ပင်လယ်ကို ကျင့်ကြံခြင်းအခြေခံအဖြစ် အသုံးချ၍ ( ၁ )
Vol. 6 Ch. 86
ဧရာမမိကျောင်းကိုယ်ထည်ပေါ် လရောင်ဖြာကျနေသည်။ အဝေးမှကြည့်ပါက လှေကလေးက အသက်ရှင်နေပြီး အသက်ရှူနေသည့်အလား လရောင်၏အနှစ်သာရကို စုပ်ယူနေဟန် ထင်မှတ်ရပေမည်။
ထိုအခြင်းအရာကြောင့် လရောင်က ပို၍ပင် ဖြာကျလာနေပြီး အေးစက်စက်အလင်းတစ်စလည်း ဖျတ်ခနဲ လက်လာသည်။
ရွှီချင်းက လှေကလေးကို အချိန်အတော်ကြာသည်အထိ ငေးကြည့်နေသည်။
ဆင်းရဲသားရပ်ကွက်၌ဖြစ်စေ၊ ရတနာမုဆိုးစခန်း၌ဖြစ်စေ ခေါင်းဆောင်လဲ့ ပေးခဲ့သော အိမ်သစ်ကလေးမှလွဲ၍ သူ နေထိုင်ခဲ့ရသောနေရာများသည် အများအားဖြင့် ညစ်ပတ်စုတ်ပြတ်နေခဲ့သည်။
ဤမိကျောင်းလှေကလေးက လရောင်အောက်တွင် ဝင်းလက်တောက်ပြောင်နေပေရော ရွှီချင်းသည် မနေနိုင်တော့ဘဲ ဆောင့်ကြောင့်ထိုင်၍ ပွတ်သပ်ကိုင်တွယ်ကြည့်လိုက်သည်။
၎င်းက အေးစက်မာကြောလှသည်။
အရေးအကြီးဆုံးအချက်က ၎င်းသည် သူ ပိုင်ဆိုင်သောပစ္စည်းဖြစ်နေခြင်းပင်။
“ ဒါ ငါ့ဟာ ”
ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ရှေ့တိုးသွားမည်ပြုစဉ် ဆတ်ခနဲ ရပ်သွားသည်။ သူ၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ချက် ဝင်းလက်သွားပြီး ဘေးပတ်ဝန်းကျင်မှ အကြည့်စူးစူးတစ်ခုကို သူ အာရုံခံမိလိုက်သည်။
သို့သော်လည်း တစ်ဖက်လူက ကျင်လည်စွာ ပုန်းအောင်းနေသည်ဖြစ်၍ အချိန်တိုအတွင်း ရွှီချင်း မရှာနိုင်ချေ။ ထို့ကြောင့် သူ၏မျက်လုံးများထဲမှ အေးစက်စက်အလင်းတစ်စ ပျောက်ကွယ်သွားပြီး ယခင်အတိုင်း တည်ငြိမ်နေသောအသွင်ဖြင့် သူ၏ဖိနပ်များကို ငုံ့ကြည့်ဟန်ဆောင်လိုက်သည်။
ကောက်ရိုးညှပ်ဖိနပ်များသည် အလွန် ဟောင်းနွမ်းနေပြီး ရွှံ့နှင့် သွေးခြောက်များ ရောနှောနေသည်။ ဖိနပ်များ၏အပေါက်အပြဲများမှတစ်ဆင့် ညစ်ပတ်နေသော ခြေချောင်းများကို မြင်နိုင်သည်။
အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက် ရွှီချင်းက ဖိနပ်များကို ချွတ်၍ ဖုန်အလိမ်းလိမ်းဖြစ်နေသာ ခြေထောက်များကို ကြည့်လိုက်သည်။ ထို့နောက် ဘေးတွင် ထိုင်၍ ခြေထောက်များ ဖွေးလာသည်အထိ ပင်လယ်ရေကို လက်နှစ်ဖက်ဖြင့် ခပ်၍ ခြေထောက်များကို ဆေးကြောလိုက်သည်။
ထိုအတောအတွင်း သူ့ကိုကြည့်ရသည်မှာ တည်ငြိမ်အေးဆေးနေဟန်ရှိပါသော်ငြား ဘေးပတ်ဝန်းကျင်ကို လျှို့ဝှက်စွာ သူ အကဲခတ်နေပြီး အကြည့်စူးစူးနှင့်လူ ပေါ်ထွက်လာမည့်အချိန်ကို စောင့်နေ၏။ သို့သော်လည်း ထိုလူက လွန်စွာ သတိကြီးဟန်တူသည်။ သူ ပျင်းရိပျင်းတွဲ ထိုင်နေပါသော်လည်း ထိုလူ ထွက်ပေါ်မလာချေ။
