ယင်နှင့်ယန်အပေါ် နားလည်ဆင်ခြင်မှု
Vol. 198 Ch. 2965
ရွှယ်ဝမ်က တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် သူရှိရာသို့ ပြေးဝင်လာနေသော ရွှေရောင်အလင်းတစ်ခုကိုသာ တွေ့မြင်လိုက်ရသည်။
သူတို့အကြား အကွာအဝေးက လျင်မြန်စွာ တိုတောင်းလာ၏။
ရွှယ်ဝမ်၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး သူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။
အရမ်းကို မြန်ဆန်သည်။
ရလဒ်အနေဖြင့် သူသည် ထိုလူ၏ ပုံပန်းသဏ္ဌာန်နှင့် ရုပ်ရည်သွင်ပြင်ကို ပုံမဖော်နိုင်ပေ။
တကယ်တော့ ထိုသူက မည်သူမည်ဝါဖြစ်သည်ကို သူက စဉ်းစားကြည့်စရာလည်း မလိုတော့ပေ။
နေနှင့်ညကုန်းမြေမှာ ဤကဲ့သို့သော လှုပ်ရှားမှုနည်းစနစ်နှင့် အလျင်အဟုန်ကို ထုတ်ဖော်နိုင်သည့်သူ တစ်ယောက်တည်းသာလျှင်ရှိသည်။
ဆူကျူး…
သွေးစတေးထွက်ပြေးခြင်းနည်းစနစ်က စွမ်းအားကြီးမားသော်လည်း ဆူဇီမိုမှာ လှုပ်ရှားမှုနည်းစနစ်အရာတွင် လျှို့ဝှက်အတတ်များစွာ ရှိနေ၏။ ကောင်းကင်ဘုံခြေလှမ်း၊ ကန့်သတ်မဲ့ရွှေအလင်း၊ ဆန်းကြယ်တောင်ပံများ၊ မိုးကြိုးလေပြေတောင်ပံများနှင့် ဖီးနစ်တောင်ပံများ…။
ထိုလျှို့ဝှက်အတတ်များကို အတူတကွ ထပ်ဆင့်ပြီး ထုတ်ဖော်လိုက်သည့်အခါ ရွှယ်ဝမ်၏ သွေးစတေးထွက်ပြေးခြင်းနည်းစနစ်ကို မပြောနှင့်၊ သာမန်ဘုရင်များ၏ အလျင်အဟုန်ပင်လျှင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။
သူ၏ နောက်ဘက်မှ တိုက်ပွဲနယ်မြေတွင် ပြန်ဝင်စားခြင်း လမ်းခြောက်သွယ်က အရာရာတိုင်းကို ရှင်းလင်းပစ်ဖို့ လုံလောက်နေသည်။
ကံကောင်းထောက်မစွာဖြင့် အသက်ရှင်နိုင်ခဲ့သော သွေးကမ္ဘာ၊ အုတ်ဂူကမ္ဘာနှင့် အဆိပ်ကမ္ဘာမှ ကျင့်ကြံသူများသည် ဤနေရာတွင် ဆက်လက်၍မနေရဲတော့ဘဲ ခြေဦးတည့်ရာ ထွက်ပြေးကာ ပေမင်ရွှယ်နှင့် မူလျန်အပေါ် ခြိမ်းခြောက်မှု မရှိတော့ပေ။
ထို့ကြောင့်ပင် ဆူဇီမိုသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ရွှယ်ဝမ်နောက်သို့ အမဲလိုက်လာနိုင်ခဲ့ခြင်းဖြစ်သည်။
ရွှယ်ဝမ်က ထိတ်လန့်တကြားဖြစ်နေ၏။
ဤနှုန်းထားအရ ဆူကျူးသည် သိပ်မကြာခင် သူ့ကို လိုက်မီလာပေလိမ့်မည်။
ဒါ့အပြင် သူ၏ သွေးစတေးထွက်ပြေးခြင်းနည်းစနစ်က သူ၏ အမြုတေသွေးများစွာကို ကုန်ဆုံးစေ၏။
သူသည် ထိုဓမ္မပညာရပ်ကို ထုတ်ဖော်ထားသည်နှင့်အမျှ သူ၏ အမြုတေသွေး ကုန်ခန်းမှုက ပို၍ကြီးမားလာပေလိမ့်မည်။
သူ့အတွက် ရွေးချယ်စရာ လမ်းနှစ်လမ်းသာ ရှိတော့သည်။
သူသည် ယခုအချိန်မှာ ရပ်တန့်ပြီး သူ့ခန္ဓာကိုယ်ထဲတွင် အမြုတေသွေးတချို့ ရှိနေတုန်း ဆူဇီမိုကို လှည့်ပြီး တိုက်ခိုက်မည်ဆိုလျှင် သူ့မှာ အသက်ရှင်ဖို့အတွက် အခွင့်အရေးတစ်ခု ရကောင်းရနိုင်ပေလိမ့်မည်။
