ပန်းကမ္ဘာကနေ အလည်လာခြင်း
Vol. 198 Ch. 2958
သိုင်းတာအိုပင်မခန္ဓာ အနေဖြင့် သိုင်းတာအို၏ အနာဂတ်ကို ရှင်းလင်းအောင် ပြုလုပ်ခဲ့ပြီးပြီဖြစ်သည်။
တာအိုများ အားလုံးက တစ်နေရာတည်းမှာ စုဆုံပြီး တူညီသော ပန်းတိုင်သို့ ဦးတည်ပေလိမ့်မည်။ သိုင်းပိုင်နက်နယ်မြေနယ်ပယ်ပြီးလျှင် ဧကရာဇ်နယ်ပယ် ရောက်ရှိလာပေလိမ့်မည်။
သို့သော်လည်း ဧကရာဇ်နယ်ပယ်က မည်သို့ပင်ဆိုစေ နယ်ပယ်အကြီးတစ်ခု ဖြစ်သည်။
ဧကရာဇ်နယ်ပယ်ကို တက်လှမ်းရခြင်းက ကောင်းကင်ဘုံကို တက်လှမ်းရသလောက် ခက်ခဲပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူနှင့် သိုင်းတာအိုငရဲခန်းကို လောကစွမ်းအား တစ်စွန်းတစ်စ ရရှိအောင် အရင်ဆုံး အသွင်ပြောင်းလဲရပေမည်။
ဧကရာဇ်တစ်ပိုင်းအဆင့်ကို အရင်တက်လှမ်းပြီးမှသာ ဧကရာဇ်နယ်ပယ်ကို အမှန်တကယ် ဆက်လက် တက်လှမ်းနိုင်မည်ဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် လောကအပိုင်းအစများကို သန့်စင်မွမ်းမံဖို့ စိတ်ကူးမရှိပေ။ လောကအပိုင်းအစများမှာ ဓမ္မတာအို လေးနက်သိမ်မွေ့မှုများစွာ ပါဝင်နေရုံသာမကပေ။ ပို၍အရေးပါသည်မှာ သူတို့တွင် ရင်းမြစ်ချီလည်း ပါဝင်နေ၏။
သူ့အတွက်တော့ လောကအပိုင်းအစများကို ယခုအချိန်မှာ သန့်စင်မွမ်းမံခြင်းက ဖြုန်တီးရာကျနေသည်။
တိုက်ပွဲနှစ်ခုမှာ စုဆောင်းရရှိထားသော ကောင်းကင်လိုဏ်ဂူများစွာကို သန့်စင်မွမ်းမံနိုင်သည်နှင့်အမျှ အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူသည် ထပ်မံ၍ မြင့်တက်လာဖို့ အခွင့်အရေး ရပေလိမ့်မည်။
ဤကောင်းကင်လိုဏ်ဂူများ၏ တာအိုများနှင့် ဓမ္မပညာရပ်များကို သန့်စင်မွမ်းမံခြင်းဖြင့် သိုင်းတာအိုငရဲခန်းကလည်း ဆက်လက်၍ မြင့်တက်လာနိုင်မည် ဖြစ်သည်။
တကယ်တော့ ဆူဇီမိုသည် တျဲယွဲ့နှင့် နှစ်ပေါင်းများစွာ ခွဲခွာခဲ့ရပြီး သူမနှင့် ထပ်မံ၍ အချိန်များကို ကုန်ဆုံးလိုလေသည်။
သူတို့က စကားမပြောရဘူးဆိုလျှင်တောင် သူသည် သူမကို တိတ်တဆိတ် အဖော်ပြုပေးချင်သည်။ သို့သော်လည်း အရှေ့ဘက်အရိုင်းနယ်မြေသည် အန္တရာယ်ကျရောက်နေဆဲဖြစ်ပြီး အချိန်က အပူတပြင်းနိုင်နေ၏။ သူတို့သည် ဤကပ်ဘေးကနေ မရှင်သန်နိုင်ဘူးဆိုလျှင် ဆူဇီမိုသည် သူ့ဘဝ လက်ကျန်တစ်လျှောက်လုံး သူမနှင့် ကုန်ဆုံးဖို့နေနေသာ မဟာအရိုင်းကမ္ဘာမှာ သူသည် တျဲယွဲ့နှင့်အတူ သေပွဲဝင်ရပေလိမ့်မည်။
