အခန်း (၁၀၅)
Vol. 9 Ch. 105
အပြင်ဘက်တွင် ညနေစောင်းလာသည်နှင့်အမျှ လုနန်သည် အလုပ်လုပ်နေသော စစ်သားများကို ညစာစားရန် ဖိတ်ခေါ်ခဲ့သည်။ အန်တီဝူသည် ချက်ပြုတ်ရေးကို တာဝန်ယူပြီး အစားအစာများကို ကျွေးမွေးခဲ့သည်။
စစ်သားများသည် အစပိုင်းတွင် များများစားချင်စိတ် မရှိခဲ့သော်လည်း တစ်လုတ်လောက် စားကြည့်ရန် တိုက်တွန်းခံရသည်နှင့် သူတို့သည် အစားအစာများကို လျင်မြန်စွာ စားသုံးခဲ့ကြရာ သူတို့၏ လျှာများကိုပင် ကိုက်မိမတတ်ဖြစ်သွားကြသည်။
သူတို့၏ ထမင်းစားခြင်း ပြီးဆုံးသွားသောအခါ စစ်သားများသည် တစ်ယောက်ကိုတစ်ယောက် အနေရခက်စွာ ပြုံးပြကြသည်။ လုနန်သည် သူတို့ကို လက်ဖက်ရည် ကမ်းလှမ်းရင်း ပြောလိုက်သည်။
"စားနိုင်တာက ကောင်းချီးတစ်ခုပါပဲ။ ဘယ်သူမှ ကျွန်မအမေရဲ့ ချက်ပြုတ်ကျွမ်းကျင်မှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
"ကျေးဇူးတင်ပါတယ် ရဲဘော် လု။ လက်ထောက် တပ်ရင်းမှူး ဖေးကို ပြောပေးပါ၊ ကျွန်တော်တို့ အခု တပ်စခန်းကို ပြန်တော့မယ်လို့"စစ်သားတစ်ဦးက ပြောခဲ့သည်။
လုနန်၏ တောင်းဆိုချက်အရ စစ်သားများသည် သူမကို ရဲဘော်လု ဟု ခေါ်ဝေါ်ကြသည်။ သို့သော် ဤပါးနပ်သောသူသည် လက်ထောက်တပ်ရင်းမှူး ဖေး၏ ရာထူးကို အဆင်ပြေသလို ချန်လှပ်ထားခဲ့ပြီး လုနန်ကလည်း သူ့ကို မပြင်ပေးခဲ့ပေ။
လုနန်က ပြန်ပြောလိုက်သည်။ "ကောင်းပြီ၊ မြန်မြန်ပြန်ပြီး အနားယူကြတော့"
စစ်သားများက ပြန်ပြောသည်။ "ရဲဘော်လုတို့လည်း ဂရုစိုက်ပါ"
ထိုသို့ပြောပြီးနောက် စစ်သားများသည် သူတို့၏ ပေါက်ပြားများနှင့် ကိရိယာများကို ထမ်းကာ ထွက်ခွာသွားကြသည်။
အတွင်းသို့ ပြန်ရောက်သောအခါ ဖေးကျီအန်းနှင့် ရှောင်ရှတို့ အောက်ထပ်သို့ ဆင်းလာကြသည်။ လုနန်သည် ချဉ်းကပ်သွားပြီး ရှောင်ရှ၏ တင်ပါးကို ပုတ်လိုက်ကာ မေးလိုက်သည်။
"သူ့အနှီး လဲပေးပြီးပြီလား။ အိုး… ရှင်တို့နှစ်ယောက်လုံး အနံ့ဆိုးတွေထွက်နေတာပဲ။ ကျွန်မနဲ့ ခပ်ဝေးဝေးနေ"
ဖေးကျီအန်း၏ နှုတ်ခမ်းသည် အနည်းငယ် တည်တင်းသွားခဲ့သည်။
သို့သော် လုနန်သည် ဖေးကျီအန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိမပြုမိခဲ့ပေ။ သူမသည် စာအုပ်များကို ထပ်ခိုးရှိ စာကြည့်ခန်းသို့ အလုပ်ရှုပ်စွာ ရွှေ့ပြောင်းနေခဲ့သည်။ သူမ၏ စိတ်ထဲတွင် ဖေးကျီအန်း သည် မည်မျှအားကိုးရသည်ကို အံ့သြနေမိသည်။ တစ်ရက်အတွင်းမှာပင် စာကြည့်ခန်းသည် ပုံပေါ်လာခဲ့ပြီး သူမလိုချင်သော အပြင်အဆင်မှာလည်း လုံးဝနီးပါး ပြန်ရရှိနေပြီဖြစ်သည်။
