နဝမတောင်ထွတ်မှာတစ်ညတာ
Vol. 16 Ch. 220
အခန်း (၂၂၀) နဝမတောင်ထွတ်မှာတစ်ညတာ
နဝမတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် ကျန်းလန်က သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးလိုက်သည်။
ရေသဖန်းပင်လေးက အဆင်ပြေပြေရှိနေသော်လည်း သားရဲဥလေးကတော့ နေမကောင်း ဖြစ်နေဟန် ရှိသည်။
အဖြူရောင်ဥခွံလေးများက အနက်ရောင်သမ်းနေလေရာ အစာအဆိပ်များသင့်လေသလားဟု ကျန်းလန်တွေးလိုက်၏။ သို့သော် အသက်ဓာတ်စွမ်းအားများကတော့ ပုံမှန်အတိုင်း တည်ငြိမ်နေဆဲပင်။
ကျန်းလန်ကတော့ သားရဲဥလေးအတွက် ဖြေဆေးရှာမပေးတော့ပေ။
အရင်နှစ်များစွာကလည်း သားရဲဥလေးနေမကောင်းဖြစ်ဖူးလေရာ ယခုကဲ့သို့ ဥခွံများအနက်ရောင်ပြောင်းလဲသွားသည်က ရှားပါးဖြစ်ရပ်မဟုတ်ပေ။
သားရဲဥလေးထက်ဆာလျှင် ရေသဖန်းပင်လေးကပင် ပိုမိုချူချာသေးသည်။
ရေသဖန်းပင်လေး ညှိုးနွမ်းသွားပြီဆိုလျှင် ပြန်လည်ကောင်းမွန်ရန် အချိန်များစွာ လိုအပ်သည်။ ပြန်လည်ကောင်းမွန်လာသည့်အခါတွင်လည်း ညှိုးညှိုးနွမ်းနွမ်းဖြင့် အသက်မဝင် ဖြစ်နေတတ်သေးသည်။
ကျန်းလန် မည်မျှပင် ဂရုစိုက်ပေးပါစေ ထိုအရာလေးများက သို့နှယ်ပင် ချူချာလွန်းကြ၏။
အမှန်တော့ ဝိညာဉ်ဆေးရည်များ အမြဲတမ်းလောင်းပေးနေသောကြောင့် ဝိညာဉ်စွမ်းအားများဖြင့်ပြည့်ဝကာ ကြီးထွားနေသင့်သည်။ သို့သော် သူတို့မှာတော့ သေမည့်လှမ်း ခြေလှမ်းနေကြသည့်ပမာပင်။
သူတို့ မည်မျှအသက်ရှည်မည်လဲ မသိနိုင်ပေ။ ကျန်းလန်ကတော့ မသေမချင်း ထိုအရာလေးများကို လက်လွှတ်မည် မဟုတ်ပေ။
ထို့နောက် ကျန်းလန် ထိုင်ခုံထက်တွင်ထိုင်လိုက်ရင်း စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူ ထိုင်လိုက်သည်နှင့် ရှောင်ယွိကလည်း သူ့ရှေ့တွင် ဝင်ထိုင်လိုက်၏။
"ဂိုဏ်းတူမောင်လေး… နဝမတောင်ထွတ်မှာ တစ်ညလောက်နေမယ်ဆိုရင် ကျွန်မ ကိုယ်တွင်းမိစ္ဆာဝင်လာနိုင်မလားဟင်"
မနက်ခင်း စိန်ခေါ်ပွဲပြီးကတည်းက သူမက ကျန်းလန်နှင့်အတူ နဝမတောင်ထွတ်သို့ လိုက်လာခြင်းဖြစ်ပြီး ကျောက်စိမ်းရေကန်သို့ ပြန်သွားခြင်း မရှိသေးပေ။
ကျန်းလန်က ခဏမျှ တိတ်ဆိတ်နေပြီးမှ…
"ဂိုဏ်းတူအစ်မ… ကိုယ့်ကို ခဏလေးစောင့်နော်…"
ပြောပြီးသည်နှင့် ကျန်းလန်က ရုတ်တရက် ထထွက်သွားလေရာ ရှောင်ယွိ အနည်းငယ် စိတ်ရှုတ်ထွေးစွာဖြင့် ကျန်ရစ်ခဲ့သည်။
