← Chapters

အခန်း (၁၀၆)

Vol. 9 Ch. 106

အခန်း (၁၀၆)

Vol. 9 Ch. 106

ကုန်တင်ကားသည် တောင်ပေါ်လမ်းတစ်လျှောက် ခုန်ပေါက်မောင်းနှင်နေစဉ် စိမ်းစိုသောရှုခင်းများက လျင်မြန်စွာ ဖြတ်ပြေးသွားသည်။ ကားနောက်ခန်းရှိ အမျိုးသမီးများသည် အေးအေးလူလူ စကားစမြည်ပြောဆိုကြပြီး မကြာမီပင် ခုန်ပေါက်လှုပ်ခါမှုများကို အသားကျသွားကြသည်။

"ဟေး၊ ကြားပြီးကြပြီလား။ အနုပညာအဖွဲ့က ရှောင်စွင်း နဲ့ တပ်ရင်း(၁)က ဒုတပ်ခွဲမှူးတို့ ချစ်ကြိုက်နေကြတယ်လို့ ကြားတယ်။" စစ်ဗိုလ်ကတော်တစ်ဦးက အတင်းပြောလိုက်သည်။

"အာ။ ရှောင်စွင်းနဲ့ ဗိုလ်ကြီးကျိုးတို့က အတွဲတွေလို့ ပြောကြတာ မဟုတ်ဘူးလား။" အခြားစစ်ဗိုလ်ကတော်တစ်ဦးက အံ့ဩတကြီး မေးလိုက်သည်။

"နင်တို့ မသိဘူးလား။ ဗိုလ်ကြီးကျိုးမှာ မိန်းမရှိတယ်။ သူ့မိန်းမက သူ့အမေနဲ့အတူ လွန်ခဲ့တဲ့လက တပ်စခန်းကို ရောက်လာတာ၊ ငါနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်တယ်။ အမှန်အတိုင်းပြောရရင်၊ ဒါကို မကောင်းပြောချင်လို့တော့ မဟုတ်ဘူး၊ သူ့မိန်းမက တော်တော်ချောတယ်။ ဗိုလ်ကြီးကျိုး ဘာတွေ စဉ်းစားနေလဲတော့ မသိဘူး…"

"အေးလေ၊ သူက ဘာစဉ်းစားနိုင်မှာလဲ။ အိမ်က ပန်းထက် တောကပန်းက ပိုမွှေးတယ်ပေါ့။ ဒီယောက်ျားတွေက အပြင်မှာရှိတဲ့ ဘယ်အရာမဆို ပိုကောင်းတယ်လို့ ထင်ကြတာ။"

ကျန်သူများက သဘောတူညီစွာ ခေါင်းညိတ်ကြပြီးနောက် တစ်စုံတစ်ယောက်က ဝင်ပြောလိုက်သည်။ "ချောတာနဲ့ပြောရရင် ကြားပြီးကြပြီလား။ လက်ထောက်တပ်ရင်းမှူးဖေးရဲ့ မိန်းမက တော်တော်လှတယ်။ သူ့နာမည်က... ဘာပါလိမ့်။ အော် ဟုတ်ပြီ၊ လုနန် တဲ့။ နတ်သမီးလေးလို လှတယ်လို့ ပြောကြတယ်။ သူရောက်လာတဲ့ ပထမဆုံးနေ့က လယ်ကွင်းထဲက စစ်သားတွေအားလုံးကို မှင်သက်သွားစေခဲ့တာတဲ့။"

အမှန်အတိုင်းဆိုရလျှင် ဤသို့သောစကားမျိုးသည် အမှန်တကယ် မလိုအပ်ပေ။ အတင်းအဖျင်းသည် ကိုယ်တိုင်နှင့် အလွန်နီးစပ်လာသောအခါ စိတ်ဝင်စားဖွယ်ကောင်းမှုမှာ ပျောက်ဆုံးသွားသည်။

"အဲ့ဒါက လုံးဝတော့ မဟုတ်ပါဘူး။" လုနန်က သူမကိုယ်သူမ ကာကွယ်ရန် ညင်သာစွာ ပြောလိုက်သည်။

