အခန်း (၇၁၀)
Vol. 51 Ch. 710
" ငရဲသွားတဲ့လမ်း... ဟုတ်လား ၊ အဲ့ကို ခင်ဗျားကြီးပဲသွား.... ကျုပ် မသွားဘူး "
လောထျန်း အေးစက်စက် ပြန်ပြောလိုက်သည်။
ထို့နောက် တဖက်လူ သူ့ရှေ့မှ ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း လောထျန်း ရုတ်တရက် လန့်သွားဟန်ဖြင့် ပြောသည်။
" ဟာ... အရေးကြီးဆုံး ကိစ္စတစ်ခုကို မေးဖို့မေ့သွားတာ "
ပန်းလင် သူ့ဘက်လှည့်ကြည့်၍ မေးလိုက်သည်။
" သခင်လေးက စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးနဲ့ လက်ချောင်းအရိုး အကြောင်းကို မေးမလို့လား "
လောထျန်း ခေါင်းခါပြ၏။
" အဲ့ကိစ္စက အဲ့လောက် အရေးမကြီးဘူးဗျ ။ ကျုပ်က သူပိုင်တဲ့ အဖိုးတန်အရာတွေ ဘယ်မှာဖွက်ထားလဲ မေးမလို့ "
ပန်းလင်နှင့် နတ်ဆိုးဧကရာဇ်လီ : " ........... "
သူတို့နှစ်ယောက်လုံး လောထျန်းအား ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
လောထျန်း မျက်မှောင်ကြုံ့၍ ပြော၏။
" ဘာလို့လဲ... ကျုပ်မေးခွန်းက ထူးဆန်းလို့လား ။ သေချာစဥ်းစားကြည့်လေဗျာ ... သူတို့ ဝမ်ဟွန်းကွေ့ယီဂိုဏ်းက ခေတ်တွေအများကြီးကို ဖြတ်သန်းလာပြီးတော့ အင်အားကြီးဂိုဏ်းတွေ မရေမတွက်နိုင်အောင်ကိုလဲ ဖျက်ဆီးထားခဲ့တာ ။ အဲ့လိုအဖွဲ့တစ်ခုမှာ စုဆောင်းထားတဲ့ အဖိုးတန်ပစ္စည်းတွေ ဘယ်လောက်တောင် များမလဲ "
သူ့စကားကြောင့် တဖက်လူနှစ်ယောက် အံ့သြသွားကြပြန်သည်။
" သခင်လေးက အဲ့လိုပြောတော့လဲ .... အဲ့ကိစ္စက တကယ်ကို အရေးကြီးတာပဲ "
ပန်းလင် မျက်မှောင်ကြုံ့၍ ဆိုသည်။
" ဒါပေမယ့်.. အခု ဘယ်လိုလုပ်ကြမလဲ ။ အဲ့ပစ္စည်းတွေကို ဘယ်မှာ သွားရှာကြမလဲဗျ "
နတ်ဆိုးဧကရာဇ်လီလည်း စိတ်ဝင်တစား ဝင်ပြော၏။
" သခင်လေးရဲ့ စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး ရှာကြည့်ရင်ရော "
ပန်းလင် အကြံပြုလိုက်သည်။
နတ်ဆိုးဧကရာဇ်လီက ချက်ချင်းခေါင်းယမ်း၍ ပြော၏။
" အဲ့တာက သိပ်မဖြစ်နိုင်ဘူး ။ ဒီ အသူရာချောက်က ကျယ်လွန်းတော့ သခင်လေးရဲ့ စိတ်ဝိဥာဥ်အစွမ်းနဲ့တောင် တစ်နေရာလုံးကို ခြုံမိဖို့ဆိုတာ မလွယ်ဘူးကွ။ ဒီ မိစ္ဆာကောင်တွေက သူတို့ပစ္စည်းတွေကို ဘယ်မှာဖွက်ထားလဲဆိုတာ ဘုရားပဲ သိနိုင်မှာ "
လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်း ခြုံငုံနိုင်သည့် ပမာဏကို သူ အနည်းငယ် သိထားသောကြောင့် ထိုစကားမျိုး ပြောလိုက်ခြင်းဖြစ်ပါသည်။
