← Chapters

ရှုံးနိမ့်သွားခြင်း

Vol. 198 Ch. 2964

ရှုံးနိမ့်သွားခြင်း

Vol. 198 Ch. 2964

ထိုလူမှာ အနက်ရောင်ဆံပင်ရှိပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူက လက်နှစ်ဖက်နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး သူ၏ ဘယ်ဘက်မျက်လုံက အဆုံးမဲ့ မဟူရာတွင်းနက်တစ်ခုကဲ့သို့ ပိန်းပိတ်အောင် နက်မှောင်နေပြီး ဘေးပတ်လည်မှာရှိ‌သော ကျင့်ကြံသူများကို အေးစက်စွာ စိုက်ကြည့်နေ၏။

ရွှယ်ဝမ်၏ အမူအရာက ထိုလူကို တွေ့မြင်သောအခါ ရုတ်ချည်းပြောင်းလဲသွားသည်။

“ဆူကျူး”

သူက လွှတ်ခနဲအော်လိုက်မိသည်။

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဘေးပတ်ဝန်းကျင်က ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။

အစကတော့ ရှေ့ကိုတက်လှမ်းချင်နေသော ပကတိစိတ်ဝိညာဉ်ပညာရှင်တစ်အုပ်စုသည် ကြောက်လန့်တကြားဖြင့် အလိုလိုနောက်သို့ဆုတ်လိုက်ကြ၏။ သူတို့က စိုးရိမ်ပူပန်နေသော အမူအရာများနှင့်အတူ မလှမ်းမကမ်းမှာ ရှိသော အစိမ်းရောင်ဝတ်ကျင့်ကြံသူကို ကြည့်နေကြ၏။

စောစောက သူတို့သည် သူ၏ အမည်ကို နှစ်ကြိမ်ကြားခဲ့ရရုံမျှသာ ဖြစ်သည်။ သို့သော် ယခု လူတိုင်းသည် သူ့ကိုမျက်ဝါးထင်ထင်မြင်တွေ့နေရသည်။

“မင်းတို့တွေ စောစောက ငါ့ကိုသတ်ချင်နေတာမလား”

ဆူဇီမို၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ ဝင်းဝင်းလက်နေပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးအကဲခတ်ကြည့်နေ၏။

ပကတိစိတ်ဝိညာဉ်ပညာရှင်များစွာသည် သူ၏ အော်ရာမှာ ခြိမ်းခြောက်ခံလိုက်ရပြီး မည်သူကမှ သူနှင့်အကြည့်ချင်းမဆုံရဲပေ။ သူတို့က အားအင်ချိနဲ့သွားပြီး တစ်ယောက်ပြီးတစ်ယောက် အကြည့်လွှဲလိုက်ကြသည်။

ပေမင်ရွှယ်နှင့် မူလျန်သည် ဆူဇီမိုပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ နောက်ဆုံးမှာ စိတ်သက်သာစွာသက်ပြင်းချလိုက်ကြသည်။

ဆူဇီမို၏ အကြည့်က ရွှယ်ဝမ်ပေါ်သို့ ရွေ့လျားရောက်ရှိသွား၏။

ချက်ချင်းပင် ရွှယ်ဝမ်သည် ခေါင်းမွေးများထောင်ထလာသည်ဟု ခံစားရပြီး ခေါင်းနားပန်းကြီးလာခဲ့သည်။ သူ၏ သွေးလည်ပတ်မှုက နှေးကွေးသွားပြီး အလွန်တရာအန္တရာယ်များသော ခံစားချက်တစ်ခုက သူ၏ ရင်ထဲမှာ လှိုက်တက်လာသည်။ ဤသည်က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ မဟုတ်ပေ။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတုန်းက အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူသည် ထွက်ပြေးလွတ်မြောက်ဖို့အတွက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို အသုံးချနိုင်ခဲ့သည်။