"သူမက အနုပညာအဖွဲ့က ကျန်းရှောင်ယထက် တကယ်ပိုချောလို့လား။" အခြားစစ်ဗိုလ်ကတော်တစ်ဦးက သံသယဖြင့် မေးလိုက်သည်။ "ဒီလိုခေါင်တဲ့နေရာမှာ နတ်သမီး ဘယ်လိုရှိနိုင်မှာလဲ။ ဘယ်သူမဆို နတ်သမီးလို့ အခေါ်ခံရတာမှ မဟုတ်တာ။"

"ဟုတ်ပါတယ်" လုနန်က ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ သူမသည် အငြင်းအခုံမဖြစ်လိုသောကြောင့် အလျင်အမြန် သဘောတူလိုက်သည်။

"နင်က ဘယ်သူလဲ။" လုနန်ကို ချီးကျူးခဲ့သော စစ်ဗိုလ်ကတော်က သူမဘက်သို့ လှည့်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။ "နင့်ကို တစ်ခါမှ မမြင်ဖူးဘူး။ ဘာလို့ နင့်မျက်နှာကို ပဝါနဲ့ အုပ်ထားတာလဲ။ နင့်ကို ဘယ်သူခေါ်လာတာလဲ။"

ညက ဒါရိုက်တာလန်သည် လုနန်အား တောင်အောက်ဆင်းသည့်လမ်းတွင် လေပြင်းတိုက်နိုင်ကြောင်း သတိပေးခဲ့သည်။ သူမ မျက်နှာ အသားအရေကြမ်းတမ်းခြင်းမှ ကာကွယ်ရန် လုနန်သည် ပဝါတစ်ထည်ကို သူမခေါင်းတွင် စည်းထားခဲ့ရာ လူများက သူမ၏ မျက်နှာအပေါ်ပိုင်းကိုသာ မြင်နိုင်ကြသည်။

သူမ မျက်နှာအပေါ်ပိုင်းသာ မြင်နိုင်သော်လည်း လုနန်၏ ဖြူဖွေးဝင်းပသော အသားအရေကို ဖုံးကွယ်ရန် ခက်ခဲသည်။ သူမသည် အခုမှ ရောက်လာသည်ဖြစ်ပြီး သူမ၏ ဝတ်စားဆင်ယင်ပုံသည် ပတ်ဝန်းကျင်နှင့် မရောနှောသေးသောကြောင့် လူအုပ်ကြားထဲ၌ ထင်ရှားနေသည်။ သူမ စကားစပြောသည်အထိ ပြဿနာမရှိခဲ့သော်လည်း ထို့နောက်တွင် လူများက သူမကို စတင်သတိပြုမိလာကြသည်။

လုနန်က မျက်တောင်ခတ်ကာ ပြန်ဖြေလိုက်သည်။ "ကျွန်မ ဒါရိုက်တာလန်နဲ့ လိုက်လာတာပါ။"

စစ်ဗိုလ်ကတော်များသည် ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။ လုနန်က သူတို့ သူမကို မှတ်မိပြီဟု ထင်လိုက်စဉ် စစ်ဗိုလ်ကတော်တစ်ဦးက သူမလက်ကို ဆွဲကိုင်ကာ ပြောလိုက်သည်။

"နင်က ဒါရိုက်တာလန်ရဲ့ မြေးမလေးလား။ အဲ့ဒါကြောင့် ဝတ်စားထားတာ သပ်သပ်ရပ်ရပ်လေး ဖြစ်နေတာကိုး။"

"နင်က လူစိမ်းမဟုတ်တော့ ငါတို့လည်း စိတ်အေးလက်အေး နေလို့ရတာပေါ့။"

"ဟုတ်ပ။"

"ငါ ဒါရိုက်တာလန် တစ်ယောက်ယောက်ကို ကားပေါ်တက်ဖို့ ကူညီတာကို တွေ့လိုက်တယ်။ ဒါဆို နင်ကိုး။"

လူတိုင်းက စကားစမြည်ပြောဆိုကြပြီး လုနန်ကို သူတို့အဖွဲ့ထဲက တစ်ယောက်အဖြစ် လျင်မြန်စွာ လက်ခံလိုက်ကြသည်။

လုနန် - “…” တကယ်ပဲ အဲ့ဒီလောက် လွယ်တာလား။

ယခု သူမကို သူတို့အဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီးနောက် စစ်ဗိုလ်ကတော်များသည် အတင်းအဖျင်းဆက်ပြောဆိုကြပြီး ယခုတစ်ကြိမ်တွင်မူ အကြောင်းအရာသည် ကျန်းရှောင်ယဆီသို့ ပြန်ရောက်သွားသည်။