သို့သော် လောထျန်းက လက်ခုပ်တစ်ချက်တီး၍ ပြောလာ၏။
" ဟုတ်သားပဲ... စိတ်ဝိဥာဥ်အစွမ်းနဲ့ ရှာကြည့်လိုက်
လို့ရတယ် "
နတ်ဆိုးဧကရာဇ်လီ မျက်ခုံးပင့်သွားသည်။
" သခင်လေးရဲ့ လက်ရှိ စိတ်ဝိဥာဥ်အစွမ်းက အသူရာချောက် တစ်ခုလုံးကို လွှမ်းခြုံနိုင်ပြီလား "
လောထျန်း ခေါင်းခါပြ၏။
" မရသေးဘူး ... ဒါပေမယ့် အဲ့လိုရအောင်ထိ ကျင့်ကြံလိုက်လို့ ရတယ်လေ "
" အဲ့လိုရအောင် ကျင့်ကြံမယ်... ဒါ လူစကားရော ဟုတ်သေးရဲ့လား "
နတ်ဆိုးဧကရာဇ်လီ မနေနိုင်ဘဲ ရေရွတ်ကာ ပန်းလင်ဘက် လှည့်ကြည့်လိုက်သည်။
ပန်းလင်ဘက်မှလည်း သူ့နည်းတူ ပြောလာမည်ဟု မျှော်လင့်ပါ၏။
သို့သော်.. မျှော်လင့်မထားစွာပင် ပန်းလင်က ခေါင်းညိတ်၍ ဆိုသည်။
" အဲ့ဒါ ဖြစ်နိုင်တယ် ။ သခင်လေးက ကျင့်ကြံခြင်းအဆင့်သစ်ကိုလဲ ရောက်ထားတာပဲလေ "
လောထျန်း ခေါင်းညိတ်သည်။
" ဟုတ််တယ် ။ ကဲ... ကျုပ် အခုပဲ ကျင့်ကြံလိုက်တော့မယ် "
သူ ပြောပြီးသည်နှင့် တင်ပျင်ခွေထိုင်ကာ ကောင်းကင်ဘုံ ပုံရိပ်ဖော်ကျင့်စဥ်ကို တိတ်တဆိတ် ကျင့်ကြံလိုက်၏။
နတ်ဆိုးဧကရာဇ်လီမှာကား သူ့ကိုကြည့်ပြီး ဆွံ့အလျက်....
" ဒီမှာကြီး ကျင့်ကြံမှာလား .... ။ စိတ်ဝိဥာဥ်အစွမ်းကို ကျင့်ကြံတာက သိုင်းပညာအားလုံးထဲမှာ တိုးတက်မှုအနှေးဆုံးအဖြစ် သတ်မှတ်ခံထားရတာလေ ။ အခု ကျုပ်တို့ ဘယ်လောက်တောင် စောင့်ရမှာလဲ "
ထို့နောက် သူ ပန်းလင်ကို ကြည့်ကာ ဆက်ပြောသည်။
" ပန်းလင် ၊ သူက ပြဿနာရှာနေရင်တောင်.. ဘာလို့ ခင်ဗျားကပါ သူနဲ့အတူ လိုက်လုပ်နေတာလဲ "
သူ စကားဆုံးချိန်တွင်ကား လောထျန်းက ထိုင်နေရာမှပင် ပြန်ထရပ်လိုက်လေပြီ ။
နတ်ဆိုးဧကရာဇ်လီ အံ့သြသွားရပြီးနောက် ခေါင်းညိတ်၍ ဆို၏။
" ဟုတ်တယ်ဗျ ။ ခုချိန် ကျင့်ကြံတာက ကောင်းတဲ့ရွေးချယ်မှုမဟုတ်မှန်း သခင်လေးလဲ သိသွားပြီမလား "
လောထျန်း သူ့အား လှည့်ကြည့်လာသည်။
" ဘာလို့ မဟုတ်ရမှာလဲ "
နတ်ဆိုးဧကရာဇ်လီ မျက်လုံးပြူးသွားကာ ပြန်မေးလိုက်၏။
" ဒါဆို သခင်လေး ဘာဖြစ်လို့ ဆက်မကျင့်ကြံတော့တာလဲ "
လောထျန်းက အေးဆေးပင် ပြန်ပြောသည်။
" ကျုပ် ကျင့်ကြံလို့ ပြီးသွားပြီလေ "
" ဘယ်လို .... "
နတ်ဆိုးဧကရာဇ်လီ မှင်သက်သွားရပြန်တော့သည်။
ကျင့်ကြံလို့ ပြီးသွားပြီတဲ့လား..
