အခန်း (၇၀၂)
Vol. 51 Ch. 702
ထိုအရိပ် ပေါ်လာသည်နှင့် ကောင်းကင်ယံ၌ လျှပ်စီးများ လက်သွားကြသည်။
၎င်းတို့မှာ ဤကမ္ဘာကြီးတွင် မရှိသင့်သည့် သားရဲကြီးတစ်ကောင်အား ခုခံနေသယောင် ...
သို့သော် လေထဲမှ လျှပ်စီးမိုးကြိုးများ ကျမလာခင်မှာပင်... အရိပ်ကြီးက အစိုင်အခဲအဖြစ် စပြောင်းလာ၏။
" အရောင်အဝါက... အစွမ်းထက်လိုက်တာ "
ထိုမြင်ကွင်းကို ကြည့်နေသော နတ်ဆိုးဧကရာဇ်လီ အလွန်တုန်လှုပ်သွားတော့သည်။
ဝူရှန့်နှင့် ရင်ဆိုင်နေရစဥ်တွင်ပင် ထိုသို့သော ဖိအားမျိုးကို သူ မခံစားခဲ့ရပါချေ။
သူ လောထျန်းအား စိုးရိမ်တကြီး လှမ်းကြည့်လိုက်၏။
တဖက်ရန်သူက အစွမ်းထက်လွန်းနေပေရာ.. ဤတစ်ကြိမ် လောထျန်း ကိုင်တွယ်နိုင်ပါမည်လား...
ထိုစဥ် တဖက်မှ အရိပ်ကြီး တည်ငြိမ်သွားပြီး လွေ့နန်၏ လှောင်ရယ်သံ ထွက်လာသည်။
" အံ့တောင် အံ့သြသွားတယ်ကွာ.. ဒီအစွမ်းက တော်တော်ကြီးကောင်းတာပဲ ။ ဂိုဏ်းချုပ်ကြီး ရှာနေခဲ့တဲ့ စိတ်ဝိဥာဥ်ပေါင်းစည်းခြင်းအစွမ်း ဆိုတာ ဒါကိုး.... ကောင်းတယ်ကွာ.. သိပ်ကောင်းတယ် .. "
ထို့နောက် သူ လောထျန်းအား အပြုံးဖြင့် ကြည့်လိုက်၏။
" လောထျန်း ၊ ငါ့ရဲ့ လက်ရှိအစွမ်းက ကောင်းလွန်းလို့ ငါကိုယ်တိုင်တောင် ကြောက်ရတဲ့အထိပဲကွ ။ ဒါတွေအားလုံး မင်းကျေးဇူးကြောင့်ပဲကွာ ။ မင်းကြောင့်သာမဟုတ်ရင် ငါ့ဆီမှာ အဲ့လောက်ကြောက်စရာကောင်းတဲ့ အစွမ်းမျိုး ရှိမယ်မထင်ဘူး "
တဖက်မှ လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
" ဒီအစွမ်းက... အဲ့လောက် အစွမ်းထက်လို့လား "
လွေ့နန်၏ မျက်နှာထက်မှ အပြုံး ပျောက်ကွယ်သွားကာ အထင်သေးဟန် မျက်နှာထားဖြင့် ပြော၏။
" ဒီတစ်ခါ စကားတွေပြောပြီး ငြင်းခုန်နေဖို့ မလိုဘူး ။ လောထျန်း ၊ ငါ မင်းကို ကောင်းကောင်းကြီးသိတယ် ။ မင်းအစွမ်းရဲ့ အကန့်အသတ်ကိုလဲ ငါ သေချာသိတယ်ကွ "