အချိန်နာရီက ရပ်နားခြင်းမရှိဘဲ အဆက်မပြတ် ရွေ့လျားနေ၏။ တစ်ခဏချင်းမှာပင် နှစ် ၈၀၀ ကုန်ဆုံးသွားခဲ့သည်။
ကျင့်ကြံခြင်းလောကမှာ နှစ် ၈၀၀က ခဏတစ်ဖြုတ်သာ ဖြစ်သည်။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိအများစုအနေဖြင့် နှစ် ၈၀၀မှာ ကျင့်ကြံမှုနယ်ပယ်အသေးတစ်ခုကို တက်လှမ်းဖို့ပင် မလွယ်ကူပေ။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ တိုက်ပွဲပြီးကတည်းက ဓားကမ္ဘာမှ ဆူကျူးသည် နာမည်ကျော်ကြားလာပြီး နဝမမြောက်တောင်ထွတ်၏ နာမည်ဂုဏ်သတင်းကလည်း မြင့်တက်လာခဲ့သည်။
နဝမမြောက် ဓားတောင်ထွတ်မှာ တပည့်ဂိုဏ်းသားများစွာ ရှိပြီး အတော်လေး စည်းကားသက်ဝင်နေ၏။ အဲဒါသည် အရင်တုန်းက စတင်တည်ထောင်ခဲ့သော တိတ်ဆိတ်ခြောက်ကပ်နေသည့် ဓားတောင်ထွတ်နှင့် အရမ်းကို ကွဲပြားသွားခဲ့ပြီဖြစ်သည်။
ဤနေ့မှာ…
အဝေးမှ ဧည့်သည်များသည် ဓားကမ္ဘာ၏ နဝမမြောက်တောင်ထွတ်သို့ အလည်အပတ် ရောက်ရှိလာကြသည်။
ကျင့်ကြံသူတစ်ဦးသည် နဝမမြောက် ဓားတောင်ထွတ်၏ စီနီယာအစ်မကြီးဖြစ်သော ပေမင်ရွှယ်ကို အစီအရင်ခံတင်ပြရန် သူမ၏ လိုဏ်ဂူခန်းဝါ ရှိရာဘက်သို့ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
နဝမမြောက် ဓားတောင်ထွတ်၏ တောင်ထွတ်သခင်သည် တံခါးပိတ် ကျင့်ကြံနေပြီး ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာ မဖြစ်ပျက်သရွေ့ ပုံမှန်အခြေအနေမှာ ပေါ်ထွက်မလာတတ်သည်ကို ဓားကျင့်ကြံသူများအားလုံးက သိရှိထားကြသည်။
နဝမမြောက် ဓားတောင်ထွတ်၏ အရေးကိစ္စ အများစုကို ပေမင်ရွှယ်နှင့် လွှဲထားလေသည်။
နှစ် ၈၀၀ ကြာအပြီးမှာ ပေမင်ရွှယ်၏ ကျင့်ကြံမှုကလည်း တိုးတက်မြင့်မားလာခဲ့သည်။ သူမသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ပြီး အစစ်အမှန်သိုင်းနယ်ပယ်မှာ အဆင့်မြင့်ကျွမ်းကျင်မှု ရရှိသည်အထိပင် ကျင့်ကြံထားနိုင်ခဲ့သည်။
ထိုကျင့်ကြံမှု အလျင်အဟုန်သည် ကျင့်ကြံမှုနယ်ပယ်တူမှ ကျင့်ကြံသူများထက် များစွာသာလွန်လေသည်။
အဆုံးစွန် ဓားတောင်ထွတ်မှ ယွင်ထင်သည်လည်း အာကာသသက်ရှိ ပကတိဧကနယ်ပယ်အထိ ကျင့်ကြံထားခဲ့ပြီဖြစ်သော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားက ပေမင်ရွှယ်ထက် ဆက်လက်နိမ့်ကျနေဆဲ ဖြစ်သည်။
သိုင်းတာအိုနှင့် ဓားတာအိုမှာ ပေမင်ရွှယ်၏ ပါရမီအရည်အချင်းကို သံသယရှိစရာ မလိုပေ။
