အတန်ကြာပြီးမှ ပြန်လည်ဆုံစည်းကြခြင်း
Vol. 198 Ch. 2957
အနေရခက်မှုကို ရှောင်လွှဲဖို့အတွက် သိုင်းတာအိုပင်မခန္ဓာသည် မလှမ်းမကမ်းရှိ ကျား၊ ချင်ချင်နှင့် ရွှေခြင်္သေ့တို့ကို လှည့်ကြည့်ကာ မေးလိုက်၏။
“သူတို့ အဆင်ပြေရဲ့လား”
သူတို့သည် ရွက်ဖျင်တဲထဲသို့ ဝင်ရောက်စဉ်ခဏမှာပင် ကျားနှင့်အခြားနှစ်ယောက်သည် သူတို့၏ အသိစိတ်ကို ဆုံးရှုံးသွားရ၏။ ကျားနှင့်အခြားနှစ်ယောက်က သတိလစ်နေရုံမျှသာဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များက အဆင်ပြေသည်ကို သိုင်းတာအိုပင်မခန္ဓာက ပြောနိုင်လေသည်။ သူက စကားလမ်းကြောင်းပြောင်းဖို့အတွက် မေးမြန်းလိုက်ရုံသာဖြစ်သည်။
“အဆင်ပြေပါတယ်”
အမြီးကိုးချောင်း သားရဲမြေခွေး၏ အမူအရာက နူးညံ့ပျော့ပျောင်းသွားပြီး သူမက ကျားနှင့်အခြားနှစ်ယောက် ရှိရာဘက်သို့ ထွက်သက်ကို ညင်သာစွာ ရှူထုတ်လိုက်၏။
ကျားနှင့်အခြားနှစ်ယောက်က ငေးတိငေးငိုင် အမူအရာများနှင့်အတူ ဖြည်းဖြည်းချင်း နိုးထလာကြ၏။
ထိုစဉ်မှာပင် ရွက်ဖျင်တဲ၏ အပြင်ဘက်ကနေ အဝတ်စ လေတိုးသံ တဖျပ်ဖျပ်က ထွက်ပေါ်လာ၏။ ဝင်ရောက်လာသူက အရမ်းကို မြန်ဆန်ပြီး အတော်လေး စိုးရိမ်ကြောင့်ကြနေသည့်ပုံပေါ်သည်။
ရွက်ဖျင်တဲထဲသို့ ရောက်ရှိလာပြီးနောက် ဝင်ရောက်လာသူက ရပ်တန့်ဖို့ စိတ်ကူးမရှိဘဲ ဆက်လက်၍ ခပ်သုတ်သုတ်လျှောက်လှမ်းလာ၏။
သိုင်းတာအိုပင်မခန္ဓာက လှည့်ကြည့်လိုက်သည်။
ဆယ့်လေးနှစ်အရွယ် မိန်းကလေးတစ်ဦးက လျှောက်လှမ်းဝင်ရောက်လာ၏။ သူမက သေးသွယ်ပြီး ချောမောလှပလေသည်။
မြေခွေးလေးသည် အတော်လေး ကြီးပြင်းလာခဲ့ပြီဖြစ်သော်လည်း သူမ၏ ရုပ်ရည်သွင်ပြင်က ယခင်အတိုင်း ရှိနေဆဲဖြစ်သည်။
မြေခွေးလေးသည် ရွက်ဖျင်တဲထဲမှာ လူများစွာကို တွေ့မြင်သောအခါ အနည်းငယ်မှင်တက်သွားသည်။
သို့သော်လည်း သူမသည် ကျားနှင့်အခြားနှစ်ယောက်ကို တွေ့မြင်သောအခါ သူမက ပြုံးလိုက်မိသည်။
ထို့နောက် မြေခွေးလေး၏ အကြည့်က သိုင်းတာအိုပင်မခန္ဓာပေါ်သို့ ဆင်းသက်ရောက်ရှိသွားသည်။
သိုင်းတာအိုပင်မခန္ဓာက ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ယခင်အစိမ်းရောင်ဝတ်ရုံနှင့် ကွဲပြားခြားနားနေ၏။ မာန်နတ်မျက်နှာဖုံးနှင့်အတူ မြေခွေးလေးက သူ့ကို မမှတ်မိဘူးဆိုလျှင် ပုံမှန်သာဖြစ်သည်။