သို့သော်လည်း ဤနေရာက နေ့နှင့်ညကုန်းမြေဖြစ်သည်။ အဲဒါသည် သမိုင်းတစ်လျှောက် နံပါတ်တစ်ပကတိစိတ်ဝိညာဉ်ထံမှ ထွက်ပြေးလွတ်မြောက်ဖို့အတွက် အားထုတ်မှုတချို့ယူရပေလိမ့်မည်။

တကယ်တော့ ယနေ့မှာ သူတို့ဘက်တွင် ဘုရင်တစ်ပိုင်းသုံးဆယ်ကျော်နှင့် အထွတ်အထိပ်ပကတိစိတ်ဝိညာဉ်တစ်ထောင်ရှိလေသည်။ သူတို့သည် ဆူကျူးနှင့် တိုက်ခိုက်နိုင်ကောင်းတိုက်ခိုက်နိုင်ပေလိမ့်မည်။ သို့သော်လည်း ထိုဘုရင်တစ်ပိုင်းအဆင့်များက ဘာ့ကြောင့်ရုတ်တရက်ပျောက်ကွယ်သွားသလဲ သူတို့ မသိရသေးပေ။

ပုံမှန်အားဖြင့်ဆိုလျှင် သူတို့က အနီးနားမှာရှိနေသင့်သည်။

“မင်းတို့တွေက ဟိုဘုရင်တစ်ပိုင်းတွေကို ရှာနေတာမလား”

ဆူဇီမိုက အေးဆေးတည်ငြိမ်စွာပြောလာ၏။

“ငါ… စောစောက ဒီကိုလာတဲ့လမ်းမှာ သူတို့အားလုံးကို သတ်ပစ်လိုက်ပြီ”

ဟာ…

ပကတိစိတ်ဝိညာဉ်များစွာက တုန်လှုပ်သွားကြ၏။

ဆူဇီမိုသည် ထိုစကားကို အေးဆေးတည်ငြိမ်စွာ ပြောနေသော်လည်း သူတို့က ဘုရင်တစ်ပိုင်းအဆင့် သုံးဆယ်ကျော်ကျော်ဖြစ်သည်။

ထိုလူများသည် ဤခရီးစဉ်မှာ သူတို့အတွက် အကြီးမားဆုံး မှီခိုအားထားရာဖြစ်သည်။

“မဖြစ်နိုင်တာ”

ရွှယ်ဝမ်၏ အကြည့်က မတည်မငြိမ်ဖြစ်လာပြီး တည်တံ့စွာပြောလိုက်၏။

“အားလုံးပဲ… သူ့ရဲ့ ပေါက်တတ်ကရစကားတွေကို နားထောင်မနေကြနဲ့… သူက ဗလာနယ်ဝိညာဉ်နယ်ပယ်… အမ်..”

ဆူဇီမိုသည် ဗလာနယ်ဝိညာဉ်နယ်ပယ်မှာသာရှိသည်ဟု ရွှယ်ဝမ်က ပြောတော့မည့်ဆဲဆဲမှာပင် ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်က သုခဘုံလေဟာနယ်နယ်ပယ်သို့ ရောက်ရှိနေပြီကို သူက နားလည်သဘောပေါက်လိုက်၏။

နှစ်ရှစ်ရာမျှနှင့် သူက နောက်ထပ်အဆင့်ချိုးဖျက်တက်လှမ်းလာခဲ့သည်။

ပကတိဧကနယ်ပယ်မျာ ပါရမီရှင်ကျင့်ကြံသူများပင် အဆင့်သစ်တစ်ခုကို ထပ်မံတက်လှမ်းဖို့အတွက် ရှည်ကြာသော အချိန်ကာလတစ်ခုနှင့် အခွင့်အလမ်းများစွာကို စုဆောင်းဖို့လိုအပ်ပေလိမ့်မည်။