ယခုအခါ စားပွဲတစ်လုံးနှင့် ဆိုဖာအသေးတစ်လုံးသာ လိုတော့သည်။
ဖေးကျီအန်းသည် လုနန်၏ နောက်တွင်ရပ်လျက် ရှောင်ရှကို ချီထားပြီး တံခါးဘောင်ကို မှီကာ လုနန် စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ရွှေ့နေသည်ကို အေးအေးလူလူ ကြည့်နေသည်။
လုနန် & “...” ?? အရမ်းစိတ်တိုဖို့ကောင်းတယ်။
မတရားခံရသည်ဟု ခံစားရသော လုနန်သည် ထပ်ခိုး၏ သစ်သားကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူမနှင့် အန်တီဝူ နှစ်ဦးလုံးသည် သန့်ရှင်းရေးကို အလွန်ဂရုစိုက်သူများဖြစ်ပြီး သူတို့အိမ်၏ ကြမ်းပြင်သည် သန့်ရှင်းနေသောကြောင့် ထိုနေရာတွင် ထိုင်ခြင်းသည် ညစ်ပတ်ခြင်းမရှိပေ။
ဖေးကျီအန်းသည် ရှောင်ရှကို ချီလျက် လျှောက်ဝင်လာပြီး လုနန်ကို အပေါ်မှ မိုးကြည့်နေသည်။
လုနန် သူမ၏ လက်ညှိုးဖြင့် သူ့ကို ခေါ်လိုက်သည်။ "ဒီကိုလာ၊ ရှင့်အတွက် ကောင်းတာတစ်ခုရှိတယ်"
ဖေးကျီအန်း ထိုင်ချလိုက်သည်။ လုနန်သည် သူ့လက်ထဲမှ ရှောင်ရှ ကို လျင်မြန်စွာ ယူလိုက်ပြီး မတ်တပ်ရပ်ကာ စနောက်ပြောဆိုလိုက်သည်။
"ဟမ့်၊ အခု ကျွန်မက ကလေးချီထားတော့ ရှင်အလုပ်လုပ်ရမယ့် အလှည့်ပေါ့။ သွားပြီး အဲ့ဒီစာအုပ်တွေကို ရွှေ့လိုက်၊ ဖေဖေ"
မြန်ဆန်မှုတွင် မည်သူမျှ ဖေးကျီအန်းကို မယှဉ်နိုင်ပေ။ လုနန် မတုံ့ပြန်နိုင်မီမှာပင် သူမနှင့် ရှောင်ရှတို့သည် ဖေးကျီအန်း၏ လက်မောင်းများထဲသို့ ရောက်ရှိနေပြီဖြစ်သည်။
ဖေးကျီအန်းသည် လုနန်ကို နံရံသို့ တွန်းကပ်လိုက်ပြီး ရှောင်ရှသည် သူတို့နှစ်ဦးကြားတွင် ရှိနေသည်။ သူတို့၏ အသက်ရှုသံများသည် ရောယှက်နေပြီး သေးငယ်သော ထပ်ခိုးထဲတွင် အသေးငယ်ဆုံးသော အသက်ရှုသံများပင် ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
“အား .. အား” ရှောင်ရှသည် သူမ၏ ကြီးမားနက်မှောင်သော မျက်လုံးများဖြင့် ကောင်းကင်ပြတင်းပေါက်ကို စူးစမ်းစွာ စိုက်ကြည့်နေပြီး အလယ်တွင် သူမကို ညှပ်ထားသော မိဘများကို လျစ်လျူရှုထားသည်။
ဖေးကျီအန်း၏ နက်ရှိုင်းသော အသံသည် လုနန်၏ နားထဲသို့ တိုးဝင်လာသည်။
"လူလိမ်လေး၊ မင်းကတိဖျက်ရဲတယ်လား"
လုနန် - “...”
ဒါက မတရားဘူး !
သူမသည် ဖေးကျီအန်း၏ နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်။ "ကောင်းပြီ၊ ဒါဆို ရပြီလား?"