သို့သော်လည်း ဘာကြောင့်ရယ်မသိ မြေခွေးလေးသည် သိုင်းတာအိုပင်မခန္ဓာကို မျက်တောင်မခတ် စိုက်ကြည့်နေ၏။
သူမသည် ဤလူ့ထံသို့ အထိန်းအကွပ်မဲ့စွာ ချဉ်းကပ်ချင်နေပြီး သူမ အရင်က ခံစားခဲ့ဖူးသည့် လုံခြုံစိတ်ချရသော ခံစားချက်ကို သူမက ရရှိနေ၏။
သူမသည် လူတစ်ယောက်တည်းထံကနေသာ ဤခံစားချက်ကို တွေ့ကြုံရရှိခဲ့ဖူးသည်။
ထို့ကဲ့သို့ပင် မြေခွေးလေးသည် တစ်စုံတစ်ရာကို အတည်ပြုဖို့ အတတ်နိုင်ဆုံး ကြိုးစားနေသည့်အလား သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများကို စိုက်ကြည့်နေ၏။ သူမ၏ မျက်ဝန်းထဲတွင် စိုထိုင်းမှုက တဖြည်းဖြည်းပေါ်ထွက်လာ၏။
“သခင်လေးလား”
မြေခွေးလေးက ညင်သာစွာ ခေါ်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်နှာဖုံးကိုချွတ်ပြီး သူ၏ လက်နှစ်ဖက်ကိုဖြန့်ကာ ညင်သာစွာ ပြောလိုက်၏။
“ငါပါ”
မြေခွေးလေး၏ မျက်လုံးထဲကနေ မျက်ရည်များ စီးကျလာပြီး သူမက သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ပစ်ဝင်သွားလေသည်။ သူမ၏ အနည်းငယ် သေးသွယ်သော လက်များက သိုင်းတာအိုပင်မခန္ဓာကို တင်းကျပ်စွာ ပွေ့ဖက်ထားလေသည်။ သူက နောက်တစ်ခဏ၌ ပျောက်ကွယ်သွားမည်ကို သူမက စိုးရိမ်နေသည့်အလားပင်။
သူတို့နှစ်ယောက်ကြားမှာ ပြောဆိုစရာစကားများစွာ မရှိပေ။
တစ်ချက်ပွေ့ဖက်ခြင်းက စကားလုံးပေါင်းတစ်ထောင်ထက် ပို၍လုံလောက်လေသည်။
သားရဲဧကရီအမြီးကိုးချောင်းက ထိုသည်ကို တွေ့မြင်သောအခါ သူမ၏ ရင်ထဲမှာ ထိသွားလေသည်။
သူမသည်လည်း တစ်ခါက တူညီသော မှီခိုအားထားရာနှင့် သိုင်းတာအိုပင်မခန္ဓာအပေါ် မြေခွေးလေး၏ ရင်းနှီးမှုမျိုးကို တွေ့ကြုံခဲ့ဖူးလေသည်။
ကျား၊ ချင်ချင်နှင့် ရွှေခြင်္သေ့တို့က မလှမ်းမကမ်းမှာ မတ်တတ်ရပ်နေကြ၏။ ထိုသည်ကို တွေ့မြင်သောအခါ သူတို့က ပြုံး၍ သူတို့နှစ်ယောက်ကို ဟန့်တားနှောင့်ယှက်ခြင်း မရှိကြပေ။
ဆူဇီမိုအပေါ် မြေခွေးလေး၏ ခံစားချက်များက သူတို့နှင့် ကွဲပြားခြားနားသည်ကို သူတို့က သိရှိထားကြသည်။
