← Chapters

ဓားချက်တိုင်းကကြောက်မက်ဖွယ်

Vol. 16 Ch. 219

ဓားချက်တိုင်းကကြောက်မက်ဖွယ်

Vol. 16 Ch. 219

အခန်း (၂၁၉) ဓားချက်တိုင်းကကြောက်မက်ဖွယ်

တိုက်ပွဲစသည်နှင့် လုကျန်းက တစ်ဖက်လူကို လှုပ်ရှားခွင့်မပေးဘဲ စတင်တိုက်ခိုက်လိုက်သည်။

သူ့လက်ထဲတွင်ကိုင်ထားသည့် ဓားရှည်မှ ပြင်းထန်သည့်ဓားဝိညာဉ်က အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။

အစစ်အမှန်အင်မော်တယ်တစ်ပါး၏ တန်ခိုးစွမ်းအားများက  ရေလွှမ်းမိုးသည့်အလား မြင့်တက်လာပြီး တစ်ဖက်လူကို တစ်စစီစုတ်ဖြဲ နှစ်မြှုပ်ပစ်တော့မည့်အလား ထင်မှတ်ရသည်။

ကျန်းလန် မျက်မှောင်တစ်ချက်ကြုတ်လိုက်၏။

အစစ်အမှန်အင်မော်တယ်များ၏ တိုက်ခိုက်မှုက မယုံကြည်နိုင်စရာ စွမ်းအားပြင်းထန်သည်ကို ကျန်းလန် ရုတ်တရက် အမှတ်ရလိုက်မိသည်။

ရေတွင်းပျက်ကြီးနံဘေးတွင် အစစ်အမှန်အင်မော်တယ်များနှင့် ကျန်းလန် တိုက်ခိုက်ခဲ့ဖူးသည့် မဟုတ်ပါလား။

"ဘုန်း…"

ကြီးမားသည့် တန်ခိုးစွမ်းအားကြီး (၂) ခု ထိခိုက်မိသွားပြီး ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ဝုန်းကနဲ ထွက်ပေါ်လာသည်။ တန်ခိုးစွမ်းအားများ ပြင်းထန်လွန်းသဖြင့် မြေပြင်တစ်ခုလုံး သိမ့်သိမ့်တုန်သွား၏။

"ဝှစ်…"

တန်ခိုးစွမ်းအားများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ကျန်းလန်က ပေါက်ကွဲထွက်လာသည့် တန်ခိုးစွမ်းအားများကို ြက်ည့လိုက်သည်။

ရင်ပြင်ထက်တွင် တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်ခြင်းကို ကာကွယ်ပေးမည့် အရံအတားများ ၊ အစီအရင်များ ပြုလုပ်ထားခြင်း မရှိပေ။

"စိန်ခေါ်ပွဲကိုကြည့်နေကြသူတွေ မစိုးရိမ်ကြဘူးလား" ဟု ကျန်းလန် တွေးလိုက်၏။

သို့သော် မကြာမီ အဖြေကို ကျန်းလန် သိလိုက်သည်။

ရင်ပြင်ရှေ့တွင် အစစ်အမှန်အင်မော်တယ်တစ်ပါး မတ်တတ်ရပ်လျှက် ရှိနေပြီး ပေါက်ကွဲထွက်လာသည့် တန်ခိုးစွမ်းအားလှိုင်းလုံးများကို ပွဲကြည့်ပရိတ်သတ်ထံ မရောက်ရှိအောင် တားဆီးပေးနေသည်။

"ဘန်း…"

"အဋ္ဌမတောင်ထွတ်က အတော်ဆုံးပါရမီရှင်ကလည်း ဘာမှ မဟုတ်ပါလား"

လုန်လင်၏ သရော်သံ ထွက်ပေါ်လာသည်။

"ဂရား…"

နဂါးဟိန်းသံကြီးတစ်ချက် ထွက်ပေါ်လာပြီး လုန်လင်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နဂါးအရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုနဂါးအရိပ်က လုကျန်း၏ ဓားချက်ကို ဖျက်စီးပစ်လိုက်၏။