"…ကျန်းရှောင်ယ ကအရမ်း ရည်မှန်းချက်မြင့်တာ။ သူ့ကို စိတ်ဝင်စားကြောင်းပြတဲ့ စစ်သားတွေကိုတောင် လှည့်မကြည့်ဘူး။ သူမ နောက်ဆုံး ဘယ်သူ့ကို လက်ထပ်မလဲတော့ မသိဘူး။"

တစ်စုံတစ်ယောက်က တိုးတိုးလေး ထပ်ပြောလိုက်သည်။ "ငါ့အဒေါ် ဝမ်းကွဲရဲ့သမီးက ကျန်းရှောင်ယနဲ့ အဆောင်အတူတူနေတာ။ သူပြောတာတော့ ကျန်းရှောင်ယက လက်ထောက်တပ်ရင်းမှူးဖေးကို သဘောကျနေတာတဲ့။"

လုနန် - “…”

လုနန်သည် ဤဇာတ်လမ်းနှင့် ပတ်သက်၍ သူမ၏ သံသယကို ထုတ်ဖော်ပြောကြားခဲ့သည်။ ဖေးကျီအန်း သည် သူမထက် နှစ်ရက်စော၍သာ ရောက်ရှိခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ကို ဘယ်လိုလုပ် စိတ်ဝင်စားနိုင်မှာလဲ။ ဒါက မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး။

ထို့ကြောင့် သူမက မေးလိုက်သည်။ "တကယ်လား။ လက်ထောက်တပ်ရင်းမှူးဖေးက လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ ရောက်လာတာ မဟုတ်ဘူးလား။"

"နင် ဒါကို မသိဘူးမလား။" သူမဘေးရှိ စစ်ဗိုလ်ကတော်က ရှင်းပြလိုက်သည်။ "လက်ထောက်တပ်ရင်းမှူးဖေးရဲ့ ရာထူးနဲ့ ရုပ်ရည်နဲ့ဆိုတော့ သူရောက်တဲ့ ပထမဆုံးနေ့က ကြိုဆိုပွဲမှာ မိန်းမပျိုလေးတွေအားလုံးက သူ့ကို မျက်စိကျနေကြပြီး အိမ်ခေါ်သွားချင်နေကြတာ။ ကံဆိုးတာက သူက အိမ်ထောင်ရှိပြီးသားဆိုတော့ သူတို့အားလုံး အလကားသက်သက် အားထုတ်နေကြရတာပေါ့။"

ဒီလိုကိုး။ လုနန်သည် သူမမေးကို ပွတ်သပ်ရင်း အသက်ကြီးသော ယောက်ျားများသည် တကယ်ပဲ ထိုမျှဆွဲဆောင်မှုရှိသလားဟု တွေးမိသည်။

သူမ တွေးနေစဉ်မှာပင် ကားက လမ်းဘေးတွင် ရပ်တန့်သွားသည်။

စစ်ဗိုလ်ကတော်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ဆင်းသွားကြသည်။ သူတို့ဆင်းပြီးသည်နှင့် ဒါရိုက်တာလန်က လုနန်ကို လှမ်းခေါ်လိုက်သည်။

"လုနန်၊ မြန်မြန်လုပ်။ ငါတို့ အမြန်သွားဖို့လိုတယ်။"

"ဟုတ်ကဲ့၊ လာပါပြီ။" လုနန်က ပြန်ဖြေလိုက်သည်။

လုနန်နှင့် အတူထိုင်ခဲ့သော စစ်ဗိုလ်ကတော် အနည်းငယ်သည် အချင်းချင်း မျက်လုံးချင်းဆုံလိုက်ကြပြီး တစ်ယောက်က လူတိုင်းစဉ်းစားနေသည်ကို တုံ့ဆိုင်းစွာ မေးလိုက်သည်။ "လက်ထောက်တပ်ရင်းမှူးဖေးရဲ့ မိန်းမနာမည်က ဘာပါလိမ့်။"

"ကြည့်ရတာတော့… လုနန်ပဲ။"

စစ်ဗိုလ်ကတော်များ - “…”