သူတို့သည် လောကဓံအကောင်းအဆိုးများကို အတူတကွ ဖြတ်ကျော်ခဲ့ဖူးသော သွေးသောက်ညီအစ်ကိုမောင်နှမများ ဖြစ်ကြလေသည်။ သို့သော်လည်း မြေခွေးလေး၏ ရင်ထဲမှာ ဆူဇီမိုသည် သူမ၏ တစ်ဦးတည်းသော ဆွေမျိုးနှင့် ပိုတူနေသည်။ အစကတော့ သားရဲဧကရီအမြီးကိုးချောင်းသည် သိုင်းတာအိုပင်မခန္ဓာအပေါ် အနည်းငယ် မကျေမချမ်းဖြစ်နေဆဲပင်။ သို့သော်လည်း ထိုသည်ကို တွေ့မြင်သောအခါ သူမ၏ မကျေမချမ်းမှုများက ချက်ချင်းပင် ပျောက်ကွယ်သွား၏။
မြေခွေးလေးကို ထောက်ထားမည်ဆိုလျှင်တောင် သူမသည် သိုင်းတာအိုပင်မခန္ဓာကို ထပ်မံ၍ ထိခိုက်အောင် လုပ်တော့မည် မဟုတ်ပေ။
သားရဲဧကရီအမြီးကိုးချောင်းသည် သူတို့နှစ်ယောက်ကို ဟန့်တားနှောင့်ယှက်ခြင်းမရှိဘဲ ရွက်ဖျင်တဲထဲကနေ တိတ်တဆိတ် လျှောက်လှမ်းထွက်သွား၏။
သူမက ရွက်ဖျင်တဲ၏ ဝင်ပေါက်ဝသို့ ရောက်ရှိချိန်မှာ ဘာကြောင့်ရယ်မသိ စူးစမ်းလိုစိတ်ကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ သားရဲဧကရီအမြီးကိုးချောင်းက တစ်ဖက်သို့လှည့်ပြီး သိုင်းတာအိုပင်မခန္ဓာကို တစ်ချက်ခိုးကြည့်လိုက်၏။
“ကြည့်ရတာ သူ့ပုံစံကလည်း သိပ်တော့မဆိုးပါဘူး”
သားရဲဧကရီအမြီးကိုးချောင်းက သူမဘာသာသူမ တွေးလိုက်သည်။
သိုင်းတာအိုပင်မခန္ဓာသည် ငွေရောင်မျက်နှာဖုံးကို တစ်ချိန်လုံးတပ်ဆင်ထားစဉ်က သူသည် ကြောက်စရာကောင်းသောမျက်နှာနှင့် သွားစွယ်များနှင့်အတူ အလွန်တရာ ရုပ်ဆိုးအကျည်းတန်မည်ဟု သူမက တွေးထင်ခဲ့သည်။ ယခု သူ့ပုံစံက ကြော့ရှင်းသန့်ပြန့်သော စာပေပညာရှင်တစ်ဦးနှင့် ပိုတူနေ၏။
သားရဲဧကရီအမြီးကိုးချောင်း၏ အကြည့်ကို အာရုံခံမိသွားပုံရပြီး သိုင်းတာအိုပင်မခန္ဓာက မော့ကြည့်ကာ သူမကို ခေါင်းညိတ်၍ ပြုံးပြလိုက်၏။
သားရဲဧကရီအမြီးကိုးချောင်းက သူမ၏ အတွေးများ ထွင်းဖောက်မြင်ခံရသည့်အလား ပျာပျာသလဲဖြစ်သွား၏။
သူမက ချက်ချင်းပင် အကြည့်ကို ရှောင်လွှဲပြီး အသက်လု၍ ထွက်ပြေးနေသည့်အလား ရွက်ဖျင်တဲထဲကနေ ထွက်ခွာသွားလေသည်။
သိုင်းတာအိုပင်မခန္ဓာက ထိုအကြောင်းနှင့်ပတ်သက်၍ များစွာစဉ်းစားတွေးတောနေခြင်း မရှိပေ။
စောစောက သူသည် စေတနာကောင်းနှင့် သူ၏ ကျေးဇူးတင်ရှိမှုကို ဖော်ပြဖို့အတွက် သားရဲဧကရီအမြီးကိုးချောင်းကို ခေါင်းညိတ်ကာ ပြုံးပြခဲ့ခြင်းဖြစ်သည်။
