← Chapters

တိတ်ဆိတ်ငြိမ်သက်သွားခြင်း

Vol. 198 Ch. 2963

တိတ်ဆိတ်ငြိမ်သက်သွားခြင်း

Vol. 198 Ch. 2963

ဘုရင်တစ်ပိုင်း ထိန်းချုပ်ထားသည့် တိုက်ပွဲဝင်အလောင်းသည် ပေမင်ရွှယ်နှင့် မူလျန်အပေါ် ပျက်စီးထိခိုက်မှုများစွာကို ဖြစ်စေသည်။ အဲဒါသည် သူတို့နှစ်ယောက် ခံနိုင်ရည်ရှိသည့် အတိုင်းအတာထက် ကျော်လွန်လာခဲ့ပြီဖြစ်၏။

ဆူဇီမိုသည် အုတ်ဂူကမ္ဘာမှ အဘိုးအို၏ နောက်ဘက်သို့ တိတ်တဆိတ် ရောက်ရှိလာ၏။

သူသည် ဘေးပတ်ဝန်းကျင် အမှောင်ထုနှင့် ပေါင်းစည်းထားပြီး အဲဒါက ပျက်ပြယ်မသွားပေ။ အခြားသူများအနေဖြင့် သူ၏ တည်ရှိမှုကို သတိထားမိဖို့က မဖြစ်နိုင်သလောက်ပင်။

ဆူဇီမိုသည် အုတ်ဂူကမ္ဘာမှ အဘိုးအိုကို တစ်စုံတစ်ရာ ပြောဆိုနေခြင်း မရှိပေ။ သူက ချက်ချင်းပင် ထိုသူ၏ ဦးခေါင်းကို လက်ညှိုးတစ်ချောင်းဖြင့် ထိုးဖောက်ပြီး သူ၏ အသိစိတ်ထဲရှိ အမြုတေစိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်၏။

အုတ်ဂူကမ္ဘာမှ အဘိုးအိုက သေဆုံးသွားပြီး သူသန့်စင်မွမ်းမံထားသည့် မွေးနီတိုက်ပွဲဝင်အလောင်းက ဒဏ်ရာအပြင်းအထန် ရရှိလာ၏။ သူ၏ အစက သိပ်သည်းကျစ်လစ်သော ခန္ဓာကိုယ်က လျင်မြန်စွာ ယိုယွင်းပျက်စီးလာပြီး အသားများက ကွာကျကာ အရိုးများက ပြိုကွဲကုန်၏။

မွေးနီတိုက်ပွဲဝင်အလောင်း၏ ခြိမ်းခြောက်မှု မရှိသည့်အခါ ပေမင်ရွှယ်နှင့် မူလျန်က အသက်ရှူချိန် ပြန်ရလာပြီး တိုက်ပွဲဝင်အလောင်း ဆယ်လောင်းကျော်၏ အဟန့်အတားကို အတူပူးပေါင်းချိုးဖျက်ကာ ဆက်လက်၍ တိမ်းရှောင်လာကြသည်။

ဤနေရာမှာ စုဝေးရောက်ရှိလာသော ပကတိစိတ်ဝိညာဉ်များ၏ အရေအတွက်က ပို၍ပို၍များပြားလာပြီး ဝိုင်းပတ်ပိတ်ဆို့မှုတစ်ခု ဖြစ်ပေါ်လာ၏။

သူတို့၏ တိုက်ပွဲဝင်အလောင်းများ၏ အကူအညီနှင့်အတူ အုတ်ဂူကမ္ဘာကျင့်ကြံသူများသည် သူတို့၏ အာရုံခံစိတ်နှင့် အမြင်အာရုံကို အဆများစွာ ဖြန့်ကြက်နိုင်ကြသည်။ သူတို့က ပေမင်ရွှယ်နှင့် မူလျန်ကို မမှိတ်မသုန် စိုက်ကြည့်နေကြ၏။

သူတို့နှစ်ယောက်သည် ဘယ်သို့ ညာသို့ ပြောင်းလဲဆုတ်ခွာသော်လည်း သူတို့က ဝိုင်းပတ်ပိတ်ဆို့မှုကနေ ရုန်းမထွက်နိုင်ပေ။