ဖေးကျီအန်းသည် သူမကို မလွှတ်ပေးသေးပေ။ လုနန် သည် စိတ်လှုပ်ရှားလာသဖြင့် ခြေဖျားထောက်လိုက်ပြီး ဖေးကျီအန်း၏ နှုတ်ခမ်းကို ခပ်ဖွဖွ နမ်းလိုက်သည်။ သူမ ဆုတ်ခွာမည်အပြုတွင် ဖေးကျီအန်းသည် အနမ်းကို ပိုနက်ရှိုင်းစေခဲ့ပြီး သူတို့၏ နှုတ်ခမ်းများသည်လည်း ရောယှက်သွားကြသည်။
ဖေးကျီအန်၏ ကြီးမားသော လက်သည် ရှောင်ရှ၏ မျက်လုံးများကိုပင် ဖုံးအုပ်ထားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ရှောင်ရှသည် သမ်းဝေလိုက်သည်။ ထိုအခါမှ ဖေးကျီအန်းသည် လုနန်ကို လွှတ်ပေးလိုက်ပြီး သူမ ချော်လဲသွားမည်စိုး၍ သူမ၏ ခါးကို ဖေးမပေးကာ ပြောလိုက်သည်။
"လိမ်ညာတဲ့အတွက် အပြစ်ပေးသင့်တယ် မဟုတ်ဘူးလား၊ နန်နန်"
လုနန် - “...” ဟွန့်! နှာဘူး အဘိုးကြီ။
သူမတို့ စနောက်ကစားနေသည့် အခိုက်အတန့်ပြီးနောက် သူမတို့နှစ်ဦးသည် ကြမ်းပြင်ပေါ်တွင် ထိုင်နေကြပြီး စာအုပ်များစွာသည် ပတ်လည်တွင် ပြန့်ကျဲနေသည်။ ဖေးကျီအန်းသည် ကဗျာပေါင်းချုပ်စာအုပ်တစ်အုပ်ကို ကောက်ယူပြီး လုနန်ကို ပေးကာ ပြောလိုက်သည်။
"နောက်တစ်ခေါက် ဖတ်ပြပါဦး"
လုနန်သည် စနောက်ခံရပြီးနောက် ရှက်ရွံ့သွားပြီး ခေါင်းကို ခေါင်းမာစွာ လွှဲဖယ်လိုက်သည်။ "ကျွန်မ မဖတ်ဘူး"
အမှန်တကယ်တွင် သူမသည် အကြောင်းပြချက်မရှိဘဲ ရှက်နေမိသည်။ သူမသည် ယခင်က ဤစာအုပ်ထဲမှ ကဗျာများကို ဖေးကျီအန်း အား ဖတ်ပြခဲ့ဖူးပြီး သူတို့သည် ကဗျာဖတ်ခြင်းထက် ပိုမိုရင်းနှီးကျွမ်းဝင်သော အရာများကို လုပ်ဆောင်ခဲ့ကြသည်။ သူမတို့သည် အတူတကွ ရောယှက်ပူးကပ်ခဲ့ကြပြီး အနမ်းများ မျှဝေခဲ့ကြကာ ယခု ကလေးတစ်ယောက် ရရှိပြီးနောက်တွင် ကဗျာတစ်ပုဒ် ဖတ်ရုံဖြင့် သူမ ဘာကြောင့် ရှက်ရွံ့နေမိသည်ကို နားမလည်နိုင်ဖြစ်နေသည်။
ဖေးကျီအန်းသည် အတင်းမတိုက်တွန်းခဲ့ပေ။ သူသည် ကဗျာပေါင်းချုပ်စာအုပ်ကို အခြားစာအုပ်များကြားတွင် ထားလိုက်ပြီး စာတစ်ရွက်ကို ထုတ်ယူကာ သူ၏ ရင်ဘတ်အိတ်ကပ်ထဲမှ ဘောပင်တစ်ချောင်းကို ဆွဲထုတ်၍ စာရွက်ပေါ်တွင် “ချန်း”၊ “ကျန့်”၊ “ပေါင်း”၊ “ယွီ” ကဲ့သို့သော စာလုံးအချို့ကို ရေးချလိုက်သည်။
"ဒါက ဘာလဲ" လုနန် နားမလည်စွာဖြင့် မေးလိုက်သည်။
"ဘယ်စာလုံးက အကောင်းဆုံးလို့ မင်းထင်လဲ" ဖေးကျီအန်းက သူမကို မေးလိုက်သည်။
လုနန် ခေါင်းခါလိုက်သည်။ "အားလုံးက လှပတဲ့ အဓိပ္ပာယ်တွေရှိတယ်။ ကျွန်မ မရွေးနိုင်ဘူး"
"ဒါဆို ‘ချန်း’ ကို သုံးကြရအောင်။ ဒီစာလုံးက အကောင်းဆုံးပဲ။ မင်းက ကိုယ်တို့သမီးကို 'ရှ' ဆိုတဲ့ နာမည်ပေးပြီး ငါက သူ့ကို 'ချန်း' ဆိုတဲ့ နာမည်ပေးမယ်။" ဖေးကျီအန်း သည် 'ရှ' ဟူသော စာလုံးကို သီးခြားကိုင်ထားပြီး ရှောင်ရှ၏ နှာခေါင်းကို ခပ်ဖွဖွတို့ကာ ပြောလိုက်သည်။
"ဒီနေ့ကစပြီး မင်းနာမည်က ဖေးရှချန်း ဖြစ်သွားပြီ"
"ဖေးရှချန်း၊ နာမည်လေးက ချစ်စရာလေး"
