← Chapters

အမှောင်ထုထဲသို့ ပျော်ဝင်ပေါင်းစည်းခြင်း

Vol. 198 Ch. 2961

အမှောင်ထုထဲသို့ ပျော်ဝင်ပေါင်းစည်းခြင်း

Vol. 198 Ch. 2961

သူသည် နေ့နှင့် ညကုန်းမြေသို့ သွားဖို့ဆုံးဖြတ်ခဲ့ပြီဆိုမှတော့ ဆူဇီမိုက အချိန်ဆွဲမနေဘဲ စီစဥ်စရာတချို့စီစဥ်ကာ ပေမင်ရွှယ်၊ အင်မော်တယ်ဘုရင်မယိုလန်နှင့် မူလျန်နှင့်အတူ ဓားကမ္ဘာကနေ ထွက်ခွာသွားလေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်က မသေဆုံးသေးသော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုနှင့်အတူ သူက ဆက်လက်၍ ပေါ်ထွက်လာရဲတော့မည် မဟုတ်ပေ။

သူသည် သိုင်းတာအိုပင်မခန္ဓာနှင့်ပတ်သက်သည့် အရာရာတိုင်းကို မတွက်ချက်နိုင်ပေ။

တက္ကသိုလ်ဂိုဏ်းချုပ်၏ သတိထားတတ်မှုအရ သူသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို သေချာပေါက်တစ်ခုခုပြုလုပ်ရဲတော့မည် မဟုတ်ပေ။

ကောင်းကင်ဘုံမျက်လုံးကမ္ဘာနှင့် ကျောက်တုံးကမ္ဘာကဲ့သို့ ထိပ်တန်းကမ္ဘာကြီးများမှ ပညာရှင်များကတော့ သူတို့သည် ပကတိအင်မော်တယ်တစ်ဦးဖြစ်သောဆူဇီမိုကို မျက်စိဒေါက်ထောက်ကြည့်နေနိုင်မည် မဟုတ်ပေ။

မဟာဧကရာဇ်များပင်လျှင် အလုံးစုံသိမြင်သော အနန္တတန်ခိုးရှင်များ မဟုတ်ကြပေ။

နေ့နှင့်ညကုန်းမြေသည် ဓားကမ္ဘာကနေ အလှမ်းကွာဝေးသည်။ အင်မော်တယ်ဘုရင်မယိုလန်က အင်မော်တယ်ယာဥ်ပျံတစ်စင်းကို ထိန်းချုပ်ပြီး အရှိန်အဟုန်ဖြင့် အာကာသဥမင်ထဲမှာ ဖြတ်သန်းသွားလာခဲ့သည်ဆိုလျှင်တောင် အချိန်တစ်လယူခဲ့ရသည်။

တစ်လကြာပြီးနောက် ဆူဇီမိုနှင့်အခြားသုံးယောက်သည် နေ့နှင့်ညကုန်းမြေ၏ အနီးနားသို့ ရောက်ရှိလာကြသည်။ ရှေ့တည့်တည့်မှာ ရှေးဟောင်းတိုက်ပွဲမြေတစ်ခု ပေါ်ထွက်လာသည်ကို အဝေးကနေတွေ့မြင်နေရသည်။

ကျိုးပဲ့နေသော ပုဆိန်သွားလှံရှည်များနှင့် ဓားများက နေရာတိုင်းမှာပြန့်ကျဲနေပြီး နှစ်ပေါင်းများစွာကြာပြီးနောက် ယိုယွင်းပျက်စီးနေသောအလံများကို လွှင့်ထူထားဆဲဖြစ်သည်။ တိုက်ပွဲနယ်မြေက မဆုံးနိုင်အောင်ဖြစ်ပြီး အလောင်းများဖြင့်ပြည့်နှက်နေ၏။ အရင်တုန်းက တိုက်ပွဲ၏ မြင်ကွင်းကို ခပ်ရေးရေးပုံဖော်ကြည့်နိုင်သည်။

တိုက်ပွဲမြေသည် လူတစ်ယောက်၏ သွေးကို ဆူပွက်စေနိုင်သည့် တိုက်ပွဲဝင်စိတ်ဝိညာဥ်နှင့် ရောထွေးနေသော မကျေမချမ်းမှုများနှင့် သန်မာသောသတ်ဖြတ်လိုစိတ်နှင့်အတူ ပြည့်နှက်နေ၏။

သူက နေ့နှင့်ညကုန်းမြေသို့ ချဥ်းကပ်လာသည့်ခဏမှာပင် ဆူဇီမိုသည် မြင်းဟီသံများ၊ မြင်းခွာသံများ၊ သတ္တုချင်းထိခတ်သံများနှင့် ဆူညံနေသော တိုက်ပွဲသံများကို ကြားနေရလေသည်။