ဒါရိုက်တာလန်သည် ရှန့်လန်ကို လက်တစ်ဖက်၊ လုနန် ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ပြောလိုက်သည်။ "အရင်ဆုံး ဈေးကိုသွားကြရအောင်။ ရှဲ့လောင်စန်းက လက်သမားဆရာတစ်ယောက်ပဲ။ ဈေးနေ့ဆိုရင် သူက သူ့လက်မှုပညာပစ္စည်းတွေကို ရောင်းဖို့ ဈေးကိုသွားလိမ့်မယ်။ ငါတို့ သူနဲ့တွေ့ရင်တွေ့မှာပေါ့။ မတွေ့ရင်လည်း စိတ်မပူနဲ့။ ယွီရွှေ တပ်မဟာက သိပ်မဝေးဘူး။ မီတာရာကျော်ရုံလောက်ပဲ လျှောက်ရမှာ။"

လုနန်သည် ထိုနေရာနှင့် မရင်းနှီးသည့်အပြင် ဒါရိုက်တာလန်၏ ဦးဆောင်မှုအတိုင်း လိုက်ရန် ကန့်ကွက်စရာမရှိပေ။ "ကျွန်မ အစ်မကြီးပြောတဲ့အတိုင်း နားထောင်ပါ့မယ်။"

ဒါရိုက်တာလန်သည် လုနန်နှင့် ရှန့်လန်ကို လူစည်ကားသော နေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ ဤနေရာသည် ဈေးကျင်းပသောနေရာ ဖြစ်သည်။

ရှန့်လန်က သကြားလုံးအချို့ ဝယ်ဖို့ တောင်းဆိုသောကြောင့် ဒါရိုက်တာလန်သည် လုနန်အား ပြောရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။"သူ့ကို အရင် သကြားလုံးသွားဝယ်ပေးလိုက်ဦးမယ်။ ငါတို့ နောက်မှ ဒီနေရာမှာ ပြန်ဆုံကြမယ်။"

"ကောင်းပါပြီ။" လုနန်က သဘောတူလိုက်ပြီး သူမဘာသာ အချိန်အနည်းငယ်ရသည့်အတွက် ဝမ်းသာသွားသည်။

သူမသည် လူအုပ်နောက်သို့လိုက်ကာ ဈေးထဲသို့ဝင်သွားပြီး ပစ္စည်းများဝယ်ရန် အလျင်မလိုဘဲ အခြားသူများ ဈေးဆစ်သည်ကို နားထောင်နေလိုက်သည်။

ရောင်းသူနှင့် ဝယ်သူတို့ စကားစပြောသည်နှင့် လုနန် သည် လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။ ဒေသခံများသည် သူတို့၏ ဒေသသုံးစကားဖြင့် ပြောဆိုနေကြပြီး သူမ မည်မျှပင် ထက်မြက်သည်ဖြစ်စေ ပထမဆုံးအကြိမ် ကြားရခြင်းမို့ သူမ နားလည်ဖို့ မဖြစ်နိုင်ပေ။

လုနန် စိတ်ပျက်အားငယ်စွာဖြင့် လူအုပ်ထဲမှ ထွက်လာပြီး လမ်းဘေးတွင် ဒါရိုက်တာလန် ပြန်လာသည်ကို စောင့်နေလိုက်သည်။

ထိုအချိန်တွင် လူတစ်စုသည် သူမဆီသို့ လျှောက်လာကြပြီး လုနန် ရွှီယောက်ကို လျင်မြန်စွာ တွေ့လိုက်ရသည်။ သို့သော် ရွှီယောက်သည် အာရုံစိုက်ခံရသူ မဟုတ်ပေ။ ထို့အစား သူမသည် အုပ်စု၏ အစွန်အဖျားတွင် ရပ်နေသည်။ အဓိကအာရုံစိုက်ခံနေရသူမှာ အသက် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ်ခန့်ရှိ ချိုသာသည့် အသွင်အပြင်ရှိသော မိန်းကလေးတစ်ဦးဖြစ်ပြီး သူမဘေးရှိ ယောက်ျားလေးတစ်ဦးကို ကလေးဆန်စွာ ပူဆာနေသည်။

"အစ်ကို၊ ကျွန်မကို နှင်းခဲလိုးရှင်း ဝယ်ပေးမယ်လို့ ကတိပေးထားတယ်နော်။ ကတိမဖျက်ရဘူး။"

"အေးပါ၊ အေးပါ၊ ဝယ်ပေးမှာပေါ့။ တခြားဘာလိုချင်သေးလဲ၊ ပြောလိုက်ရုံပဲ။" ထိုကောင်လေးက ကြင်နာစွာ ပြန်ပြောလိုက်သည်။