" ငါ့မှာ မင်းကို လက်တုန့်ပြန်ချင်လွန်းလို့ တခြားဘာကိုမှ မတွေးနိုင်ပဲ ဖြစ်နေတာတောင်ကြာပြီ ။ မင်း နဂါးကြီးထျန်းလုံရဲ့ ခန္ဓာကိုယ်ကို အနိုင်ယူခဲ့တဲ့ အချိန်ကစပြီး နတ်ဆိုးဧကရာဇ်ကြီးကို အနိုင်ယူခဲ့တဲ့အချိန်ထိ ဘယ်လိုရှိလဲဆိုတာ ငါ အားလုံးသိတယ် "
" အခု ငါ့ရဲ့ လက်ရှိအစွမ်းက မင်းထက်သာနေပြီကွ "
ထိုသို့ပြောနေစဥ်တွင်လည်း လွေ့နန်၏ မျက်နှာထက်၌ ယုံကြည်မှုအပြည့် ရှိနေသည်။
သို့သော်... လောထျန်းက မျက်မှောင်ကြုံ့၍
ပြန်ပြော၏။
" အဲ့ဒါ ကြာလှပြီလေ ။ ငါက အခု ပိုအစွမ်းထက်နေပြီ "
လွေ့နန် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
" အစွမ်းပိုထက်လာတယ်.. ဟုတ်လား ။ အဲ့လောက် အချိန်တိုလေးနဲ့ အစွမ်းဘယ်လောက်တိုးနိုင်မှာလဲကွာ "
လောထျန်းက အေးဆေးပင် ပြန်ပြော၏။
" အဲ့အချိန်တုန်းက ငါ ကောင်းကင်ထိန်းချုပ်အဆင့်မှာပဲ ရှိသေးတာလေ ။ အခုက ကွေ့ရှအဆင့် ရောက်နေပြီ "
လွေ့နန် : " ......... "
နတ်ဆိုးဧကရာဇ်လီ : " ........... "
အမှောင်ရိပ်ထဲ ပုန်းနေသော စိတ်ဝိဥာဥ်သံတမန် : " ........... "
အချိန်အတန်ငယ်ကြာပြီးချိန်တွင်မူ... လွေ့နန်၏
ဒေါသတကြီးအော်သံ ထွက်လာသည်။
" လောထျန်း ၊ မင်းက ငါ့ကို လှည့်စားရတာ ပျော်စရာကောင်းတယ်လို့ ထင်နေတာမလား ။ မင်းက အဲ့ချိန် ကောင်းကင်ထိန်းချုပ်အဆင့်မှာပဲ ရှိတာ.. ဟုတ်လား ။ ကောင်းကင်ထိန်းချုပ်အဆင့်က ဘယ်လိုကောင်မျိုးက အဲ့လောက်အစွမ်းထက်လို့လဲကွ ။ ငါ့ကို ငတုံးလို့ ထင်နေလား "
လောထျန်း စိတ်အညစ်ကြီး ညစ်သွားသည်။
သူ အားလုံးကို အမှန်တိုင်း ပြောနေခြင်းဖြစ်နေပါလျက် တဖက်လူက အဘယ့်ကြောင့် မယုံရပါသနည်း ။
ထိုစဥ် လွေ့နန်က လှောင်ပြုံးဖြင့် ဆက်ပြော၏။
" လောထျန်း ၊ လာတိုက်ခိုက်လေ ။ မင်း ပိုပြီးအစွမ်းထက်လာတယ်လို့ ပြောထားတာဆိုတော့ မင်းရဲ့ အစွမ်းအထက်ဆုံး အကွက်ကိုသုံးပြီး တိုက်ခိုက်ကွာ ။ မင်း ငါ့ကို ဘာလုပ်နိုင်မလဲ ကြည့်ရအောင် "
သူ ထိုသို့ပြောကာ လောထျန်းအား ရန်စစိန်ခေါ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
လောထျန်း မျက်မှောင်ကြုံ့သွား၏။