ရွှီချင်းသည် ခါတိုင်းလို တည်ငြိမ်နေပြီး မတ်တတ်ရပ်ကာ လှေပေါ်သွားလိုက်ပြီး အနက်ရောင်အခန်းငယ်ကို ကြည့်လိုက်သည်။
အနက်ရောင်အခန်းငယ်၏အတွင်းပိုင်းက မကျယ်ဝန်းဘဲ လွန်စွာ ရိုးရှင်းသည်။ ခုတင်တစ်လုံး၊ အိပ်ယာခင်းနှင့် ဘေစင်တစ်ခုသာ ပါသည်။
ထို့ပြင် အခန်းငယ်က အနည်းငယ် နိမ့်သည်ဖြစ်၍ သာမန်လူများအနေဖြင့် ကောင်းကောင်း မတ်တတ်ရပ်နိုင်မည်မဟုတ်ဘဲ ထိုင်နေရန်အတွက်သာ သင့်တော်မည်ဖြစ်သည်။
ရွှီချင်းက ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် အထဲကို ဝင်မသွားဘဲ အပြင်ဘက်ရှိ ခုံကလေးပေါ်တွင် ထိုင်၍ ရေလှိုင်းပုတ်သံကို နားထောင်နေသည်။ ရေလှိုင်းများကြောင့် လှေကလေး လူးလွန့်နေသည်ကိုလည်း သူ ခံစားမိနေသည်။
ထိုတိတ်ဆိတ်ငြိမ်သက်နေသောအချိန်တွင် သူ၏အတွေးစများသည် တဖြည်းဖြည်း လွင့်မျောသွားသည့်အလား သူ့အကြည့်က ဝိုးတဝါးဖြစ်လာဟန်တူသည်။
ယခင်က ဆင်းရဲသားရပ်ကွက်တွင် ရုန်းကန်ခဲ့ရသောဘဝကို သူ ပြန်တွေးမိလိုက်သည်။ သူ၏အသိုက်အမြုံလေးထဲတွင် အေးစက်စက်ညများအား ဖြတ်ကျော်ခဲ့ရသည်ကို သူ ပြန်သတိရလာသည်။ ဆောင်းရာသီရောက်တိုင်း သူ သည်းခြေခိုက်လုမတတ် အေးစက်တုန်ရီနေခဲ့ပြီး နောက်တစ်နေ့ နေမင်းကြီးကို မြင်နိုင်ရပါ့မလား ပူပန်ကြောင့်ကြနေခဲ့ရသည်။
ဆောင်းတွင်းရောက်တိုင်း သေလုမတတ် အအေးဓာတ်ကို ကြုံတွေ့ဖူးသူမျိုးမှသာ ထိုသို့ ခံစားဖူးလိမ့်မည်။
ထို့ကြောင့် အအေးဓာတ်ကို သူ ကြောက်သည်။ သူ့ခန္ဓာကိုယ်က အအေးဓာတ်ကို ကြောက်လန့်နေသည်မဟုတ်ဘဲ မှတ်ဉာဏ်များထဲတွင် အရိုးစွဲနေခဲ့သော အအေးဓာတ်ကို ကြောက်လန့်နေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ရွှီချင်းသည် လှေကလေးပေါ်တွင် ငြိမ်သက်စွာ ထိုင်နေရင်း အပြင်ဘက်ရှိ ညအမှောင်ထုနှင့် ကောင်းကင်ယံရှိ ထိန်ထိန်လင်းနေသော လမင်းကြီးကို ကြည့်လိုက်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ ပထမဆုံးသတ်ခဲ့ဖူးသည့် လူတစ်ယောက်အကြောင်းကို ပြန်တွေးမိလိုက်သည်။
ထိုလူက သူ့ကို စားသောက်ချင်နေခဲ့သည်။ နောက်ဆုံး၌ ထိုလူ၏ခေါင်းကို သူ ခက်ခက်ခဲခဲ ဖြတ်ပစ်နိုင်ခဲ့ပြီး သူ့အသိုက်ကလေး၏ဝင်ပေါက်တွင် ချထားလိုက်သည်။ ထိုအခါမှစ၍ လူအားလုံး၏ သူ့ကိုကြည့်သည့်အကြည့်များ ပြောင်းလဲသွားခဲ့သည်။