ထိုအသံများသည် ရှည်လျားသောအချိန်မြစ်ကို ဖြတ်ကျော်ကာ ရှေးဟောင်းခေတ်ကနေ ရောက်ရှိလာပုံရပြီး အတန်ကြာသည့်အထိ ပျက်ပြယ်မသွားပေ။

ပေမင်ရွှယ်က ထိုအသံများကို ကြားသောအခါ သူမ၏ မြင်ကွင်းက လွင့်မျောသွားလေသည်။ သူမသည် လှံများနှင့် သူတို့၏ ခါးထက်ရှိ ကြီးမားသောဓားများနှင့်အတူ သူမရှိရာသို့ ဒုန်းစိုင်းပြေးဝင်လာသည့် မဟူရာချပ်ဝတ်တန်ဆာဝတ် မြင်းစီးစစ်သည်တစ်အုပ်စုကို တွေ့မြင်နေပုံရသည်။

ဇီ...

ပေမင်ရွှယ်က သန်မာသောအန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရပြီး ခေါင်းနားပန်းကြီးလာခဲ့သည်။ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူမက ကျောထက်မှဓားကိုဆွဲထုတ်ပြီး ဓားတေးသံက ထွက်ပေါ်လာ၏။

ရုတ်တရက်ဆိုသလို။

ကျယ်ပြန့်သောလက်တစ်ဖက်က သူမ၏ လက်ပေါ်ဆင်းသက်ရောက်ရှိလာပြီး သူမ၏ ဓားကို ဓားအိမ်ထဲသို့ အတင်းအကျပ်ပြန်ထည့်လိုက်၏။

ဓားတေးသံက ထွက်ပေါ်လာသည့်ခဏမှာပင် ရပ်တန့်သွားသည်။

“အာရုံစူးစိုက်ပြီး မင်းရဲ့တာအိုနှလုံးသားကို ကာကွယ်ထား”

ဆူဇီမို၏ အသံက ပေမင်ရွှယ်၏ နားထဲသို့ ဝင်ရောက်လာ၏။

ပေမင်ရွှယ်က ရင်တစ်ချက်ထိတ်သွားပြီး ငေးငိုင်ရာကနေ ချက်ချင်းပင်နိုးထလာခဲ့သည်။

သူမက အာရုံစူးစိုက်လိုက်ပြီး သူမရှေ့မှာ မည်သည့်မြင်းစီးစစ်သည်မှ မရှိသည်ကို တွေ့မြင်လိုက်ရ၏။ စောစောကဖြစ်ပျက်ခဲ့သည့်အရာက ထင်ယောင်ထင်မှားတစ်ခုမျှသာဖြစ်သည်။

နေ့နှင့်ညကုန်းမြေမှာ တိုက်ပွဲသံများက သူမ၏ စိတ်ကိုပင် သက်ရောက်စေနိုင်သည်။ ပေမင်ရွှယ်က ချွေးပြန်လာခဲ့၏။

သူမသည် နေ့နှင့်ညကုန်းမြေသို့ မဝင်ရောက်ခင်မှာပင် ထောင်ချောက်တစ်ခုထဲမှာ ကျဆင်းခဲ့ရသည်။

သူမဆရာ၏ ကာကွယ်ပေးမှုကြောင့် မဟုတ်လျှင် သူမသည် သူမ၏ တာအိုနှလုံးသားကို ဆုံးရှုံးပြီး အန္တရာယ်မှာ ကျဆင်းသွားနိုင်သည်။

ဓားကမ္ဘာမှာ တစ်နှစ်ပတ်လုံးနေရခြင်းက အရမ်းကိုသက်တောင့်သက်သာရှိလွန်းသည်။ ထို့ကြောင့်ပင် ဆူဇီမိုသည် ပေမင်ရွှယ်ကို လေ့ကျင့်ပေးဖို့အတွက် အပြင်ဘက်သို့ ခေါ်ထုတ်လိုခဲ့ခြင်းဖြစ်သည်။

“အခုက နေ့အချိန်ပဲ... ဘေးပတ်ဝန်းကျင်နဲ့ အထဲမှာရှိတဲ့မြေပြင်အနေအထားကို အတော်လေးရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်တယ်... စိမ့်စမ်းရေကို တတ်နိုင်သမျှမြန်မြန်ရှာရမယ်”