သို့သော် သူမက ခေါင်းတစ်ချက်ညိတ်လိုက်ရင်းဖြင့် ဂိုဏ်းတူမောင်လေး ဘာလုပ်မည်ကို စောင့်ကြည့်နေခဲ့၏။
ခဏအကြာတွင်တော့…
ကျန်းလန်က ခြံဝန်းထဲတွင် ထူးဆန်းသည့် အင်းသင်္ကေတများ ရေးဆွဲနေသည်ကို သူမ တွေ့မြင်လိုက်ရသည်။ သူက အစီအရင်တစ်ခု ပြုလုပ်နေခြင်း ဖြစ်ဟန်တူသည်။
သို့သော် မည်သို့သော အစီအရင်မျိုးဖြစ်ကြောင်း သူမ မသိရှိပေ။
အချိန်အတန်ကြာသည့်အခါ ကျန်းလန်၏အစီအရင်များက ယာယီဖွဲ့စည်းတည်ဆောက်မှုအဆင့် ပြီးဆုံးသွားသည်။
အစီအရင်က အတော်လေး ကြီးမားလေသည်။ သို့သော် ကျန်းလန်ကတော့ ကျွမ်းကျင်စွာ ပြုလုပ်နိုင်ခဲ့သည်။ မဟုတ်ပါက အချိန် (၃)ရက်ကြာလျှင်ပင် ပြီးဆုံးအောင် တည်ဆောက်နိုင်မည် မဟုတ်ပေ။
နေ့လည်ခင်းရောက်သည့်အချိန်မှာတော့ အစီအရင် ပြုလုပ်ပြီးစီးသွား၏။
ကျန်းလန် အလုပ်များကို လက်စသတ်လိုက်ပြီး ရှောင်ယွိကို လှမ်းကြည့်လိုက်လေရာ သူ့ကို မျက်လုံးဝိုင်းကြီးများဖြင့် မျက်တောင်မခတ်စိုက်ကြည့်နေသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။
သူမက သူ့ထံမှ အကြည့်တစ်ချက်ပင် မလွှဲခဲ့ပေ။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ… ကိုယ့်ကို ဒီအတိုင်းပဲ ကြည့်နေတော့မှာလား…"
ရှောင်ယွိက ခပ်တိုးတိုးလေသံဖြင့်…
"အချိန်မြန်မြန်ကုန်သွားအောင် ဂိုဏ်းတူမောင်လေး အလုပ်လုပ်တာကို ကြည့်နေတာလေ… ဘာဖြစ်လို့လဲ"
သူမစကားကြောင့် ကျန်းလန် နင်သွားရသည်။
သြော… လက်စသတ်တော့ အဲဒီလိုမျိုးလား။
ကျန်းလန် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ ရှောင်ယွိနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"ဂိုဏ်းတူအစ်မ… မျက်လုံးမှိတ်လိုက်…"
မျက်လုံးမှိတ်လိုက်ဟု ပြောခါမှ မျက်လုံးများက ပိုပြီးပြူးကျယ်လာသူ ရှောင်ယွိကြောင့် ကျန်းလန် အံ့အားသင့်သွားရသည်။
ဒီဂိုဏ်းတူအစ်မလေးဟာ ဘာတွေများ အတွေးလွန်နေပြန်တာလဲ ၊ သူက သူမကို ဘာများ လုပ်မှာမို့လို့လဲလေ။
ကျန်းလန်က…
"စိတ်ကိုအေးအေးထား… ၊ မျက်လုံးမှိတ်ပြီး ခြံဝန်းတစ်ခုလုံးကို အာရုံခံကြည့်လိုက်…"
ထိုစကားကြားမှ ရှောင်ယွိ နားလည်သွားသည်။
သူမမျက်နှာလေး ရှက်သွေးဖြာသွားပြီးနောက် ခေါင်းကိုငုံ့ချလိုက်ကာ မျက်လုံးများကို မှိတ်လိုက်လေသည်။
ထိုခဏမှာပင် သူမ ခြံဝန်းကျယ်ကြီးတစ်ခုကို တွေ့မြင်လိုက်ရသည်။ ခြံဝန်းက တကယ့်ခြံဝန်းထက်ပင် များစွာပိုမို ကျယ်ဝန်းသည်။
