တမလွန်ကပ်ဘေးအဆိပ်
Vol. 198 Ch. 2959
အင်မော်တယ်ဘုရင်မ ယိုလန်က ညင်သာစွာ သက်ပြင်းချလိုက်သည်။
“တာအိုရောင်းရင်းဆူ... ရှင်လည်း အဲဒီလူကို သိပါတယ်… သူက တစ်ခါက ရှင့်လက်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အန္တိမပကတိစိတ်ဝိညာဉ် သွေးကမ္ဘာက ရွှယ်ဝမ်ပဲ”
“သူလား”
ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်လိုက်၏။
သူသည် ရွှယ်ဝမ်အပေါ် ထင်မြင်ချက်အချို့ ရှိခဲ့သည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ ရင်ပြင်မှာတုန်းက ရွှယ်ဝမ်သည် မူလျန်နှင့် လုံလီနှင့်အတူ အငြင်းအခုံတချို့ ရှိခဲ့သည်။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ရွှယ်ဝမ်သည် အစက သူ့ကို ဝိုင်းပတ်ခဲ့သော သူများထဲမှာ ပါဝင်ခဲ့သည်။
သို့သော်လည်း ဤလူသည် ထွက်ပြေးတိမ်းရှောင်ရာမှာလည်း ပြတ်သားမှုအရှိဆုံး ဖြစ်ခဲ့သည်။ သူသည် အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူ၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ချက်ချင်းပင် ဆင့်ခေါ်ပြီး တိုက်ပွဲနယ်မြေကနေ ထွက်ပြေးကာ ရှင်သန်နိုင်ခဲ့လေသည်။
အခြေအနေကို စစ်ဆေးကြည့်ပြီးနောက် ဆူဇီမိုက စိတ်သက်သာစွာ ပြောလိုက်၏။
“ဒီဒဏ်ရာက ကုသဖို့ မခက်ပါဘူး”
ထိုစကားကို ကြားသောအခါ အင်မော်တယ်ဘုရင်မ ယိုလန်က စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။ အဲဒါက အခြားတစ်ယောက်သာဆိုလျှင် မူလျန်၏ ထိခိုက်ဒဏ်ရာများကို ကုသဖို့က တကယ်ပင် အခက်အခဲတွေ့ရပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ထိုညစ်ညမ်းသောသွေးသည် သူမ၏ အမြုတေစိတ်ဝိညာဉ်နှင့် မျိုးဆက်သွေးကို စွန်းထင်းသွားခဲ့ပြီဖြစ်သည်။ သူတို့က အဲဒါကို ကုသချင်သည်ဆိုလျှင် ထိုလုပ်ရပ်သည် မူလျန်၏ အခြေခံအုတ်မြစ်နှင့် သူမ၏ ကျင့်ကြံမှုကို သေချာပေါက် ထိခိုက်ဒဏ်ရာ ရရှိစေပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုအတွက်တော့ ဤကိစ္စသည် အရမ်းကို လွယ်ကူရိုးရှင်းလေသည်။
သွေးနွယ်ပင်မျိုးနွယ်၏ မျိုးဆက်သွေးက ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ… သူတို့သည် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးကို ညစ်ညမ်းစေနိုင်မည် မဟုတ်ပေ။