လုနန်သည် သီးခြားရပ်နေသော ရွှီယောက်ကို သတိပြုမိလိုက်သည်။ သူမသည် နှုတ်ခမ်းကို စေ့ထားပြီး မျက်နှာငယ်ကာ ညှိုးငယ်နေသည်။

လုနန် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သူမ၏ အကြီးဆုံးသားသည် အလွန်ကံကောင်းလှသည်။ ဒုတိယ အမျိုးသမီးဇာတ်ဆောင်နှင့် ဇာတ်လိုက်မ နှစ်ဦးစလုံးက အလွန်လှပကြသည်။ ဒါပေမယ့် သူမ ဘာလို့ ဒုတိယ အမျိုးသမီး ဇာတ်ဆောင်က မျက်စိပသာဒ ပိုရှိတယ်လို့ ခံစားနေရပါလိမ့်။

ဇာတ်လိုက်မနှင့် သူမ၏အဖွဲ့က စကားစမြည်ပြောနေကြစဉ် ရွှီယွဲ့ဟွားနှင့် ကောင်လေးတစ်ယောက်က နောက်ပြောင်တွန်းထိုးနေကြရင်း အစွန်ဆုံးတွင် ရပ်နေသော ရွှီယောက်ကို မတော်တဆ တွန်းမိသွားကာ ရွှီယောက်က လုနန်ကို ထပ်ဝင်တိုက်မိသွားသည်။

လုနန်သည် ယိုင်နဲ့သွားပြီး သူမနောက်ကျောရှိ ကျောက်တုံးတစ်တုံးနှင့်တိုက်မိကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ကျောက်တုံးက သူမခြေသလုံးအောက်ပိုင်းကို ခြစ်မိသွားပြီး နူးညံ့သောအရေပြားမှာ ပေါက်ပြဲသွားကာ သွေးစက်များ ထွက်လာသဖြင့် တော်တော်လေး ပြင်းထန်ပုံပေါ်နေသည်။

ဒါက အမှန်စင်စစ်ကို ဘေးမှရပ်ကြည့်နေသူက ကိုယ်တိုင်ဒဏ်ရာရသွားသည့် ဂန္ထဝင်ဖြစ်ရပ်ပင်ဖြစ်သည်။

“ရှင် အဆင်ပြေရဲ့လား” ရွှီယောက်က လုနန်ကို အမြန်ထူပေးပြီး မေးလိုက်သည်။

လုနန်သည် ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့် မတ်တပ်ရပ်လိုက်ရာ ပူလောင်သောဝေဒနာကို ခံစားလိုက်ရသည်။

“ရှင့်ကို တွန်းတိုက်မိတဲ့အတွက် တောင်းပန်ပါတယ်… ရှင်က…”

ရွှီယောက် အံ့အားသင့်သွားသည်။ လုနန်၏ မျက်နှာကို ပဝါဖြင့် တစ်စိတ်တစ်ပိုင်း ဖုံးအုပ်ထားသော်လည်း သူမအပေါ်ထားရှိသော အမှတ်သညာမှာ အလွန်စွဲထင်နေသဖြင့် ရွှီယောက် အလွယ်တကူ မေ့နိုင်မည်မဟုတ်ပေ။

ဤကဲ့သို့သောနေရာတွင် လုနန်နှင့် ပြန်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ရထားပေါ်တွင် ဟူမုန်က လုနန်၏ နောက်ခံမှာ သာမန်မဟုတ်ကြောင်း အရိပ်အမြွက် ပြောခဲ့သည်။ ထိုအချိန်က ရွှီယောက်မှလွဲ၍ မည်သူမျှ မယုံကြည်ခဲ့ကြပေ၊ အဘယ်ကြောင့်ဆိုသော် သူမသည်လည်း လုနန်၏ ထူးခြားသည့်အချက်ကို သတိပြုမိခဲ့သောကြောင့် ဖြစ်သည်။

သို့သော် သူမ၏သုံးသပ်ချက် မှန်ကန်ပါက လုနန်သည် အဘယ်ကြောင့် ဤနေရာသို့ ရောက်နေသနည်း။

ရွှီယောက် စိတ်ရှုပ်ထွေးသွားမိသည်။

ရွှီယောက်နှင့် လုနန်တို့ နှစ်ယောက်လုံးကို ဝင်တိုက်ခဲ့သော လူငယ်က တောင်းပန်ခြင်းမရှိသည့်အပြင် စိတ်မရှည်သလိုဖြစ်နေသည်။