ထိုခြံဝန်းကြီးက နာမ်ဝိညာဉ်ခြံဝန်းကြီးတစ်ခု ဖြစ်၏။
"မြင်ရလား ဂိုဏ်းတူအစ်မ"
ကျန်းလန်၏ အသံက ခြံဝန်းအထက်ဆီမှ ထွက်ပေါ်လာသည်။
ကျန်းလန်က သူမကို စကားပြောနေခြင်း ဖြစ်ကြောင်း သူမ သိလိုက်သည်။
ထို့နောက် သူမစိတ်ထဲတွင် မယုံကြည်နိုင်စွာ ခံစားလိုက်ရရင်း မျက်လုံးများကို ပြန်ဖွင့်ကာ ကျန်းလန်ကို မော့ကြည့်လိုက်သည်။
"ဒါက… ဒါက ဟို နာမ်ဝိညာဉ်သေရည်ဆိုင်လိုပဲ မဟုတ်လား"
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"အင်း… ဟုတ်တယ်လေ…"
ခဏနားပြီးမှ ကျန်းလန်က ဆက်ရှင်းပြ၏။
"အရင်နှစ်တွေကတည်းက ဒါကို ကိုယ်တည်ဆောက်ထားတာ ၊ ဒါပေမဲ့ အရမ်းတော့ မပြည့်စုံသေးဘူး ၊ အခြေခံအဆင့်ပဲ ရှိသေးတယ်"
ရှောင်ယွိက သူမကိုယ်သူမ လက်ညှိုးလေးဖြင့် ပြန်ထိုးလိုက်ရင်း…
"အဲဒါက ကျွန်မအတွက် လုပ်ပေးထားတာလား"
အရင်တစ်ချိန်က နာမ်ဝိညာဉ်သေရည်ဆိုင် မည်သို့တည်ဆောက်သည်ကို သူမက ကျန်းလန်ကို မေးခဲ့ဖူးသည်။ သို့သော် ကျန်းလန်က "မသိဘူး" ဟုသာ အဖြေပေးခဲ့၏။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက် ကျန်းလန်က သူမလိုချင်သည့်အရာကို တကယ်ပဲ လက်တွေ့တည်ဆောက်ပေးခဲ့သည်။
ထို့နောက် သူမက နာမ်ဝိညာဉ်ရောင်ပြန်ပညာအကြောင်း စဉ်းစားလိုက်မိသည်။
သူမက နာမ်ဝိညာဉ်သေရည်ဆိုင်အကြောင်း မေးမြန်းပြီးသည့်နောက်ပိုင်း ကျန်းလန်က သေရည်ဆိုင်ရှင်ထံမှ ထိုကျမ်းစာအုပ်ကို တောင်းယူလာခဲ့ခြင်း ဖြစ်သည်။
ဂိုဏ်းတူမောင်လေးက တကယ်ပဲ သူမအတွက် နာမ်ဝိညာဉ်ခြံဝန်းကို တည်ဆောက်ပေးခဲ့သည်လား။ သို့မဟုတ် သူမ အတွေးလွန်နေခြင်းလည်း ဖြစ်ကောင်းဖြစ်ပေမည်။
သို့သော် သူမ ရင်ထဲတွင် သိချင်နေသောကြောင့် ထုတ်ဖော်မေးမြန်းလိုက်ခြင်း ဖြစ်၏။ ထို့နောက် သူမက အဖြေကို ငံ့လင့်သည့်အလား ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
ကျန်းလန်၏ အဖြေကလည်း သူမကို စိတ်မပျက်စေခဲ့ပေ။
ကျန်းလန်က ခေါင်းညိတ်ပြရင်း…
"အင်းလေ…"
ဟု ပြန်ဖြေသည် မဟုတ်ပါလား။
ရှောင်ယွိပြုံးလိုက်သည်။ သူမ တကယ်ပဲ ပြုံးချင်နေမိသည်။
ပြီးတော့ သူမက ဂိုဏ်းတူမောင်လေးကို အစကတည်းက ပြုံးပြနေကျပင် ဖြစ်လေသည်။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ... ကိုယ်တွင်းမိစ္ဆာဝင်မဝင် စစ်ဆေးချင်ရင် ဒီ နာမ်ဝိညာဉ်ခြံဝန်းကို အသုံးပြုလို့ရတယ်"