နောက်ဆုံးမှာတော့ သွေးနွယ်ပင်မျိုးနွယ်သည် အပင်သက်ရှိပုံစံ အမျိုးအစားထဲမှာ ပါဝင်နေဆဲဖြစ်သည်။
မျိုးဆက်သွေးနယ်မြေအရ ဖန်တီးခြင်းကြာပဒုမ္မာသည် သူတို့အပေါ် ပကတိ ဖိနှိမ်နိုင်စွမ်း ရှိနေသည်။
အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ အကူအညီနှင့်အတူ ဆူဇီမိုသည် အသက်ဓာတ်ကြာလက်ညှိုးကို ထုတ်ဖော်ပြီး မူလျန်၏ ခန္ဓာကိုယ်ထဲရှိ ညစ်ညမ်းသောသွေးများကို ဖယ်ထုတ်ပေးနိုင်သည်။ မူလျန်ကတော့ သူမသည်လည်း အစိမ်းရောင်ကြာပန်းမျိုးနွယ်မှ ဖြစ်ပြီး ယခုအချိန်မှာ သူမသည် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ အားဖြည့်ထောက်ပံ့မှုကို လက်ခံရရှိကာ သူမ၏ ကျင့်ကြံမှုက ပျက်စီးထိခိုက်ခြင်း မရှိရုံသာမက သူမ၏ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်ကပင် အားအင်ပြည့်ဝလာခဲ့သည်။
လိုဏ်ဂူခန်းဝါထဲမှာ ဆူဇီမိုသည် သူ၏ လုပ်ရပ်ကို ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပေ။ အင်မော်တယ်ဘုရင်မ ယိုလန်နှင့် အခြားသူများ၏ အကြည့်အောက်မှာ သူက မူလျန်အပေါ် အသက်ဓာတ်ကြာလက်ညှိုးကို ထုတ်ဖော်အသုံးပြုလိုက်၏။
ဤဓမ္မတာအိုကို ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးနှင့်သာ အသက်သွင်းနိုင်လေသည်။ အင်မော်တယ်ဘုရင်မ ယိုလန်က အဲဒါကို တတ်ကျွမ်းသွားသည်ဆိုလျှင်တောင် အသုံးချနိုင်လိမ့်မည် မဟုတ်ပေ။
ငါးမိနစ်မပြည့်ခင်မှာ မူလျန်၏ မျက်နှာပေါ်ရှိ သွေးကြောများက တဖြည်းဖြည်း ဖျော့တော့သွား၏။ နှစ်နာရီကြာပြီးနောက် မူလျန်၏ အသားအရေက ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့လေပြီ။
သူမ၏ မျက်နှာက အနီရောင်သန်းလာပြီး သူမ၏ အသက်ရှူသံက မှန်လာကာ အိပ်မောကျသွား၏။ သူမခန္ဓာကိုယ်ထဲရှိ ညစ်ညမ်းသောသွေးများကို ဖယ်ထုတ်ပေးပြီးနောက် မူလျန်သည် သူမ၏ အသက်ဓာတ်အားကို အလျင်အမြန် ပြန်လည်ရရှိလာနေပြီ။
“ဘာတွေဖြစ်ခဲ့တာလဲ”
မူလျန်က အန္တရာယ်ကနေ လွတ်မြောက်လာခဲ့ပြီး အိပ်ပျော်သွားသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက အင်မော်တယ်ဘုရင်မ ယိုလန်ကို လှည့်ကြည့်ပြီး မေးလိုက်၏။
“မူလျန်က ရွှယ်ဝမ်နဲ့ တိုက်ခိုက်ပြီး ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာကို ဘယ်လိုရလာခဲ့တာလဲ”