ဤအချိန်အတောအတွင်း သွေးကမ္ဘာ၊ အဆိပ်ကမ္ဘာနှင့် အုတ်ဂူကမ္ဘာတို့မှ ဘုရင်တစ်ပိုင်းတချို့သည် ပေါ်ထွက်လာပြီးမကြာခင် တိတ်တဆိတ် သတ်ဖြတ်ခြင်းခံလိုက်ရ၏။

သိပ်မကြာခင် ဆူဇီမို၏ လက်ထဲမှာ သေဆုံးသွားသော ဘုရင်တစ်ပိုင်းအဆင့် အယောက် ၂၀ ရှိလာခဲ့သည်။

သူသည် လျှို့ဝှက်ချက်တချို့ကို ရှာဖွေရန် ဘုရင်တစ်ပိုင်းတချို့၏ ဝိညာဉ်များကို ရှာဖွေဖို့ ကြိုးစားခဲ့သော်လည်း အခါတိုင်းမှာ ကျရှုံးခဲ့လေသည်။

ဘုရင်တစ်ပိုင်းများ၏ မှတ်ဉာဏ်များကို ရင်းနှီးနေကျ စွမ်းအားတစ်ခုဖြင့် ချိပ်ပိတ်ထားပုံရသည်။ ပြင်ပအင်အားတစ်ခု တိုးဝင်လာသည်နှင့် ကန့်သတ်မှုက နှိုးဆွခံရလိမ့်မည်ဖြစ်ပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ပျက်စီးသွားပေလိမ့်မည်။

“စုန်းနည်းစနစ်လား”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သွေးကမ္ဘာ၊ အဆိပ်ကမ္ဘာနှင့် အုတ်ဂူကမ္ဘာတို့မှ ပကတိစိတ်ဝိညာဉ်များ၏ အဆက်မပြတ် ဝိုင်းပတ်ပိတ်ဆို့မှုနှင့် ဟန့်တားနှောင့်ယှက်မှုအောက်မှာ ပေမင်ရွှယ်နှင့် မူလျန်၏ ရှောင်တိမ်းနိုင်သော နေရာလွတ်က အဆက်မပြတ် ကျဉ်းမြောင်းလာပြီး တဖြည်းဖြည်း ပိတ်မိလာခဲ့သည်။

ဤနေရာမှာ စုဝေးရောက်ရှိလာသော ပကတိစိတ်ဝိညာဉ်များကလည်း ပို၍ပို၍ များလာနေ၏။

ဆူဇီမိုသည် ပကတိစိတ်ဝိညာဉ်လူအုပ်ကြားထဲမှာ ရင်းနှီးခဲ့ဖူးသော တစ်စုံတစ်ယောက်ကို တွေ့မြင်လိုက်၏။

သွေးကမ္ဘာက ရွှယ်ဝမ်….

“အချောလေး မူလျန်… မင်းဘယ်လိုနေလဲ”

ရွှယ်ဝမ်က ပေမင်ရွှယ်နှင့် မူလျန်ထံကနေ ပေတစ်ရာအကွာအဝေးခန့် ရောက်ရှိလာပြီး သူတို့နှစ်ယောက်၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာကာ ပြုံး၍ ပြောလိုက်၏။

“အရှက်မရှိလိုက်တာ”

မူလျန်က ကျိန်ဆဲလိုက်၏။

“ဟုတ်လို့လား”

ရွှယ်ဝမ်က ဒေါသထွက်မသွားပေ။ သူက မူလျန်ကို အကဲခတ်ကြည့်ပြီးနောက် အံ့အားသင့်စွာဖြင့် မေးလိုက်၏။

“မင်းရဲ့ဒဏ်ရာတွေက တကယ် သက်သာပျောက်ကင်းသွားတာလား… စိတ်ဝင်စားစရာပဲ”

