားတာလည်း မဆန်းတော့ပါဘူး...

ရှမြန်က မြန်မြန်ထထိုင်လိုက်ပြီး နဥ်ရှောက်ပိုင်က စုပ်သပ်လိုက်သည့်အသံကို ကြားလိုက်ရ၏။

"ဘာဖြစ်လို့လဲ "ရှမြန်က မေးလိုက်သည်။

"လက်မောင်းကြွက်သား နာသွားလို့"

ရှမြန်က သူမ၏ လက်ကောက်ဝတ်ကို မြန်မြန်ဖမ်းဆွဲလိုက်ကာ အကြောဆန့်ပေးလိုက်ပြီးနောက် စတင်နှိပ်နယ်ပေးလေသည်။ သူမက နှိပ်နယ်ပေးနေစဉ်မှာပင် နဥ်ရှောက်ပိုင်က စတင်ရယ်မောလာသည်ကို မြင်လိုက်ရသဖြင့် သူသည် သူမကို တစ်ဖန် စနောက်နေမှန်း သဘောပေါက်လိုက်တော့သည်။

ရှမြန်က သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ဒေါက်တာနဥ် ရှင် ကိုယ့်ဟာကိုယ် ထိန်းသိမ်းပါ့မယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ဘာဖြစ်လို့ အဲဒီလောက်အထိ သတိမရှိရတာလဲ"

နဥ်ရှောက်ပိုင်က ပြုံးကာပြောလိုက်၏။ "မင်းက ကိုယ့်ဟာကိုယ် သေသေချာချာလေး ထိန်းချုပ်နေတာကို တွေ့ရတော့ ငါက ငါ့ဘက်က လုပ်ဖို့ မလိုဘူးလို့ ထင်တယ်"

"မင်းရဲ့တွေးတောစဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ ကျေးဇူးရှင် ငါ အခုအများကြီး နေသာထိုင်သာရှိသွားပြီ"

ရှမြန်မှာ အမျက်ခြောင်းခြောင်း ထွက်လေတော့သည်။ ဒီလောက်စိတ်ပုပ်တဲ့လူမျိုး ဘယ်လိုလုပ်ပြီး ရှိနေပါလိမ့်။

သူမက သူဆန့်ထုတ်လိုက်သည့်လက်ကို လှမ်းရိုက်မည်ဟု ပြင်လိုက်ကာ မကျေမနပ်ဖြင့် မေးလိုက်လေ၏။ "ဘာအတွက်လဲ"

နဥ်ရှောက်ပိုင်က သူမ၏ခေါင်းကို ကြည့်ကာပြုံးလိုက်လေသည်။ "မင်းရဲ့ဆံပင်တွေကို မချည်တော့ဘူးလား။ မေချောက်ဖုန်"

ရှောင်ဖုန်းကလည်း ချက်ချင်းဆိုသလို တခစ်ခစ် အော်ရယ်တော့သည်။

ရှမြန်သည် ယခုအချိန်ကျမှ သူ့လက်ကောက်ဝတ်ပေါ်က ရောင်စုံဆံပင်စည်းကြိုးတစ်ခုကို တွေ့လိုက်ရတော့၏။ ဒါက ငါ့ရဲ့ဟာပဲ...

ရှမြန်သည် သူမ၏ဆံပင်စည်းကြိုးက နဥ်ရှောက်ပိုင်၏လက်ပေါ်သို့ ရောက်နေရသည့် အကြောင်းအရာကို ထပ်ပြီးမစဉ်းစားချင်တော့‌ချေ။ သူမက ရှုပ်ပွနေသည့်ဆံပင်ကို ထိကိုင်လိုက်ပြီး ခေါင်းဖြီးဖို့ရန်အတွက် ခေါင်းဘီးတစ်ချောင်းကို မြန်မြန်ရှာလိုက်လေတော့သည်။

သူမ၏ပျာယာခက်သွားသည့်ရုပ်ကို မြင်လိုက်ရသည်တွင် နဥ်ရှောက်ပိုင်က သူမကို စနောက်ပြန်သည်။

"ငါ မင်းကို ကူညီပေးဖို့လိုသေးလား"

ရှမြန်က ဒေါသထွက်ထွက်ဖြင့် ပြောလိုက်၏။ "ကျွန်မနဲ့ ဝေးဝေးနေစမ်းပါ။ ပြီးတော့ ဟိုဘက်လှည့်။ ကျွန်မကို မကြည့်နဲ့"

နဥ်ရှောက်ပိုင်က အော်ရယ်မိသည်။

ရှေ့က မာလီလီသည် ရုတ်တရက် နောက်ကို လှည့်လိုက်ပြီး အားကျကာပြောလိုက်၏။ "ဒေါက်တာနဥ် ရှင်က တကယ့်ကို စိတ်ထားကောင်းတာပဲနော်"

"ရှမြန်က ရှင့်လို လူမျိုးနဲ့တွေ့ရတာ တကယ်ကံကောင်းတာပဲ ဒေါက်တာနဉ်"

သေစမ်း။ ဒီအရှုပ်ထုပ်ကြီး ရှိနေတယ်ဆိုတာကို မေ့သွားတာပဲ။

မာလီလီက သက်ပြင်းချလိုက်ဆဲပင်။ "တကယ်လို့ ကျွန်မသာ ရှမြန်တစ်ဝက်လောက်သာ ကံကောင်းခဲ့မယ်ဆိုရင် အခုအချိန် ကျွန်မ ဒီလိုဖြစ်နေမှာ မဟုတ်လောက်ဘူး"

ကားက ဖြေးဖြေးချင်း အရှိန်လျှော့လိုက်ပြီး ရှောင်လျို့က ပြောလိုက်၏။ "လူကြီးမင်းနဥ် ကျွန်တော်တို့ ဘူတာကို ရောက်ပါပြီ"

"လက်မှတ်အရောင်းဌာန ဝင်ပေါက်နားမှာ ရပ်လိုက်" နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ ရှောင်လျို့က ခဏလောက် မှင်တက်အံ့သြသွားပြီးမှ မာလီလီကို ကြည့်လိုက်ကာ ရှေ့သို့အနည်းငယ် ဆက်မောင်းသွားပြီး ရပ်လိုက်သည်။

နဥ်ရှောက်ပိုင်က မာလီလီကို ပြောလိုက်၏။ "ဟုတ်ပြီ ကားပေါ်က ဆင်းတော့"

"ဟုတ်ကဲ့" မာလီလီက အလွန်မှ စိတ်လှုပ်ရှားနေသည်။ သူမက သူတို့က သူမကို နောက်တွင် ချန်ထားခဲ့မှာကို စိုးရိမ်သဖြင့် သူမ၏အိတ်ကို မြန်မြန်ကောက်ယူလိုက်ပြီး ကားပေါ်က ဆင်းလိုက်၏။

သို့သော်ငြားလည်း သူမက ကားပေါ်က ဆင်းလိုက်ပြီးသည့်နောက်တွင် ဒရိုင်ဘာအပါအဝင် နောက်ခန်းက လူ၃ယောက်က မလှုပ်မယှက်ရှိနေသည်ကို တွေ့လိုက်ရတော့သည်။

"ဒေါက်တာနဉ်"

...

All Chapters