ယဇ်ပူဇော်ခြင်း စပြီ
Vol. 51 Ch. 704
ပန်းလင် ဒေါသထွက်လွန်း၍ အသံကျယ်ဖြင့် အော်ရယ်လိုက်သည်။
" ရှင်က စကားတော့ တော်တော်ကောင်းပါလား ။ ထျန်းယွမ်ကမ္ဘာကိုသာ တကယ်ကြီး ကယ်တင်ပေးချင်တယ်ဆိုရင်.. ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခု ကျလာတုန်းက ဘာလို့ထွက်မလာခဲ့တာလဲ "
သခင်ကြီးယွမ် ခေါင်းယမ်း၍ ပြန်ပြော၏။
" ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုက ထျန်းယွမ်ကမ္ဘာကို တကယ်မဖျက်ဆီးနိုင်ပါဘူးကွာ ။ တကယ့်အန္တရာယ်က သူတို့ မဟုတ်ဘူး "
" သူတို့မဟုတ်ရင် ဘယ်သူလဲ "
ပန်းလင် ဒေါသတကြီး ထပ်အော်လိုက်သည်။
သခင်ကြီးယွမ် ခေတ္တမျှ တိတ်နေပြီးမှ ပြန်ပြော၏။
" အပေါ်ကမ္ဘာနဲ့ တခြား... လူမသိတဲ့ အဖွဲ့တွေကွ "
" လူမသိတဲ့ အဖွဲ့တွေ ... "
လောထျန်း သိချင်စိတ်ပေါ်သွားကာ မေးလိုက်သည်။
သခင်ကြီးယွမ် ခေါင်းညိတ်၏။
" ဟုတ််တယ် ။ ပြီးခဲ့တဲ့နှစ်တွေမှာ ကျုပ် အများကြီးတွေ စုံစမ်းပြီး လေ့လာထားခဲ့တယ် ။ ဟိုးရှေးခတ်က ထျန်းယွမ်ကမ္ဘာ လူမျိုးတုန်း သတ်ဖြတ်ခံလိုက်ကြရတာ တကယ်တော့... အပေါ်ကမ္ဘာကြောင့်မဟုတ်ဘူး ....လုံးဝကို လျှို့ဝှက်တဲ့ အဖွဲ့တချို့ကြောင့်ပဲ "
" အဲ့အဖွဲ့တွေက အင်မတန် အစွမ်းထက်ပြီးတော့ ထူးလဲထူးဆန်းတယ် ။ ကျုပ်က သူတို့ရဲ့ ပုံစံအမှန်ကို နည်းနည်းလေးပဲ တွေ့ရင်တွေ့ရဆိုပြီးတော့ အချိန်အကြာကြီး စောင့်ကြည့်နေခဲ့တာ ... ဒါပေမယ့်.. မျက်လုံးတစ်ဖက် ကန်းသွားခဲ့တယ်ပေါ့ဗျာ "
လောထျန်း သူ့ကိုကြည့်ကာ ပြန်ပြောလိုက်သည်။
" ဒါပေမယ့် ခင်ဗျားကြီး မျက်လုံးက ကန်းမှကန်းမနေတာ "
သခင်ကြီးယွမ် ခဏတာမျှ ဆွံ့အသွား၏။
" ကျုပ်က ကျုပ်ရဲ့ခန္ဓာကိုယ်အစစ်ကို ပြောနေတာဗျ
။ အခု ဒီဟာက ကျုပ် ထိန်းချုပ်တဲ့ ရုပ်သေးရုပ်တစ်ခုသက်သက်ပဲ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကျုပ် သဘောပေါက်ပြီ ။ ဒါဆို ဘာတွေ့ခဲ့လဲ ပြောပါဦး "
သခင်ကြီးယွမ် မျက်မှောင်ကြုံ့၍ ပြော၏။
" သူတို့ရဲ့ အသွင်အမှန်ကို မမြင်ခဲ့ရပေမယ့်... ကျုပ် အနာဂါတ် တစ်စိတ်တစ်ပိုင်းကိုတော့ တွေ့ခဲ့ရတယ် ။ အနာဂါတ်မှာ သူတို့တွေက ကျုပ်တို့ထျန်းယွမ်ကမ္ဘာ တစ်ခုလုံးကို အပြောင်ရှင်းကြလိမ့်မယ် ။ အဲ့ကျရင် ထျန်းယွမ်ကမ္ဘာရဲ့ သက်ရှိတွေအားလုံး သေကြမယ့်အပြင်... ထျန်းယွမ်ကမ္ဘာ ကိုယ်တိုင်ပါ ဖျက်ဆီးခံရမှာ "
" ဒါတွေကို ရှောင်လွဲပြီး ထျန်းယွမ်ကမ္ဘာကို ကယ်တင်ဖို့ဆိုရင်တော့.. စိတ်ဝိဥာဥ်တွေအားလုံးကို ပေါင်းစည်းဖို့ တစ်နည်းပဲရှိတယ် "