မဟုတ်ပါက ဆူဇီမို လိုက်မီလာသည့်အချိန်မှာ သူ၏ အမြုတေသွေးအများစုက ကုန်ဆုံးသွားပြီး သူ့မှာ တိုက်ခိုက်ရည်ခွန်အားများစွာ ကျန်ရှိတော့မည် မဟုတ်ပေ။
ထိုအချိန်မှာ သူသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကိုပင် ထုတ်ဖော်ဖို့ ခွန်အားကျန်ရှိတော့မည် မဟုတ်ဘဲ ဆူကျူးထံမှ လှုပ်ရှားကွက်တစ်ကွက်ကိုပင် သူက ခုခံနိုင်တော့မည် မဟုတ်ပေ။
ထိုသို့အတွေးဖြင့် ရွှယ်ဝမ်သည် သူ၏ လှုပ်ရှားမှုကို ရုတ်တရက်ရပ်တန့်ပြီး တစ်ဖက်သို့ လှည့်လိုက်၏။ သူက လေထုကို ဆုတ်ဖြဲလာသော ရွှေရောင်အလင်းကိုကြည့်ပြီး အံကိုကြိတ်ကာ မေးလိုက်၏။
“ဆူကျူး… ဒီနေ့ အရှုံးကို ငါဝန်ခံတယ်… မင်း ငါ့ကို ထွက်ပေါက်တစ်ခု ပေးနိုင်မလား”
ရွှေရောင်အလင်းက ရွှယ်ဝမ်ရှေ့သို့ ရောက်ရှိလာပြီး ဆူဇီမို၏ ရုပ်လုံးက တဖြည်းဖြည်းပေါ်ထွက်လာ၏။
ရွှယ်ဝမ်၏ ရိုးစင်းသောမေးခွန်းမှာ ဆူဇီမိုက ရယ်မောလိုက်၏။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတုန်းကဖြစ်စေ၊ နေနှင့်ညကုန်းမြေမှာဖြစ်စေ ရွှယ်ဝမ်၏ ပထမဆုံးအတွေးက ဆူဇီမိုကို သတ်ဖြတ်ရန်ဖြစ်သည်။
သို့သော်လည်း အခြေအနေမဟန်တော့ဘူးဆိုတာ နားလည်မှ သူက သူ၏ စိတ်ကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
ရွှယ်ဝမ်သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာကတည်းက သေခဲ့သင့်သည်။
“ဆူကျူး…”
သူက အမြုတေသွေးအမြောက်အများကို သုံးစွဲထားခဲ့ရပြီး ရွှယ်ဝမ်၏ မျက်နှာက အနည်းငယ်ဖြူဖျော့နေ၏။
သူ၏ အကြည့်က သုန်မှုန်နေပြီး မုန်းတီးစွာဖြင့် သူက ပြောလိုက်၏။
“ဘာပဲပြောပြော ငါက သွေးကမ္ဘာရဲ့ အန္တိမပကတိစိတ်ဝိညာဉ်ပဲ… မင်း ငါ့ကို သတ်ပြီးရင် မင်းက သွေးကမ္ဘာရဲ့ အမျက်ဒေါသကို ခံယူရလိမ့်မယ်”
“ငါက မင်းတို့သွေးကမ္ဘာက ဘုရင်တစ်ပါးကိုတောင် သတ်ဖြတ်ခဲ့ပြီးပြီပဲ… မင်းလိုမျိုး အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးကို ဂရုစိုက်နေဦးမှာလား”
ရွှယ်ဝမ်၏ ခြိမ်းခြောက်မှုမှာ ဆူဇီမိုက လှုပ်ရှားယိမ်းယိုင်သွားခြင်းမရှိဘဲ သူရှိရာသို့ လျှောက်လှမ်းလာ၏။
ရွှယ်ဝမ်က မှင်တက်သွားသည်။
သူသည် ဆူဇီမို၏ စကားအဓိပ္ပာယ်ကို နားမလည်ပေ။
ဆူဇီမိုသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတုန်းက အန္တိမပကတိစိတ်ဝိညာဉ်များစွာကို တကယ်ပင် သတ်ဖြတ်ခဲ့သည်။ သို့သော်လည်း သူသည် သွေးကမ္ဘာက ဘုရင်တစ်ပါးကို ဘယ်တုန်းက သတ်ဖြတ်ခဲ့လို့လဲ။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ပိတ်ချလိုက်ပြီးနောက် သွေးကမ္ဘာ၊ ကောင်းကင်ဘုံမျက်လုံးကမ္ဘာနှင့် အခြားသောကမ္ဘာများမှ ဘုရင်များစွာသည် ဆူဇီမိုနောက်သို့ ပြေးလိုက်သွားပြီးနောက် သိုင်းတာအိုပင်မခန္ဓာ၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။