ပေမင်ရွှယ်သည် အလည်ရောက်ရှိလာသော ဧည့်သည်နှစ်ဦးကို တွေ့မြင်သောအခါ သူမက ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဆူဇီမိုကိုနှိုးရန် သူ၏ လိုဏ်ဂူခန်းဝါသို့ သွားရောက်ဖို့ ဆုံးဖြတ်လိုက်သည်။
သူတို့နှစ်ယောက်က ပန်းကမ္ဘာမှ လာခြင်းဖြစ်သည်။
သူတို့ထဲမှ တစ်ယောက်သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ဆူဇီမိုနှင့် ဓားကမ္ဘာကို ကူညီပေးခဲ့ဖူးသော အင်မော်တယ်ဘုရင်မ ယိုလန် ဖြစ်သည်။
နောက်တစ်ယောက်က အင်မော်တယ်ဘုရင်မ ယိုလန်၏ တပည့် မူလျန် ဖြစ်သည်။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ မူလျန်သည် ဆူဇီမိုကို ကူညီပေးခဲ့သော အန္တိမ ပကတိစိတ်ဝိညာဉ် အနည်းအကျဉ်းထဲမှ တစ်ဦးလည်း ဖြစ်လေသည်။
ပို၍ အရေးပါသည်မှာ မူလျန်သည် ကောင်းမွန်သည့် အခြေအနေမှာ ရှိနေပုံမရပေ။ သူမက ဒဏ်ရာရရှိထားပြီး စိတ်အားညှိုးငယ်သည့်ပုံပေါ်နေ၏။ သူမ၏ အော်ရာက အားနည်းနေပြီး သူမသည် အင်မော်တယ်ဘုရင်မ ယိုလန်၏ အကူအညီမရှိလျှင် မတ်တတ်ပင် အနိုင်နိုင်ရပ်နေရသည်။
ပေမင်ရွှယ်သည် သူမဆရာ၏ စိတ်နေစရိုက်ကို ကောင်းကောင်းသိရှိထားသည်။ သူသည် တာအိုရောင်းရင်း အင်မော်တယ်ယိုလန်နှင့် မူလျန်တို့ အလည်ပတ်ရောက်ရှိလာသည်ကို သိရှိမည်ဆိုလျှင် သူက တံခါးပိတ်ကျင့်ကြံရာကနေ သေချာပေါက် ထွက်လာပေလိမ့်မည်။
ထင်မှတ်ထားသည့်အတိုင်းပင်…
ပေမင်ရွှယ် အစီအရင်ခံတင်ပြပြီးနောက် ဆူဇီမိုသည် ချက်ချင်းပင် ထွက်ခွာကာ အင်မော်တယ်ဘုရင်မ ယိုလန်နှင့် မူလျန်ကို သူ၏ လိုဏ်ဂူခန်းဝါရှိရာသို့ ကြိုဆိုခေါ်ဆောင်လာခဲ့သည်။
အင်မော်တယ်ဘုရင်မ ယိုလန်က ပြုံး၍ပြောလိုက်၏။
“ကျွန်မတို့ နောက်ဆုံးတွေ့ခဲ့တာ နှစ် ၈၀၀ ကြာသွားခဲ့ပြီ… တာအိုရောင်းရင်းဆူ… ရှင့်ရဲ့ကျင့်ကြံမှုက နောက်တစ်ဖန် မြင့်တက်လာပြန်ပြီ… ဂုဏ်ယူပါတယ်”
နှစ် ၈၀၀မှာ ဆူဇီမိုသည် သုခဘုံလေဟာနယ် ပကတိဧကနယ်ပယ်သို့ တက်လှမ်းခဲ့ပြီဖြစ်သည်။
သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ အကျိုးအမြတ်များစွာ ရရှိခဲ့၏။
အန္တိမ ပကတိစိတ်ဝိညာဉ်များ၏ တာအိုသစ်သီးများချည်းသက်သက်ပင် ၂၀ကျော် ရှိနေသည်။
ဤနှစ်များအားလုံးမှာ သူသည် တာအိုသစ်သီး ၂၀ ကျော်ထဲမှ သုံးခုကိုသာ သန့်စင်ရသေးသည်။
သူသည် သုခဘုံလေဟာနယ် နယ်ပယ်သို့ ဤမျှအထိ မြန်မြန်ဆန်ဆန် တက်လှမ်းလာနိုင်ခဲ့သည်မှာ သူသည် နောက်ထပ် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်မိခဲ့သောကြောင့်ဖြစ်သည်။
တဒင်္ဂအခိုက်အတန့်နှင့် ကြယ်တာရာအကျဉ်းထောင်…