လှေကလေးက ဆက်လက်လူးလွန့်နေသည်။
ရွှီချင်း၏မျက်လုံးများထဲရှိ အတွေးစများက လွင့်မျောနေဆဲဖြစ်ဟန်တူပါသော်လည်း ရင်ထဲတွင် သူ တီးတိုးရေရွတ်နေသည်။
“ ဒီမှာလည်း ငါ တစ်ခေါင်းလောက် ထားလိုက်ရမလား ”
ထိုစကားတစ်ခွန်း သူ စိတ်ထဲမှ ရေရွတ်လိုက်စဉ် သူ၏ခန္ဓာကိုယ်က လှစ်ခနဲ နောက်ဆုတ်သွားပြီး အေးစက်စက်အလင်းတန်းတစ်တန်းက ရွှီခနဲ သူ့ကို ဖြတ်ကျော်သွားသည်။
အလင်းတန်းကို သူ ရှောင်တိမ်းလိုက်သည့်အခိုက် သူ၏မျက်လုံးများထဲရှိ ရီဝေဝေအရိပ်အယောင်များ ပျောက်ကွယ်သွားပြီး အရာအားလုံးက အတုအယောင်သာဖြစ်နေသည့်အလား ယခုအခါတွင် ငုပ်လျှိုးနေခဲ့သော အေးစက်စက်အငွေ့အသက်များ အစားထိုးနေရာယူလာပြီဖြစ်သည်။
“ နောက်ဆုံးတော့ သူ ထွက်လာပြီပဲ ”
ထိုအချိန်၌ လှေဘေးရှိ ပင်လယ်ရေပြင်မှ ဗွမ်းခနဲ မြည်သံထွက်ပေါ်လာပြီး လူရိပ်တစ်ရိပ် တိုးထွက်လာကာ ရွှီချင်းထံ တဟုန်ထိုး ပြေးဝင်သွားသည်။ ထိုလူရိပ်၏ ညာလက်တွင်လည်း အေးစက်စက်ဝင်းလက်နေသည်။
ယင်းသည် လရောင်အောက်၌ အပြာရောင်လဲ့နေသော အဆိပ်ရည်လူးထားသည့် ဓားမြှောင်တစ်လက်ဖြစ်သည်။
လရောင်ကြောင့် ထိုလူ မည်သူဆိုသည်ကို ရွှီချင်း သိလိုက်ရသည်။ ထိုလူသည် မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ဂိုဏ်းသားတစ်ဦးဖြစ်သည်။ သူက မျက်နှာကို ဖုံးကွယ်မထား၍ အသက်သုံးဆယ်အရွယ်ရှိဟန်တူသည်။ သူသည် ချီစုစည်းခြင်းအဆင့်ငါးကိုသာ ရောက်သေးပါသော်လည်း ရွှီချင်းက အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
ထိုအချိန်၌ ထိုဂိုဏ်းသား၏မျက်လုံးများထဲတွင် လူသတ်ငွေ့များဖြင့် ဆူဝေနေသည်။
သူသည် လက်ဖျားခါရလောက်အောင် မြန်ဆန်ပြီး လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာသည်။ ထို့နောက် သူ၏လက်ထဲရှိ ဓားမြှောင်က ရွှီချင်း၏ဝမ်းဗိုက်ကို အညှာအတာမဲ့စွာ တိုးဝင်သွားသည်။
ရွှီချင်း၏အကြည့်က ရေခဲတမျှ အေးစက်နေသည်။ သူက တစ်ဖက်လူ၏ ဓားမြှောင်ကို ဂရုမစိုက်ဘဲ ညာလက်ကို ပို၍ မြန်ဆန်စွာ မြှောက်၍ တိုးဝင်လာသည့််လက်ကို ဆတ်ခနဲ ဖမ်းဆုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် အပြင်အားများ ချက်ချင်းလှည့်ပတ်လာပြီး ပြးဝင်လာသည့်ကျင့်ကြံသူ၏ခန္ဓာကိုယ်ကို ချက်ချင်း မြှောက်လိုက်သည်။