လုကျန်း၏ ဓားကွက်က သေသပ်လှပသည်။ သို့သော် လုန်လင်၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်လိုက်သည့်အခါ တိုက်ခိုက်မှုက အားနည်းသွားသယောင် ထင်မှတ်ရသည်။

"လုန်လင်က နဂါးမျိုးနွယ်တွေထဲမှာ အတော်လေး တန်ခိုးစွမ်းအားမြင့်မားပုံရတယ် ၊ သူက မွေးရာပါ အင်မော်တယ်မဟုတ်ပေမယ့် တိုက်ရည်ခိုက်ရည်က မွေးရာပါအင်မော်တယ်တွေထက်တောင် သာလွန်တယ် ၊ နဂါးမျိုးနွယ်က အဋ္ဌမတောင်ထွတ်ကိုတိုက်ခိုက်ဖို့ အလေးအနက်စဉ်းစားပြီးမှ လူရွေးခြယ်ထားတာပဲ ၊ အားလုံးထဲမှာ တိုက်ရည်ခိုက်ရည်အကောင်းဆုံးသူကို ရွေးခြယ်ထားတာ ၊ ပြီးတော့ လုန်လင်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဂိုဏ်းတူအစ်ကိုလုကျန်းထက် မြင့်မားပုံရတယ်"

ရှောင်ယွိက ဘေးမှနေပြီး ရှင်းပြနေ၏။

ကျန်းလန်က ပဟေဠိဖြစ်သွားပြီး ရှောင်ယွိကို လှမ်းကြည့်လိုက်သည်။

ရှောင်ယွိက နဂါးမျိုးနွယ်များဟု သုံးနှုန်းပြီး စကားပြောနေဟန်မှာ လူသားတစ်ယောက်ပမာ ဖြစ်ပြီး သူမကိုယ်သူမ နဂါးမျိုးနွယ်ဆိုသည်ကို မေ့နေသည့်အလား ဖြစ်သည်။

သို့သော် ရှောင်ယွိ စိတ်ထဲတွင် တွေးနေသည်မှာတော့…

"ငါသာ နဂါးမျိုးနွယ်တွေဘက်ကလိုမျိုး ပြောဆိုမိရင် ဂိုဏ်းတူမောင်လေးက ငါ့ကို မုန်းတီးရွံလျှာသွားမယ်ထင်တယ်…"

ရှောင်ယွိက ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။

"သူ ငါ့ကို မုန်းသွားမှာမလား…"

ရှောင်ယွိ သူမကိုယ်သူမ မေးခွန်းထုတ်လိုက်သည်။

သို့သော် ကျန်းလန်ကတော့ ဟိုးယခင်အချိန်များမှ ယခုလက်ရှိအချိန်ထိ သူမကို စိတ်ရှုတ်စရာဟု တစ်ခါမှမသတ်မှတ်ခဲ့ပေ။

"ဂိုဏ်းတူမောင်လေး… ဂိုဏ်းတူအစ်ကိုလုကျန်း အနိုင်ရမယ်ထင်လား"

ရှောင်ယွိက မေးလိုက်သည်။

ထိုအချိန် ရင်ပြင်ထက်တွင် ဓားရောင်တစ်ချက်တောက်ပသွားပြီး ဓားဝိညာဉ်က မြင့်တက်လာသည်။ ဓားဝိညာဉ်ထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နက်နေပြီး ရန်သူကို သတ်ဖြတ်ပစ်ရန် အသင့်ဖြစ်နေ၏။

လုန်လင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် နဂါးအရိပ်က အကန့်အသတ်မရှိသည့် ပင်လယ်ရေများပမာ မြင့်တက်လာပြီး ဓားအလင်းရောင်နှင့် ဓားဝိညာဉ်ကို ဝါးမြိုပစ်လိုက်သည်။

တိုက်ပွဲကို ကြည့်ရုံဖြင့်ပင် လုကျန်းဘက်မှ အသာစီးမရသည်မှာ ထင်ရှားနေသည်။

ကျန်းလန်က…

"ဂိုဏ်းတူအစ်ကိုလုကျန်း အနိုင်ရနိုင်တယ်လေ… ၊ သူက သူ့တန်ခိုးစွမ်းအားတွေကို ထိန်းချုပ်ထားလို့ အားနည်းတဲ့ပုံပေါက်နေတာ…"