လောထျန်း ခေါင်းကုတ်လိုက်သည်။
" ခင်ဗျားက ဒီလောက်နှစ်တွေအကြာကြီး အသက်
ရှင်လာတာတောင်.. ဒီအဖြေတစ်ခုကိုပဲ စဥ်းစားမိတာလား ။ အသက်တွေကို ကယ်ဖို့အတွက် အဲ့အသက်တွေကိုပဲ အရင်သတ်မယ်ပေါ့ ။ ခင်ဗျား စိတ်မှနှံ့သေးရဲ့လား "
သခင်ကြီးယွမ် မျက်ခုံးပင့်သွား၏။
" ဒီကိစ္စကို ကျုပ်လဲ ဘာမှမတတ်နိုင်ဘူးဗျ ။ ကျုပ် ဒါနဲ့ပတ်သက်ပြီး အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အဖြေရှာဖို့ စဥ်းစားဖူးတယ် ။ မျှော်လင့်ချက်လေး နည်းနည်းရှိတာဆိုလို့ အဲ့တစ်နည်းပဲရှိတာ။ ပြီးတော့.. ကျုပ်က သက်ရှိတွေအားလုံးကို ဖျက်ဆီးချင်တာ မဟုတ်ပါဘူး "
" ကျုပ်ရဲ့ မူလအစီစဥ်အတိုင်းဆိုရင်... ထျန်းယွမ်ကမ္ဘာရဲ့ သက်ရှိ 90% လောက်ကို ယဇ်ပူဇော်လိုက်တာနဲ့ စိတ်ဝိဥာဥ်တွေအားလုံးကို ပေါင်းစည်းနိုင်ပြီးတော့.. ကျုပ်က ပြိုင်ဘက်ကင်း အစွမ်းရှင်တစ်ယောက် ဖြစ်လာမှာ ။ အဲ့ကျရင် ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခု ပြဿနာကိုလဲ လက်တစ်ချက်ယမ်းရုံနဲ့ ဖြေရှင်းလို့ရသွားပြီ "
" အပေါ်ကမ္ဘာနဲ့ ဟို လူမသိအဖွဲ့တွေလဲ ထျန်းယွမ်
ကမ္ဘာကို ကျူးကျော်နိုင်တော့မှာ မဟုတ်ဘူး ။ ပြီးတော့.. ထျန်းယွမ်ကမ္ဘာရဲ့ သက်ရှိ 90% လောက် ကုန်သွားတယ်ဆိုရင်တောင်.. အချိန်ကြာလာတာနဲ့အမျှ သက်ရှိအရေအတွက် ဖြည်းဖြည်းချင်း တိုးလာမှာပဲလေ "
ထို့နောက် သူ ပြောလက်စ ခဏရပ်ပြီးမှ ဆက်ပြော၏။
" အဲဲဒါကတော့ ကျုပ်ရဲ့ အရင်အစီအစဥ်ပေါ့လေ ။ ဒါပေမယ့် အခု.. ပိုကောင်းတဲ့အစီစဥ်ကို စဥ်းစားမိထားတယ် ။ ဘယ်သက်ရှိကိုမှ စတေးစရာမလိုပဲ ထျန်းယွမ်ကမ္ဘာကို ကာကွယ်နိုင်မယ့် အစီစဥ်ပေါ့ "
လောထျန်း သူ့ကိုကြည့်ကာ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
" ခင်ဗျားကြီး ဘယ်လိုအကြံဆိုးတွေ စဥ်းစားနေတာလဲ "
ထိုအဘိုးကြီး၏ ဦးနှောက်က တစ်ခုခုလွဲနေသည်ကို သူသိသည် မဟုတ်ပါလား ။
အဘိုးကြီးသည် လုံးဝ ကျိုးကြောင်းဆီလျော်မှုမရှိ
ဟု ပြော၍မရသည့်တိုင် ... လွန်ပါသည်။
ထိုစဥ် သခင်ကြီးယွမ်က လောထျန်းကိုကြည့်ကာ ပြန်ပြော၏။
" အဲ့ဒါက ရိုးရှင်းပါတယ် ... သခင်လေးတစ်ယောက်တည်းကို စတေးလိုက်ရုံပဲလေ "
ထို့နောက် သူ လောထျန်းအား ပေါက်ထွက်မတတ် စိုက်ကြည့်ကာ ဆက်ပြောသည်။
" သခင်လေးရဲ့ စိတ်ဝိဥာဥ်အစွမ်းရော ၊ ခန္ဓာကိုယ်အစွမ်းရောက ကျုပ် မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲဗျ ။ သခင်လေးရဲ့ စိတ်ဝိဥာဥ်အစွမ်း တစ်ခုတည်းက ထျန်းယွမ်ကမ္ဘာမှာ ရှိကြတဲ့ သက်ရှိတွေထက် ပိုပြီးအစွမ်းမထက်နိုင်တာတော့ မှန်ပါတယ် "