တဒင်္ဂအခိုက်အတန့်သည် အစတုန်းက အန္တိမနတ်ဘုရားစွမ်းအားတစ်ခု ဖြစ်သည်။
သို့သော်လည်း အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာ၏ ဓမ္မတာအိုအမွေအနှစ်ကို ဆက်ခံရရှိခဲ့ပြီးနောက် သူသည် ဤနှစ်များအားလုံးမှာ တဒင်္ဂအခိုက်အတန့်ကို အရုဏ်ဦးခေါင်းလောင်းနှင့် ဆည်းဆာဘုံ၏ ဓမ္မတာအိုတို့နှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းခဲ့ပြီးပြီဖြစ်သည်။ နောက်ဆုံးမှာ သူသည် တဒင်္ဂအခိုက်အတန့်ကို အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်အထိ မြှင့်တင်နိုင်ခဲ့သည်။
ကြယ်တာရာအကျဉ်းထောင်ကို နားလည်ဆင်ခြင်ခြင်းကတော့ အချိန်တစ်ခုသာ လိုသည့်ကိစ္စဖြစ်သည်။
တဒင်္ဂအခိုက်အတန့်မှာ အချိန်၏ ဓမ္မတာအို ပါဝင်လေသည်။
သူ့အား အင်မော်တယ်ဘုရင်မလင်းလုံ သင်ကြားပေးခဲ့သည့် လင်းလုံချောင်ပိတ်ကွက်များထဲမှာလည်း အာကာသ၏ ဓမ္မတာအို ပါဝင်နေ၏။
တစ်နည်းအားဖြင့်ဆိုသော် ယခုအချိန်မှာ ဆူဇီမို နားလည်ဆင်ခြင်ထားသည့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများက ခေါင်းလေးလုံး လက်ခြောက်ဖက်၊ အစွယ်ရှစ်ချောင်း နတ်ဆင်ခွန်အား၊ အင်မော်တယ်နှိမ်နင်းဓား၊ ဗုဒ္ဓနဂါးဆင်၊ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၊ တဒင်္ဂအခိုက်အတန့်၊ ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီး၊ အနန္တယင်ယန်နှင့် ကြယ်တာရာအကျဉ်းထောင်တို့ ဖြစ်သည်။
အဲဒါက အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ကိုးခုဖြစ်ပြီး တကယ့်ကို မကြုံစဖူး ထူးခြားအံ့မခန်းဖြစ်သည်။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ကိုးခုသည် သူ၏ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်တို့ကို သန့်စင်ဆေးကြောပေးထားသည်။
အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ အခြေခံအုတ်မြစ်နှင့်အတူ ဆူဇီမို၏ ကိုယ်ကာယနှင့် အမြုတေစိတ်ဝိညာဉ်နယ်ပယ်က ကောင်းကင်လိုဏ်ဂူနယ်ပယ်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
ဆူဇီမိုသည် အင်မော်တယ်ဘုရင်မ ယိုလန်၏ စကားစမြည်ပြောဆိုမှုမှာ ပြုံးပြလိုက်၏။
အင်မော်တယ်ဘုရင်မ ယိုလန်၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စ ရှိနေသည်ကို သူက သတိထားမိသည်။
သူ၏ အကြည့်က အင်မော်တယ်ဘုရင်မ ယိုလန်၏ ဘေးမှာရှိသော မူလျန်အပေါ် ဆင်းသက်ရောက်ရှိသွား၏။