နောက်ပိုင်းမှာ တိုက်ခိုက်ခဲ့သူသည် ဓားကမ္ဘာမှ ဧကရာဇ်ပညာရှင်တစ်ဦး ဖြစ်နိုင်သည်ဟု ကမ္ဘာအမျိုးမျိုးက ထင်မြင်ယူဆခဲ့ကြသည်။
ထိုစဉ်တုန်းက တိုက်ခိုက်ခဲ့သူက ဆူဇီမိုဖြစ်နေလိမ့်မည်ဟု ရွှယ်ဝမ်သည် ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
ဆူဇီမို ဝင်ရောက်လာသည်ကို တွေ့မြင်သောအခါ သူက စဉ်းစားနေဖို့ အချိန်များစွာမရပေ။ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ရူးသွပ်စွာ လှည့်ပတ်ပြီး သူ၏ လက်နှစ်ဖက်နှင့်အတူ လက်ဟန်ချိပ်စည်းများကို လှုပ်ရှားကာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား၊ ကြယ်တာရာအကျဉ်းထောင်ကို ထုတ်ဖော်လိုက်သည်။
ဆူဇီမို၏ တိုက်ခိုက်မှုမှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကသာ အလုပ်ဖြစ်နိုင်ပေလိမ့်မည်။
မမြင်ရသော အင်အားတစ်ရပ် ဆင်းသက်လာပြီး ကြယ်တာရာအကျဉ်းထောင်က ဆူဇီမိုကို လွှမ်းခြုံလာခဲ့သည်။
အချိန်က ရပ်တန့်၍ လေဟာနယ်က ပိတ်ဆို့ခံလိုက်ရသည်။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတုန်းက ဆူဇီမိုသည် သူ၏ စက္ခုနည်းစနစ်နှင့်အတူ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို စုဖွဲ့ခဲ့သည်။
အနန္တယင်ယန်တစ်ခုတည်းကပင် ရွှယ်ဝမ်ကို ဒဏ်ရာအပြင်းအထန်ရစေပြီး သူ့ကို သတ်ဖြတ်နိုင်လုနီးပါးဖြစ်ခဲ့သည်။
သို့သော်လည်း ဤတစ်ခေါက်မှာ ဆူဇီမိုသည် မည်သည့်နည်းလမ်းကိုမှ ထုတ်ဖော်ခြင်း မရှိပေ။ သူ၏ တုံ့ပြန်မှုက အနည်းငယ်နှေးကွေးနေသည့်အလား သူက ကြယ်တာရာအကျဉ်းထောင်ကို သူ့အပေါ်သို့ ဆင်းသက်ခွင့်ပေးထားသည်။
“ဒါ အခွင့်အရေးပဲ”
ရွှယ်ဝမ်၏ မျက်လုံးများက ဝင်းလက်သွားသည်။
မည်သို့ပင်ဆိုစေ သူက အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးဖြစ်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက အားမနည်းပေ။ တိုက်ခိုက်ရည်မှာ သူ၏ ပါရမီအရည်အချင်းက ထူးချွန်ထက်မြက်သည်ဟု ဆိုနိုင်သည်။
ကြယ်တာရာအကျဉ်းထောင်က ဆူကျူးကို ချုပ်နှောင်ထားနိုင်သရွေ့ အဲဒါက အသက်တစ်ရှိုက်စာသာ ဖြစ်သည်ဆိုလျှင်တောင် သူသည် အခြေအနေကို အသုံးချကာ တစ်ဖက်သူကို ဒဏ်ရာအပြင်းအထန် ရရှိစေနိုင်မည်ဖြစ်သည်။
ကြယ်တာရာအကျဉ်းထောင်သည် အစကတည်းက သေစေနိုင်စွမ်းအား မရှိပေ။
၎င်း၏ အဓိကရည်ရွယ်ချက်မှာ တစ်ဖက်သူ၏ ကိုယ်ကာယကို ချုပ်နှောင်ထားရန်ဖြစ်သည်။ အဲဒါသည် အချိန်နှင့် လေဟာနယ်ကို ချိပ်ပိတ်လိုက်ရုံသာမက တစ်ဖက်ကျင့်ကြံသူ၏ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်ကိုလည်း ချိပ်ပိတ်ထားနိုင်လေသည်။