အင်မော်တယ်ဘုရင်မယိုလန်က ပြောလိုက်သည်။

“ညက ရောက်လာပြီး ရှင်တို့ရဲ့အမြင်အာရုံနဲ့ စိတ်ဝိညာဥ်အသိစိတ်က ဟန့်တားနှောက်ယှက်ခံရမယ်ဆိုရင် စိမ့်စမ်းရေကိုရှာဖွေဖို့က ပိုပြီးတော့ အများကြီးခက်ခဲလာလိမ့်မယ်”

မူလျန်ကလည်း ခေါင်းညိတ်ပြလိုက်၏။

“နေ့အချိန်ရဲ့ အခြေအနေနဲ့ဆိုရင် ကျွန်မတို့တွေက အန္တရာယ်တွေကို ချက်ချင်းအာရုံခံနိုင်တယ်... ညဘက်ကိုရောက်တာနဲ့ အမြင်အာရုံက ကျဆင်းသွားလိမ့်မယ်... ကျွန်မတို့ ပိုပြီးသတိထားရလိမ့်မယ်”

ဆူဇီမို၊ ပေမင်ရွှယ်နှင့် မူလျန်က ချက်ချင်းပင် လှုပ်ရှားပြီး ​နေ့နှင့်ညကုန်းမြေသို့ ဝင်ရောက်လိုက်ကြ၏။

သိပ်မကြာခင် သူတို့က အင်မော်တယ်ဘုရင်မယိုလန်၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားကြသည်။

နေ့နှင့်ညကုန်းမြေသည် အမည်အားဖြင့် တိုက်ပွဲမြေတစ်ခုဖြစ်သော်လည်း တကယ်တမ်းမှာတော့ ဤတိုက်ပွဲမြေ၏ အကျယ်အဝန်းသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေနှင့် သိပ်မကွာပေ။

အဲဒီမှာ ခံညားထည်ဝါသော တောင်တန်းများ၊ မြစ်များနှင့် ရေများနှင့် ပင်လယ်များအပြင် ညှိုးခြောက်နေသော ရှေးဟောင်းသစ်ပင်များနှင့် ခြုံပုတ်များလည်းရှိနေ၏။

ဤကဲ့သို့ကြီးမားသောတိုက်ပွဲမြေတစ်ခုမှာ ကြေမွနေသောလက်နက်များ၊ ပြန့်ကျဲနေသောအရိုးများကို ခြေလှမ်းတိုင်းမှာ တွေ့မြင်နေရသည်။

အရင်တုန်းက တိုက်ပွဲက ဘယ်လောက်တောင်ချောက်ချားစရာကောင်းခဲ့သလဲ သိသာစေ၏။

မူလျန်က သူမ၏ မှတ်ဉာဏ်များအတိုင်း အရပ်တစ်ဘက်သို့ ဦးတည်လိုက်၏။

အဲဒါက နေ့အချိန်ဖြစ်နေပြီး သူတို့သုံးယောက်က လမ်းတစ်လျှောက်မှာ မည်သည့်အန္တရာယ်နှင့်မှ မကြုံတွေ့ရပေ။

ဤအချိန်အတောအတွင်း သူတို့သည် အခြားသောကမ္ဘာများမှ သက်ရှိများနှင့် ကြုံတွေ့ခဲ့ရသည်။ နှစ်ဦးနှစ်ဘက်စလုံးက မည်သည့်ပဋိပက္ခမှမရှိဘဲ တစ်ယောက်ကိုတစ်ယောက် စိုးရိမ်ပူပန်စွာဖြင့် ရှောင်ကွင်းသွားကြလေသည်။

ရှေးဟောင်းခေတ်က တိုက်ပွဲမြေတစ်ခုအနေဖြင့် နေ့နှင့်ညကုန်းမြေမှာ မြှုပ်နှံထားသောရတနာများစွာရှိလေသည်။

သမိုင်းတစ်လျှောက်မှာ အခွင့်အလမ်းများကိုရှာဖွေရန် နေ့နှင့်ညကုန်းမြေသို့ အန္တရာယ်ကိုစွန့်စားကာ ဝင်ရောက်လာသော ကျင့်ကြံသူများစွာရှိခဲ့သည်။

နေ့ဝက်ကြာအပြီးမှာ အခြေအနေက ပြောင်းလဲသွားသည်။

ဆိုင်းမဆင့်ဗုံမဆင့် ညက ဆင်းသက်လာပြီး နေ့နှင့်ညကုန်းမြေတစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။

အလွန်တရာဖိနှိမ်ချုပ်ချယ်နိုင်သော အော်ရာတစ်ခုက သူတို့၏ ရင်ထဲသို့ တလိပ်လိပ်တိုးဝင်ခဲ့သည်။