အစကတော့ ရှောင်ယွိ ဆော့ကစားနိုင်ရန်အတွက် ဤနာမ်ဝိညာဉ်ခြံဝန်းကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ကိုယ်တွင်းမိစ္ဆာ ရှိမရှိ စစ်ဆေးရန် အသုံးပြုရပေတော့မည်။
ရှောင်ယွိက…
"ဒါဖြင့် ဂိုဏ်းတူမောင်လေး ဒီည အနားယူချင်လည်းယူ ၊ အနားမယူချင်လည်း ကျင့်ကြံလေ… နော်… ၊ ကျွန်မ ဒီ နာမ်ဝိညာဉ်ခြံဝန်းကို လျှောက်ပြီး အာရုံခံကြည့်လိုက်ဦးမယ်"
ရှောင်ယွိက ချက်ချင်းပင် နာမ်ဝိညာဉ်ခြံဝန်းထဲတွင် ဆော့ကစားချင်နေပြီဖြစ်၏။
နာမ်ဝိညာဉ်ခြံဝန်းထဲတွင်ဆိုလျှင် သူမ၏ စိတ်စွမ်းအားများက အပြင်လောကနှင့်မတူညီဘဲ ထူးခြားနေလေသည်။
ထို့ပြင် ဤနာမ်ဝိညာဉ်ခြံဝန်းက ကျန်းလန်က သူမအတွက် ပြုလုပ်ပေးထားခြင်း ဖြစ်လေရာ သူမ အလွန်ပင် စိတ်ဝင်စားနေမိသည်။
ကျန်းလန်ကတော့ ခေါင်းတစ်ချက်ခါရမ်းရင်းသာ သူမကို သဘောကျစွာ ကြည့်နေမိတော့သည်။
မနက်ဖန် စိန်ခေါ်ပွဲရင်ဆိုင်ရမည်ဖြစ်ရာ သူ့အနေဖြင့် အကောင်းဆုံး အခြေအနေတွင်ရှိရန် လိုအပ်သည်။ ရှောင်ယွိက သူ့အတွက် စိတ်ပူပန်သောကြောင့်သာ ယနေ့ည နဝမတောင်ထွတ်တွင် နေထိုင်ခြင်း ဖြစ်ဟန်တူလေသည်။
***
လုန်ရဲ့ ခွန်လွန်တောင်အပြင်ဘက်သို့ ထွက်လာ၏။
လုန်မန်က လုန်ရဲ့နောက်မှ လိုက်လာလေသည်။
လုန်ရဲ့က လုန်မန်ကို ကြည့်လိုက်ပြီး...
"မင်း တကယ်ပဲ မသောက်တော့ဘူးလား ၊ ကျုပ် အကောင်းစားသေရည်နဲ့ ဟင်းလျာတွေမှာထားတယ်နော်"
ကောင်းမွန်သည့်အရာများဆိုသည်က အခြားသူနှင့် မျှဝေသင့်သည် မဟုတ်လား။
လုန်ရဲ့၏စကားကိုကြားသည့်အခါ လုန်မန် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးလှန်လိုက်မိသည်။
သူ ယခု နားလည်သွားသည်မှာ လုန်ရဲ့က သေရည်သောက်တိုင်း ပြဿနာရှာကာ ရန်ဖြစ်တတ်သူဆိုသည့်အချက်ပင်။ ဤသည်က သေရည်ဒဏ်ကို ခံနိုင်ရည်မရှိခြင်းပင် ဖြစ်၏။
ထိုသို့သောသူမျိုးနှင့် သေရည်သောက်ရသည်မှာ ရှက်စရာကိစ္စဖြစ်သလို အခန့်မသင့်လျှင် အသက်အန္တရယ်ပါရှိကြောင်း လုန်မန် ကောင်းကောင်းနားလည်သွားပြီ ဖြစ်သည်။
ထို့ပြင် သူ ယနေ့ သေရည်လည်း သောက်နိုင်မည် မဟုတ်ပေ။
မနက်ဖန်တွင် ယောက်ဖလောင်းနှင့် တိုက်ခိုက်ရဦးမည်ဖြစ်ရာ သူ့အနေဖြင့် သေရည်သောက်ပြီး ပြဿနာမတက်စေရန် ရှောင်ရှားရမည် ဖြစ်သည်။