မြေခွေးလေးသည် မည်သူတစ်ဦးတစ်ယောက်၏ တားဆီးခြင်းမခံရဘဲ သို့မဟုတ် အစီအရင်ခံတင်ပြစရာမလိုဘဲ သားရဲဧကရီအမြီးကိုးချောင်း၏ ရွက်ဖျင်တဲထဲသို့ ဝင်ရောက်လာနိုင်သည်။
ထိုအချက်ကပင် သားရဲဧကရီအမြီးကိုးချောင်းက မြေခွေးလေးကို ဘယ်လောက်ချစ်ခင်မြတ်နိုးသလဲ ပြပေးနေ၏။ မြေခွေးလေးသည် သားရဲဧကရီအမြီးကိုးချောင်း၏ လက်အောက်မှာ ကျင့်ကြံခြင်းဖြင့် ထိခိုက်နစ်နာမှုများကို သေချာပေါက် တွေ့ကြုံခံစားရလိမ့်မည် မဟုတ်ပေ။
စောစောက သိုင်းတာအိုပင်မခန္ဓာသည် ဤနှစ်များအားလုံးမှာ မြေခွေးလေးကို ဂရုစိုက်ပေးခဲ့သည့်အတွက် သားရဲဧကရီအမြီးကိုးချောင်းကို ကျေးဇူးတင်ရှိနေခြင်းဖြစ်သည်။
ဒါ့အပြင် မြေခွေးလေး၏ ကျင့်ကြံမှုက အားမနည်းသည်ကို သိုင်းတာအိုပင်မခန္ဓာက နားလည်သိရှိလိုက်သည်။ သူမသည် အာကာသသက်ရှိပကတိဧကနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူမ၏ ကျင့်ကြံမှုအလျင်အဟုန်သည် ဒီဘက်မျိုးဆက် ထျန်ဟွမ်ကုန်းမြေတိုက်မှ သူ၏ မိတ်ဆွေဟောင်းများကြားမှာ ထိပ်တန်းအဆင့်မှာ ရှိသည်ဟု ဆိုနိုင်သည်။
“ကောင်းပြီလေ”
သိုင်းတာအိုပင်မခန္ဓာက မြေခွေးလေး၏ ကျောကို ညင်သာစွာပုတ်ပြီး ပြောလိုက်၏။
“ထတော့”
မြေခွေးလေးက သူမ၏ ခေါင်းကို သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ ဝှက်ထားဆဲဖြစ်ပြီး ထဖို့ကို ငြင်းဆန်နေ၏။ သူမက သူ၏ ခါးကို တင်းကျပ်စွာ ပွေ့ဖက်ထားလေသည်။ သိုင်းတာအိုပင်မခန္ဓာက ထွက်ပြေးသွားမည်ကို သူမက စိုးရိမ်နေသည့်အလားပင်။
သိုင်းတာအိုပင်မခန္ဓာက ပြုံးပြလိုက်၏။
“ငါက မဟာအရိုင်းကမ္ဘာမှာ အတော်အတန်ကြာ နေဦးမှာ… ငါ ထွက်သွားဦးမှာ မဟုတ်ဘူး”
မြေခွေးလေးက ထိုစကားကို ကြားသောအခါ သူမ၏ လက်နှစ်ဖက်ကို ဖြေလျှော့ပေးလိုက်၏။
ထို့နောက် မြေခွေးလေးသည် သူမ၏ လူသားသွင်ပြင်ကနေ သူမ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်၏။ သူမက နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာတုန်းကလိုပင် သိုင်းတာအိုပင်မခန္ဓာ၏ ရင်ခွင်ထဲ တိုးဝင်လာ၏။
