စစ်ဆေးစမ်းသပ်ရန် အခွင့်အရေး
Vol. 198 Ch. 2960
ထိုသို့ဆိုလျှင် ပန်းကမ္ဘာအနေဖြင့် အန္တရာယ်ကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ နေ့နှင့်ညကုန်းမြေသို့ သွားရောက်ရန်ဖြစ်သည်။
အင်မော်တယ်ဘုရင်မယိုလန်က ပြောလိုက်၏။
“နေ့နှင့်ညကုန်းမြေမှာ အဆုံးစွန်အလင်းစွမ်းအားနဲ့အဆုံးစွန်အမှောင်စွမ်းအားက အတူယှဥ်တွဲတည်ရှိနေတယ်... ခေတ်တချို့ဖြတ်ကျော်အပြီးမှာ သူတို့တွေက ထူးခြားတဲ့မဟာနယ်မြေတစ်ခုအဖြစ် စုဖွဲ့လာခဲ့တယ်... ဘုရင်တွေနဲ့ ဧကရာဇ်နယ်ပယ်ပညာရှင်တွေ ကျင့်ကြံထားတဲ့ ကောင်းကင်လိုဏ်ဂူတွေနဲ့ လောကတွေက အဲဒီမဟာနယ်မြေနဲ့ သဟဇာတမဖြစ်ဘူး”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ဤကဲ့သို့သောဖြစ်စဥ်တစ်ခုက အံ့အားသင့်စရာ မရှိပေ။
နေ့နှင့်ညကုန်းမြေ၏ တည်ရှိမှုသည် သိုင်းတာအို၏ ပိုင်နက်နယ်မြေနှင့် ဆင်တူလေသည်။ ၎င်းသည် ကောင်းကင်လိုဏ်ဂူများနှင့် လောကစွမ်းအားများနှင့် သဟဇာတဖြစ်လိမ့်မည် မဟုတ်ပေ။
အင်မော်တယ်ဘုရင်မယိုလန်က ပြောလိုက်၏။
“နေ့နှင့်ညကုန်းမြေရဲ့ အကြွင်းအကျန်စွမ်းအားက အရမ်းကြောက်ဖို့ကောင်းတယ်... ဧကရာဇ်နယ်ပယ်ပညာရှင်တွေတောင်မှ အတင်းဝင်ရောက်မယ်ဆိုရင် တန်ပြန်ရိုက်ခတ်မှုတစ်ခုနဲ့ ကြုံတွေ့ရလိမ့်မယ်... ဘုရင်နယ်ပယ်အောက်မှာရှိတဲ့ ကျင့်ကြံသူတွေပဲ သက်ရောက်မှုများစွာမရှိဘဲ အဲဒီထဲကို ဝင်ရောက်နိုင်လိမ့်မယ်”
ထိုနေရာအရောက်မှာ ဆူဇီမိုက တဖြည်းဖြည်းနားလည်သဘောပေါက်လာသည်။
ပကတိစိတ်ဝိညာဥ်များသည် ကောင်းကင်လိုဏ်ဂူများကို မစုဖွဲ့နိုင်ပေ။ ထို့ကြောင့် နေ့နှင့်ညကုန်းမြေ၏ ထူးခြားသောဝိသေသလက္ခဏာကြောင့် ပန်းကမ္ဘာသည် ငရဲကြည်လင်အေးမြစိမ့်စမ်းကို ရှာဖွေဖို့အတွက် ထိုနေရာသို့ ပကတိစိတ်ဝိညာဥ်ပညာရှင်များကိုသာ စေလွှတ်နိုင်ပြီး မူလျန်ကလည်း သူတို့ထဲမှာ ပါဝင်ပေလိမ့်မည်။
အင်မော်တယ်ဘုရင်မယိုလန်က ဆက်ပြောလိုက်သည်။
“ကျွန်မတို့က အဖွဲ့ဆယ်ဖွဲ့လွှတ်လိုက်တယ်... တစ်ဖွဲ့ချင်းစီကို လူဆယ်ယောက်နဲ့စုဖွဲ့ထားပြီး သူတို့ကို ဘုရင်တစ်ပိုင်းပညာရှင်တွေက ဦးဆောင်ထားတယ်... ကျန်တဲ့သူတွေကတော့ ပကတိစိတ်ဝိညာဥ်ပညာရှင်တွေပဲ မူလျန်ကလည်း အဲဒီထဲမှာပါတယ်”
“ဘုရင်တစ်ပိုင်းအဆင့်တွေက အထဲမှာ သက်ရောက်မခံရဘူးလား”