“ဟေ့၊ မင်းတို့နှစ်ယောက် သိကြတာလား။ အလွမ်းသယ်ချင်ရင် နောက်တစ်ခါမှ သယ်လို့မရဘူးလား။ ငါတို့က ငါ့ညီမအတွက် နှင်းလိမ်းဆေးသွားဝယ်ဖို့ အမြန်သွားရမယ်။ လိုက်မှာလား၊ မလိုက်ဘူးလား။ မလိုက်ရင် ငါတို့သွားပြီ”

သူ၏ ရွှီယောက်နှင့် လုနန် အပေါ်ထားသော သဘောထားမှာ မဖော်ရွေလှပေ။

ရွှီယောက်၏ မိသားစုဝင်များထဲမှ မည်သူမျှ သူမဘက်မှ ကာကွယ်မပြောကြပေ။ အချို့က တိတ်ဆိတ်နေကြပြီး အချို့မှာမူ ဇာတ်လမ်းတွဲကြည့်နေသည့် ပရိသတ်များကဲ့သို့ ထုတ်မပြောသော တင်းမာမှုများဖြင့် ပြည့်နှက်နေသည့် မြင်ကွင်းကို ကြည့်နေကြသည်။

လုနန်သည် သူ့ထက်ပင် ပို၍ စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ သူက လူကိုဝင်တိုက်ပြီး တောင်းပန်စကားမပြောရုံသာမက သူ့အမူအရာမှာလည်း အလွန်ဆိုးရွားလှသည်။ ထိုသို့သော အမူအကျင့်များကို သူ ဘယ်နေရာက သင်ယူခဲ့ပါလိမ့်။

မူရင်းဇာတ်လမ်းတွင် ဇာတ်လိုက်မကို သူမ၏မွေးစားမိဘများက တန်ဖိုးထားကြပြီး သူမကို အလွန်အလိုလိုက်သော အစ်ကိုသုံးယောက်နှင့် သူမနှင့် ရင်းနှီးသော မောင်နှမများလည်း ရှိကြသည်။ သူတို့အားလုံးသည် ဇာတ်ပို့ ရွှီယောက် မပေါ်လာမီအထိ သာယာပျော်ရွှင်သောဘဝကို နေထိုင်ခဲ့ကြသည်။

ဇာတ်လိုက် ဖေးကျန့် သည်လည်း ထိုကဲ့သို့ ချစ်ခင်ဖွယ်ကောင်းသော မိသားစု၏ နွေးထွေးမှုကြောင့် စိတ်လှုပ်ရှားခဲ့ရသည်။

ဝတ္ထုကို ဇာတ်လိုက်မ၏ ရှုထောင့်မှ ရေးသားထားပြီး အစ်ကိုများမှာ အများအားဖြင့် ဇာတ်ပို့များသာဖြစ်ကြကာ ဇာတ်လိုက်မက ရွှီယောက် သို့မဟုတ် အခြားမနာလိုတတ်သော ညီအစ်မများနှင့် ပဋိပက္ခဖြစ်သည့်အခါမှသာ ပေါ်လာကြသည်။ သူတို့သည် နောက်ကွယ်သို့ ပြန်မဆုတ်ခွာမီ ရွှီယွဲ့ဟွားကို ခြွင်းချက်မရှိ ထောက်ခံမှုပြသခဲ့ကြသည်။

သူမ စာအုပ်ဖတ်စဉ်က အစ်ကိုများသည် သူတို့၏ ကိုယ်ရည်ကိုယ်သွေး သို့မဟုတ် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖော်ပြချက် အနည်းငယ်သာပါရှိသော အသုံးခံများသက်သက်ဟု ထင်ခဲ့သည်။ သူတို့ကို ဇာတ်ကောင်စရိုက်မဖော်ကျူးထားသည်မှာ အံ့ဩစရာမရှိ .. တကယ့်ကို နှမြောစရာပင်။