ခဏစဉ်းစားပြီးနောက် လုနန်သည် ရှောင်ရှကို အိပ်ခန်းသို့ ပြန်ခေါ်သွားပြီး ပုခက်ထဲတွင် ထားလိုက်သည်။ ထို့နောက် သူမသည် သူမ ဦးလေးပေးခဲ့သော ကျောက်ပန်းဆွဲသီးနှစ်ခုကို ထုတ်ယူလိုက်ရာ တစ်ခုတွင် မည်သည့်စာလုံးမှ မထွင်းထားဘဲ အခြားတစ်ခုတွင်မူ ထောင့်တစ်နေရာ၌ “ပဲနီ” ဟူသော စာလုံးများ ထွင်းထုထားသည်။
ထပ်ခိုးသို့ ပြန်ရောက်သောအခါ သူမ ထိုင်ချလိုက်ပြီး ကျောက်ပန်းဆွဲသီးများကို ဖေးကျီအန်းအား ပြကာ သူမ၏ စိတ်ပျက်မှုကို ဖော်ပြလိုက်သည်။
"ဒါတွေက ကျွန်မဦးလေးက ကလေးတွေကို လက်ဆင့်ကမ်းပေးဖို့ ပေးခဲ့တာ။ ကျွန်မက သူတို့နာမည်တွေကို ကျောက်ပေါ်မှာ ထွင်းချင်တာ၊ ဒါပေမဲ့ စာထွင်းပေးမယ့် လက်သမားကို ရှာမတွေ့ဘူး"
ဖေးကျီအန်းသည် လုနန်ကို ပွေ့ဖက်လိုက်ပြီး “ပဲနီ” ဟု ထွင်းထုထားသော ကျောက်ပန်းဆွဲသီးကို ကောက်ယူကာ ညင်သာစွာ ပွတ်သပ်လိုက်သည်။ ခဏတာ တိတ်ဆိတ်နေပြီးနောက် သူသည် သက်ပြင်းချလိုက်ပြီး ရွတ်ဆိုလိုက်သည်။
"လှပကျော့ရှင်းတဲ့ အန်စာတုံးလေးထဲမှာ မြှုပ်ထားတဲ့ ပဲနီလေးလိုပဲ၊ အရိုးထဲထိစိမ့်ဝင်နေတဲ့ လွမ်းဆွတ်ခြင်းတွေ ဘယ်လောက်တောင် နက်ရှိုင်းလဲဆိုတာ မင်းသိရဲ့လား"
"ပဲနီလေးရယ်၊ မင်းသိရဲ့လား"
ထိုစာကြောင်း၌ အဓိပ္ပာယ်နှစ်ခွပါဝင်နေသည်။
လုနန် သူ့လက်မောင်းများအတွင်း ပွေ့ဖက်ခံထားရရင်း တောင့်တင်းသွားသည်။ သူမ၏ ပါးပြင်နှင့် လည်ပင်းထက်သို့ သူ့အသက်ရှုငွေ့နွေးနွေးတို့က ကျရောက်နေစဉ် သူ့ကိုယ်ပေါ်မှ လတ်ဆတ်သောရနံ့ကို ရှူရှိုက်မိနေသည်။
ကယ်ကြပါဦး!
သူမ အသားတစ်တုံးကဲ့သို့ ခံစားနေရလေသည်…
စူးစမ်းလိုစိတ်ဖြင့် သူမသည် "ကျွန်မ မသိဘူး" ဟုပြောလိုက်ပါက အကိုက်ခံရမည်လားဟု တွေးမိလိုက်သည်။
သူမသာ စနောက်လိုစိတ်ဖြင့် "ကျွန်မ မသိဘူး" ဟု ပြောလိုက်ပါက ထိုအကျိုးဆက်ကို အမှန်တကယ် ရရှိမည်လား သိချင်စိတ် ရုတ်တရက် ဖြစ်ပေါ်လာသည်။ သူမသည် ညင်သာစွာ ချောင်းဟန့်ပြီး ပြောလိုက်သည်။
"အင်း... ဒီကဗျာထဲမှာ 'ပဲနီ' ဆိုတာ တကယ့်ပဲနီလေးတွေကို ရည်ညွှန်းတာမဟုတ်ဘဲ အန်စာတုံးပေါ်က အနီစက်တွေကို ကဗျာဆရာက ပဲနီလေးတွေအဖြစ် တင်စားသုံးနှုန်းထားတာ။ ပဲနီလေးတွေက သိလားလို့ မေးရင်တော့ သူတို့က မသိလောက်ဘူးထင်တယ်၊ ဟုတ်တယ်မလား"
ဖေးကျီအန်း၏ လေသံက အန္တရာယ်အငွေ့အသက် ပါလာသည်။ "အိုး ဟုတ်လား။ ဒါဆိုရင်တော့ ကိုယ့်ကို အသိဉာဏ်အလင်းဖွင့်ပေးတဲ့အတွက် ကျေးဇူးတင်ရမှာပေါ့။"
"ဟား ဟား၊ အဲ့ဒီလောက်တော့ မလိုပါဘူး။"
စမ်းသပ်မှုအဆုံးတွင် ဖေးကျီအန်းက သူမကို မကိုက်ခဲ့သော်လည်း လုနန်သည် တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိပြီး ထွက်ပြေးရန် အကောင်းဆုံးဖြစ်ကြောင်းကို သူမ၏ ပင်ကိုယ်အသိစိတ်က ခံစားမိလိုက်သည်။
သူ့ရင်ခွင်ထဲမှ လွတ်မြောက်ရန် ကြံစည်နေစဉ်မှာပင် ဖေးကျီအန်းက သူမကို နောက်သို့ဆွဲပြီး စနောက်ကာ ပြောလိုက်သည်။ "ဘယ်ကို ထွက်ပြေးမလို့ ကြံနေတာလဲ။"
လုနန် - “…”
သေချာပေါက် အန္တရာယ်ရှိနေတာကြောင့် သူမ ထွက်ပြေးချင်တာပေါ့!