ဆူဇီမိုက မေးလိုက်သည်။
အင်မော်တယ်ဘုရင်မယိုလန်က ပြောလိုက်သည်။
“ဘုရင်တစ်ပိုင်းတွေအားလုံးက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို တက်လှမ်းရာမှာ ကျရှုံးသွားတဲ့ကျင့်ကြံသူတွေပဲ... သူတို့တွေက ပုံရိပ်ယောင်ကောင်းကင်လိုဏ်ဂူကိုပဲစုဖွဲ့ထားတာ အဲဒီကောင်းကင်လိုဏ်ဂူတွေရဲ့စွမ်းအားက အားနည်းတဲ့အတွက် နေ့နှင့်ညကုန်းမြေမှာ တုံ့ပြန်မှုများစွာကို ဖြစ်ပေါ်စေမှာ မဟုတ်ဘူး”
“နောက်ပိုင်းဘာဖြစ်သွားလဲ”
ဆူဇီမိုက မေးလိုက်သည်။
အင်မော်တယ်ဘုရင်မယိုလန်က ပူဆွေးဝမ်းနည်းသောအမူအရာနှင့်အတူ သက်ပြင်းချပြီး ခေါင်းခါပြလိုက်သည်။
“သေလုမျောပါးနဲ့ ပြန်ထွက်လာတဲ့မူလျန်ကလွဲရင် အဲဒီဆယ်ဖွဲ့ထဲ ဘယ်သူကမှ အသက်မရှင်ခဲ့ဘူး... သူတို့အားလုံးက နေ့နှင့်ညကုန်းမြေမှာ သေဆုံးခဲ့ရတယ်”
“သွေးကမ္ဘာက အဲဒါကို လုပ်ခဲ့တာလား”
ပေမင်ရွှယ်က မေးလိုက်သည်။
အင်မော်တယ်ဘုရင်မယိုလန်က သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
မူလျန်ရဲ့အဖွဲ့က သွေးကမ္ဘာကလူတွေနဲ့ တကယ်ပဲပက်ပင်းတိုးသွားခဲ့တယ်... တခြားအဖွဲ့ကိုးဖွဲ့ကတော့ ဘာဖြစ်ခဲ့သလဲ ဘယ်သူမှမသိဘူး”
“ရှေးဟောင်းစိမ့်စမ်းရေကို မရှာဖွေနိုင်တဲ့အပြင် ကျွန်မတို့က ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုနဲ့ကြုံတွေ့ခဲ့ရတယ်... ပန်းကမ္ဘာက နေ့နှင့်ညကုန်းမြေဆီ ကျင့်ကြံသူတွေကို ထပ်ပြီးမစေလွှတ်ရဲတော့ဘူး”
ပန်းကမ္ဘာ၏ အန္တရာယ်အကြောင်း တွေးမိချိန်မှာ အင်မော်တယ်ဘုရင်မယိုလန်က စိုးရိမ်ပူပန်သောအမူအရာနှင့်အတူ မျက်မှောင်ကြုတ်ထား၏။ ပေမင်ရွှယ်က ဆူဇီမိုကို လှည့်ကြည့်လိုက်၏။
သူမက စိတ်ပါယိမ်းယိုင်လာခဲ့သည်မှာ သိသာလေသည်။
သူမသည် သိုင်းတာအိုကို အဆင့်မြင့်ကျွမ်းကျင်မှုရရှိသည်အထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး ဗလာနယ်ဝိညာဥ်ပကတိအင်မော်တယ်များကို ကောင်းကောင်းဖိနှိမ်နိုင်နေပြီဖြစ်သည်။
သူမသည် သုခဘုံလေဟာနယ် ပကတိအင်မော်တယ်များနှင့်ပင် ဆန့်ကျင်တိုက်ခိုက်နိုင်လေသည်။ သို့သော်လည်း သူမက တစ်နှစ်ပတ်လုံး ဓားကမ္ဘာမှာ နေပြီး သူမ၏ ဂိုဏ်းသားရောင်းရင်းများနှင့်သာ လက်ရှည်စမ်းရလေသည်။ သူမသည် သူမ၏ ခွန်အားကို ထိန်ချန်ထားရပြီး သိုင်းတာအိုနှင့် ဓားတာအို၏ စွမ်းအားအပြည့်အဝကို မထုတ်ဖော်နိုင်ပေ။