နှစ်ငါးသိန်းဘဝသက်တမ်းရှိသော ပကတိစိတ်ဝိညာဉ်များအနေဖြင့် နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်ချီက တစ်ခဏချင်းမှာ ကုန်လွန်သွားပေလိမ့်မည်။

နှစ်ရာဂဏန်းတချို့နှင့် ဗလာနယ်ဝိညာဉ်နယ်ပယ်ကနေ သုခဘုံလေဟာနယ်နယ်ပယ်သို့ ဘယ်သူက အဆင့်ချိုးဖျက်တက်လှမ်းနိုင်မှာလဲ။

ရွှယ်ဝမ်က တံတွေးကို အလျင်စလိုမျိုချ၍ ခဏမျှရပ်တန့်ပြီးနောက် ဆက်ပြောလိုက်သည်။

“သူက သုခဘုံလေဟာနယ်နယ်ပယ်မှာပဲ… ဒါပေမဲ့ သူက ဘုရင်တစ်ပိုင်းအဆင့် သုံးဆယ်ကျော်ကျော်ကို ဘယ်လိုလုပ်တိတ်တဆိတ် သတ်ဖြတ်နိုင်ပါ့မလဲ”

ပုံမှန်အခြေအနေမှာဆိုလျှင် ဆူဇီမိုသည် ဘုရင်တစ်ပိုင်းအဆင့်များကို ကိုင်တွယ်လိုသည်ဆိုလျှင် သူက မလွဲမသွေတိုက်ခိုက်ရလိမ့်မည်ဖြစ်ပြီး တကယ်ပင် အတော်လေးရုတ်ရုတ်သဲသဲဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း နေ့နှင့်ညကုန်းမြေ၏ တစ်မူထူးခြားမှုကြောင့် ဆူဇီမိုသည် အမှောင်ထုနှင့် ရောနှောကာ တိတ်တဆိတ်လှုပ်ရှားခဲ့လေသည်။

ဘုရင်တစ်ပိုင်းအဆင့်များသည် သူ့ကိုရှာမတွေ့ခင်မှာပင် သူ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ တကယ်ဆို သူတို့သေဆုံးပြီးတာတောင် သူတို့၏ မျက်လုံးများက တွေဝေရှုပ်ထွေးမှုနှင့် မကျေမချမ်းမှုနှင့် ပြူးကျယ်နေကြ၏။

ရွှယ်ဝမ်၏ စကားကို ကြားရပြီးနောက် အစက နောက်သို့ ဆုတ်ခွာချင်နေသော ပကတိစိတ်ဝိညာဉ်ပညာရှင်များစွာက နောက်တစ်ဖန်စိတ်အားတက်ကြွလာကြ၏။

“အားလုံးပဲ ငါ့အမိန့်ကို နားထောင်ကြ”

ရွှယ်ဝမ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး လက်ထောင်ကာ မလှမ်းမကမ်းမှာရှိသော ဆူဇီမိုကို ထိုးညွှန်ပြီး‌ အော်ပြောလိုက်၏။

“သူ့ကိုသတ်ကြ… မင်းတို့တွေ နာမည်ကြီးကျော်ကြားချင်တယ်ဆိုရင် အဲဒါက ဒီနေ့ပဲ”

မည်သို့ပင်ဆိုစေ ရွှယ်ဝမ်က အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးဖြစ်သည်။

သွေးကမ္ဘာမှ ပကတိစိတ်ဝိညာဉ်ပညာရှင်များစွာက သူ့အမိန့်ကို နာခံကြ၏။

ရွှယ်ဝမ်၏ အမိန့်ကိုကြားရပြီးနောက် သွေးကမ္ဘာမှ ပကတိစိတ်ဝိညာဉ်များစွာက ယုံမှားသံသယမရှိဘဲ သွေးနွယ်ပင်မျိုးနွယ်၏ အစစ်အမှန်ပုံစံသို့ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲလိုက်ကြ၏။