" ငါ့ရဲ့ အစွမ်းအထက်ဆုံး အကွက်.... မင်းပြောတာ သေချာရဲ့လား "
လွေ့နန် နှာခေါင်းရှုံ့လိုက်ပြန်သည်။
" ဒါပေါ့ကွ ။ မင်းရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက်ကိုမှ မျက်နှာချင်းဆိုင် မခံနိုင်ရင်.. ငါ့ရဲ့ တာအိုနှလုံးသားလဲ ပျက်စီးသွားရမှာ သေချာတယ် ။ အဲ့လိုဆိုရင် ငါ့ကို ဒီအစွမ်းက ဝါးမြိုသွားမှာပဲလေ "
လောထျန်း ခေါင်းညိတ်လိုက်၏။
" အဲ့လိုဆိုတော့လဲ မင်းရဲ့ ဆန္ဒကို ဖြည့်ပေးရမှာပေါ့ "
ထို့နောက် သူ နတ်ဆိုးဧကရာဇ်လီဘက် လှည့်ကြည့်လိုက်သည်။
" နတ်ဆိုးဧကရာဇ်လီ ၊ ဒီကနေ ထွက်သွားပြီးတော့ ဝေးနိုင်သမျှ ဝေးဝေးကိုသာ ပြေးသွားဗျာ "
" အင်... ဟုတ်ပါပြီ "
နတ်ဆိုးဧကရာဇ်လီမှာ စစချင်းတွင် လောထျန်းက သူထွက်ပြေးဖို့ အခွင့်အရေး ရရန်အတွက်
တစ်ယောက်တည်း ခုခံတိုက်ခိုက်ရန် လုပ်နေသည်လားဟု ထင်မိလိုက်ပါသည်။
သို့သော် သူ ထိုအတွေးအား ခေါင်းထဲမှ ချက်ချင်းပြန်ထုတ်လိုက်ပါ၏။
လောထျန်းသည် သာမာန်လူတစ်ယောက် မဟုတ်ပါချေ ။
ဝှစ်...
နတ်ဆိုးဧကရာဇ်လီ ချက်ချင်းပင် မြန်နှုန်းပြည့်သုံး၍ ထွက်ပြေးလိုက်ပြီး လူများ၏မြင်ကွင်းမှ တခဏအတွင်း ပျောက်ကွယ်သွားသည်။
ထိုစဥ် အမှောင်ထဲပုန်းနေသော စိတ်ဝိဥာဥ်သံတမန်မှာ တိုက်ပွဲကိုကြည့်ရန် စိတ်ဝင်စားနေခဲ့သော်လည်း ..
ရုတ်တရက်... မြင်ကွင်းတစ်ခုလုံး မှောင်သွားကာ သူ့အရောင်အဝါလည်း ရုတ်ချည်းပြောင်းလဲလာ၏။
သူ့ကိုလည်း အစွမ်းတစ်ခုက ထိန်းချုပ်လာသလို ခံစားလိုက်ရသည်။
ဝုန်း...
ထိုတခဏ၌ သူ့အရိပ် နောက်ဆုတ်သွားတော့သည်။
" ဟင် ... "
လွေ့နန်သည်လည်း နောက်သို့ အသည်းအသန် ပြေးဆုတ်နေသည့် စိတ်ဝိဥာဥ်သံတမန်ကို တွေ့ကာ အနည်းငယ် အံ့အားသင့်သွား၏။
ထိုကောင်က အဘယ့်ကြောင့် ဤမျှလျှင်မြန်စွာ နောက်ဆုတ်နေရပါသနည်း ။
ထိုစဥ် တဖက်မှ လောထျန်း လှုပ်ရှားသွားသည်။
" အရှုပ်အထွေး ခန္ဓာကိုယ်... အသက်ဝင်စေ "
ဝုန်း...
သူ့ အရှုပ်အထွေးခန္ဓာကိုယ် အသက်ဝင်လာကာ ...