သူမသည် ထိန်ချုပ်ခြင်းမရှိဘဲ တိုက်ခိုက်နိုင်မည့် သင့်လျော်သောပြိုင်ဘက်များကို ရှာဖွေချင်နေ၏။
သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုသည် သိုင်းတာအိုနှင့် ဓားတာအိုအပေါ် နားလည်ဆင်ခြင်မှုအသစ် ရရှိလာစေပေလိမ့်မည်။
ယခင် မွန်မြန်ကောင်းကင်ဘုံကမ္ဘာမှာ ပေမင်ရွှယ်၏ ကျင့်ကြံမှုက နိမ့်ကျနေခဲ့ပြီး သူမသည် အန္တိမပကတိစိတ်ဝိညာဥ်များနှင့် တိုက်ခိုက်ဖို့ အခွင့်အရေးမရခဲ့ပေ။
နောက်ပိုင်းမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတွင် ကြီးမားသောအပြောင်းအလဲတစ်ခုဖြစ်ပွားခဲ့သည်။ ထိုနေရာကို ပိတ်ချခဲ့ပြီးနောက် နှစ်ရှစ်ရာကြာပြီးတာတောင် ပြန်မဖွင့်ရသေးပေ။
ဤနေ့နှင့်ညကုန်းမြေသည် ပေမင်ရွှယ်အတွက် သူမ၏ အရည်အချင်းကို စမ်းသပ်စစ်ဆေးဖို့ ကောင်းမွန်သည့်အခွင့်အရေးတစ်ခု တကယ်ပင်ဖြစ်သည်။
တကယ်တော့ ဆူဇီမိုသည်လည်း နေ့နှင့်ညကုန်းမြေသို့ တစ်ချက်သွားရောက်ကြည့်ရှုလိုစိတ်ရှိလေသည်။
အင်မော်တယ်ဘုရင်မယိုလန်နှင့် မူလျန်သည် မည်သို့ပင်ဆိုစေ အရင်က သူ့ကို ကူညီပေးခဲ့ဖူးပြီး သူကလည်း ပြန်လည်ကူညီပေးသင့်သည်။
ဒါ့အပြင် ပန်းကမ္ဘာကို ဤကပ်ဘေးကနေ ရှင်သန်နိုင်အောင် ကူညီပေးမည်ဆိုလျှင် သူသည် ကောင်းမွန်သောကမ္မတချို့ကို တည်ဆောက်ထားမိပေလိမ့်မည်။ သူ သို့မဟုတ် ဓားကမ္ဘာက အနာဂတ်မှာ အန္တရာယ်တချို့နှင့် ကြုံတွေ့ရမည်ဆိုလျှင် ပန်းကမ္ဘာက ဒီတိုင်းကြည့်နေလိမ့်မည်မဟုတ်ဟု သူယုံလေသည်။
ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောပြီး ပြောလိုက်၏။
“နေ့နှင့်ညကုန်းမြေက ဘယ်နေရာမှာရှိတာလဲ... ပေမင်နဲ့ကျုပ် တစ်ချက်သွားကြည့်လိုက်မယ်”
“မသွားပါနဲ့”
မူလျန်က ဖြည်းဖြည်းချင်းနိုးထလာပြီး ထိုစကားကိုကြားသောအခါ အလောတကြီးထထိုင်ပြီး သူ့ကိုတားဆီးလိုက်သည်။
အင်မော်တယ်ဘုရင်မယိုလန်က ထိုစကားကိုကြားသောအခါ သူမ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။
သူမက ခေါင်းခါပြီး ပြောလိုက်၏။
“တာအိုရောင်းရင်းဆူ... ရှင်က မူလျန်ကို အခုပဲကယ်ပေးထားခဲ့တယ်... ရှင်ကတတ်နိုင်တာကို လုပ်ပေးခဲ့ပြီးပြီ... ရှင် ကျွန်မတို့အတွက် အသက်အန္တရာယ်ကို စွန့်စားစရာမလိုပါဘူး”