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်သည်။
မူလျန်ထံမှ သွေးနံ့တစ်စွန်းတစ်စပင် ထွက်လာနေ၏။
သူမသည် ဆိုးဆိုးဝါးဝါး အခြေအနေမှာ ရှိနေပြီး ဒဏ်ရာအပြင်းအထန် ရရှိထားလေသည်။
မူလျန်သည် အနက်ရောင် မျက်နှာဖုံးတစ်ခု ပါဝင်သည့် ဝါးခမောက်ကို ဆောင်းထားသော်လည်း သူမ၏ မူလက ဖြူဖွေးသောမျက်နှာက သွေးကြောများဖြင့် ဖုံးအုပ်နေပြီး အလွန်တရာ ကြောက်စရာကောင်းနေပုံရသည်ကို ဆူဇီမိုက အာရုံခံမိနိုင်ဆဲဖြစ်၏။
“ဘာတွေဖြစ်ခဲ့တာလဲ”
ဆူဇီမိုက အင်မော်တယ်ဘုရင်မ ယိုလန်နှင့် အလ္လာပသလ္လာပ ပြောဆိုမနေဘဲ မူလျန်ကို လက်ညှိုးထိုးကာ လွှတ်ခနဲ မေးလိုက်သည်။
ထိုအကြောင်းကို ပြောဆိုချိန်မှာ အင်မော်တယ် ဘုရင်မ ယိုလန်က သက်ပြင်းချလိုက်သည်။
“မူလျန်က သွေးကမ္ဘာက လူတစ်ယောက်ကြောင့် ဒဏ်ရာအပြင်းအထန် ရထားတယ်… သူရဲ့ အမြုတေစိတ်ဝိညာဉ်နဲ့ မျိုးဆက်သွေးက ညစ်ညမ်းတဲ့ အဆိပ်သွေးနဲ့ စွန်းထင်းခံထားရတယ်”
“ကျွန်မတို့ ကုသပေးမယ်ဆိုရင်လည်း ကျွန်မတို့က မူလျန်ရဲ့အသက်ကို ကယ်တင်ပေးနိုင်လိမ့်မယ်… ဒါပေမယ့် ကျွန်မတို့က သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်အပေါ် ထိခိုက်မှုကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး… သူ့ရဲ့ကျင့်ကြံမှုကလည်း ပျက်စီးသွားရလိမ့်မယ်”
ထိုနေရာအရောက်မှာ အင်မော်တယ်ဘုရင်မ ယိုလန်က တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ရပ်တန့်လိုက်၏။ သူမက တွေဝေတုံ့ဆိုင်း၍ တစ်စုံတစ်ရာကို ပြောချင်နေသော်လည်း ရပ်တန့်လိုက်လေသည်။
“တာအိုရောင်းရင်းဆူ…”
ရုတ်တရက် အင်မော်တယ်ဘုရင်မ ယိုလန်က သူမ၏ စိတ်ဝိညာဉ်အသိစိတ်နှင့်အတူ အသံတစ်ခုကို ပို့လွှတ်လိုက်သည်။
“ရှင့်မှာ ဖန်တီးခြင်းကြာပဒုမ္မာရဲ့ မျိုးဆက်သွေး ရှိလောက်တယ်ဆိုတာ ကျွန်မ ခန့်မှန်းမိတယ်… ရှင့်မှာ မူလျန်ကို ကယ်တင်ဖို့အတွက် နည်းလမ်းတစ်ခုခုများ ရှိနိုင်မလား”
“ဒီတောင်းဆိုချက်က သိပ်တော့ မပြေပြစ်ဘူးဆိုတာ ကျွန်မသိပါတယ်…. တာအိုရောင်းရင်းဆူ မပူပါနဲ့… ကျွန်မက ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်… ရှင့်ရဲ့ ဖန်တီးခြင်းကြာပဒုမ္မာ မျိုးဆက်သွေးကို ထုတ်ဖော်ပြောဆိုမှာ မဟုတ်ပါဘူး”
တကယ်တော့ အင်မော်တယ် ဘုရင်မ ယိုလန်သည် ဆူဇီမိုကို ပထမဆုံး တွေ့မြင်ချိန်မှာ ဆူဇီမိုက အခြားသူများနှင့် မတူကွဲပြားသည်ကို သူမက ပြောနိုင်ပြီး သူနှင့် အရင်စတင် မိတ်ဆွေဖွဲ့ခဲ့သည်။