“တကယ်တော့ ငါ့ကိုပိုပြီး အံ့ဩသင့်စေတာက မင်းက နေနဲ့ညကုန်းမြေကို နောက်တစ်ခါ ထပ်ပြီး ဝင်ရောက်လာရဲတာပဲ… မင်းက ငါ့ကို လွမ်းနေတာမလား… မင်းက ငါ့ကို မတွေ့ရမနေနိုင်လို့ နောက်တစ်ခါ အရဲစွန့်ပြီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာပေါ့လေ… ဟား ဟား ဟား”

မူလျန်က စကားမပြောရသေးခင် ရွှယ်ဝမ်က သိသာထင်ရှားသော စိတ်လှုပ်ရှားတက်ကြွမှုနှင့် သူ၏ မျက်နှာပေါ်ရှိ အူမြူးအားရမှုနှင့်အတူ ရယ်မောပြောဆိုလိုက်၏။

သူ၏ ဘေးပတ်လည်မှာရှိသော သွေးနွယ်ပင်သက်ရှိများကလည်း ဟားတိုက်ရယ်မောလိုက်ကြ၏။

သွေးနွယ်ပင်မျိုးနွယ်သည် အလွန်တရာ သွေးဆာရက်စက်ပြီး အပင်မျိုးနွယ်သက်ရှိများကို သူတို့၏ အစာအဖြစ် သဘောထားကာ အငမ်းမရ ဝါးမျိုတတ်လေသည်။

အစက အစိမ်းရောင်ကြာပန်းကမ္ဘာသည် သွေးနွယ်ပင်မျိုးနွယ်၏ ဖျက်ဆီးခြင်းခံခဲ့ရသည်။

“နင့်ပါးစပ်ကနေ ဓားချီကို ထုတ်နိုင်တယ်လို့ ငါကြားဖူးတယ်…. ကြည့်ရတာ နင့်ရဲ့လျှာက တကယ်ကို ထက်ရှနေတာပဲ”

ပေမင်ရွှယ်က ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ အေးစက်စွာ ပြောလိုက်၏။

“မင်းဘယ်သူလဲ”

ရွှယ်ဝမ်က ပေမင်ရွှယ်ကို တစ်ချက်ကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

ထိုသူကို ကြည့်ရသည်မှာ ရင်းနှီးနေသည့်ပုံ ရှိသော်လည်း သူက ချက်ချင်း ပြန်လည်မစဉ်းစားကြည့်နိုင်ပေ။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတုန်းက ပေမင်ရွှယ်သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ တစ်ချိန်လုံး ရှိနေပြီး ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဆူဇီမိုနှင့်အတူ လိုက်ပါလာခဲ့ခြင်း မရှိပေ။

ရွှယ်ဝမ်က ဓားကမ္ဘာ၏ လူအုပ်ကြားထဲမှာ ပေမင်ရွှယ်ကို တွေ့မြင်ခဲ့ဖူးသော်လည်း သူက သူမအပေါ် နက်ရှိုင်းသော ထင်မြင်ချက် မရှိခဲ့ပေ။

“စီနီယာအစ်ကို”

ဖြူဖပ်ဖြူရော်မျက်နှာနှင့် သွေးကမ္ဘာမှ ပကတိစိတ်ဝိညာဉ်တစ်ဦးက ဒဏ်ရာရထားသော သူ၏ ရင်ဘတ်ကို အုပ်ကိုင်ပြီး ပေမင်ရွှယ်ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ကာ ပြောလိုက်၏။

“အဲဒီမိန်းမက ဓားကမ္ဘာကပဲ”

“ဓားကမ္ဘာလား”

ရွှယ်ဝမ်က ရင်တစ်ချက်ထိတ်သွားသည်။

ဓားကမ္ဘာက ဘာလို့ ပါဝင်ပတ်သက်လာတာလဲ…

ထို့နောက် ရွှယ်ဝမ်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက အလောတကြီး မေးလိုက်၏။

“ဓားကမ္ဘာက လူဘယ်နှစ်ယောက် ရောက်လာလဲ”

“ကျုပ်သေချာမပြောတတ်ဘူး”