ဆူဇီမိုသည် ရွှယ်ဝမ်နဲ့ အရင်က တိုက်ခိုက်ခဲ့ဖူးသည်။
ရွှယ်ဝမ်၏ တိုက်ခိုက်ရည်ခွန်အားက မူလျန်ထက် အနည်းငယ် ပိုမိုမြင့်မားလျှင်တောင် သိပ်ကွာလိမ့်မည် မဟုတ်ပေ။
မူလျန်က အနိုင်မရနိုင်ဘူးဆိုလျှင် အနည်းဆုံးတော့ သူမသည် မထိမခိုက် ရုန်းထွက်နိုင်မည်ဖြစ်ပြီး ဤမျှအတိုင်းအတာအထိ ထိခိုက်ဒဏ်ရာ ရရှိစရာ အကြောင်းမရှိပေ။
အင်မော်တယ်ဘုရင်မ ယိုလန်မှာ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ရှိနေ၏။
“အစိမ်းရောင်ကြာပန်းမျိုးနွယ်က သွေးကမ္ဘာနဲ့ အစကတည်းက နက်ရှိုင်းတဲ့ ရန်ငြိုးရန်စ ရှိထားတယ်”
“အစကတော့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အစိမ်းရောင်ကြာပန်းကမ္ဘာဆိုတာ ရှိခဲ့သေးတယ်… ဒါပေမဲ့ အဲဒါက နောက်ပိုင်းမှာ သွေးကမ္ဘာရဲ့ ဝါးမျိုခြင်းခံရပြီး မရေမတွက်နိုင်တဲ့ အစိမ်းရောင်ကြာပန်းမျိုးနွယ်ဝင်တွေက သွေးပင်လယ်ထဲမှာ သေဆုံးခဲ့ရတယ်”
“နောက်ပိုင်း ကျန်ရှိနေတဲ့ အစိမ်းရောင်ကြာပန်းကမ္ဘာက ကလန်သားတွေက ပန်းကမ္ဘာကို ထွက်ပြေးတိမ်းရှောင်ပြီး သူတို့ကို ပန်းကမ္ဘာက လက်ခံပေးထားခဲ့တယ်… တဖြည်းဖြည်းနဲ့ သူတို့က ပန်းကမ္ဘာမှာ ရှင်သန်စရာနေရာတစ်ခုကို ရှာတွေ့ခဲ့တယ်… ဒါပေမဲ့ အစိမ်းရောင်ကြာပန်းမျိုးနွယ်ဝင် အနည်းအကျဉ်းပဲ ကျန်တော့တဲ့အတွက် သူတို့က အရင်ကနဲ့မတူတော့ဘူး”
“ဒီလိုမျိုးကိစ္စ ရှိခဲ့တာလား”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်သည်။
မူလျန်အတွက်တော့ ဤသည်မှာ မျိုးဖြတ်သုတ်သင်ခံခဲ့ရသည့် သွေးကြွေးရန်စ ဖြစ်သည်။
မူလျန်သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ရွှယ်ဝမ်ကို အတိုက်အခံပြုလုပ်ခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။
အင်မော်တယ်ဘုရင်မ ယိုလန်က ဆက်ပြောလိုက်သည်။
“ပြီးခဲ့တဲ့နှစ်တွေထဲ ပန်းကမ္ဘာက ရေအရင်းအမြစ် အတော်များများက ညစ်ညမ်းသွားပြီး အဲဒီရေမှာ ရှေးဟောင်းအဆိပ်တစ်မျိုး ပါဝင်လာခဲ့တယ်… အဲဒါက တမလွန်ကပ်ဘေးအဆိပ်ပဲ… ပန်းကမ္ဘာက ကလန်သား အတော်များများက အဲဒီအဆိပ်ကို သတိမထားမိဘဲ အဲဒီရေတွေကို သောက်သုံးပြီးတဲ့နောက် သေဆုံးကုန်ကြတယ်”
ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“အဲဒါကို သွေးကမ္ဘာက လုပ်တာလား”