သူ စကားအနည်းငယ်လေးသာ ပြောရသေးချိန်မှာပင်.. ကျင့်ကြံလို့ ပြီးသွားပြီတဲ့လား ...
ထိုစဥ် လောထျန်း အသက်ပြင်းပြင်းရှိုက်ကာ မျက်လုံးမှိတ်လိုက်သည်။
ဝီ ...
ချက်ချင်းမှာပင်... သူ့ကို ဗဟိုပြုထားသော ကြောက်မက်ဖွယ် စိတ်ဝိဥာဥ်အစွမ်းတစ်ခုက အရပ်မျက်နှာစုံသို့ လွှမ်းခြုံသွား၏။
ထို စိတ်ဝိဥာဥ်အစွမ်းကြား ရှိနေသော နတ်ဆိုးဧကရာဇ်လီတစ်ယောက် တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။
" ဒီ စိတ်ဝိဥာဥ်အစွမ်းက ဘာတွေဖြစ်နေတာလဲ "
သူ လောထျန်းအား တုန်လှုပ်စွာ ကြည့်လိုက်သည်။
လောထျန်း ထုတ်လွှတ်ထားသည့် စိတ်ဝိဥာဥ်အစွမ်းတွင် တိုက်ခိုက်လိုဟန် မပါဝင်သော်လည်း...
အစွမ်းထက်ပြီး ကြောက်စရာကောင်းလှ၍ သူ ကူကယ်ရာမဲ့ပင် ခံစားနေရပါ၏။
သူ ယခင်ကလည်း လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းကို ကြုံထားဖူးပြီး မယုံနိုင်စရာကြီးမှန်း သိထားပြီးသည့်တိုင်...
ယခုက ယခင်နှင့် လုံးဝ မတူတော့ပါချေ။
သို့ဆိုလျှင်... လောထျန်း အစောကပြောခဲ့သည့် စကားများမှာ နောက်နေခြင်း ဟုတ်ပုံမရပါ ။
လောထျန်းက စိတ်ဝိဥာဥ်အစွမ်းကို အမှန်တကယ် ကျင့်ကြံခဲ့ပုံပါပင် ။
သူ စကားနှစ်ခွန်းခန့် ပြောနေစဥ်အချိန်လေးအတွင်း၌ စိတ်ဝိဥာဥ်အစွမ်းများက ဤမျှ ကြောက်စရာအဆင့်ထိရောက်အောင် တိုးလာခဲ့သတဲ့လား ။
လောထျန်းက လူသားတစ်ယောက်ပင် ဟုတ်ပါသေးရဲ့လား ။
သူ ပန်းလင်ဘက်သို့ တုန်လှုပ်ခြင်းကြီးစွာ လှည့်ကြည့်လိုက်သည်။
ပန်းလင်က မည်သို့မှ မတတ်နိုင်ပုံဖြင့် ပုခုံးတွန့်၍သာ ပြန်ပြော၏။
" ဒီကောင်လေးက အဲ့လိုပဲ ။ သူနဲ့နေတာကြာရင် နင်လဲ အသားကျသွားမှာပါ ။ သူ ကျင့်ကြံတာကို ပထမဆုံးအကြိမ် မြင်တုန်းကဆို.. ငါလဲ နင့်လိုတုန်လှုပ်သွားခဲ့ရတာပဲ "
ထိုစဥ်မှာပင်... လောထျန်းတစ်ယောက် မျက်လုံးပြန်ဖွင့်လာသည်။
" တွေ့ပြီ ၊ ကျုပ်နောက်ကို လိုက်ခဲ့ကြ "
သူ တအံ့တသြ ပြော၏။
ပြောပြီးချင်းမှာပင် သူ နေရာမှ ပျောက်ကွယ်သွားသဖြင့် ပန်းလင်တို့နှစ်ယောက်သား နေရာတွင်သာ ငုတ်တုတ်ကြီး ကျန်ခဲ့ကြသည်။
တခဏအကြာတွင်မူ..
ဝှစ်...