မည်သို့ပင်ဆိုစေ သူမသည် အပင်မျိုးနွယ်မှဖြစ်ပြီး ဖန်တီးခြင်းကြာပဒုမ္မာအပေါ် သူမ၏ အာရုံခံစိတ်က အခြားမျိုးနွယ်များထက် ပိုမိုထက်ရှလေသည်။
နောက်ပိုင်းမှာ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေတွင် ဆူဇီမိုပြသခဲ့သော နည်းလမ်းများကို တွေ့မြင်သောအခါ ဆူဇီမိုသည် ဖန်တီးခြင်းကြာပဒုမ္မာ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားဖို့ ဖြစ်နိုင်ခြေ မြင့်မားသည်ကို သူမက ကောက်ချက်ချမိခဲ့သည်။
“ကျုပ် တစ်ချက်လောက် ကြည့်ဦးမယ်”
ဆူဇီမိုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အင်မော်တယ်ဘုရင်မ ယိုလန်ကို မလှမ်းမကမ်းရှိ ခုတင်တစ်လုံးပေါ်သို့ မူလျန်ကို ချခိုင်းလိုက်၏။ သူက ဝါးခမောက်မျက်နှာဖုံးကို မပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်နှင့်အတူ မူလျန်၏ ခန္ဓာကိုယ်ထဲရှိ အခြေအနေကို စစ်ဆေးကြည့်လိုက်၏။
သူနှင့် ဓားကမ္ဘာသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ကမ္ဘာများစွာ၏ ပစ်မှတ်ထားခြင်း ခံခဲ့ရစဉ်က အင်မော်တယ်ဘုရင်မ ယိုလန်နှင့် မူလျန်သည် ဓားကမ္ဘာနှင့် သူ့ကို ကူညီပေးခဲ့သည့် လူအနည်းအကျဉ်းထဲမှာ ပါဝင်လေသည်။
ဒါ့အပြင် မူလျန်က အစိမ်းရောင်ကြာပန်းမျိုးနွယ်မှ ဖြစ်သည်။
မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဆူဇီမိုသည် ဒီအတိုင်း ကြည့်နေနိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုက မူလျန်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်၏။
မူလျန်၏ ထိခိုက်ဒဏ်ရာများက သိပ်ပြီးမပြင်းထန်ပေ။ အဓိကအရာမှာ သူမ၏ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်ကို စွန်းထင်းနေသည့် ညစ်ညမ်းသော မျိုးဆက်သွေးတစ်မျိုးဖြစ်သည်။ အဲဒါကို ဖယ်ရှားနိုင်သည်နှင့် မူလျန်က မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာပေလိမ့်မည်။
“သွေးကမ္ဘာက ဘယ်သူက သူ့ကို ထိခိုက်အောင် လုပ်ခဲ့တာလဲ”
ဆူဇီမိုက မေးလိုက်သည်။
မူလျန်သည် မည်သို့ပင်ဆိုစေ အန္တိမ ပကတိစိတ်ဝိညာဉ်တစ်ဦး ဖြစ်သည်။ သူမသည် သူမ၏ ပြိုင်ဘက်များကို မယှဉ်နိုင်ဘူးဆိုလျှင်တောင် ကျင့်ကြံမှုနယ်ပယ်တူမှာ ရှိသော ကျင့်ကြံသူများအနေဖြင့် သူမကို ဤမျှအတိုင်းအတာအထိ ထိခိုက်အောင် လုပ်ဖို့က လွယ်ကူလိမ့်မည် မဟုတ်ပေ။