သူမသည် သိုင်းတာအိုပင်မခန္ဓာ၏ ဝတ်ရုံစကြားမှာ သူမ၏ ခန္ဓာကိုယ်အများစုကို ဖုံးကွယ်ထားပြီး သူမ၏ အမွေးပွပွဦးခေါင်းကိုသာ ထုတ်ဖော်ထား၏။ သူမက သိုင်းတာအိုပင်မခန္ဓာကို မော့ကြည့်ပြီး သူမ၏ ရွှန်းလဲ့နေသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်နေ၏။
သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ သူမကို လုပ်ချင်ရာလုပ်ခွင့်ပေးထားလေသည်။
ထိုအခိုက်အတန့်မှသာ ကျားနှင့်အခြားနှစ်ယောက်က အနားသို့ ချဉ်းကပ်လာကြသည်။
ကျားက ကျီစယ်လိုက်၏။
“မြေခွေးလေး… နင်တော်တော်ဘက်လိုက်တာပဲ… ငါတို့နောက်ဆုံးတွေ့ခဲ့တာ အရမ်းကြာသွားခဲ့ပြီ… ဒါတောင် နင်က ငါတို့ကိုကျတော့ မနှုတ်ဆက်ဘူး”
မြေခွေးလေးက ကျားကိုနှုတ်ဆက်သည့်အနေဖြင့် နှာတစ်ချက်မှုတ်လိုက်၏။
“နင် ငါ့ကို ဟာသလုပ်နေတာလား”
ကျားက မျက်လုံးစွေကြည့်လိုက်၏။
မဟာအရိုင်းကမ္ဘာမှာ ပြန်လည်ဆုံစည်းဖို့အတွက် သူတို့ငါးယောက်သည် သူတို့တက်လှမ်းလာပြီးနောက် အရေးကိစ္စပေါင်းများစွာကို တွေ့ကြုံဖြတ်ကျော်ခဲ့ရသည်။ ပြီးခဲ့သည့်နှစ်များအားလုံးမှာ သူတို့၏ အခက်အခဲများနှင့် အန္တရာယ်များက တကယ်ပင် ဖော်ပြ၍မရနိုင်အောင်ပင်။
ထိုသို့ဆိုလျှင်တောင် သူတို့ညီအစ်ကိုမောင်နှမခုနစ်ယောက်ထဲမှာ နှစ်ယောက်လိုနေဆဲဖြစ်သည်။
မျောက်နှင့် ညဝိညာဉ်ကလွဲလျှင် သူတို့ငါးယောက်က ပြန်လည်ဆုံစည်းမိခဲ့ကြသည်။ သူတို့ငါးယောက်က အပြန်အလှန်စကားပြောဆိုရင်း သူတို့သည် စိုးရိမ်ပူပန်နေသော အမူအရာများနှင့်အတူ သူတို့နှစ်ယောက်အကြောင်းကို ပြောမိကြလေသည်။
ကျား၊ ချင်ချင်၊ ရွှေခြင်္သေ့နှင့် မြေခွေးလေးတို့ တက်လှမ်းလာပြီးနောက် သူတို့သည် မဟာအရိုင်းကမ္ဘာမှာသာနေပြီး ဘယ်တုန်းကမှ ထွက်ခွာမသွားခဲ့ပေ။
သူတို့သည် ကမ္ဘာများစွာမှာ လှည့်ပတ်သွားလာခဲ့သော သိုင်းတာအိုပင်မခန္ဓာနှင့် မတူပေ။
သူတို့သည် မျောက်နှင့် ညဝိညာဉ်ထံမှ မည်သည့်သတင်းကိုမှ မရရှိခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ညဝိညာဉ်နဲ့ပတ်သက်ပြီး သဲလွန်စတစ်ချို့တော့ ရှိတယ်… သူက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် နောက်ပိုင်း ပျောက်ကွယ်သွားတယ်”
သိုင်းတာအိုပင်မခန္ဓာသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ညဝိညာဉ်နှင့်ပတ်သက်ပြီး သူကြားသိခဲ့ရသည့် သတင်းအချက်အလက်တချို့ကို ပြန်ပြောပြလိုက်သည်။