သူ့အနောက်ဘက်တွင်လည်း ခေါင်းသုံးလုံး ၊ လက်ခြောက်ဖက်ရှိသည့် အရိပ်ကြီးတစ်ခု ရုတ်ချည်းစုစည်းလာသည်။
ထိုအရိပ်ကြီး ပေါ်လာသည်နှင့် မြေပြင်တွင်ရှိနေကြသော မရေမတွက်နိုင်သည့် သားရဲများ လေထဲပျံတက်ကုန်ကြ၏။
ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုလည်း လေထဲတက်လာသည်။
ထိုဖိအားကြောင့် လွေ့နန်တစ်ယောက် နောက်သို့ ခြေလှမ်းများစွာပင် ဆုတ်လိုက်ရ၏။
လွေ့နန် လောထျန်းအား ကြောက်ရွံ့မှုတို့ ပြည့်နေသည့် မျက်လုံးများဖြင့်ကြည့်လိုက်သည်။
" ဒါ... ဘယ်လိုအစွမ်းမျိုးလဲ .. "
သူ လွန်စွာလည်း တုန်လှုပ်နေတော့သည်။
ပြီးခဲ့သော စက္ကန့်ပိုင်းလေးတွင်ပင် သူ အနိုင်ရပြီဟု
ခံစားနေခဲ့ရသော်လည်း ...
ယခု လောထျန်း၏ အရောင်အဝါက သူ့ထက် အဆပေါင်းများစွာ ပိုအစွမ်းထက်မှန်း သိလိုက်ရလေပြီ ။
ထိုသို့သော လူတစ်ယောက်နဲ့သာ မျက်နှာချင်းဆိုင် တိုက်ခိုက်ပါက.... သူ့အတွက် နိုင်ချေ လုံးဝမရှိနိုင်ပါ။
သို့သော်... ဤမျှနှင့် မပြီးသေးပါချေ ။
" စိတ်စွမ်းအင်ပင်လယ်.. ပွင့်စေ "
လောထျန်းက လက်ခုပ်တစ်ချက်တီး၍ ပြောလိုက်သည်။
ဝုန်း...
သူ့ခေါင်းပေါ်၌ ကြယ်ပင်လယ်ကြီးတစ်ခု တမဟုတ်ချင်း စုစည်းလာပြန်၏။
လောထျန်း၏ အရောင်အဝါလည်း ထပ်တိုးသွား
ပြန်သည်။
ယခုတစ်ကြိမ် တိုးသည့်ပမာဏမှာလည်း ယခင်ထက်ပင် ကြောက်စရာကောင်းနေသေးတော့သည်။
သူ့နောက်ရှိ ခေါင်းသုံးလုံး ၊ လက်ခြောက်ဖက် အရိပ်မှာလည်း စစချင်း မှုန်ဝါးဝါး ဖြစ်နေခဲ့သည့်တိုင်..
ကြယ်ပင်လယ် ပေါ်လာသည်နှင့် ယခင်ထက် များစွာပို၍ ထင်ရှားပြတ်သားလာ၏။
ဝုန်း...
၎င်း၏ လက်ထဲမှ အသွင်ကောင်းကောင်း မပေါ်ခဲ့သော လက်နက်ခြောက်ခုမှာလည်း ရှင်းရှင်းလင်းလင်းပင် ပုံပေါ်လာသည်။
ထိုလက်နက်ခြောက်ခု ပုံပေါ်လာသည်နှင့် ၎င်းတို့ထံမှ ကမ္ဘာကြီးကိုပင် ဖိနှိပ်နိုင်သော ကြောက်မက်ဖွယ် ဖိအားခြောက်ခု ပေါက်ထွက်လာပြန်၏။
၎င်းနှင့် လောထျန်း၏ ကိုယ်ပိုင်ဖိအားတို့ ပေါင်းစပ်လိုက်ချိန်တွင်မူ ... ပြိုင်ဘက်ကင်း ကြောက်မက်
ဖွယ်အစွမ်းကြီး ထွက်လာတော့သည်။
လွေ့နန်မှာ ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အနေတော့၏။
" ဒါ.... ဘယ်လိုအစွမ်းမျိုးလဲ ... "
သူ့မျက်လုံးသူပင် မယုံနိုင်တော့ပါ။
သို့သော် တခဏအကြာတွင် သူ တစ်ခုကိုတွေးမိကာ အံကြိတ်၍ ဆို၏။
" လောထျန်း ၊ ကိုယ့်ကိုကိုယ် နိုင်ပြီလို့ ကျိန်းသေပေါက် တွက်မထားနဲ့ဦးနော် ။ အဲ့လိုအစွမ်းမျိုးကို မင်းဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာမို့လဲ ။ ငါ့ဘက်က ဆက်ပြီးတိုက်ခိုက်နေသရွေ့ နောက်ဆုံးမှာ ငါပဲ အနိုင်ရသွားမှာ "
တဖက်မှ လောထျန်းက ခေါင်းအသာညိတ်သည်။
" မင်းပြောတာမှန််တယ် ၊ ဒီအခြေအနေကို အကြာကြီးထိန်းထားလို့ မရဘူး ။ ဒီတိုင်းဆက်နေရင် .. အလွန်ဆုံးမှ ရက်တစ်ရာလောက်ပဲ ခံနိုင်မှာ "
လွေ့နန် : " .......... "
ရက်တစ်ရာပဲ တဲ့လား...