သူတို့က နေ့နှင့်ညကုန်းမြေမှာ အမြစ်တွယ်ပြီး လေထုကိုဆုတ်ဖြဲလိုက်သော နီရဲတုတ်ခိုင်သည့် နွယ်ပင်များအဖြစ် ကြီးထွားလာကြသည်။

သွေးနွယ်ပင်မျိုးနွယ်၏ ပြုမူလှုပ်ရှားမှုကြောင့် အုတ်ဂူကမ္ဘာနှင့် အဆိပ်ကမ္ဘာမှ ပကတိစိတ်ဝိညာဉ်တချို့ပင်လျှင် တစ်ယောက်ပြီးတစ်ယောက်တိုက်ခိုက်လာကြသည်။

“ဂါး…”

တိုက်ပွဲဝင်အလောင်းများစွာက နီရဲနေသော မျက်လုံးများနှင့်အတူ ဒေါသတကြီးဟိန်းဟောက်သံများကို ထုတ်ဖော်လိုက်ကြသည်။

အုတ်ဂူကမ္ဘာမှ ပကတိစိတ်ဝိညာဉ်များ၏ ထိန်းချုပ်မှုအောက်မှာ သူတို့သည် ဆူဇီမိုရှိရာသို့ ခုန်ဝင်လာကြသည်။ အဆိပ်ကမ္ဘာမှ ပကတိစိတ်ဝိညာဉ်ပညာရှင်များသည် အဆိပ်ရှိသတ္တဝါများနှင့် စိတ်ဝိညာဉ်ရတနာများစွာကို ထုတ်ဖော်ပြီး ဆူဇီမိုရှိရာဘက်သို့ အဆိပ်မိုးများကဲ့သို့ ရွာသွန်းကျဆင်းလာစေ၏။

ဤပကတိစိတ်ဝိညာဉ်များသည် ဆူကျူး၏ အမည်နှင့် သူနှင့်ပတ်သက်သည့် ဒဏ္ဍာရီကိုသာ ကြားဖူးထားကြသည်။ သို့သော်လည်း သူတို့ထဲမည်သူကမှ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှတိုက်ပွဲကို ကိုယ်တိုင်မမြင်တွေ့ခဲ့ရပေ။

လူအုပ်ကြားထဲမှာ ထိုတိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသော ပကတိစိတ်ဝိညာဉ်များထဲ မည်သူကမှ ဆူဇီမိုကို မတိုက်ခိုက်ရဲကြပေ။

ထိုထဲမှာ ရွှယ်ဝမ်လည်း ပါဝင်လေသည်။

သူသည် ဆူဇီမိုကိုတိုက်ခိုက်ဖို့အတွက် ဘေးပတ်လည်မှာရှိသော ပကတိစိတ်ဝိညာဉ်များကို ညွှန်ကြားခဲ့သော်လည်း သူကိုယ်တိုင်က မတိုက်ခိုက်ပေ။ တကယ်ဆိုသူသည် သူ၏ အန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ခြင်းပင် မရှိပေ။

ထိုအစားသူက သွေးစတေးထွက်ပြေးခြင်းနည်းစနစ်ကို အသက်သွင်းပြီး သွေးအလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ အဝေးတစ်နေရာသို့ အသည်းအသန်ပြေးထွက်လိုက်၏။

စောစောက သူ၏ လုပ်ရပ်သည် သူကိုယ်တိုင် ကိုယ်လွတ်ရုန်းထွက်ပြေးနိုင်ဖို့အတွက် ကမ္ဘာသုံးခုမှ ပကတိစိတ်ဝိညာဉ်များကို ဆူဇီမိုထံ ထိုးကျွေးလိုက်ရုံမျှသာဖြစ်သည်။