ထိုလူမှာ ထိတ်လန့်တုန်လှုပ်ကာ မယုံကြည်နိုင်ဟန်ဖြစ်နေစဉ်မှာပင် လှေစောင်းနှင့် ရိုက်ခြင်းကို ခံလိုက်ရသည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ သွေးများနေရာအနှံ့ ပန်းထွက်သွားပြီး ထိုလူ၏ခန္ဓာကိုယ်မှ အသွေးအသားများဖြင့် လုပ်ထားသော လက်တစ်ဖက် ထွက်လာသည်။ ထိုလက်က အကျိအချွဲများ စီးကျနေလျက် ရွှီချင်းထံ တဟုန်ထိုး ပြေးဝင်သွားသည်။ ၎င်း၏အငွေ့အသက်များက ချီစုစည်းခြင်းအဆင့်ငါးကို ကျော်လွန်ပြီး ချီစုစည်းခြင်းအဆင့်ခြောက်ကို ရောက်နေသည်။
ရွှီချင်းက မျက်နှာသေဖြင့် ရှိနေသည်။ သူ၏နောက်မှ ချက်ချင်းပင် အရိပ် ထွက်ပေါ်လာပြီး ထိုလက်ကို ဖိနှိပ်ထားလိုက်သည်။
ဘုန်းခနဲ မြည်ဟည်းသံနင့် လက်က မလှုပ်မယှက်ဖြစ်ကာ ငြိမ်ကျသွားသည်။
လက်ကို ဆုံးရှုံးလိုက်ရပြီးနောက် ကျင့်ကြံသူသည် သွေးတစ်ပွက်အန်သွားပြီး မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားကာ အသက်ရှင်သန်ရန် ရုန်းကန်နေသည်။ သို့သော် ရွှီချင်း၏ဘယ်လက်က ဓားမြှောင်ကို ဆုပ်ကိုင်ထားပြီး ထိုကျင့်ကြံသူ၏လည်ပင်းကို ဓားမြှောင်ဖြင့် ဖိထားသည်။
ဓားမြှောင်က လွန်စွာ အေးစက်ပြီး ထိုလူ၏အရေပြားကို ဖောက်သွားသည်။ ရွှီချင်းသာ အားအနည်းငယ် စိုက်ထုတ်လိုက်သည်နှင့် ထိုလူ၏လည်ပင်း တိခနဲ ပြတ်သွားမည်ဖြစ်သည်။
ထိုအခြင်းအရာကြောင့် ထိုကျင့်ကြံသူ၏ခန္ဓာကိုယ် တုန်ရီသွားရသည်။ ရွှီချင်းကိုကြည့်နေသည့် သူ၏မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်ခြင်းများ ပြည့်နေသည်။
“ ခင်ဗျား ဘယ်လို ပုန်းနေခဲ့တာတုံး။ ပြီးတော့ ခင်ဗျားခန္ဓာကိုယ်ပေါ်က အဲဒီလက်တွေက ဘာတွေလဲ ”
ရွှီချင်းက ကျင့်ကြံသူကို အေးတိအေးစက်ကြည့်၍ မေးမြန်းလိုက်သည်။
“ ဒါက ငါ့ခန္ဓာကိုယ်ထဲကို အစားထိုး စိုက်ထားခဲ့တဲ့ ပင်လယ်တံဆိပ်ရဲ့လက်ပဲ။ အဲဒါက တိုက်ရည်ခိုက်ရည်ကို တိုးတက်စေပြီးတော့ ပင်လယ်ထဲမှာ ဘယ်သူမှမရိပ်မိအောင် ပုန်းအောင်းစေနိုင်တယ်။ ဂိုဏ်းထဲက လူအများစုက ဒီလိုမျိုး လုပ်ထားကြတာ။ ဂိုဏ်းတူညီလေး၊ ဒီတစ်ခေါက် င့ါလုပ်ရပ်အတွက် တောင်းပန်ပါတယ်ကွာ။ စွမ်းဆောင်မှုရမှတ်တွေ မလုံလောက်သေးတော့ ငါ လုပ်ခဲ့မိတာပါ။ မနက်ဖန် … ”
ကျင့်ကြံသူက စကားကို ခပ်သွက်သွက် ပြောနေပါသော်လည်း စကားမဆုံးခင် ရွှီချင်း၏လက်ထဲမှ ဓားမြှောင်က အညှာအတာမဲ့စွာ ထိုးဖောက်သွားခဲ့ပြီ ဖြစ်သည်။