ထိုအချိန် မိန်းကလေးကျင့်ကြံသူတစ်ယောက် ကျန်းလန်အနားသို့ တိုးကပ်လာ၏။

သူမက ကျန်းလန်ကို ပြုံးပြလိုက်ရင်း…

"ဒီက ဂိုဏ်းတူအစ်ကိုကလည်း ဂိုဏ်းတူအစ်ကိုကြီးလုကျန်းကို လာပြီးအားပေးတာလား ၊ ဒါနဲ့… ဂိုဏ်းတူအစ်ကိုက ဘယ်တောင်ထွတ်ကများလဲ"

ရုတ်တရက် ရောက်လာသည့် မိန်းကလေးကြောင့် ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။

သူမက အခြေခံတည်ဆောက်ခြင်းအဆင့်မျှသာရှိသေးသည့် ဂိုဏ်းတူညီမလေးတစ်ယောက် ဖြစ်၏။ သူမ မည်သည့်တောင်ထွတ်မှ တပည့်ဖြစ်သည်ကိုတော့ ကျန်းလန် မသိရှိပေ။

သူမက ကျန်းလန်နှင့် အလွန်နီးကပ်နေလေရာ ကျန်းလန် ချက်ချင်းပင် သတိအနေအထားဖြစ်သွားပြီး နွားရိုင်းကိုးကောင်စွမ်းအားကို အချိန်မရွေးထုတ်လွှတ်ရန် စုစည်းထားလိုက်မိသည်။

ဤသည်က သူစိမ်းများအနားကပ်လာလျှင် ကျန်းလန် အလိုလိုနေရင်း ပြုလုပ်မိသည့် တုံ့ပြန်မှု ဖြစ်၏။ သို့ပေသိ အပြင်ပန်းအမြင်တွင်တော့ ကျန်းလန်က အလွန်တည်ငြိမ်နေသည်။

ကျန်းလန်က မိန်းကလေးကို စကားပြန်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ရှောင်ယွိက သူ့ကို မိန်းကလေးနှင့် ဝေးရာသို့ အနည်းငယ်တွန်းထုတ်လိုက်သည်။

ထို့နောက် သူမက မိန်းကလေးကျင့်ကြံသူရှေ့တွင် မတ်တတ်ရပ်ရင်း…

"ဂိုဏ်းတူညီမလေး… ဘာသိချင်တာလဲ ၊ သိချင်ရင် ငါ့ကို မေးလို့ရတယ်"

ရှောင်ယွိမျက်နှာတွင် အပြုံးရိပ်များ မရှိတော့ပေ။ သူမသည် လုန်ယွိကဲ့သို့ တည်ငြိမ်အေးစက်နေ၏။

စကားလာပြောသည့် ကျင့်ကြံသူမိန်းကလေးမှာ သူမကိုကြည့်ပြီး ကြောက်ရွံ့သွားလေသည်။

ဂိုဏ်းတူအစ်ကိုလုကျန်းကို လူတိုင်းက သဘောကျသည်ဖြစ်လေရာ သူမက ဘာရယ်မဟုတ် စကားလာပြောမိခြင်း ဖြစ်သည်။ ယခုကဲ့သို့ ရန်သူပမာ အထင်လွဲခံရမည်ဟု သူမ မျှော်လင့်မထားခဲ့မိပေ။

ရှောင်ယွိ သူမကို မကျေမနပ် ရန်လိုနေသည်ကို သိလိုက်သည်နှင့် သူမက ချက်ချင်းတောင်းပန်လိုက်၏။

"ကောင်းပါပြီ… နှောက်ယှက်မိတာ တောင်းပန်ပါတယ်"

ပြောပြီးသည်နှင့် သူမ လှည့်ထွက်သွားလေတော့သည်။

"ဟွန်း… သူ သွားပြီ…"