နဝမတောင်ထွတ်၏တောင်သခင်က ယောက်ဖလောင်းမျက်နှာဖြင့် သူ့ကို ခွင့်လွှတ်ပေးခဲ့သည်မှန်သော်လည်း မနက်ဖန်တိုက်ပွဲကတော့ နဂါးမျိုးနွယ်များအတွက် အရေးကြီးသည့်တိုက်ပွဲဖြစ်လေရာ သူ အရှုံးပေး၍ မဖြစ်ပေ။
မနက်ဖန်စိန်ခေါ်ပွဲက နဂါးမျိုးနွယ်တစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေလေရာ သူ လုံး၀ အရှုံးပေး၍ မဖြစ်ပေ။ ရသည့်နည်းနှင့်တောင့်ခံထားရမည် ဖြစ်သည်။
အမှန်တော့ သူ ယောက်ဖကို မတိုက်ခိုက်ချင်သော်ငြား နဂါးမျိုးနွယ်မှ မွေးရာပါ အင်မော်တယ်တစ်ပါးအနေဖြင့် ဂုဏ်သိက္ခာထိခိုက်၍ မဖြစ်ပေ။
မူလဝိညာဉ်အဆင့် ကျင့်ကြံသူ ၊ လူသားတစ်ယောက်ကို ရှုံးနိမ့်ရခြင်းက သူ့အတွက် တုနှိုင်းမရသည့် အရှက်ကွဲခြင်းမျိုး ဖြစ်ပေလိမ့်မည်။
အခြားနဂါးများကတော့ အရေးစိုက်မည် မဟုတ်သော်လည်း သူကတော့ အရေးစိုက်ရမည် ဖြစ်သည်။
သူက နဂါးမျိုးနွယ်မှ အဋ္ဌမမင်းသားဖြစ်သလို အင်မော်တယ်အဖြစ် မွေးဖွားလာသူလည်း ဖြစ်လေရာ နဂါးမျိုးနွယ်တစ်ခုလုံး၏ မျှော်လင့်ချက် ဖြစ်၏။
သူ မည်သို့ အရှုံးပေးနိုင်ပါမည်နည်း။
လုန်မန် လုန်ရဲ့ကို နှုတ်ဆက်စကားဆိုလိုက်သည်။ နောက်ရက်ပိုင်းအတွင်း သူနှင့်လုန်ရဲ့ တွေ့ဆုံနိုင်ဦးမည် မဟုတ်ပေ။
စိန်ခေါ်ပွဲတွင် သူ အဆင်ပြေမည်ဟု မျှော်လင့်မိသည်။
ထို့နောက် လုန်မန် နဝမတောင်ထွတ်သို့ ထွက်ခွာလာခဲ့သည်။
သို့သော် သူက တောင်ပေါ်မတက်သေးဘဲ နဝမတောင်ထွတ်သို့သွားရာလမ်းတွင်တည်ရှိသည့် တောအုပ်ထဲတွင် စောင့်နေခဲ့သည်။
အရုဏ်မတက်မီအချိန်ရောက်မှသာ ယောက်ဖကိုစိန်ခေါ်ရန် နဝမတောင်ထွတ်သို့သွားမည်ဟု ဆုံးဖြတ်ထား၏။
သူက ဒဏ္ဍာရီထဲမှ နဂါးသုတ်သင်ဓားသိုင်းကိုလည်း ကိုယ်တိုင်တွေ့ကြုံချင်မိသည်။ ယောက်ဖလောင်းက သူ့ကို တိုက်ခိုက်ရန် ထိုဓားသိုင်းကိုသာ အသုံးပြုမည် ဖြစ်သည်။
"စိန်ခေါ်ပွဲမှာ ငါ သူ့ကို အနိုင်လည်းမကျင့်ဘူး ၊ အရှက်လည်းမခွဲဘူး ၊ မျှမျှတတပဲ အနိုင်ယူဖို့ကြိုးစားမယ်"
ဤသည်က လုန်မန်ချမှတ်လိုက်သည့် ဆုံးဖြတ်ချက် ဖြစ်သည်။
ဤနည်းအားဖြင့် နဂါးမျိုးနွယ်အကြီးအကဲများကို ကျေနပ်စေမည်ဖြစ်သလို ခွန်လွန်တောင်ကိုလည်း စော်ကားရာမကျတော့ပေ။ ထို့အတူ အစ်မဖြစ်သူနှင့်လည်း မျက်နှာပျက်ရတော့မည် မဟုတ်ပေ။
အမှန်တော့ မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို လူသားအင်မော်တယ်အဆင့်အောင်မြင်ပြီးသူတစ်ယောက်က စိန်ခေါ်တိုက်ခိုက်ခြင်းမှာ အနိုင်ကျင့်ရာရောက်သည်မှန်သော်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး သူလည်း ဘာမှ မတတ်နိုင်ပေ။