လုနန်က ပြောလိုက်သည်။ “ရဲဘော်၊ ရှင်က ရှင့်ဘေးက အမျိုးသမီးရဲဘော်ကို တွန်းလိုက်တော့ သူမက ကျွန်မကို ဝင်တိုက်မိတာ ကျွန်မ တွေ့လိုက်တယ်။ ရှင် ကျွန်မကိုရော တောင်းပန်သင့်တယ် မဟုတ်ဘူးလား”

ရွှီယွဲ့ဟွား၏ ဒုတိယအစ်ကိုက ပြက်ရယ်ပြုလိုက်သည်။

“နင်က ရွှီယောက်နဲ့ ရင်းနှီးနေပုံပဲ… အဲဒါ ဘယ်လိုစကားပုံရှိလဲ။ ငှက်မွှေးတူရာငှက်တူရာ စုတယ်ဆိုတာလေ။ မင်းတို့နှစ်ယောက် တမင်သက်သက် လုပ်နေတာလား ဘယ်သူသိမှာလဲ။ ပြီးတော့ ဒူးခေါင်းပွန်းရုံလေးပဲကို။ ဘာများ အရေးကြီးနေလို့လဲ”

လုနန် အလွန် ဒေါသထွက်သွားသည်။ သူမ၌ ကျိန်ဆဲချင်သော စကားလုံးပေါင်း တစ်သန်းရှိသော်လည်း ပြောသင့်မပြောသင့် မသိဖြစ်နေသည်။

ဒါက တကယ့်ကို အဓိပ္ပာယ်မရှိပေ။

ရွှီယောက်သည် နောက်ကွယ်တွင် ရွှီ မိသားစုကို မကျေနပ်စေမည့် တစ်စုံတစ်ခုကို လုပ်ခဲ့တာ ဖြစ်နိုင်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ၊ အဖြစ်အပျက်နှင့်သာ သက်ဆိုင်သင့်သည်။ သူမသည် ရွှီယောက်နှင့် နှစ်ကြိမ်သာတွေ့ဖူးပြီး သူမတို့သည် တစ်ယောက်နှင့်တစ်ယောက် သိရုံသာသိကြသည်။ သူတို့ သူငယ်ချင်းများဖြစ်ကြလျှင်ပင် မတော်တဆ ဝင်တိုက်မိပြီး ဒဏ်ရာရသွားသည့်အတွက် တောင်းပန်စကားကို မျှော်လင့်ခြင်းမှာ အကျိုးအကြောင်း မသင့်စရာအကြောင်းမရှိပေ။

“ဘာများ အရေးကြီးနေလို့လဲ”

လုနန်က ဖြည်းညှင်းစွာ ထပ်ပြောလိုက်ရာ သူမ၏ အသံက ပိုသေချာလာပြီး ရွှီ မိသားစုကို စကားမပြောနိုင်အောင် ဖြစ်သွားစေသည်။

“ကောင်းပြီ၊ ရှင်က အရေးမကြီးဘူးလို့ ပြောတယ်ဆိုတော့ ရှင် ဒီကိုလာပြီး ကျွန်မကို တစ်ချက်လောက် တွန်းခွင့်ပေးပါလား။ သရေကျသွားပြီလို့ သတ်မှတ်လိုက်ကြတာပေါ့”

“မင်း…”

ရွှီယွဲ့ဟွား၏ ဒုတိယအစ်ကိုသည် လုနန်၏ ပြန်ချေပမှုကြောင့် အံ့အားသင့်သွားပြီး ရွှီယွဲ့ဟွားနှင့် သူမ၏ အစ်ကိုများ၏ မျက်နှာအမူအရာများမှာ မျက်မှောင်ကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။

“တွန်းလေ။ မင်းလက်တွေ ခြေထောက်တွေပါ သုံးချင်သုံးလို့ရတယ်။ မင်းလို ကောင်မလေးတစ်ယောက်ကို ငါက ကြောက်မယ်ထင်နေလား”

ဒုတိယအစ်ကို ရွှီက ပြန်လှောင်ပြောင်လိုက်သည်။ သူက ကောင်မလေးတစ်ယောက်က သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်ဟု မယုံကြည်ပေ။

ထိုအဖြစ်အပျက်သည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပွားခဲ့သည်။ သူစကားဆုံးသည်နှင့် လုနန်သည် သူမ၏ ဒဏ်ရာမရသော ခြေထောက်ကို လျင်မြန်စွာ မြှောက်လိုက်ရာ လူတိုင်းက ဒုတိယအစ်ကို ရွှီ လွင့်ထွက်သွားပြီး မီတာအနည်းငယ်အကွာတွင် လူးလိမ့်သွားသည်ကို တွေ့လိုက်ရသည်။