ယခုမှ ကျန်းလန်လည်း စိတ်သက်သာရာရသွား၏။

ရှောင်ယွိကတော့ ကျန်းလန်ကို ငေးကြည့်ရင်း…

"ကဲ… ဂိုဏ်းတူအစ်ကို လုကျန်း ဘာလို့အနိုင်ရနိုင်သလဲဆိုတာ ဂိုဏ်းတူမောင်လေး အခု ပြောပြလို့ရပြီ ၊ ကျွန်မထင်တာတော့ အခုတိုက်ပွဲမှာ ဂိုဏ်းတူအစ်ကိုလုကျန်းက အသာစီးမရဘူး မဟုတ်လား"

ကျန်းလန် ရှောင်ယွိကိုကြည့်လိုက်ပြီး ထူးဆန်းသလို ခံစားလိုက်ရသည်။

စောစောက ဂိုဏ်းတူညီမလေးကို မောင်းထုတ်လိုက်သည့်လုပ်ရပ်က သေးငယ်သည့်လုပ်ရပ်လေးတစ်ခု ဖြစ်သော်လည်း ကျန်းလန်ကို ရင်ခုန်စိတ်လှုပ်ရှားသွားစေသည်။

သို့သော် သူက ချက်ချင်းပင် ခံစားချက်ကို ဖယ်ထုတ်ကာ ရင်ပြင်ထက်မှ တိုက်ပွဲကို လှမ်းကြည့်လိုက်သည်။ တိုက်ပွဲတွင် လုကျန်းက ခံစစ်အနေအထား တိုက်ခိုက်နေရဆဲ ဖြစ်၏။

ကျန်းလန်က လုကျန်းကိုကြည့်ပြီး အလေးအနက် ပြောလိုက်သည်။

"ဂိုဏ်းတူအစ်ကိုလုကျန်းက တကယ်မတိုက်ခိုက်သေးဘဲ ညှာနေတာ…"

ကျန်းလန်က ခဏနားပြီးမှ ဆက်ပြောလိုက်သည်။

"ဂိုဏ်းတူအစ်ကိုလုကျန်းရဲ့ဓားက အရမ်းတည်ငြိမ်ပြီး လွတ်လပ်တယ် ၊ ဒါပေမဲ့ သူက ဓားစွမ်းအားကို ထိန်းချုပ်ထားတယ် ၊ ဒီတော့ ဓားဝိညာဉ်ထုတ်လွှတ်မှုက မချောမွေ့ဘူး ဖြစ်နေတာပေါ့ ၊ သူက တကယ်ဆိုရင်အဋ္ဌမတောင်ထွတ်က ဒဏ္ဍာရီဆန်တဲ့ သူရဲကောင်းပဲ ၊ ဒီလောက် အားပျော့နေစရာအကြောင်း မရှိဘူး"

ကျန်းလန် စကားကြောင့် ရှောင်ယွိက လုကျန်း၏ဓားကို သေသေချာချာ ကြည့်လိုက်သည်။

သူမက နဂါးသုတ်သင်ဓားဝိညာဉ်နှင့် ထိတွေ့ဖူးလေရာ ဓားဝိညာဉ်များအကြောင်းကို ကောင်းကောင်းနားလည်သည်။ ထို့ကြောင့် လုကျန်း၏ ဓားဝိညာဉ်က တစ်စုံတစ်ခုမှားယွင်းနေကြောင်း ချက်ချင်းပင် နားလည်လိုက်သည်။

ရှောင်ယွိက ကျန်းလန်ကို လှည့်ကြည့်လိုက်ရင်း…

"ဂိုဏ်းတူမောင်လေးက အရမ်းမျက်လုံးကောင်းတာပဲ"

ကျန်းလန်က…

"ကိုယ်က ဓားဝိညာဉ်အကြောင်း နားလည်နေလို့ ဖြစ်မှာပါ…"

နဂါးသုတ်သင်ဓားသိုင်းက ဓားဝိညာဉ်များကို နားလည်ရလွယ်ကူစေသည့် ဓားသိုင်းတစ်ခု ဖြစ်၏။

နဂါးမျိုးနွယ်များကတော့ လုကျန်းက ဓားဝိညာဉ်ကို ထိန်းချုပ်ထားသည်ကို နားလည်ကြမည် မဟုတ်ပေ။

နဂါးမျိုးနွယ်တစ်ယောက်က…

"ဟက်… မင်းတတ်နိုင်တာ ဒါပဲဆိုရင်တော့ ဒီနေ့ အဋ္ဌမတောင်ထွတ် ရှုံးနိမ့်ရတော့မယ်"