သွေးကမ္ဘာမှ ပကတိစိတ်ဝိညာဉ်က ခေါင်းခါပြပြီး တည်တံ့စွာ ပြောလိုက်၏။

“ဒီမိန်းမကလွဲရင် ကျုပ် တခြားဘယ်သူ့ကိုမှတော့ မတွေ့မိဘူး”

“ဓားကမ္ဘာက တစ်ယောက်တည်း ရောက်လာတာလား”

ရွှယ်ဝမ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

ထိုစဉ်မှာပင် ပေမင်ရွှယ်က ရုတ်တရက် ပြောလိုက်၏။

“မကြောက်ပါနဲ့… ဒီတစ်ခေါက် ဓားကမ္ဘာကနေ ဆရာနဲ့ငါ နှစ်ယောက်ပဲ လာတာ”

“သူ့ဆရာကို တစ်ယောက်ယောက် တွေ့မိသေးလား”

“ကျုပ်တော့ သတိမထားမိဘူး”

“သူသေသွားလောက်ပြီ ထင်တယ်… မဟုတ်ရင်လည်း သူက အခြေအနေမကောင်းတော့ဘူးဆိုတာ မြင်လို့ ထွက်ပြေးသွားတာ ကြာလောက်ပြီ”

ဘေးပတ်လည်မှာရှိသော ပကတိစိတ်ဝိညာဉ်များက အထင်မြင်သေးစွာဖြင့် နှုတ်ခမ်းမဲ့လိုက်ကြ၏။

“မင်းဆရာက ဘယ်သူလဲ”

တစ်ယောက်ယောက်က သာမန်ကာလျှံကာ မေးလိုက်သည်။

ပေမင်ရွှယ်က ပြောလိုက်၏။

“ဆူကျူး”

ချက်ချင်းပင် ဘေးပတ်ဝန်းကျင်သည် အပ်ကျသံပင် ကြားရလောက်အောင် အရမ်းကို တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထိုအခိုက်အတန့်မှာ လက်ရှိပကတိစိတ်ဝိညာဉ်များအားလုံးသည် နာမည်တစ်ခုမှာ မှင်တက်သွားပြီး တိတ်ဆိတ်ငြိမ်သက်သွားသည့်အလားပင်။

မကြာသေးခင် နှစ်များမှာ ထိုဘွဲ့သည် မည်သည့်ပကတိစိတ်ဝိညာဉ်ကိုမဆို ခေါင်းနားပန်းကြီးစေနိုင်သည့် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။

ဓားကမ္ဘာမှ နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင် ဆူကျူး…

ဗလာနယ်ဝိညာဉ်နယ်ပယ်မှာ သူသည် ပြန်လည်ဝင်စားခြင်း လမ်းခြောက်သွယ်အပါအဝင် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ခုနှစ်ခုကို နားလည်ဆင်ခြင်ပြီး ရှယင်နှင့် အန္တိမပကတိစိတ်ဝိညာဉ် ၂၀ကျော်ကို တစ်ဦးတည်း သတ်ဖြတ်ခဲ့လေသည်။ သူ့က သမိုင်းတစ်လျှောက်မှာ နံပါတ်တစ် ပကတိစိတ်ဝိညာဉ်ပညာရှင် ဖြစ်သည်ဟု ဆိုနိုင်သည်။

ရွှယ်ဝမ်က ထိုနာမည်ကို ကြားသွားသောအခါ ကြောက်ရွံ့မှုဖြင့် ဆတ်ခနဲတုန်ယင်သွားသည်။

လွန်ခဲ့သည့် နှစ် ၈၀၀ ကျော်က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆူကျူးကို ဝိုင်းပတ်ပိတ်ဆို့ခဲ့သော အန္တိမပကတိစိတ်ဝိညာဉ်များကြားထဲ သူတစ်ယောက်သာလျှင် ကံကောင်းထောက်မစွာဖြင့် ရှင်သန်နိုင်ခဲ့သည်။

ထိုအချက်ပေါ် အခြေခံ၍ သူ၏ နာမည်ဂုဏ်သတင်းက မကြာသေးခင် နှစ်များအတွင်း အဆက်မပြတ် မြင့်တက်လာခဲ့၏။