" ဒါပေမယ့် သခင်လေးရဲ့ စိတ်ဝိဥာဥ်အစွမ်းက အင်မတန် သန့်စင်ပြီး ထူးခြားတာ ကံကောင်းတယ်ပဲ ပြောရမယ် ။ အဲ့တော့ သခင်လေးကိုသာ ယဇ်ပူဇော်လိုက်ရင် တခြားဘာမှ လုပ်စရာလိုမှာ မဟုတ်ဘူး "
" သခင်လေးတစ်ယောက်တည်းကို ယဇ်ပူဇော်လိုက်တာက စိတ်ဝိဥာဥ်တွေအားလုံး ပေါင်းစည်းခြင်း
ထက် အကျိုးလျော့မှာ မဟုတ်ဘူးဗျ။ အဲ့ကျရင် ကျုပ် နတ်ဘုရားအစွမ်းရဲ့ လျှို့ဝှက်ချက်ကို ရသွားနိုင်မှာဆိုတော့.. ထျန်းယွမ်ကမ္ဘာကိုလဲ ကယ်တင်ပြီးသား ဖြစ်သွားပြီ "
" ပြီးရင်.. သခင်လေးရဲ့ မိသားစုနဲ့ မိတ်ဆွေတွေအားလုံးကို ကာကွယ်ပေးမယ်လို့လဲ ကျုပ် ကတိပေးပါတယ် ။ သူတို့ကို ဘယ်သူမှ မထိစေရပါဘူး ။ သခင်လေး ဘယ်လိုသဘောရလဲ "
ကြားလိုက်ရသည့် စကားကြောင့် လောထျန်း မှင်သက်သွားရသည်။
တဖက်လူ စကားတွေအကြာကြီး ပြောနေရသည့် ရည်ရွယ်ချက်က သူ့အား ကိုယ့်ကိုကိုယ် စတေးခိုင်းဖို့တဲ့လား ...
ထိုအဘိုးကြီး၏ ခေါင်းက တစ်ခုခုလွဲနေသည်မှာ သေချာပါသည်။
လောထျန်း လည်ချောင်းရှင်း၍ ပြောလိုက်၏။
" အဘိုးကြီး ... ကမ္ဘာနှစ်ခုကြား တံခါးပေါက်
အကြောင်းကိုရော ခင်ဗျား တွေးကြည့်ဖူးလား "
" ခင်ဗျားကြီးက လူတွေကို ကယ်မယ်ဆိုတဲ့ခေါင်းစဥ်နဲ့ ဟိုလူ့ကို စတေးလိုက် ၊ ဒီလူ့ကို ယဇ်ပူဇော်လိုက်ပဲ လုပ်နေတာ ။ အဲ့လိုဆို ဘာလို့ ကိုယ့်ကိုကိုယ် ယဇ်မပူဇော်တာလဲ "
လောထျန်း အေးစက်စက် ပြောသည်။
သခင်ကြီးယွမ် မျက်မှောင်အနည်းငယ်ကြုံ့သွား၏။
" ဒါဆိုရင်... မင်းက ထျန်းယွမ်ကမ္ဘာကို ကယ်ဖို့အတွက် ကိုယ့်ကိုကိုယ် မစတေးချင်ဘူးပေါ့ ။ မင်း အဲ့လောက်ထိ တစ်ကိုယ်ခေါင်းဆန်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့ဖူးဘူး "
လောထျန်း တံတွေးထွေးလိုက်သည်။
" သူများ စိတ်ရင်းကောင်းတာကို အခွင့်ကောင်းယူပြီး လျှောက်ပြောမနေစမ်းပါနဲ့ ။ ခင်ဗျားကြီး အဲ့လောက်မှ ယဇ်ပူဇော်ချင်နေရင် အိမ်ပြန်ပြီးတော့ ကိုယ့်အမေကိုယ်ပဲ ပူဇော်လိုက် ။ ကျုပ်က ခင်ဗျားကြီးရဲ့ အဖေမဟုတ်ဘူးလေ... အဲ့တော့ ခင်ဗျားပြောတိုင်း ဘာလို့လိုက်လုပ်ရမှာလဲ "
သူ့စကားကို ကြားသောအခါ သခင်ကြီးယွမ်သည် ဒေါသထွက်ရမည့်အစား လှောင်ပြုံးဖြင့်သာ ပြန်ပြော၏။
" မင်းက အဲ့လိုအရှက်မရှိတဲ့သူ ဆိုတာ ငါ သိထားတာကြာလှပါပြီ ။ ဒါဆိုရင်တော့လဲ.... ယဇ်ပူဇော်ခြင်းအစီအမံကို အသက်သွင်းရုံပေါ့ ... "
သူ ပြောကာ လက်တစ်ချက်ယမ်းလိုက်သည်။
ဝီ ...