အဋ္ဌမတောင်ထွတ် ရင်ပြင်ထက်တွင်တော့…

လုန်လင်က လေထဲတွင် ရပ်တန့်နေ၏။ သူမ၏အနောက်ဘက်တွင် ကြီးမားလှသည့် နဂါးပုံရိပ်ကြီးတစ်ခုထွက်ပေါ်လာသည်ကို တွေ့မြင်ရသည်။

ထို့နောက် ပြင်းထန်လွန်းသည့် နဂါးစွမ်းအားများက လုကျန်းထံသို့ ဝင်ရောက်လာသည်။

နဂါးစွမ်းအားဆိုသည်က နဂါးမျိုးနွယ်များ၏ အစွမ်းထက်လှသည့် တန်ခိုးစွမ်းအားဖြစ်ပြီး မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း လူတိုင်း သိရှိကြသည်။

ဂိုဏ်းတူအစ်ကိုလုကျန်း ရှုံးနိမ့်တော့မည်လား။

ထိုမေးခွန်းက လူတိုင်းစိတ်ထဲတွင် တွေးမိကြသည့် မေးခွန်းပင်။

သို့သော် အများစုကတော့ လုကျန်း ရှုံးနိမ့်မည်ဟု မယုံကြည်ကြပေ။ လုကျန်းက အဘယ်ကြောင့် ထိုမျှ တန်ခိုးစွမ်းအား နည်းပါးရပါမည်နည်း။

လုကျန်းသည့် ယခင်ကလို တောက်ပထက်မြက်ခြင်း မရှိတော့ဘူးလား။

နဂါးတန်ခိုးစွမ်းအားများက လုကျန်းထံသို့ အရှိန်ပြင်းစွာဝင်ရောက်လာပြီး သူ့ကို ဆွဲနှစ်ပစ်လုဆဲဆဲတွင် လုကျန်းထံမှ သက်ပြင်းချသံသဲ့သဲ့ထွက်ပေါ်လာ၏။

"ကျုပ်လည်း ဒီလို မလုပ်ချင်ပါဘူး"

"ဘုန်း…"

ရုတ်တရက် လုကျန်း၏ ခန္ဓာကိုယ်မှ ဓားဝိညာဉ်တစ်ခု ပေါက်ကွဲထွက်သွားပြီး ဓားဝိညာဉ်က ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဓားဝိညာဉ်က သူ့ထံဝင်ရောက်လာသည့် နဂါးပုံရိပ်ကြီးကို (၂)ပိုင်းခွဲပစ်လိုက်၏။ ထို့နောက် လုကျန်းက တုံ့ဆိုင်းခြင်းမရှိဘဲ လုန်လင်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

သူက ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။

လူနှင့်ဓားတစ်သားတည်းကျသွားပြီး လုကျန်းကိုယ်တိုင်က ဓားတစ်လက်ဖြစ်သွားကာ သူ၏ ခြေလှမ်းတိုင်းက ဓားကွက်များအဖြစ် ပြောင်းလဲသွား၏။

လုန်လင် လုကျန်းကို အထင်မသေးရဲတော့ပေ။ ချက်ချင်းပင်နဂါးဟိန်းသံတစ်ချက်ပြုလုပ်လိုက်ပြီး သူမခန္ဓာကိုယ်က နဂါးတစ်ဝက်လူသားတစ်ဝက်အသွင် ပြောင်းလဲသွားသည်။

ထိုအချိန်မှာပင် လုကျန်းက သူမကို ဓားဖြင့် ခုတ်ပိုင်းချလိုက်၏။

လုန်လင်က ဓားချက်ကို ရှောင်တိမ်းခြင်းမပြုပေ။ သူမက ခုခံမည့်အစား တိုက်ခိုက်ရန်သာ ရွေးခြယ်ခဲ့သည်။

"ဟူး…"

လုန်လင်၏ နဂါးလက်သည်းများက ကြောက်မက်ဖွယ်ရာကောင်းစွာ လုကျန်း၏ ရင်ဘတ်ကို ထိုးခွဲစုတ်ဖြဲပစ်လိုက်သည်။ သို့သော် လုကျန်းက သူမ၏တိုက်ခိုက်မှုကို လုံး၀ မရှောင်တိမ်းသည့်အတွက် လုန်လင် အံ့အားသင့်သွားရသည်။

"ဟူး…"

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဓားဝိညာဉ်တစ်ခု ဝင်ရောက်လာပြီး ထိုးမွှေလိုက်သလို ခံစားလိုက်ရသည်။

"ဂရား..."