“ညဝိညာဉ်ရဲ့ တိုက်ခိုက်ရည်ခွန်အားနဲ့ နည်းလမ်းတွေအရဆို သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ လှည့်လည်သွားလာမယ်ဆိုရင်တောင် အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရမှာ မဟုတ်လောက်ဘူး”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“မျောက်နဲ့ပတ်သက်တဲ့ သဲလွန်စကိုတော့ အခုချိန်ထိ မရသေးဘူး… ဒါပေမဲ့ သူက နီညိုရောင်မျောက်ဝံကမ္ဘာမှာ ရှိလိမ့်မယ်လို့ ငါခန့်မှန်းမိတယ်”
မျောက်သည် နီညိုရောင်မျောက်ဝံမျိုးနွယ်မှာ ပါဝင်လေသည်။
သူက မဟာအရိုင်းကမ္ဘာမှာ ပေါ်ထွက်မလာဘူးဆိုလျှင် သူသည် နီညိုရောင်မျောက်ဝံကမ္ဘာသို့ ဆင်းသက်ရောက်ရှိသွားဖို့ အခွင့်များသည်။
နီနီညိုရောင်မျောက်ဝံကမ္ဘာက ထိပ်တန်းကမ္ဘာကြီးတစ်ခု မဟုတ်သော်လည်း ထိုနေရာမှာ ဧကရာဇ်ပညာရှင်များ ရှိနေသည်။
မျောက်သည် နီညိုရောင်မျောက်ဝံကမ္ဘာမှာ အန္တရာယ်တစ်ခုခု ကျရောက်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သူတို့ညီအစ်ကိုမောင်နှမများ အတူတကွ ပြန်လည်ဆုံစည်းဖို့အတွက် အချိန်ဘယ်လောက်ကြာဦးမည်ကို မသိရပေ။
သိုင်းတာအိုပင်မခန္ဓာက ကျားနှင့်အခြားနှစ်ယောက်နှင့်အတူ ရွက်ဖျင်တဲထဲမှာ တစ်နေ့လုံးတစ်ညလုံး စကားပြောဆိုခဲ့သည်။
သူတို့ငါးယောက်သည် အတန်ကြာပြီးမှ ပြန်လည်ဆုံစည်းရပြီး သူတို့မှာ ပြောစရာစကားများ အတောမသတ်နိုင်အောင် ရှိနေသည်။ သူတို့က တစ်နှစ်ခွဲကြာအောင် စကားပြောရမည်ဆိုလျှင်တောင် မောပန်းမှုကို ခံစားရလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း မဟာအရိုင်းကမ္ဘာ၏ အန္တရာယ်က ယခုချိန်ထိ မပြေလည်သေးဘဲ သိုင်းတာအိုပင်မခန္ဓာသည် တျဲယွဲ့ကို စိုးရိမ်ပူပန်နေကာ သိပ်ကြာကြာမနေဖြစ်ပေ။
နောက်တစ်နေ့၌ သိုင်းတာအိုပင်မခန္ဓာက ချင်ကျိုးတောင်ကြောရိုးကနေ ထွက်ခွာပြီး တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်လိုက်၏။
သူသည် တျဲယွဲ့နှင့် အရှေ့ဘက်အရိုင်းနယ်မြေကို အန္တရာယ်ကနေ ရှင်သန်နိုင်အောင် ကူညီပေးလိုသည်ဆိုလျှင် သူ၏ ကျင့်ကြံမှုနယ်ပယ်ကို မြှင့်တင်ရပေမည်။