သူသည် ဆူကျူး၏ ဓားချက်ကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သော တစ်ဦးတည်းသော အန္တိမပကတိစိတ်ဝိညာဉ်ဖြစ်သည်။

အဲဒါက ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်လဲ…

သူက ထိုသို့ပြုလုပ်ဖို့အတွက် ဘယ်လောက်တောင် အစွမ်းထက်ခဲ့သလဲ…

ဤကိစ္စသည် ရွှယ်ဝမ်အနေဖြင့် သူ့ဘဝတစ်လျှောက်လုံး ကြွားလုံးထုတ်ဖို့ လုံလောက်သည့် အချက်ဖြစ်သည်။

အစကတော့ သူ၏ ဘေးပတ်လည်မှာရှိသော ပကတိစိတ်ဝိညာဉ်ပညာရှင် ၁၀၀၀ ကျော်ကျော်မှာ စိတ်လက်ပေါ့ပါးသော အမူအရာများ ရှိနေပြီး အေးအေးဆေးဆေး စကားပြောဆိုနေကြ၏။

သို့သော်လည်း ဆူကျူးဟူသောအမည် ထွက်ပေါ်လာပြီးနောက် နေရာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူအုပ်ကြီး၏ အသက်ရှူသံကပင် အားပျော့လာခဲ့သည်။

ပတ်ဝန်းကျင်အပြောင်းအလဲကို အာရုံခံရင်း မူလျန်က ဝမ်းသာပျော်ရွှင်လာသလို စိုးရိမ်ပူပန်နေ၏။

တောင်ထွတ်သခင် ဆူကျူးသည် သူ၏ အမည်သက်သက်နှင့်ပင် ပကတိစိတ်ဝိညာဉ် ၁၀၀၀ ကျော်ကျော်ကို ခြိမ်းခြောက်နိုင်သည့်အတွက် သူမက ကျေနပ်အားရနေ၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဆူကျူးသာလျှင် ဤကဲ့သို့သော အောင်မြင်မှုကို ရရှိနိုင်ပေမည်။

သို့သော်လည်း မည်သို့ပင်ဆိုစေ အထွတ်အထိပ် ပကတိစိတ်ဝိညာဉ်ပညာရှင်များ၏ အရေအတွက်က အရမ်းကို များပြားနေသောကြောင့် သူမက စိုးရိမ်နေသည်။ ဆူကျူး၏ အမည်သက်သက်က သူတို့ကို သိပ်ကြာကြာ ဖိနှိမ်နိုင်ချင်မှ ဖိနှိမ်နိုင်ပေလိမ့်မည်။

ရွှယ်ဝမ်မှာ အိုးတိုးအမ်းတမ်း အမူအရာတစ်ခု ရှိနေပြီး သူက ပေမင်ရွှယ်ကို အတန်ကြာအောင် စိုက်ကြည့်နေပြီးနောက် သူ၏ မျက်လုံးကို မှေးကျဉ်းကာ မေးလိုက်၏။

“မင်းက ဆူကျူးရဲ့ တပည့်လား… မင်းဆရာက တကယ်ပဲ ဒီနေရာမှာ ရှိလို့လား”

ပေမင်ရွှယ်က ပြန်မဖြေဘဲ ပြုံးရုံသာ ပြုံးနေ၏။

ပေမင်ရွှယ်က ပိုမိုတည်ငြိမ်လေ… ဘေးပတ်လည်မှာရှိသော ကျင့်ကြံသူများက ပို၍ကြောက်လန့်လာလေပင်။

ရွှယ်ဝမ်က မည်သို့ပင်ဆိုစေ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးဖြစ်သည်။ အဲဒါကို ပြန်လည်စဉ်းစားတွေးတောပြီးနောက် သူက သူ့ကိုယ်သူ ဣန္ဒြေဆယ်လိုက်၏။ ထို့နောက် သူက လှောင်ရယ်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။