ပေမင်ရွှယ်နှင့် မူလျန်ကို မပြောနှင့် ဆူဇီမိုပင်လျှင် မျက်မှောင်ကြုတ်လိုက်ရ၏။

ဘေးပတ်ဝန်းကျင်က မှောင်မည်းနေပြီး အေးစက်မှောင်မိုက်စွမ်းအားတစ်ခုဖြင့် ပြည့်နှက်နေ၏။

သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်သည့်အခါ ၎င်းသည် ထိုစွမ်းအားဖြင့် ချေဖျက်ခြင်းခံရပြီး ဘာမှမကျန်တော့ပေ။

အဆင့်-၁၂ ဖန်တီးကြီးကြာပဒုမ္မာ၏ အမြင်အာရုံနှင့်ပင် သူထောက်လှမ်းနိုင်သည့် အဝေးဆုံးအတိုင်းအတာက ပေတစ်ထောင်ထက် မပိုပေ။

သူပင်လျှင် ထိုသို့ဆိုပါက ပေမင်ရွှယ်နှင့် မူလျန်က ပို၍ပင်ဆိုးလေသည်။

အလွန်ဆုံး သူတို့နှစ်ယောက်သည် ပေတစ်ရာဝန်းကျင်ကိုသာ တွေ့မြင်နိုင်ကြသည်။

ထိုစဥ်မှာပင် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားသည်။

သူက သူ၏ အမြုတေစိတ်ဝိညာဥ်ကို ဖြည်းဖြည်းချင်းလှည့်ပတ်ပြီး လျှို့ဝှက်အတတ်တစ်ခုကို အသက်သွင်းလိုက်၏။ သူ၏ ဘယ်ဘက်မျက်လုံးက ပိန်းပိတ်အောင်နက်မှောင်လာပြီး သူ၏ ညာဘက်မျက်လုံးက ပကတိဖြူဖွေးလာခဲ့သည်။

စက္ခုနည်းစနစ်နှစ်ခု မီးပဒေသာနှင့် တမလွန်မီးရောင်က တစ်ချိန်တည်းမှာ ထွက်ပေါ်လာခဲ့သည်။

သူ၏ ညာဘက်မျက်လုံးထဲရှိ မီးပဒေသာကျောက်တုံးသည် အမှောင်ထုထဲမှာ တုံ့ပြန်မှုများစွာမရှိပေ။ သို့သော်လည်း တမလွန်မီးရောင်ကျောက်တုံးက စတင်၍ဖြည်းဖြည်းချင်းလည်ပတ်ပြီး အမှောင်ထုထဲမှာရှိသော အေးစက်မှောင်မိုက်စွမ်းအားကို စုပ်ယူနေ၏။

တမလွန်မီးရောင်ကျောက်တုံးသည် အဆုံးမဲ့တွင်းနက်တစ်ခုနှင့်တူပြီး မည်သည့်တုံ့ပြန်မှုမှမရှိဘဲ ဘေးပတ်ဝန်းကျင်မှာရှိသောအမှောင်ထုကို အဆက်မပြတ်ဝါးမျိုနေ၏။ သူသည် တက္ကသိုလ်ဂိုဏ်းချုပ်နှင့် တိုက်ခိုက်ခဲ့စဥ်က သူသည် ဤအချက်ကို နားလည်သဘောပေါက်ခဲ့သည်။

မီးပဒေသာနှင့် တမလွန်မီးရောင်ကျောက်တုံးများသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ ဧကရာဇ်အဆင့် တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများကိုပင် မည်သည့်ဝဲဂယက်မှ မထုတ်လွှတ်စေဘဲ ဝါးမျိုနိုင်ခဲ့သည်။

ဆူဇီမိုက ထိုဖြစ်စဥ်ကို ဟန့်တားနှောက်ယှက်ခြင်း မရှိပေ။ သူသည် သူ၏ ကျင့်ကြံမှုနယ်ပယ်အရ တမလွန်​မီးရောင်ကျောက်တုံး၏ စွမ်းအားကို အသက်မသွင်းနိုင်သော်လည်း တမလွန်မီးရောင်ကျောက်တုံးအနေဖြင့် ဘေးပတ်ဝန်းကျင်မှာရှိသောအမှောင်စွမ်းအားကို ဆက်လက်စုပ်ယူနေသည်မှာ ဆိုးသောအရာတစ်ခု မဟုတ်နိုင်ပေ။

တမလွန်မီးရောင်ကျောက်တုံးသည် အမှောင်ထုကို ဝါးမျိုနေစဥ် ဆူဇီမိုက အဆုံးမဲ့အမှောင်ထုဖြင့် လွှမ်းခြုံခံလိုက်ရ၏။ ဆူဇီမိုက ပေမင်ရွှယ်နှင့် မူလျန်ဘေးမှာရှိနေသော်လည်း မည်သူကမှ သူ့ကို မတွေ့မြင်နိုင်တော့ပေ။