အင်မော်တယ်ဘုရင်မ ယိုလန်က ညင်သာစွာ ခေါင်းခါပြလိုက်၏။
“အဲဒီအဆိပ်က အတော်လေး ရှေးကျတယ်… အဲဒါက အဆိပ်ကမ္ဘာက ဖြစ်လောက်တယ်”
“တမလွန်ကပ်ဘေးအဆိပ်က အရမ်းကို စွမ်းအားကြီးမားတယ်… အဲဒါက ကျင့်ကြံမှုနယ်ပယ်ကိုတောင် လျစ်လျူရှုနိုင်တယ်… ဘုရင်တွေနဲ့ ဧကရာဇ်တွေတောင်မှ သတိမမူမိဘဲ အဲဒီအဆိပ်မိသွားမယ်ဆိုရင် သူတို့က အသက်အန္တရာယ်ရှိလာနိုင်တယ်… အရင်တုန်းက အဆိပ်ကမ္ဘာက အဲဒီအဆိပ်အပေါ် မှီခိုပြီး ထိပ်တန်းကမ္ဘာကြီးတွေထဲက တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့တယ်…. အခြားကမ္ဘာတွေက သူတို့ကို ရန်မစလိုခဲ့ကြဘူး”
“ပန်းကမ္ဘာက ပညာရှင်အတော်များများက အဲဒီအဆိပ်ရဲ့ ကူးစက်ခံထားရတယ်”
ထိုအကြောင်းကို ပြောဆိုချိန်မှာ အင်မော်တယ်ဘုရင်မ ယိုလန်၏ မျက်လုံးများက စိုးရိမ်ပူပန်မှုကို နောက်တစ်ဖန် ထုတ်ဖော်ပြသလိုက်၏။
ဆူဇီမိုက စဉ်းစားရခက်သွားပြီး မေးလိုက်၏။
“ပန်းကမ္ဘာက တစ်ယောက်ယောက် သတိမထားမိစေဘဲ အဆိပ်ကို ဒီလောက်ကျယ်ပြန့်တဲ့ အတိုင်းအတာအထိ ဘယ်လိုလုပ်ပြီး ဖြန့်နိုင်ခဲ့တာလဲ”
အင်မော်တယ်ဘုရင်မ ယိုလန်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ခေါင်းခါပြလိုက်၏။
သူမမှာလည်း တူညီသောအတွေး ရှိနေခဲ့သည်။
အဲဒီမှာ ဖြစ်နိုင်ခြေတစ်ခု ရှိနေလေပြီ။
ဤအဆိပ်ကို ပန်းကမ္ဘာမှ တစ်ယောက်ယောက်က ဖြန့်ထားခဲ့ခြင်းပင်။
ဒါ့အပြင် အဲဒါကို အဆိပ်ကမ္ဘာက တစ်ယောက်ယောက်က ပြုလုပ်ထားသည်ဟု အတည်ပြုနိုင်မည်ဆိုလျှင်တောင် ပန်းကမ္ဘာ၏ လက်ရှိအခြေအနေအရ သူတို့အနေဖြင့် အဆိပ်ကမ္ဘာကို ကမ္ဘာစစ်တစ်ခု ဆင်နွှဲဖို့က မသင့်လျော်ပေ။
မဟုတ်ပါက သူတို့သည် မျိုးဖြတ်သုတ်သင်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။
“ဒီအဆိပ်က အဆိပ်ကမ္ဘာကနေ လာတယ်ဆိုမှတော့ မူလျန်က သွေးကမ္ဘာနဲ့ ဘယ်လိုပဋိပက္ခဖြစ်သွားတာလဲ”
ဆူဇီမိုက ထပ်မေးလိုက်သည်။
အင်မော်တယ်ဘုရင်မ ယိုလန်က ပြောလိုက်၏။
“အဲဒီအကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းနှစ်ခုပဲ ရှိတယ်… ပထမတစ်ခုက ပန်းကမ္ဘာရဲ့ လက်ရှိတည်နေရာကို စွန့်လွှတ်ပြီး ကျန်ရှိနေတဲ့ ကလန်သားတွေကို နောက်ထပ်ကမ္ဘာတစ်ခုဆီ ခေါ်ဆောင်သွားဖို့ပဲ”
ဆူဇီမိုက ခေါင်းခါလိုက်၏။