သူမ တိတ်ဆိတ်နေသည်ကို သတိပြုမိသောအခါ ဖေးကျီအန်းက သူမကို ပွေ့ချီပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ မင်း ခန့်မှန်းတာ တော်တော်မှန်တယ်။"
လုနန် - “…”
ဖေးကျီအန်းသည် လုနန်ကို အိပ်ခန်းဆီသို့ ပွေ့ချီသွားပြီး ကုတင်ပေါ်တွင် ချပေးကာ သူမ၏ ရှပ်အင်္ကျီကြယ်သီးများကို ဖြည်းညင်းစွာ ဖြုတ်လိုက်သည်။
…ကယ်ကြပါဦး။ ဒီအဘိုးကြီးက ဆက်စီကျလွန်းတယ်။ မသပ်ရပ်သော စစ်ဝတ်စုံကပင် သူ၏ဆွဲဆောင်မှုကို မဖုံးကွယ်နိုင်ပေ။
ဖေးကျန့်က ရှောင်ရှသည် တာ့ကျီပြန်ဝင်စားသူဟု မကြာခဏ ပြောလေ့ရှိသော်လည်း လုနန်ကမူ ရှောင်ရှ၏ ဖခင်အရင်းက ယောက်ျား တာ့ကျီနှင့် ပိုတူသည်ဟု ထင်မိသည်။
“ဝါး ဝါး ဝါး…”
ရှောင်ရှ၏ ငိုသံက သူတို့နှစ်ဦးကို ကြားဖြတ်နှောင့်ယှက်လိုက်သည်။
လုနန် စိတ်သက်သာရာရသလို သက်ပြင်းချကာ ပြောလိုက်သည်။ "ကလေး ငိုနေပြီ။ သွားချော့လိုက်ဦးမယ်။"
သို့သော် ရှောင်ရှသည် အနည်းငယ်ငိုပြီးနောက် ပြန်အိပ်ပျော်သွားသည်။ လုနန် နားမလည်နိုင်အောင် ဖြစ်သွားသည်။ ကလေး ငိုနေတယ်လို့ သူမ အိပ်မက်မက်နေတာလား။
ဖေးကျီအန်းက သူမကို ရယ်ချင်သလို ကြည့်လိုက်သည်။ လုနန်က သူ့အား ချိုသာစွာပြုံးပြပြီး နှုတ်ခမ်းကို တစ်ချက်နမ်းလိုက်သည်။ "ကောကော ကျွန်မကို ချမ်းသာပေးပါ။ မနက်ဖြန်ကျရင် ဒါရိုက်တာလန်နဲ့ ဈေးသွားရမှာ။ တောင်ပေါ်လမ်းအရှည်ကြီးကို လမ်းလျှောက်ရမယ်လို့ ကြားတယ်။"
ဖေးကျီအန်းက ပြန်ပြောလိုက်သည်။ "ဒါဆိုရင် မင်းကို ညှာညှာတာတာ ဆက်ဆံပေးမယ်လေ။"
သူမ သူ့ကို ကျေးဇူးတင်သင့်လားဟု လုနန် တွေးတောမိသည်။
နောက်တစ်နေ့နံနက်တွင် လုနန်သည် အဝတ်အိတ်တစ်လုံးကိုယူကာ ဒါရိုက်တာလန်နှင့် သဘောတူထားသော လမ်းဆုံသို့ ရောက်လာခဲ့သည်။ သူမ ရောက်သောအခါ ဒါရိုက်တာလန် တစ်ယောက်တည်းကိုသာမက ဟူမေ့၊ လျိုအာ့နျို၊ ဝမ်ရှိုကျစ်နှင့် လုနန် မသိသော အမျိုးသမီးအချို့ကိုပါ တွေ့လိုက်ရသည်။
ဒါရိုက်တာလန်က လုနန်ကို ဆွဲခေါ်ပြီး ပြုံးလျက် ပြောလိုက်သည်။ "လဆန်းတစ်ရက်နဲ့ ဆယ့်ငါးရက်နေ့တွေက ထောက်ပံ့ရေးဌာနက အပြင်ထွက်ပြီး ဝယ်ယူရေးလုပ်တဲ့နေ့တွေပဲ။ အားလုံးက ဒီအခွင့်အရေးကိုယူပြီး တောင်အောက်ဆင်းပြီး ပစ္စည်းတွေ ဝယ်ကြတာ။"
"သွားကြစို့ ရဲဘော်တို့။ ငါတို့ အဘိုးကြီးယွီကို စောင့်ခိုင်းထားတာ ကြာနေပြီ။" ဒါရိုက်တာလန်က အားလုံးကို လှမ်းခေါ်လိုက်သည်။