စိန်ခေါ်ပွဲနောက်ပိုင်း ဖြစ်လာမည့်ကိစ္စများကတော့ သူတို့လို လူငယ်မျိုးဆက်ကျင့်ကြံသူများနှင့် မသက်ဆိုင်တော့ပေ။ နဂါးမျိုးနွယ်အကြီးအကဲများနှင့် ခွန်လွန်တောင်မှ တောင်သခင်များ ဆွေးနွေးရမည့်ကိစ္စသာ ဖြစ်သည်။
***
နံနက်…
နှင်းရည်လေးများက သစ်ရွက်လေးများထက်တွင် စုဝေးနေကြသည်။
ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်ချိန်တွင် ေရှောင်ယွိလည်း နာမ်ဝိညာဉ်ခြံဝန်းကို စူးစမ်းနေရာမှ ရပ်တန့်လိုက်ပြီ ဖြစ်သည်။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေး... စိန်ခေါ်ပွဲကိုရင်ဆိုင်ဖို့ ရှင်အဆင်သင့်ဖြစ်နေပြီလား"
မနေ့ညက ကျန်းလန် မကြည့်လိုက်ရသည့် တောင်ထွတ် (၇)ခုမှ စိန်ခေါ်ပွဲမှတ်တမ်းများကို သူမက ကျန်းလန်ကို ပေးခဲ့သည်။ ယနေ့တိုက်ပွဲတွင် ကျန်းလန် အသင့်ပြင်ဆင်နိုင်ရန် သူမက ကူညီခဲ့ခြင်း ဖြစ်၏။
ကျန်းလန်က မတ်တတ်ထရပ်လိုက်ရင်း နူးညံ့သည့်လေသံဖြင့်…
"အင်း… အသင့်ဖြစ်ပြီ… ၊ အဋ္ဌမမင်းသားကိုစောင့်ရင်း ရင်ပြင်ကိုသန့်ရှင်းရေးသွားလုပ်လိုက်ဦးမယ်"
ရှောင်ယွိကလည်း မတ်တတ်ရပ်လိုက်ရင်း…
"ဒါဖြင့် ကျွန်မလည်း သန့်ရှင်းရေးကူလုပ်ပေးမယ်လေ"
ထို့နောက် သူတို့ (၂)ယောက် ရင်ပြင်ဆီသို့ ထွက်ခွာလာခဲ့ကြ၏။
ကျန်းလန်က နဝမတောင်ထွတ်၏ ရင်ပြင်ကို တိုက်ခိုက်မှုနှင့် တန်ခိုစွမ်းအားများဒဏ်ကို ခံနိုင်ရည်ရှိရန် အစီအရင်များစွာ ထည့်သွင်းတည်ဆောက်ထားသည်။
တိုက်ပွဲတွင် လုန်မန်က မူလဝိညာဉ်အဆင့်သို့ လျှော့ချပြီးတိုက်ခိုက်ကြမည်ဖြစ်ရာ မည်သည့်ပျက်စီးမှုမှ ရင်ပြင်ထက်တွင် ဖြစ်ပေါ်မည် မဟုတ်ပေ။
နံနက်အရုဏ်မတက်မီ ရှောင်ယွိနှင့် ကျန်းလန်တို့က ရင်ပြင်ထက်မှ သစ်ရွက်ကြွေများကို တံမြက်စည်းတစ်ချောင်းစီဖြင့် လှည်းကျင်းရင်း သန့်ရှင်းရေးလုပ်ကြ၏။
သာမန်နေ့ရက်များကဲ့သို့ အေးအေးဆေးဆေးပင် သန့်ရှင်းရေးလုပ်နေသည့် ကျန်းလန်ကို ရှောင်ယွိက လှမ်းကြည့်လိုက်သည်။
သူမက မည်သည့်စကားမှ မပြောဘဲ ကျန်းလန်ဘေးနားမှ ကပ်လိုက်ရင်း သန့်ရှင်းရေး လိုက်လုပ်နေ၏။
"ဂိုဏ်းတူအစ်မ… ဟိုနေရာက သစ်ရွက်တွေကို မလှည်းနဲ့နော်… ကိုယ်လုပ်လိုက်မယ်…"
"… သြော်… အင်း…"