နဂါးဟိန်းသံတစ်သံထွက်ပေါ်လာပြီး ထိုအသံမှာ နာကျင်စွာအော်ဟစ်လိုက်သည့် အသံမျိုး ဖြစ်၏။

သို့သော် သူမက နောက်မဆုတ်ဘဲ ဆက်လက်တိုက်ခိုက်ရန် ရွေးခြယ်လိုက်သည်။

နှစ်ဖက်လုံးက ခုခံကာကွယ်ခြင်း မရှိတော့ဘဲ တိုက်စစ်ဆင်နေကြသည်။ ထူးဆန်းသည့် တန်ခိုးစွမ်းအားများနှင့် မန္တန်ပညာများကိုလည်း အသုံးပြုခြင်း မရှိကြဘဲ လုကျန်းက ဓားကိုသာ အသုံးပြုပြီး လုန်လင်က နဂါးလက်သည်းကိုသာ အသုံးပြုတိုက်ခိုက်သည်။

တိုက်ကွက်များတစ်ကွက်ပြီးတစ်ကွက် မရပ်မနားထွက်ပေါ်လာသည်။

ထိုစဉ်…

ကောင်းကင်ထက်မှ သွေးမိုးများ ရွာကျလာပြီး ရင်ပြင်တစ်ခုလုံး သွေးရောင်လွှမ်းသွား၏။

တိုက်ပွဲကိုကြည့်နေကြသူများအားလုံး ကြက်သေသေသွားကြသည်။

"ဘာဖြစ်တာလဲ…"

ကျန်းလန်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။

"ဘာဖြစ်သွားတာလဲ…"

တစ်ခုခုမှားနေပြီဖြစ်ကြောင်း သူ ချက်ချင်းနားလည်လိုက်သည်။

လုကျန်း၏ဓားဝိညာဉ်က ပိုမိုပြင်းထန်လာပြီး အေးစက်၍လည်းလာသည်။ လုန်လင်၏ နဂါးစွမ်းအားများကတော့ တဖြည်းဖြည်းအားပျော့လာသည်။

တိုက်ခိုက်ရင်းဖြင့် လုန်လင် ကြောက်ရွံ့ခြင်းကို ခံစားလာရသည်။

ဟုတ်ပေ၏။ ရင်ပြင်ထက်တွင် ဖုံးလွှမ်းသွားသည့် သွေးများမှာ လုန်လင်ဒဏ်ရာရရှိသွားသောကြောင့် ထွက်ပေါ်လာသည့် နဂါးသွေးများပင် ဖြစ်သည်။

လုကျန်း၏ မျက်ဝန်းများကတော့ ရူးသွပ်မှုနှင် ရွှင်ပြခြင်းများ ပြည့်နက်နေသည်။ ဤတိုက်ပွဲက သူတိုက်ခိုက်ချင်သလို တိုက်ခိုက်နိုင်သည့် သူ့လက်ထဲမှ တိုက်ပွဲတစ်ခုပမာ ဖြစ်သည်။

သူ၏ တန်ခိုးစွမ်းအားများ ပိုမိုမြင့်မားလာပြီး ခန္ဓာကိုယ်ထက်တွင်ရရှိထားသည့် နဂါးလက်သည်းချက် ဒဏ်ရာများက သူ့ကို ယိုင်နဲ့သွားအောင် မပြုလုပ်နိုင်ခဲ့ပေ။

သူက သားရဲတစ်ကောင်ပမာဖြစ်သည်။

လုန်လင် နောက်ပြန်ဆုတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် လုကျန်း၏ ဓားရှည်က သူမဦးခေါင်းဆီသို့ ဝင်ရောက်လာ၏။

ထိုဓားချက်ကို မည်သည့်နည်းနှင့်မှ မရှောင်နိုင်တော့ကြောင်း သိလိုက်သည့်အခါ လုန်လင် ထိတ်လန့် တုန်လှုပ်သွားသည်။

ထိုစဉ်…

"ဘုန်း..."