သူသည် ဘေးပတ်ဝန်းကျင်အမှောင်ထုနှင့် ပေါင်းစည်းသွားပြီဖြစ်သောကြောင့်ပင်။

“မကောင်းတော့ဘူး... တောင်ထွတ်သခင်ဆူ မရှိတော့ဘူး”

လမ်းလျှောက်လာစဥ် မူလျန်က တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားမိသွားသည်။

သူမက လှည့်ပတ်ကြည့်ရှုပြီးနောက် ဆူဇီမို၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့မြင်ရသည့်အခါ တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။

ဤတစ်ခေါက်မှာ သူမက အမှန်တကယ်တုန်လှုပ်သွားခြင်းဖြစ်၏။

သူမသည် ဆူဇီမိုပျောက်ကွယ်သွားသည်ကို လုံးဝသတိမထားမိခဲ့ပေ။

“ဆရာ”

ပေမင်ရွှယ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ဘာ့ကြောင့်ရယ်မသိ သူမဆရာသည် အနီးနားမှာရှိနေသေးသည်ကို သူမက ခံစားနေရသည်။ သို့သော်လည်း သူမသည် အမှောင်ထုကလွဲလျှင် မည်သည့်အရာကိုမှ တကယ်ပင် မတွေ့မြင်ရပေ။

သူမက အော်ခေါ်ကြည့်သော်လည်း မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။

သူမဆရာသည် ရုတ်တရက် လေထဲမှာပျောက်ကွယ်သွားသည့်အလားပင်။

“ဘာတွေဖြစ်ကုန်တာလဲ”

မူလျန်၏ မျက်လုံးထဲမှာ ထိတ်လန့်တကြားအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။

သူမသည် သူမ၏ သတ္တိကိုစုစည်းပြီး နေ့နှင့်ညကုန်းမြေသို့ နောက်တစ်ဖန်ဝင်ရောက်လာခဲ့သည်မှာ အဓိကအားဖြင့် ဆူဇီမိုက လိုက်ပါလာသောကြောင့်ဖြစ်သည်။

ယခု ဆူဇီမိုက ထူးဆန်းစွာပျောက်ကွယ်သွားပြီး သူ၏ ကံကြမ္မာကို မသိရပေ။ သူမက သူမ၏ ယုံကြည်မှုကို ချက်ချင်းပင်ဆုံးရှုံးသွားပြီး နေ့နှင့်ညကုန်းမြေအပေါ် သူမ၏ အကြောက်တရားက သူမ၏ ရင်ထဲသို့ နောက်တစ်ဖန်တိုးဝင်လာခဲ့သည်။

ပေမင်ရွှယ်ကလည်း အဲဒါကို တိတိပပရှင်းမပြတတ်ပေ။

ယေဘုယျအားဖြင့်ပြောရလျှင် သူမဆရာက အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ဆိုလျှင်တောင် အနည်းဆုံးတော့ အသံတစ်ချက်ထွက်လာမည်ဖြစ်ပြီး တိတ်တဆိတ်ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။

“ဆရာက အန္တရာယ်မရှိလောက်ပါဘူး”

ပေမင်ရွှယ်က သိပ်မကြာခင် သူမ၏ စိတ်ကို တည်ငြိမ်စေပြီး သူမ၏ ကျောထက်မှဓားကို ဖြည်းဖြည်းချင်းဆွဲထုတ်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ရှေ့ကိုဆက်သွားကြတာပေါ့... သတိထားဦး”

ဆူဇီမိုသည် တမင်သက်သက်ပေါ်ထွက်မလာခြင်းမှာ သူသည် ပေမင်ရွှယ်၏ တုံ့ပြန်မှုကို တွေ့မြင်လိုသောကြောင့်ဖြစ်သည်။ သူသည် အမှောင်ထုထဲမှာပုန်းကွယ်နေပြီး သူတို့နှစ်ယောင်နှင့် မလှမ်းမကမ်းမှာလိုက်ပါလာကာ သူတို့၏ ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်နေ၏။

တမလွန်မီးရောင်ကျောက်တုံး၏ တည်ရှိမှုကြောင့် ဘေးပတ်ဝန်းကျင်အမှောင်ထုက သူ့ဘယ်ဘက်မျက်လုံး၏ အမြင်အာရုံကို ဆက်လက်၍ ပိတ်ဆို့မထားနိုင်တော့ပေ။

All Chapters