သူတို့သည် လယ်ကွင်းများကို ဖြတ်ကျော်ကာ မြစ်ကမ်းနားသို့ ရောက်ရှိလာကြသည်။ ဒါရိုက်တာလန်သည် နေရောင်ကိုကာရန် လက်ကိုမြှောက်လိုက်ပြီး မြစ်ပြင်ကို လှမ်းကြည့်ကာ ရေထဲတွင် ကစားနေသော ကလေးအချို့ကို လက်ညှိုးထိုးပြလိုက်သည်။
"အာ့နျို၊ ရှိုကျစ်၊ ဟိုကလေးတွေက ရှန့်လန်နဲ့ နင်တို့သားတွေ ဟုတ်မဟုတ် ကြည့်စမ်း။"
"တကယ်ဟုတ်နေတာပဲ။ သူတို့အားလုံး ရေနက်ပိုင်းမှာ ဘာလို့ရောက်နေကြတာလဲ။"
စိတ်မြန်လက်မြန်ရှိသော လျိုအာ့နျိုသည် သူမ၏ ကောက်ရိုးဖိနပ်ကို မြှောက်ကိုင်လိုက်ပြီး မြစ်ကမ်းနားသို့ အပြေးသွားကာ အော်ဟစ်လိုက်သည်။
"ကျောက်တျောက်ပေါင်း၊ ကျောက်ကွမ်းတျဲ၊ နင်တို့နှစ်ယောက် အသက်ရှင်ရတာ ပျင်းနေကြပြီလား။ ရှန့်လန် ကို မြစ်ထဲခေါ်ပြီး ရေကစားရဲတယ်ပေါ့လေ။ ဒီကိုလာစမ်း။"
လုနန် - “…”
သူမ၏ ကလေးများ ကြီးပြင်းလာသောအခါ သူမသည် အရမ်းပြင်းထန်သော ကျားတစ်ကောင်လို မိခင်တစ်ယောက်(Tiger mom (ကျားမိခင်) - စည်းကမ်းတင်းကြပ်ပြီးကလေးကို အရမ်းကာကွယ်တတ်တဲ့ မိခင်) မဖြစ်လာရန် မျှော်လင့်မိသည်။
ထို့နောက် ဖေးကျန့်သည် မည်သို့သောလူစားမျိုးဖြစ်သည်ကို သူမ တွေးမိသည်။ သူသည် ရှောင်ဟွိုက် ကို မကောင်းမှုများပြုလုပ်ရန် အလွယ်တကူ ဦးဆောင်နိုင်ပြီး ရှောင်ဟွိုက် ကြီးလာသောအခါ သူ၏ အိုင်ကျုး မြင့်မားပုံနှင့်ဆိုလျှင်… ဉာဏ်ပညာနှင့် သတ္တိကို ယှဉ်ပြိုင်ရသည့်အခါ အဓိကဇာတ်လိုက်နှင့် မူလနံပါတ်တစ်ဗီလိန်တို့၏ ပေါင်းစပ်မှုကို သူမ အမှန်တကယ် ယှဉ်နိုင်ရန် ခက်ခဲပေလိမ့်မည်။
လုနန်သည် သူမ၏အနာဂတ် ဆံပင်အတွက် စတင်စိုးရိမ်လာသည်။
လျိုအာ့နျို၏ သားနှစ်ယောက်သည် မောဟိုက်စွာဖြင့် ကြောက်လန့်တကြား ပြေးလာကြပြီး အခြားကလေးများက သူတို့ကို ဝိုင်းရယ်ကြသည်။ သုံးစက္ကန့်အတွင်း သူတို့သည် သူတို့မိခင်နှင့် မျက်လုံးချင်းဆုံသွားကြသည်။ လိမ္မာသော ကလေးနှစ်ယောက် သုံးယောက်က တိတ်ဆိတ်စွာ လျှောက်လာကြသည်မှလွဲ၍ ကျန်ကလေးများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။
ကမ်းပေါ်သို့ ပထမဆုံးတက်လာကြသူများမှာ ကျောက်တျောက်ပေါင်းနှင့် ကျောက်ကွမ်းတျဲ့တို့ဖြစ်ပြီး သူတို့၏ မိခင်ဆီသို့ အပြစ်ရှိသောပုံစံဖြင့် ချဉ်းကပ်လာကြသည်။