ကောင်းကင်တစ်ခုလုံး တောက်ပသည့် ဓားအလင်းရောင်များ ဖုံးလွှမ်းသွားသည်။

ထိုဓားအလင်းရောင်များအောက်တွင် မည်သည့်အဖြစ်အပျက်များ ဖြစ်ပျက်သွားသည်ကို မည်သူမှ မသိနိုင်ကြပေ။

အတန်ကြာမှ အလင်းရောင်များ ပျောက်ကွယ်သွားပြီး ကောင်းကင်ထက်တွင်ရပ်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရ၏။

ထိုသူက လုန်လီ ဖြစ်သည်။

သူက လုကျန်းရှေ့တွင် ရပ်နေပြီး ဓားချက်ကို ပိတ်ဆို့တားဆီးထားလိုက်သည်။ မဟုတ်ပါက လုန်လင် ဒဏ်ရာအပြင်းအထန်ရရှိသွားမည် မဟုတ်ပါလား။

လုန်လီက ထိတ်လန့်တုန်လှုပ်စွာဖြင့်…

"ဓားတာအို…"

ဟု ရေရွတ်လိုက်၏။

ပြီးမှ သူက တည်ငြိမ်စွာဖြင့်…

"ဒီတိုက်ပွဲမှာ ကျုပ်တို့နဂါးမျိုးနွယ်တွေဘက်က ရှုံးနိမ့်ပါတယ်"

ပြောပြီးသည်နှင့် သူက လုန်လင်ကိုခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။

လုကျန်းကတော့ ထွက်ခွာသွားသူများကို အရေးမစိုက်တော့ဘဲ သူရရှိထားသည့် ဒဏ်ရာများကို ငုံ့ကြည့်လိုက်သည်။ ဒဏ်ရာများက သိပ်မပြင်းထန်သည်ကို သိလိုက်ရမှ သူလည်း စိတ်သက်သာရာရသွားခဲ့၏။

……………

စိန်ခေါ်ပွဲပြီးဆုံးသွားပြီဖြစ်ရာ ကျန်းလန်နှင့် ရှောင်ယွိလည်း အဋ္ဌမတောင်ထွတ်မှ ပြန်လာခဲ့ကြသည်။

အပြန်လမ်းတွင် ရှောင်ယွိက ကျန်းလန်ကို မေးလိုက်သည်။

"မနက်ဖန် ဂိုဏ်းတူမောင်လေး ယှဉ်ပြိုင်ရမယ့်အလှည့်နော် ၊ စိတ်တွေရှုတ်နေလားဟင်…"

ကျန်းလန်က ခပ်တိုးတိုးလေသံဖြင့်…

"အင်း… နည်းနည်းပေါ့"

ထိုစဉ်…

"ကျုပ်တို့တော့ ရှုံးပြီထင်တယ် ၊ နဝမတောင်ထွတ်က နဂါးမျိုးနွယ်တွေကို နိုင်မယ်မထင်ဘူး"

"အမှန်ပဲ ၊ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးက အခုမှ မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် ရှိသေးတာမဟုတ်လား ၊ ဘယ်လိုလုပ် မွေးရာပါအင်မော်တယ်တစ်ပါးကို အနိုင်ယူနိုင်မှာလဲ ၊ မနက်ဖန်ပွဲတော့ သွားမကြည့်တော့ဘူးကွာ"

"အင်း ငါလည်း သွားမကြည့်တော့ဘူး"

တပည့်များပြောဆိုနေကြသည့်စကားများက ကျန်းလန်နားထဲဝင်ရောက်လာသည်။

"………………"

အနည်းငယ်သော လူအချို့ကသာ ကျန်းလန်ကို အာရုံစိုက်ကြပြီး လူအများစုကတော့ သူ့ကို အရေးမထားသည်မှာ ထင်ရှားနေခဲ့လေသည်။

All Chapters