ရုတ်တရက်.. သူ့နောက်မှ အရိပ်ကြီးက မရေမတွက်နိုင်သော အမည်းရောင် အမျှင်တန်းများအဖြစ် ပြောင်းကာ လောထျန်းအား ချုပ်နှောင်လာ၏။
" လောထျန်း... "
ပန်းလင် လန့်သွားပြီး ရှေ့သို့ ခြေလှမ်းတိုးရန် ပြင်လိုက်သည်။
သို့သော် အေးစက်စက်အသံတစ်ခု ထွက်လာပါ၏။
" ဘေးဖယ်နေစမ်း "
ဝုန်း...
စကားသံ ဆုံးချိန်မှာပင် ပန်းလင်တစ်ယောက် နောက်သို့လွင့်ထွက်သွားပြီး အားတစ်ခုဖြင့် ချုပ်နှောင်ခြင်းခံလိုက်ရသည်။
" ဒါ.... "
ပန်းလင် တအံ့တသြ မော့ကြည့်လိုက်ရာ... တဖက်အဘိုးကြီးယွမ်က လေထဲရောက်နေသည်ကို မြင်လိုက်ရသည်။
သခင်ကြီးယွမ် ပန်းလင်ဘက်လှည့်ကြည့်၍ ပြော၏။
" အစကတော့ မင်းကိုတန်းပြီး သတ်လိုက်မလို့ပဲကွ ။ ဒါပေမယ့်... ငါက ထျန်းယွမ်ကမ္ဘာရဲ့ သမိုင်းတစ်ခုလုံးမှာ နံပါတ်တစ် ဖြစ်လာတော့မှာလေ ။ ဒီမြင်ကွင်းကို စောင့်ကြည့်ဖို့ မျက်မြင်သက်သေ တစ်ယောက်တော့ ရှိသင့်တာပေါ့ ။ မင်းလို သဘာဝစိတ်ဝိဥာဥ်တစ်ယောက်က အဲ့လိုသက်သေဖြစ်ဖို့ အကောင်းဆုံးပဲ "
ပန်းလင် ခဏမျှ အံ့သြသွားရပြီးနောက် ဒေါသတ
ကြီး ပြောလိုက်သည်။
" မိစ္ဆာကောင် ... "
သခင်ကြီးယွမ်က အပြုံးဖြင့် ပြန်ပြော၏။
" မင်းကြိုက်သလို ပြောလို့ရတယ်နော် ။ ငါ ဒီလမ်းကို စလျှောက်ကတည်းက ဘယ်သူပြောဆိုတာကိုမှ ခေါင်းထဲထည့်ခဲ့တာ မဟုတ်ဘူး "
" လူတွေက ငါ့ကို အရူးဆိုပြီး ရယ်ကြရင်တောင် ငါက သူတို့တွေ ငါ့စိတ်ကို ထွင်းဖောက်မမြင်နိုင်ဘူး ဆိုပြီးပဲ ပြန်ရယ်ခဲ့တာ ။ တစ်နေ့ကျရင်တော့ ထျန်းယွမ်ကမ္ဘာကလူတွေ ငါ့ကို ကျေးဇူးတင်ကြပါလိမ့်မယ် "
ထိုစဥ်မှာပင် .