လျိုအာ့နျိုသည် သူမသားနှစ်ယောက်ကို ဆွဲကာ ဖိနပ်ဖြင့် ရိုက်လိုက်သည်။ "နောက်တစ်ခါ ထပ်လုပ်ရဲသေးလား။"
"မေမေ၊ မရိုက်ပါနဲ့တော့။ နာတယ်။" ကျောက်တျောက်ပေါင်းက သူ့တင်ပါးကို အုပ်ထားလိုက်သည်။ "မနက်ဖြန်ဆို အစ်ကိုကြီးပြန်လာတော့မှာ၊ ကျွန်တော် ကုတင်ပေါ်ကနေ ထနိုင်မှာမဟုတ်တော့ဘူး။ သူ ကျွန်တော့်ကို လှောင်လိမ့်မယ်။"
လျိုအာ့နျိုသည် သူမသား၏ ခေါင်းကို လက်ညှိုးဖြင့်ထိုးကာ ပြောလိုက်သည်။ "နင်! အလှောင်ခံရမှာကြောက်မှန်းတော့ သိသားပဲ၊ ဒါပေမဲ့ ရေနက်ထဲတော့ သွားကူးရဲတယ်ပေါ့လေ။"
သူ့နောက်မှလိုက်လာသော လိမ္မာသည့်ကလေးအချို့သည်လည်း သူတို့၏ မိခင်များဆီသို့ အသီးသီးသွားကြပြီးနောက် သူတို့မိခင်များထံမှ အရိုက်ခံကြရသည်။
ဒါရိုက်တာလန်သည် မည်သူ့ကိုမျှ မရိုက်သော်လည်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ရှန့်လန်၊ နင့်မောင်လေး ဘယ်မှာလဲ။ နင် သူ့ကို အိမ်မှာတစ်ယောက်တည်းထားပြီး အပြင်ထွက်ဆော့နေတာလား။"
"သမီးက သူ့အမေမှ မဟုတ်တာ။ ဘာလို့ တစ်နေကုန် သူ့ကို ထိန်းပေးနေရမှာလဲ။" ရှန့်လန်က ငရုတ်သီးတောင့်လေးလို နှုတ်ခမ်းစူကာ ပြောလိုက်သည်။
ဒါရိုက်တာလန်သည် သူမမြေးမလေးကို ပြင်းပြင်းထန်ထန် မဆူလိုပေ။ ထို့အစား ရှန့်လန်၏ အဝတ်အစားပေါ်မှ ရွှံ့များကို ခါချပေးကာ ပြောလိုက်သည်။
"အပြင်မှာ ဆော့ချင်ရင်တောင် ရေနက်ထဲကို သွားလို့မရဘူး။ အဲ့ဒီနေရာက စစ်သားတွေအတွက်တောင် အန္တရာယ်ရှိတာ။ နင်တို့လို ကလေးတွေဆို ဘာဖြစ်သွားမယ်ထင်လဲ။"
ထက်မြက်သော ကောင်မလေးက မျက်ဖြူလှန်လိုက်ပြီး ဒါရိုက်တာလန်၏ လက်မောင်းကို လှုပ်ယမ်းကာ ပြောလိုက်သည်။ "အဘွား၊ သမီး ရေနက်ထဲကို နောက်မသွားတော့ပါဘူး။ အဘွား ဈေးသွားမလို့လား။ သမီးကို ခေါ်သွားပါလား။"
ရှန့်လန်၏ အားတက်သရောရှိမှုကို ခံစားမိသောအခါ ဒါရိုက်တာလန်၏ စိတ်မှာ နူးညံ့သွားသည်။ "ကောင်းပြီ၊ ကောင်းပြီ၊ ခေါ်သွားမယ်။ အခု အဘွားလက်ကို လွှတ်တော့။"
"ကောင်းလိုက်တ။" ရှန့်လန်က အားတက်သရော အော်လိုက်သည်။ "ဈေးသွားပြီး သကြားလုံးဝယ်ချင်တယ်။"
ကျောက်ညီအစ်ကိုနှစ်ယောက်သည် တံတွေးကို အားနှင့်မျိုချကာ ပြောလိုက်သည်။ "မေမေ၊ သားတို့လည်း ဈေးလိုက်ချင်တယ်။"