“ဒီတစ်ခေါက် ကျွန်မရောက်လာခဲ့တာက မူလျန်ကိုကုသဖို့ ရှင့်ဆီက အကူအညီတောင်းခံချင်လို့ပဲ... တာအိုရောင်းရင်းဆူ ကျွန်မမှာ တခြားဘာရည်ရွယ်ချက်မှ မရှိဘူး”
“ကျုပ်အသက်နဲ့ စွန့်စားရလောက်တဲ့အထိ ဘယ်ဟုတ်ပါ့မလဲ”
ရုတ်တရက် ဆူဇီမိုကလက်ကာပြပြီး သာမန်ကာလျှံကာပြောလိုက်၏။
“အဲဒါက ကိစ္စကြီးမဟုတ်ဘူး... အဓိကအကြောင်းအရင်းက ပေမင်ကို စမ်းသပ်လေ့ကျင့်ဖို့အတွက် အခွင့်အရေးတစ်ခုပေးချင်လို့ပဲ”
ဗလာနယ်ဝိညာဥ်နယ်ပယ်မှာတုန်းက သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အန္တိမပကတိစိတ်ဝိညာဥ်နှစ်ဆယ်ကျော်ကို သတ်ဖြတ်ပြီး ကျင့်ကြံမှုနယ်ပယ်တူမှာ စွမ်းအားကြီးမားသောရန်သူများအားလုံးကို ဖိနှိမ်ထားခဲ့သည်။
ယခုသူသည် သုခဘုံလေဟာနယ်နယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီး ကောင်းကင်လိုဏ်ဂူနယ်ပယ်အောက်မှာ ဘယ်သူက သူ့ကို ထိခိုက်အောင်လုပ်နိုင်မှာလဲ။
ယခုအချိန်မှာ ဆူဇီမိုသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်အောက်တွင် နံပါတ်တစ်ဖြစ်သည်ဟုဆိုလျှင် လွန်ရာကျမည် မဟုတ်ပေ။
နေ့နှင့်ညကုန်းမြေ၏ ထူးခြားသောကန့်သတ်မှုများကြောင့် ဘုရင်များနှင့် ဧကရာဇ်ပညာရှင်များက မဝင်ရောက်နိုင်ဘဲ သူက အထဲမှာလုပ်ချင်ရာလုပ်နိုင်လေသည်။
“တာအိုရောင်းရင်းဆူ... ဂရုစိုက်ပါ”
အင်မော်တယ်ဘုရင်မယိုလန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ရှင့်ရဲ့တိုက်ခိုက်ရည်ခွန်အားက ပကတိဧကနယ်ပယ်မှာ ပြိုင်ဘက်ကင်းနေပြီလို့ဆိုနိုင်တယ်... ဒါပေမဲ့ ဘာပဲပြောပြော နေ့နှင့်ညကုန်းမြေမှာ ဘုရင်တစ်ပိုင်းပညာရှင်တွေလည်းရှိနေတယ်... သူတို့ကိုကိုင်တွယ်ဖို့က ဒုက္ခများနေဦးမှာပဲ”
မူလျန်က ထပ်ပြောလိုက်သည်။
“တောင်ထွတ်သခင်ဆူ... ရှင်ကနေ့နှင့်ညကုန်းမြေကိုမရောက်ဖူးတဲ့အတွက် အဲဒီနေရာက ဘယ်လောက်ရှုပ်ထွေးပြီး အန္တရာယ်များလည်းဆိုတာ သိမှာမဟုတ်ဘူး”
“နေ့နှင့်ညကုန်းမြေမှာ ကျွန်မတို့ရင်ဆိုင်ကြုံတွေ့ရမှာက တခြားကမ္ဘာက ပညာရှင်တွေပဲမဟုတ်ဘူး... အဲဒါက အစကတည်းက တိုက်ပွဲနယ်မြေအပျက်အစီးတစ်ခုပဲ... အဲဒီမှာ သတ်ဖြတ်လိုစိတ်က ပြည့်နှက်နေတယ်... ခြေလှမ်းတိုင်းက ချောက်ချားစရာကောင်းတယ်”