အဲဒါသည် တစ်ဖက်သူ၏ နည်းလမ်းများအားလုံးကို ပိတ်ဆို့တားဆီးလိုက်ခြင်းနှင့် တူညီသည်။
တစ်နည်းအားဖြင့်ဆိုသော် တစ်ဖက်သူသည် သူ၏ အားအနည်းဆုံးအခိုက်အတန့်မှာ ရှိနေပေလိမ့်မည်။
ရွှယ်ဝမ်သည် သွေးရောင်ဆေဘာတစ်လက်ကို ထုတ်ယူပြီး ဆူဇီမို၏ ဦးခေါင်းကို ခုတ်ပိုင်းဖို့ ပြင်လိုက်၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် ဆူဇီမို၏ မျက်လုံးထဲမှ သရော်တော်တော်အကြည့်တစ်ခုကို ရုတ်တရက် တွေ့မြင်လိုက်ရသည်။
“ဟမ်”
ရွှယ်ဝမ်က ထိတ်လန့်သွား၏။
ပုံမှန်အခြေအနေမှာဆို ကြယ်တာရာအကျဉ်းထောင်၏ သက်ရောက်မှုအောက်မှာ သူတို့သည် ဤကဲ့သို့သော စိတ်ခံစားချက်များကိုပင် ထုတ်ဖော်နိုင်မည် မဟုတ်ပေ။
“မဟန်တော့ဘူး”
ရွှယ်ဝမ်က ဆူဇီမိုရှေ့သို့ ရောက်ရှိလာစဥ်မှာပင် သူက ကြောက်စရာကောင်းသော ခန့်မှန်းချက်တစ်ခုကို ရုတ်တရက်တွေးမိသွား၏။
ဆူဇီမိုသည် ကြယ်တာရာအကျဉ်းထောင်ဖြင့် သက်ရောက်ခြင်း လုံးဝခံမနေရပေ။
ထိုအတွေးပေါ်ထွက်လာသည့် ခဏမှာပင် ဆူဇီမိုက ရုတ်တရက်လက်လှမ်းပြီး သူ၏ လည်ပင်းကို ဖမ်းဆွဲကာ ခွန်အားအနည်းငယ် ပို့လွှတ်လိုက်၏။
ရွှယ်ဝမ်၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက ချက်ချင်းပင် ပျက်ပြယ်သွားပြီး သူ၏ တစ်ကိုယ်လုံးက ပျော့ခွေသွားသည်ဟု ခံစားလာရ၏။ သူ၏ ဆေဘာကလည်း လက်ထဲကနေ လွတ်ကျသွားသည်။
“အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ရွှယ်ဝမ်၏ မျက်လုံးနှစ်ဖက်က မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်နေ၏။
လွန်ခဲ့သည့် နှစ် ၈၀၀က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆူကျူးသည် သူ၏ ကြယ်တာရာအကျဉ်းထောင်ကို ကိုင်တွယ်ဖို့အတွက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်ခဲ့ရသည်။
သို့သော်ယခု သူ၏ ကြယ်တာရာအကျဉ်းထောင်က ဆူဇီမိုအပေါ် လုံးဝမသက်ရောက်နိုင်တော့ပေ။
သုခဘုံလေဟာနယ်နယ်ပယ်သို့ ဝင်ရောက်လာသော ဆူဇီမိုမှာ သူ၏ အခြေခံအုတ်မြစ်အဖြစ် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ ရှိနေသည်။ သူ၏ မျိုးဆက်သွေးကို အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုးခုက ဆေးကြောသန့်စင်ပေးထားပြီး သူ့ခန္ဓာကိုယ်၏ ခွန်အားသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ရောက်ရှိနေပြီဖြစ်သည်။
ကြယ်တာရာအကျဉ်းထောင်က အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်သော်လည်း ၎င်းသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာရှိသော ကိုယ်ကာယနှင့် မျိုးဆက်သွေးအပေါ် သက်ရောက်စေနိုင်မည် မဟုတ်ပေ။