ဆူဇီမိုကလည်း ရွှယ်ဝမ်၏ ပြုမူလှုပ်ရှားမှုကို သတိထားမိနေပြီး လှောင်ရယ်လိုက်၏။

ဘေးပတ်လည်မှာရှိသော ပကတိစိတ်ဝိညာဉ်ပညာရှင်များ၏ တိုက်ခိုက်မှုမှာ သူသည် ဓမ္မပညာရပ်များကို အဆက်မပြတ်ထုတ်ဖော်ပြီး ရှေ့သို့ထိုးညွှန်လိုက်၏။

“ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်”

ဝုန်း…

ဧရာမဝဲကတော့ချောက်နက်တစ်ခုက တလက်လက်တောက်ပနေသော လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးဟောင်းမှော်စာလုံးခြောက်ခုနှင့်အတူ တိုက်ပွဲမြေမှာပေါ်ထွက်လာပြီး အဆုံးမဲ့စွမ်းပကားကို ထုတ်ဖော်ပေးနေ၏။

ချက်ချင်းပင် လောကက လည်ပတ်ပြီး အချိန်နှင့်လေဟာနယ်က ကစဉ့်ကလျားဖြစ်လာခဲ့သည်။

သိပ်သည်းများပြားသော အနီရောင်သွေးနွယ်ပင်များက လေထုကို ဆုတ်ဖြဲလာခဲ့၏။၊ သူတို့က ဆူဇီမို၏ အဝတ်စကို မထိနိုင်ခင်မှာပင် သူတို့သည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ ဆွဲယူခြင်းခံရပြီး သွေးမြူလုံးများအဖြစ် ပြောင်းလဲသွားသည်။

အုတ်ဂူကမ္ဘာမှ ပကတိစိတ်ဝိညာဉ်များ မီးဆေးထားသော တိုက်ပွဲဝင်အလောင်းများမှာ သူတို့ကိုယ်ပိုင်အသိစိတ်များ မရှိကြပေ။ သို့သော်လည်း ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို တွေ့မြင်ပြီးနောက် သူတို့၏ မျက်လုံးများက နက်ရှိုင်းသောအကြောက်တရားကို ထုတ်ဖော်လာကြသည်။

သူတို့သည် ဤနေရာကနေ ရုန်းထွက်ချင်သော်လည်း သူတို့၏ ခန္ဓာကိုယ်များကို လုံးဝမထိန်းချုပ်နိုင်တော့ပေ။ သူတို့သည် ဝဲကတော့ချောက်နက်ထဲသို့ ဆွဲယူသွင်းခံရပြီး ပြန်ဝင်စားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်သွားသည်။

အဆိပ်ဓာတ်များဖြင့် ပြည့်နှက်နေသော အဆိပ်ရှိသတ္တဝါများနှင့် စိတ်ဝိညာဉ်ရတနာများသည်လည်း ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ ဝါးမျိုခြင်းခံရသည်။

လောကမှာရှိသော သက်ရှိတိုင်းနှင့် အရာရာတိုင်းသည် ပြန်ဝင်စားခြင်းစက်ဝန်းထဲကနေ မလွတ်မြောက်နိုင်ကြပေ။

ဒါ့အပြင် သုခဘုံလေဟာနယ်နယ်ပယ်မှာ ဆူဇီမို၏ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က သိသိသာသာ ပိုမိုကြောက်စရာကောင်းလာခဲ့သည်။

ဧရာမဝဲကတော့က အဆက်မပြတ်ပြန့်ကားပြီး ကောင်းကင်တစ်ခွင်အုပ်မိုးထားလေသည်။ ၎င်းကိုထောက်ပံ့ပေးမည့် လုံလောက်သည့်ခွန်အားသာရှိမည်ဆိုလျှင် ၎င်းသည် နေ့နှင့်ညကုန်းမြေတစ်ခုလုံးကို ဝါးမျိုပစ်ချင်နေသည့်အလားပင်။