“အလင်းနဲ့အမှောင်ရဲ့စွမ်းအားက တိုက်ပွဲနယ်မြေမှာရှိတဲ့ သတ်ဖြတ်လိုစိတ်တွေ မကျေမချမ်းမှုတွေနဲ့ပေါင်းစည်းပြီး ထူးခြားတဲ့သက်ရှိတွေကို ဖြစ်ပေါ်လာစေတယ်... သူတို့တွေက နေရာတိုင်းမှာ လှည့်ပတ်သွားလာပြီး ပြင်ပသက်ရှိတွေဝင်ရောက်လာတာကိုတွေ့တိုင်း တိုက်ခိုက်ကြလိမ့်မယ်”
ဤကဲ့သို့သောသက်ရှိများသည် အထူးသဖြင့် ပရလောကစစ်သားများဖြစ်တတ်ကြလေသည်။
သို့သော်လည်း သူတို့သည် အလင်းနှင့်အမှောင်၏ စွမ်းအားနှင့် ပေါင်းစည်းပြီး ထူးခြားသောသက်ရှိများ ဖြစ်ပေါ်လာခဲ့သည်။
ဥပမာအားဖြင့် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာတုန်းက ဆူဇီမိုဝင်ရောက်ခဲ့ဖူးသော အဆူရာတိုက်ပွဲမြေမှာ ဆိုးယုတ်သွေးအမျိုးအစားတစ်ခုရှိခဲ့လေသည်။ ၎င်းသည် သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော ယက္ခများကို ထိန်းချုပ်နိုင်လေသည်။
“အဲဒီမှာရှိတဲ့ ပရလောကစစ်သားတွေက အရမ်းကို စွမ်းအားကြီးမားတယ်... သူတို့ရဲ့တိုက်ခိုက်ရည်ခွန်အားက အထွတ်အထိပ်ပကတိအင်မော်တယ်တွေထက် မနိမ့်ကျဘူး... သူတို့တွေက အတောမသတ်နိုငိအောင်ရှိနေတဲ့အတွက် သူတို့ကိုသတ်ဖြတ်လို့မနိုင်ဘူး... သူတို့နဲ့ကြုံတွေ့တဲ့အခါ တစ်ခုတည်းသောရွေးချယ်စရာက ထွက်ပြေးတိမ်းရှောင်ဖို့ပဲ”
မူလျန်က ဆက်ပြောလိုက်သည်။
“နောက်ပြီး နေ့နှင့်ညကုန်းမြေရဲ့ ပတ်ဝန်းကျင်အနေအထားက အရမ်းကိုကြမ်းတမ်းတယ်... အဲဒီမှာသဘာဝကပ်ဘေး နေ့နှင့်ညမုန်တိုင်းနဲ့ ကြုံတွေ့ရဖို့ဖြစ်နိုင်ခြေရှိတယ်... အလင်းနဲ့အမှောင်ရဲ့စွမ်းအားတွေက ရောထွေးယှက်ဖြာသွားတဲ့အခါ အသက်အားလုံးကို ဖျက်ဆီးသတ်ဖြတ်နိုင်တဲ့ မုန်တိုင်းတစ်ခုဖြစ်လာလိမ့်မယ်... ဘုရင်တစ်ပါးရဲ့ကိုယ်ကာယကတောင် အဲဒါကိုခံနိုင်ရည်ရှိမှာမဟုတ်ဘူး”
အင်မော်တယ်ဘုရင်မယိုလန်နှင့် မူလျန်သည် ပန်းကမ္ဘာက အန္တရာယ်ကျရောက်နေသော်လည်း ဆူဇီမိုကို ထိုနေရာသို့ မသွားရောက်စေလိုပေ။ ထိုအစား သူတို့သည် ဆူဇီမို၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်ပူပန်နေပြီး သူ့ကိုတားဆီးဖို့ အတတ်နိုင်ဆုံးကြိုးစားနေကြသည်။
ဆူဇီမိုက ညင်သာစွာပြုံးပြလိုက်၏။
“ခင်ဗျားတို့နှစ်ယောက် မပူပါနဲ့... ကျုပ်သတိထားနေရင် ဘာမှဖြစ်မှာမဟုတ်ဘူး”