စစချင်းတွင် သူသည် လောထျန်းတစ်ယောက် ထိုအခြေအနေအား စက္ကန့်တစ်ရာခန့် ထိန်းထားနိုင်လျှင်ပင် လွန်လွန်းလှပြီဟု တွေးထားခဲ့ပါသည်။
သို့သော်.. ယခု လောထျန်းက ရက်တစ်ရာ ထိန်းထားနိုင်သတဲ့ ။
လောထျန်း လိမ်နေပါသလား ...
သို့သော် ... ဘာမှမထူးခြားဟန် သူ့မျက်နှာက ထိုသို့လည်း ဟုတ်ဟန်မတူပါ ။
လောထျန်းက အမှန်တကယ် ရက်တစ်ရာအထိ ခံနိုင်ပါသလား...
ထိုစဥ် လောထျန်းက ရုတ်တရက် ပြောလာသည်။
" အာ.. မဟုတ်သေးဘူး ၊ တွက်တာ လွဲသွားတယ် "
" ထင်သားပဲ "
လွေ့နန် စိတ်ထဲမှကြိတ်၍ ရေရွတ်လိုက်၏။
လောထျန်းက စကားဆက်သည်။
" တိုက်ခိုက်နေတုန်းမှာ ငါ့ရဲ့ စိတ်စွမ်းအင်နဲ့ ခန္ဓာကိုယ်အစွမ်းကို ပြန်ဖြည့်တင်းလို့ရတာ မေ့နေတာ ။ အဲ့ဒါတွေသာ ထည့်ပေါင်းလိုက်ရင် အများဆုံး ရက်သုံးရာအထိတော့ ခံနိုင်မှာပဲ ။ အဲ့ထက်တော့ မပိုနိုင်တော့ဘူး "
အု...
နောက်ဆုံးတွင််မူ လွေ့နန် မည်သို့မှ မခံနိုင်တော့ဘဲ သွေးအန်သွား၏။
ရက်ပေါင်း သုံးရာတဲ့လား...
၎င်းမှာ တစ်နှစ်နီးပါးပင်...
" မယုံဘူး ... လုံးဝ မဖြစ်နိုင်ဘူး... လောထျန်း.. သေကွာ "
လွေ့နန် ဒေါသတကြီး အော်လိုက်သည်။
လောထျန်းက အေးဆေးပင်ပြော၏။
" အဲ့လိုဆိုရင်... တိုက်ခိုက်ကြမယ်လေ "
သူ ထိုသို့ပြောကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။
တဖက်မှ လွေ့နန်က ရှေ့သို့ဦးစွာတိုးလာ၏။
ဝုန်း ...
သူနှင့် နောက်မှ အရိပ်ကြီးတို့ လောထျန်းရှေ့ ဝုန်းခနဲ ပြေးလာကြသည်။
သို့သော်..
ဘုန်း...
သူ့ခေါင်းက လောထျန်း၏ အကာအကွယ်စွမ်းအင်နှင့် ဦးစွာ တိုက်မိသွားတော့သည်။