ပကတိစိတ်ဝိညာဉ်ပညာရှင်တချို့က အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူတို့၏ ဝှက်ဖဲများကို ချက်ချင်းထုတ်ဖော်ပြီး လှည့်ထွက်ပြေးလိုက်ကြ၏။

တုံ့ပြန်မှုအနည်းငယ်နှေးကွေးသွားသော ပကတိစိတ်ဝိညာဉ်တချို့သည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ စွမ်းအားဖြင့် လွှမ်းခြုံခံရပြီး ရုန်းမထွက်နိုင်ကြတော့ပေ။ သူတို့သည် ကူကယ်ရာမဲ့စွာကြည့်နေရပြီး ပြန်ဝင်စားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်ကာ သေဆုံးသွားကြသည်။

ထွက်ပြေးနေသော ရွှယ်ဝမ်က နောက်သို့တစ်ချက်လှည့်ကြည့်ပြီးနောက် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတုန်းက‌ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ရှယင်သည် ဆူဇီမို၏ ပြန်ဝင်စားခြင်းလမ်ခြောက်သွယ်ထဲမှာ သေဆုံးခဲ့ရသည်။

ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအား၏ စွမ်းအားက ကြောက်စရာကောင်းသော်လည်း ၎င်းသည် မည်သို့ပင်ဆိုစေ ရှယင်တစ်ယောက်ထဲကို ပစ်မှတ်ထားခဲ့ခြင်းသာဖြစ်သည်။ ရွှယ်ဝမ်က အဲဒါကို ကောင်းကောင်း မခံစားမိခဲ့ပေ။

သို့သော်ယခု ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က ဆင်းသက်လာပြီး ပကတိစိတ်ဝိညာည်ပညာရှင်တစ်ထောင်ကျော်ကျော်၏ တိုက်ခိုက်မှုများက ချက်ချင်းပင် အလဲလဲအပြိုပြိုဖြစ်ကာ သူတို့သည် ဆိုးဆိုးဝါးဝါးရှုံးနိမ့်သွားကြသည်။

ရွှယ်ဝမ်က ရင်တလှပ်လှပ်ခံစားနေရသည်။

ကံကောင်းထောက်မစွာဖြင့် သူက ပါးရည်နပ်ရည်ရှိပြီး ထိုနေရာမှာ ငြိတွယ်မနေဘဲ ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ချက်ချင်းထွက်ပြေးလာခဲ့သည်။

ထိုစဉ်မှာပင် ရွှယ်ဝမ်သည် ပစ်မှတ်ထားခံနေရသည်ဟု ခံစားလာရသည်။ အဲဒါက သူ၏ နောက်ကျောမှ ဆူးတစ်ချောင်းကဲ့သို့ဖြစ်ပြီး သူ၏ စိတ်ကို အလွန်တရာသက်တောင့်သက်သာမရှိ ခံစားရစေသည်။

“ငါ့နောက်ကို ဘယ်သူလိုက်လာနိုင်တာလဲ”

ရွှယ်ဝမ်က မျက်မှောင်ကြုတ်လိုက်သည်။

သူသည် သွေးစတေးထွက်ပြေးခြင်းနည်းစနစ်ကို ထုတ်ဖော်ထားပြီး သူ၏ အလျင်အဟုန်က အဆများစွာမြင့်တက်လာခဲ့သည်။

ဘုရင်တစ်ပိုင်းအဆင့်များပင်လျှင် သူ့နောက်သို့ လိုက်မီနိုင်မည်မဟုတ်ပေ။

သူသည် နေ့နှင့်ညကုန်းမြေကနေ ထွက်ပြေးလွတ်မြောက်နိုင်သည်နှင့်အမျှ အပြင်ဘက်မှာရှိသော ကြယ်တာရာကောင်းကင်က ကျယ်ပြောပြီး သူ့အနေဖြင့် ထွက်ပြေးလွတ်မြောက်ဖို့ ပိုမိုလွယ်ကူသွားပေလိမ့်မည်။

All Chapters