ဆူဇီမိုသည် အန္တရာယ်တစ်ခုခုကို မကိုင်တွယ်နိုင်ဘူးဆိုလျှင်တောင် သူ၏ နည်းလမ်းများအရ သူက မထိမခိုက်လွတ်မြောက်နိုင်လေသည်။
အင်မော်တယ်ဘုရင်မယိုလန်နှင့် မူလျန်သည် ဆူဇီမိုက ထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ထားသည်ကို တွေ့မြင်သောအခါ သူတို့က ထပ်မံ၍ မဖျောင်းဖျတော့ပေ။
မူလျန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူမ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်ကာ ပြောလိုက်၏။
“တောင်ထွတ်သခင်ဆူ... ရှင်တို့နဲ့ ကျွန်မလိုက်ခဲ့မယ်”
သူမသည် နေ့နှင့်ညကုန်းမြေမှာ မကြာသေးခင်ကမှ ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သူမ၏အသက်ကိုဆုံးရှုံးရလုမတတ်ဖြစ်ခဲ့သည်။ သူမသည် ထိုစကားကိုပြောဖို့အတွက် သတ္တိများစွာကိုစုစည်းရပေမည်။
ဆူဇီမိုက စကားပြောတော့မည့်ဆဲဆဲမှာပင် မူလျန်က ထပ်ပြောလိုက်သည်။
“တောင်ထွတ်သခင်ဆူ... ရှင်ကျွန်မကို ဖျောင်းဖျစရာမလိုပါဘူး... ဘာပဲပြောပြောရှင်က ပန်းကမ္ဘာအတွက် ရှင့်အသက်နဲ့ရင်းပြီး အန္တရာယ်ကိုစွန့်စားတော့မှာပဲ... ပန်းကမ္ဘာက လူတစ်ယောက်အနေနဲ့ ကျွန်မက ဒီတိုင်းဘယ်ကြည့်နေနိုင်ပါ့မလဲ”
“နောက်ပြီး ကျွန်မက စိမ့်စမ်းရေရဲ့ ခန့်မှန်းခြေတည်နေရာကို သိထားတယ်... ကျွန်မပါလာရင် ကျွန်မတို့က အန္တရာယ်တချို့ကို ရှောင်လွှဲနိုင်လိမ့်မယ်”
ဆူဇီမိုက ခဏမျှစဥ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
သူသည် နောက်ထပ်လူတစ်ယောက်ကို ဂရုစိုက်ဖို့အတွက် စိတ်အာရုံအနည်းငယ်ပိုစိုက်ရရုံသာဖြစ်သည်။ အဲဒါက သူ့အတွက် ကိစ္စကြီးတစ်ခု မဟုတ်ပေ။
အင်မော်တယ်ဘုရင်မယိုလန်က ခဏမျှနှုတ်ဆိတ်နေပြီးနောက် သူမ၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။
“တာအိုရောင်းရင်းဆူ... ဒါဆိုကျွန်မအခုပဲ ပန်းကမ္ဘာကိုပြန်ပြီး ရှင်တို့ကိုအဖော်ပြုပေးဖို့အတွက် အထွတ်အထိပ်ပကတိစိတ်ဝိညာဥ်တွေနဲ့ ဘုရင်တစ်ပိုင်းတချို့ကိုသွားပြီး စုစည်းလိုက်မယ်”
“မလုပ်နဲ့တော့”
ဆူဇီမိုက ထိုစကားကို ကြားသောအခါ အလောတကြီးငြင်းပယ်လိုက်၏။
သူ၏ အစွမ်းအစအရ သူသည် ပေမင်ရွှယ်နှင့် မူလျန်ကို ကောင်းကောင်းဂရုစိုက်ပေးနိုင်လေသည်။ သို့သော်လည်း သူသည် လူများစွာကို တစ်ချိန်တည်းမှာကာကွယ်ပေးနိုင်မည် မဟုတ်ပေ။