ဤနည်းလမ်းက လက်တွေ့မဆန်ပေ။
ပန်းကမ္ဘာသည် မည်သို့ပင်ဆိုစေ အဆင့်မြင့်ကမ္ဘာတစ်ခု ဖြစ်သည်။ သူတို့၏ လက်ရှိနေရာများမှာ အမြစ်တွယ်နေသော ကလန်သားပေါင်းများစွာ ရှိလေသည်။ သူတို့ကို ဘယ်လိုလုပ် အလွယ်တကူ ရွှေ့ပြောင်းလို့ရနိုင်ပါ့မလဲ။
ဒါ့အပြင် သူတို့က ထွက်ခွာမည်ဆိုလျှင်တောင် အကျပ်အတည်းကို အမှန်တကယ် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
သူတို့က ကမ္ဘာသစ်တစ်ခုကို ဖန်တီးမည်ဆိုလျှင်တောင် တမလွန်ကပ်ဘေးအဆိပ်သည် သူတို့နောက်သို့ အရိပ်တစ်ခုပမာ လိုက်ပါမလာဘူးဟု ဘယ်သူက အာမခံနိုင်ပါ့မလဲ။
“ဒုတိယနည်းလမ်းက ဘာလဲ”
ဆူဇီမိုက မေးလိုက်သည်။
အင်မော်တယ်ဘုရင်မ ယိုလန်က ပြောလိုက်၏။
“ဒုတိယနည်းလမ်းကတော့ ရှေးဟောင်းစိမ့်စမ်းရေတစ်မျိုးကို ရှာဖွေဖို့ပဲ”
“အဲဒီစိမ့်စမ်းရေက လောကမှာရှိတဲ့ အဆိပ်တွေအားလုံးကို ဖယ်ရှားရှင်းလင်းပြီး တန်ပြန်နှိမ်နင်းနိုင်တယ်လို့ ဆိုတယ်… ကျွန်မတို့တွေက အဲဒီစိမ့်စမ်းရေကို ရနိုင်မယ်ဆိုရင် ကျွန်မတို့က ပန်းကမ္ဘာရဲ့ အကျပ်အတည်းကို လုံးလုံးလျားလျား ဖြေရှင်းနိုင်လောက်တယ်”
ထိုစကားကို ကြားသောအခါ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး မေးလိုက်၏။
“အဲဒီစိမ့်စမ်းရေရဲ့ နာမည်က ဘာလဲ… သူ့ရဲ့နောက်ခံက ဘာလဲ”
“ကျွန်မ သေချာမပြောတတ်ဘူး”
အင်မော်တယ်ဘုရင်မ ယိုလန်က ပြောလိုက်၏။
“အဲဒီစိမ့်စမ်းရေက အရမ်းကို ရှေးကျပြီး အညိုရောင်အလင်း ရှိတယ်လို့ပဲ ကျွန်မသိထားတယ်… အဲဒါကို ရှေးအကျဆုံး တိုက်ပွဲနယ်မြေ အပျက်အစီးတွေမှာပဲ ရှာဖွေတွေ့ရှိနိုင်မယ်”
ဆူဇီမိုက အလေးအနက်စဉ်းစား ပြောလိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲကမ္ဘာသို့ သွားခဲ့တဲ့စဉ်က သူသည် ငရဲစိမ့်စမ်းရေကိုးခုနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို ဖတ်ရှုခဲ့ရသည်။
ငရဲစိမ့်စမ်းရေကိုးခုသည် တမလွန်မြစ်ကနေ အရင်းခံလာခဲ့သည်။ စိမ့်စမ်းရေတစ်ခုချင်းစီမှာ မတူညီသော စွမ်းအားများနှင့် ထူးဆန်းသည့် အမျိုးမျိုးသော သက်ရောက်မှုများ ရှိနေသည်။
ဥပမာအားဖြင့် ငရဲအဝါရောင်စိမ့်စမ်းသည် လူတစ်ယောက်၏ မှတ်ဉာဏ်များကို ဖယ်ရှားရှင်းလင်းပစ်နိုင်သည်။