" အဘိုးကြီး ... ဒီဟာတွေလောက်နဲ့ ကျုပ်ကို ချုပ်နှောင်ထားနိုင်မယ်လို့တော့ ခင်ဗျားမထင်ဘူးမဟုတ်လား "
အမည်းရောင် အမျှင်တန်းများကြားမှ လောထျန်း၏အသံ ထွက်လာသည်။
သခင်ကြီးယွမ်က အပြုံးဖြင့် ပြန်ပြော၏။
" ဒါပေါ့ကွ... ငါ အဲ့လောက် မတုံးဘူးလေ ။ ဒါ့ကြောင့်မို့ ... "
သူ ပြောပြောဆိုဆိုပင် လက်ဝါးနှစ်ဖက်ကို စုလိုက်ရာ..
ဝီ...
ကောင်းကင်နှင့်မြေကြီး ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ထွင်းစာများ ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ယှက်နွယ်ကာ လောထျန်းရှိနေသည့် လေထုအား ချုပ်နှောင်လာပြန်သည်။
" ကောင်းကင်နဲ့မြေကြီးက မီးဖိုပဲ... "
ဝုန်း...
ထို့နောက်တွင်မူ... ထွင်းစာများက အိုးကြီးတစ်ခုအသွင် ရောယှက်လာကြ၏။
ထိုစဥ်မှာပင် သခင်ကြီးယွမ်က လက်ထပ်ယမ်းလိုက်
ရာ ... သူ့လက်ထဲမှ စိတ်ဝိဥာဥ်မျိုးစေ့ လေးခု ထွက်လာပြီး အိုးကြီးဘေးသို့ ကျသွားကြသည်။
" စိတ်ဝိဥာဥ်ဆိုတာ.. မီးတောက်တွေ.. "
သခင်ကြီးယွမ်၏ အော်သံနှင့်အတူ သူ့စိတ်ဝိဥာဥ်မျိုးစေ့များမှ ကြောက်မက်ဖွယ်အစွမ်း ထွက်လာကာ အိုးကြီးထဲ ဝင်သွား၏။
ဝုန်း...
ချက်ချင်းမှာပင် အိုးကြီးဆီမှ ကြောက်မက်ဖွယ် ဖိအားတစ်ခု ပေါက်ထွက်လာသည်။
ထိုဖိအားမှာ မူလမသေမျိုးလက်နက်ထက်ပင် များစွာပိုသာပါသည်။
" သခင်လေးလောထျန်း .... "
ပန်းလင်က ကူကယ်ရာမဲ့ မျက်လုံးများဖြင့် အော်၏။
အိုးကြီးဆီမှ ထွက်နေသော ဖိအားက ကြောက်စရာကောင်းလွန်း၍ လောထျန်းတစ်ယောက် မခံနိုင်မည်
ကို သူမ အမှန်တကယ်ပင် စိုးရိမ်မိသွားသည်။
သို့သော်.. လောထျန်းက လုံးဝဂရုစိုက်ဟန် မတူပါ ။
" အကွက်တွေကတော့ လှပါတယ် ၊ ဒါပေမယ့် ငါ့ကိုတော့ မချုပ်နှောင်နိုင်ဘူး ။ ဒါနဲ့... ငါ တည်နေရာရွှေ့ပြောင်းပြီးပဲ ထွက်ရမလား ... မီးဖိုကိုပဲ ဖျက်ဆီးလိုက်ရမလား "
လောထျန်းစိတ်ထဲ ဒွိဟများနေပါ၏။
ထိုစဥ် သခင်ကြီးယွမ်က ထပ်ပြောလာသည်။
" ဆေးရည်တွေရယ် ၊ မသေမျိုးအရိုးတွေရယ် ၊ နတ်ဆိုးဧကရာဇ်ရဲ့ သွေးရယ် ၊ ကောင်းကင်ဘုံနဂါး ကြေးခွံတွေရယ် ၊ သိဒ္ဓိဝင်ဆေးပင် ၃၀၀ ရယ် ၊ စိတ်ဝိဥာဥ်သလင်းကျောက် ထောင်ချီရယ် ၊ ထျန်းယွမ်ကမ္ဘာသစ်သီး တစ်စက်ရယ် ၊ ကောင်းကင်ဘုံ မသေမျိုးမျက်ရည်စက်တွေရယ် ထပ်ပေါင်းလိုက်ရင် ... စိတ်ဝိဥာဥ်ပေါင်းစည်းခြင်း ယဇ်ပူဇော်တာ ပြည့်စုံသွားပြီ "
ထိုစကားကို ကြားသောအခါ လောထျန်း၏
ခန္ဓာကိုယ် ရုတ်တရက် တုန်သွား၏။
" ဘယ်လို ... ကောင်းကင်ဘုံ မသေမျိုးမျက်ရည်စက်တွေလို့ ပြောလိုက်တာလား "
သူ တအံ့တသြ မေးလိုက်သည်။