ဒုတိယအစ်ကို ရွှီ - “…”

ရွှီ မိသားစု - “…”

ဘေးမှကြည့်နေသူများ - “…” ဒီကောင်မလေး အရမ်းကြမ်းလွန်းနေတယ် မဟုတ်ဘူးလား။

လုနန်က လက်ခုပ်တီးလိုက်ပြီး ကျိုးနွံစွာ အသိအမှတ်ပြုလိုက်သည်။

“ရှင်က ကျွန်မခြေထောက်သုံးလို့ရတယ်လို့ ပြောတယ်လေ၊ ဒါဆိုရင်တော့ ကျွန်မတို့ သရေကျသွားပြီပေါ့”

ဒေသခံများသည် အဖြစ်အပျက်များကို ကြည့်ရှုရသည်ကို နှစ်သက်ကြပြီး ပဋိပက္ခတစ်ခု ဖြစ်ပွားသည်နှင့် ဝိုင်းအုံလာကြသည်။

လျိုအာ့နျိုနှင့် ဝမ်ရှိုကျစ်တို့သည် လူအုပ်ကို သတိပြုမိပြီး ချဉ်းကပ်လာရာ အငြင်းပွားမှု၏ ပါဝင်သူတစ်ဦးမှာ လက်ထောက်တပ်ရင်းမှူး၏ ဇနီးဖြစ်နေသည်ကို တွေ့မြင်ပြီး ထိတ်လန့်သွားကြသည်။ လုနန်သည် သူမဘောင်းဘီကို လိပ်တင်ထားရာ သွေးစွန်းနေသော ခြေထောက်ကို မြင်ရသဖြင့် သူတို့ကို ထိတ်လန့်သွားစေသည်။

သူတို့သည် လုနန်၏ ဘေးသို့ အမြန်ပြေးသွားကြသည်။ ဝမ်ရှိုကျစ်သည် ဒူးထောက်ထိုင်ချလိုက်ပြီး သူမလက်ကိုင်ပဝါကို ထုတ်ကာ လုနန်၏ ဒဏ်ရာပေါ် ဖိပေးလိုက်သည်။

“ရဲဘော် လုနန်၊ ကျွန်မလက်ကိုင်ပဝါကို စိတ်မရှိပါနဲ့နော်။ ကျွန်မ နေ့တိုင်းလျှော်တာမို့လို့ သန့်ပါတယ်”

“သေချာပေါက် စိတ်မရှိပါဘူး။” လုနန်က သူမဒဏ်ရာကို အဝတ်စဖြင့် ဖိလိုက်သည်။

“ကျွန်မ လက်ကိုင်ပဝါမပါလာလို့၊ အစ်မရှိုကျစ် တကယ်ကျေးဇူးတင်ပါတယ်”

ဝမ်ရှိုကျစ်က လက်ကို ခါယမ်းလိုက်သည်။ “ကျေးဇူးတင်စရာမလိုပါဘူး၊ ဒါက အသေးအမွှား ကိစ္စလေးပါ”

ဒုတိယအစ်ကို ရွှီ လွင့်မထွက်သွားမီ ဘေးတွင်ရပ်ကြည့်နေပြီး မပါဝင်ခဲ့သော ရွှီယွဲ့ဟွားသည် ရုတ်တရက် ရှေ့ထွက်လာပြီး လုနန်ကို တောင်းပန်လိုက်သည်။

“အရမ်းတောင်းပန်ပါတယ် ရဲဘော်။ ကျွန်မ ဒုတိယအစ်ကိုက မတော်တဆ တွန်းချလိုက်မိတာပါ။ ကျွန်မတို့ တောင်းပန်ပါတယ်။ ရှင့်ခြေထောက်က အဆင်ပြေရဲ့လား။ ကျွန်မတို့အိမ်မှာ ဆေးရှိပါတယ်။ ကျွန်မ တတိယအစ်ကိုကို အိမ်ပြန်ယူခိုင်းလိုက်ပါ့မယ်”

ရွှီယောက် ရွှီယွဲ့ဟွားကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။

လုနန်သည် ရွှီယောက်၏ဘေးတွင် ရပ်နေသဖြင့် ရွှီယောက်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။

All Chapters