ငရဲခါးသက်စိမ့်စမ်းသည် တစ္ဆေမျိုးနွယ်ကို ဒဏ်ရာအပြင်းအထန် ရရှိစေနိုင်သည်။
စိမ့်စမ်းရေကိုးခုအတွင်းမှာ အဆိပ်များအားလုံးကို ဖယ်ရှားရှင်းလင်းပြီး တန်ပြန်နှိမ်နင်းနိုင်သည့် စိမ့်စမ်းရေတစ်မျိုးလည်း ရှိလေသည်။
သူထင်တာ မမှားဘူးဆိုလျှင် အင်မော်တယ်ဘုရင်မ ယိုလန် ပြောနေသည့် ရှေးဟောင်းစိမ့်စမ်းရေဆိုသည်မှာ ငရဲကြည်လင်အေးမြစိမ့်စမ်း ဖြစ်ရပေမည်။
ငရဲကြည်လင်အေးမြစိမ့်စမ်း ရှိသည့်နေရာကို သူက သိရှိထားသော်လည်း သိုင်းတာအိုပင်မခန္ဓာက တံခါးပိတ်ကျင့်နေ၏။
ဒါ့အပြင် အရှေ့ဘက်အရိုင်းနယ်မြေက အန္တရာယ်ကျရောက်နေပြီး အပြာရောင်အဖွဲ့က အချိန်မရွေး တစ်ကျော့ပြန်လာနိုင်သည်။ သိုင်းတာအိုပင်မခန္ဓာကလည်း မထွက်ခွာနိုင်ပေ။
သူသည် ငရဲကမ္ဘာသို့ ဝင်ရောက်လိုသည်ဆိုလျှင် သူသည် အဝီစိသို့ ဝင်ရောက်ပြီး ရှေးဟောင်းရေတွင်းထဲသို့ ခုန်ချရပေမည်။ ထိုအခါ မည်သည့်အရာ ဖြစ်ပျက်လာမည်နှင့် သူက ဘယ်အချိန်မှ ပြန်လာနိုင်မည်ကို မသိရပေ။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲကြည်လင်အေးမြစိမ့်စမ်းအတွက် အရှေ့ဘက်အရိုင်းနယ်မြေနှင့် တျဲယွဲ့ကို စွန့်ခွာကာ ငရဲကမ္ဘာသို့ ဝင်ရောက်စရာ အကြောင်းမရှိပေ။
ဒါ့အပြင် အင်မော်တယ်ဘုရင်မ ယိုလန်၏ စကားအဓိပ္ပာယ်အရ သူမသည် ငရဲကြည်လင်အေးမြစိမ့်စမ်း ရှိနေသည့် နေရာတစ်ခုကို သိရှိထားသည့်ပုံပင်။
“ရှင်က နေ့နဲ့ည ကုန်းမြေကို ကြားဖူးလား”
အင်မော်တယ်ဘုရင်မ ယိုလန်က မေးလိုက်သည်။
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
အင်မော်တယ်ဘုရင်မ ယိုလန်က ပြောလိုက်သည်။
“အဲဒါက ရှေးဟောင်းတိုက်ပွဲနယ်မြေတစ်ခုကနေ ဖြစ်ပေါ်လာတဲ့ အပျက်အစီးနယ်မြေတစ်ခုပဲ… ဒဏ္ဍာရီအရ လောကရဲ့ ကပ်ဘေးတစ်ခုအတွင်းမှာ ကြီးမားတဲ့တိုက်ပွဲတစ်ခု ဖြစ်ပွားပြီး အဲဒီမှာ အမှောင်ကမ္ဘာနဲ့ အလင်းကမ္ဘာက ကလန်သားပေါင်းများစွာ သေဆုံးခဲ့ပြီး တဖြည်းဖြည်းနဲ့ အဲဒီထူးဆန်းတဲ့နေရာကို ဖြစ်ပေါ်လာစေတယ်လို့ ဆိုတယ်”
“အဲဒီမှာ နေ့နဲ့ညရဲ့ တိကျတဲ့ ပုံစံမရှိဘူး… အဲဒီထဲကို ဝင်ရောက်တာနဲ့ အဲဒါက နေ့အချိန် ဖြစ်ကောင်းဖြစ်နေလိမ့်မယ်… ဒါပေမဲ့ နောက်ခဏမှာပဲ အမှောင်ထုက ကျရောက်လာနိုင်တယ်”
“အဲဒီ ရှေးဟောင်းစိမ့်စမ်းရေကို နေ့နဲ့ညကုန်းမြေမှာ ရှာတွေ့နိုင်တယ်လို့ ကျွန်မကြားထားတယ်”