“အားလုံးပဲ ဘာမှမပူနဲ့… ဆူကျူးက ရောက်မလာဘူးဆိုရင် အဆင်ပြေတယ်… ဒါပေမဲ့ သူရောက်လာတယ်ဆိုရင်လည်း ကောင်းတာပဲ”

“ငါတို့ကမ္ဘာတွေက ဘုရင်တစ်ပိုင်းအဆင့် ၃၀ ကျော် ဒီနေရာမှာ ရှိနေတယ်… သူတို့တွေက သူတို့ရဲ့ ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်တွေကို ထုတ်ဖော်လိုက်တာနဲ့ ဆူကျူးတောင်မှ ဦးညွှတ်ရလိမ့်မယ်”

“အမှန်ပဲ”

လူအုပ်ကြားထဲမှာ စုန်းမျိုးနွယ်မှ ပကတိစိတ်ဝိညာဉ်တစ်ဦးက ခေါင်းညိတ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဘုရင်တစ်ပိုင်းအဆင့်တွေက ကောင်းကင်လိုဏ်ဂူစွမ်းအားနဲ့ ထိတွေ့မိနေပြီ… အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးက ဘယ်လောက်ပဲ သန်မာသန်မာ သူတို့က ကောင်းကင်လိုဏ်ဂူနယ်ပယ်နဲ့ မထိတွေ့နိုင်သေးဘူး”

“ဆူကျူးက ပေါ်ထွက်လာမယ်ဆိုရင် ကျုပ်တို့တွေက နေ့နဲ့ညကုန်းမြေရဲ့ ပတ်ဝန်းကျင်ကို အသုံးချပြီး သူ့ကို ဒီနေရာမှာ သတ်ဖြတ်လို့ရတာပေါ့… အဲဒါက ကျုပ်တို့ကလန်သားတွေအတွက် လက်စားချေရာလည်း ရောက်တယ်”

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတုန်းက စုန်းကမ္ဘာ၊ အဆိပ်ကမ္ဘာနှင့် အုတ်ဂူကမ္ဘာမှ အန္တိမပကတိစိတ်ဝိညာဉ်များသည် ဆူဇီမို၏ လက်ထဲမှာ သေခဲ့ရသည်။

“အမ်… စီနီယာအကိုလု ဘယ်ရောက်သွားတာလဲ”

“အကြီးအကဲ ဟုန်ရော”

“ဆရာဒေါ်လေးရွှယ်ယင်… ခင်ဗျား ဘယ်မှာလဲ”

ထိုစဉ်မှာပင် သူတို့ကမ္ဘာများမှ ဘုရင်တစ်ပိုင်းအဆင့်များက လူအုပ်ကြားထဲမှာ ရှိမနေသည်ကို လူတိုင်းက နားလည်သဘောပေါက်လာခဲ့သည်။

သူတို့သည် အကြိမ်များစွာ အော်ခေါ်ကြည့်သော်လည်း မည်သည့်တုံ့ပြန်မှုမှ ရှိမလာပေ။

ထိုစဉ်မှာပင် ဘေးပတ်လည်မှာရှိသော ညအမှောင်က တဖြည်းဖြည်း ဖျော့တော့သွား၏။

နေ့နှင့်ညကုန်းမြေက နောက်တစ်ဖန် ပြောင်းလဲသွားသည်။

နေ့အချိန်ကို ပြန်လည်ရောက်ရှိလာခဲ့၏။

လူတိုင်းသည် သူတို့၏ ဘေးပတ်ဝန်းကျင်ကို အာရုံခံဖို့အတွက် သူတို့၏ အမြင်အာရုံနှင့် စိတ်ဝိညာဉ်အသိစိတ်ကို ပြန်လည်ရရှိလာသည်။

တစ်ချိန်တည်းမှာပင် ပေမင်ရွှယ်နှင့် မူလျန်၏ ဘေးမှာ တစ်ယောက်ယောက်က မသိလိုက်မသိဘာသာနှင့် ပေါ်ထွက်လာသည်ကို လူတိုင်းက နားလည်သဘောပေါက်လိုက်သည်။

All Chapters