ကျောက်ညီအစ်ကိုနှစ်ယောက် ပြောပြီးနောက် အခြားကလေးများသည် သူတို့၏မိခင်များကို တောင့်တစွာဖြင့် ကြည့်ကြသော်လည်း ကလေးများနှင့် လူကြီးများ များပြားသည့်အပြင် ပစ္စည်းများပြန်သယ်လာရန် လိုအပ်သောကြောင့် နေရာအလုံအလောက်မရှိပေ။
လျိုအာ့နျိုက ကောက်ရိုးဖိနပ်တစ်ရန်ကို မြှောက်ကာ ခြိမ်းခြောက်လိုက်သည်။ "အိမ်ပြန်ကြစမ်း။"
"ထုံးစံအတိုင်းပဲ။ မွန်းတည့်ရင် မြစ်တစ်ဖက်ကမ်းမှာ ရှိနေရမယ်၊ ပြီးရင် နင်တို့အမေကို ပစ္စည်းတွေ ကူသယ်ရမယ်။"
ကျောက်ညီအစ်ကိုနှစ်ယောက်က စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။ "နွားလို အလုပ်လုပ်ရဦးမယ်…"
"နွားစာတောင် စားရမှာမဟုတ်ဘူး…"
လျိုအာ့နျိုက ဖိနပ်ကို နောက်တစ်ကြိမ် မြှောက်ကာ သတိပေးလိုက်သည်။ "နင်တို့ ဘာပြောနေတာလဲ။"
ကျောက်ညီအစ်ကိုနှစ်ယောက်သည် လိမ္မာစွာ တိတ်ဆိတ်သွားကြပြီး ရှုံးနိမ့်သူကြီးနှစ်ယောက်ကဲ့သို့ ခေါင်းငိုက်စိုက်ချကာ အိမ်သို့ ပြန်လျှောက်သွားကြသည်။
ကျောက်ညီအစ်ကိုနှစ်ယောက် တိတ်ဆိတ်သွားသောအခါ အခြားကလေးများသည် ဈေးသို့လိုက်ရန် မပူဆာကြတော့ပေ။ ရှန့်လန်မှာမူ မိန်းကလေးဖြစ်သောကြောင့် အမျိုးသမီးများ၏ အပြင်ထွက်ခြင်းတွင် ပါဝင်ခဲ့ပြီး ယောက်ျားလေးများနှင့် ယှဉ်ပြိုင်ရန် မလိုအပ်ဟု ခံစားမိသည်။
လုနန်နှင့် ဒါရိုက်တာလန်တို့ တံတားကို ဖြတ်ကူးပြီးသည်နှင့် လမ်းဘေးတွင် ဝယ်ယူရေးယာဉ်များ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။ အဘိုးကြီးယွီသည် ယာဉ်မောင်းနေရာမှ ထွက်လာပြီး ကုန်တင်ကားနောက်ဖုံးတံခါးကို ဖွင့်ပေးလိုက်ရာ စစ်ဗိုလ်ကတော်များ တစ်ယောက်ပြီးတစ်ယောက် တက်သွားကြသည်။ အရင်တက်နှင့်သူများက နောက်လူများကို ကူညီဆွဲတင်ပေးကြပြီး အားလုံးတက်ပြီးသောအခါ အဘိုးကြီးယွီက တံခါးကို ပြန်ပိတ်လိုက်သည်။
"အစ်မတို့၊ ဂရုစိုက်ကြပါဦး။ သွားကြစို့။"
လုနန်သည် မူလက ဒါရိုက်တာလန်နှင့်အတူ ထိုင်ချင်ခဲ့သော်လည်း ကားပေါ်တက်ချိန်၌ လူတိုင်းက တိုးဝှေ့နေကြသဖြင့် မရင်းနှီးသော စစ်ဗိုလ်ကတော်များ အုပ်စုထဲသို့ တွန်းပို့ခံလိုက်ရသည်။ ဒါရိုက်တာလန်က သူမကို ဆွဲခေါ်ရန် ကြိုးစားသော်လည်း သူတို့သည် တောင်ပေါ်လမ်းပေါ်တွင် ရှိနေသောကြောင့် မတ်တပ်ရပ်ရန် အလွန်အန္တရာယ်များလွန်းသည်။ သူမတို့ လက်လျှော့လိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိခဲ့ပေ။