လက်ရှိ ဆူဇီမိုသည် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးသက်သက်နှင့်ပင် ပကတိစိတ်ဝိညာဉ်တစ်ဦး၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ထိပ်တိုက်ရင်ဆိုင်နိုင်သည်ဟုဆိုလျှင် လွန်ရာကျမည် မဟုတ်ပေ။
ဆူဇီမိုသည် ရွှယ်ဝမ်နှင့် ဆက်လက်၍ အချိန်ဖြုန်းမနေပေ။ သူ၏ လက်ဖဝါးထဲမှ ဓားချီက ရွှယ်ဝမ်၏ အသိစိတ်ထဲသို့ တလိပ်လိပ်တိုးဝင်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို သတ်ဖြတ်လိုက်၏။ သူက အကောင်းတိုင်းရှိနေသော တာအိုသစ်သီးကို ဆွဲထုတ်ပြီး သိမ်းဆည်းကာ လှည့်ထွက်လာခဲ့သည်။
သူက လာရာလမ်းတိုင်း ပြန်လှည့်လာပြီး အနီးနားဝန်းကျင်မှာ မည်သူတစ်ဦးတစ်ယောက်မှ မရှိတော့ပေ။ သွေးကမ္ဘာ၊ အဆိပ်ကမ္ဘာနှင့် အုတ်ဂူကမ္ဘာတို့မှ ရှင်သန်ကျန်ရစ်ခဲ့သော ပကတိစိတ်ဝိညာဉ်များက ခြေဦးတည့်ရာ ထွက်ပြေးသွားခဲ့ကြပြီဖြစ်သည်။
သူတို့သုံးယောက်သည် တိုက်ပွဲမြေကို ရှင်းလင်းပြီး ဆက်လက်၍ ခရီးဆက်ခဲ့ကြသည်။
အဲဒါက နေ့အချိန်ဖြစ်သောကြောင့် သူတို့သုံးယောက်၏ အလျင်အဟုန်က တိုးလာပြီး သူတို့၏ လိုရာပန်းတိုင်ကို သိပ်မကြာခင် ရောက်ရှိလာကြ၏။
ပေမင်ရွှယ်နှင့် မူလျန်က အနီးနားဝန်းကျင်မှာ ငရဲကြည်လင်အေးမြစိမ့်စမ်းကို ရှာဖွေနေကြသည်။ ဆူဇီမိုက တင်ပျဥ်ခွေထိုင်ပြီး သူ၏ ညာဘက်မျက်လုံးက အဖြူရောင်ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေကာ အလျှံညီးညီးအလင်းတစ်ခုကို ထုတ်ဖော်ထားသည်။
ည ဆင်းသက်လာသောအခါ သူ၏ ဘယ်ဘက်မျက်လုံးထဲရှိ တမလွန်မီးရောင်ကျောက်တုံးက ဘေးပတ်ဝန်းကျင်မှာရှိသော အမှောင်စွမ်းအားကို အဆက်မပြတ်စုပ်ယူနေ၏။
နေ့အချိန်ရောက်သောအခါ ညအမှောင်က ပျောက်ကွယ်သွားပြီး သူ၏ ညာဘက်မျက်လုံးထဲရှိ မီးပဒေသာကျောက်တုံးက ပေါ်ထွက်လာကာ ဘေးပတ်ဝန်းကျင်မှာရှိသော အလင်းစွမ်းအားကို စုပ်ယူနေသည်။
ဆူဇီမို၏ လက်ရှိကျင့်ကြံမှုနယ်ပယ်အရ သူသည် ဂမ္ဘီရကျောက်တုံးနှစ်တုံး၏ စွမ်းအားကို အပြည့်အဝ မလှည့်ပတ်နိုင်ပေ။
သို့သော်လည်း သူသည် ဤဖြစ်စဉ်ကို အသုံးချကာ အမှောင်နှင့် အလင်း၏ စွမ်းအားကို စေ့စေ့စပ်စပ် အာရုံခံနိုင်လေသည်။
အမှောင်နှင့်အလင်း…
တစ်ခုက ယင်၊ တစ်ခုက ယန်…
တမလွန်မီးရောင်နှင့် မီးပဒေသာ…
အနန္တယင်ယန်…
ဆူဇီမိုသည် ဤနေရာမှာ နေ့နှင့်ည၏ ပြောင်းလဲမှုများကို အာရုံခံကြည့်နေ၏။ အလင်းနှင့်အမှောင်က တစ်လှည့်စီပြောင်းလဲနေပြီး သူက ထိုဖြစ်စဥ်ကို ယင်ယန်အဆောင်သုတ္တန်နှင့် ယှဉ်တိုက်ကြည့်နေ၏။ တဖြည်းဖြည်းနှင့် သူ၏ ရင်ထဲမှာ နားလည်ဆင်ခြင်မှုတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။