လောထျန်း တည်နေရာရွှေ့ပြောင်းပြီး ပြန်ရောက်လာကာ အိုးတို့အမ်းတမ်း မျက်နှာထားဖြင့် ဆိုသည်။
" စိတ်မရှိပါနဲ့ဗျာ ... ကျုပ် မေ့သွားလို့ ။ ကဲ.. ကျုပ်နဲ့ အတူလိုက်ခဲ့ "
သူ ပြောပြောဆိုဆိုပင် နှစ်ယောက်လုံးကို လက်မှဆွဲခေါ်ကာ တည်နေရာ ထပ်ရွှေ့ပြောင်းလိုက်သည်။
ဤသို့ဖြင့် မကြာခင်မှာပင်.. သူတို့ သုံးယောက်သား အသူရာချောက်၏ အတွင်းပိုင်းတစ်နေရာသို့ ရောက်သွားကြ၏။
ထိုနေရာတွင်ကား... နေရောင်တစ်ပြောက်ပင် ရှိမနေဘဲ အမှောင်ထုသာ ကြီးစိုးနေပါသည်။
သို့သော် လူသုံးယောက်ကမူ ဤကိစ္စကို သိပ်ပြီးဂရုမစိုက်လှပါ ။
" ဟိုနားလေးမှာ စိတ်စွမ်းအင်တွေ မငြိမ်မသက်ဖြစ်နေတယ် "
ပန်းလင် ပြောလိုက်သည်။
လောထျန်းနှင့် နတ်ဆိုးဧကရာဇ်လီမှာလည်း ၎င်းကို သတိထားမိလိုက်ကြ၏။
ထို့နောက်တွင် သူတို့သုံးဦး ကျောက်တုံးတံခါးကြီး တစ်ခုရှေ့သို့ ရောက်လာကြသည်။
" တော်တော်အားကောင်းတဲ့ အချုပ်အနှောင်ပါလား "
နတ်ဆိုးဧကရာဇ်လီက တံခါးရှေ့မှ အချုပ်အနှောင်ကိုကြည့်ရင်း တအံ့တသြ ရေရွတ်၏။
ဝုန်း...
ထိုစဥ် လောထျန်းက လက်ယမ်းလိုက်ရာ အချုပ်အနှောင်များ တမဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။
" ဒါ... "
နတ်ဆိုးဧကရာဇ်လီ ဆွံ့အသွားရပြန်၏။
" သွားကြစို့ "
လောထျန်း ပြောပြီး ကျောက်တုံးတံခါးထဲသို့ ဦးစွာ ခြေလှမ်းလိုက်သည်။
ကျန်နှစ်ယောက်မှာလည်း သူ့နောက်မှ တိတ်တဆိတ် လိုက်သွားကြ၏။
သူတို့ ကျောက်တုံးတံခါးထဲ ရောက်သွားချိန်တွင်ကား... သုံးယောက်လုံး မျက်မှောင်ကြုံ့ကုန်ကြသည်။
အဘယ့်ကြောင့်ဆိုသော်.. ကျောက်တုံးတံခါးထဲ၌ မရေမတွက်နိုင်သော အလောင်းများ ပြန့်ကျဲနေသောကြောင့်ပင် ..
နတ်ဆိုးဧကရာဇ်လီမှာ ထိုအလောင်းများကို တစ်ချက်ကြည့်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
သူ့ရှေ့မှ အလောင်းများမှာ သူ့လိုပင် ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ လက်ချက်ကြောင့် ခန္ဓာကိုယ်အသွင်ပြောင်းထားရသူများ ဖြစ်ပါသည်။
သူတို့မှာ လူသားများ မဟုတ်သလို ဝိဥာဥ်များလည်း မဟုတ်ပါချေ ။
သို့သော်... ထိုသူများအားလုံး သေနေကြလေပြီ ။
" ဒါ... စိတ်ဝိဥာဥ်ပေါင်းစည်းခြင်းဓား ကြောင့်ပဲ "
ဘေးမှ ပန်းလင်က အလောင်းများကို ကြည့်ရင်း ကောက်ချက်ချ၏။
" သခင်ကြီးယွမ်ရဲ့ စိတ်ဝိဥာဥ်ပေါင်းစည်းခြင်းဓား က သူတို့ရဲ့ အသက်အစွမ်းတွေကို စုပ်ယူသွားခဲ့တာ ။ အဘိုးကြီးက ဓားကို နှစ်ကြိမ်တောင် သုံးလိုက်တော့ သူတို့ကို သတ်လိုက်သလို ဖြစ်သွားတာပေါ့ "
လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
ထိုစဥ်မှာပင် ...
" ဘယ်သူရှိလဲ .... လာကယ်ကြပါဦး ... "
ခပ်လှမ်းလှမ်းမှ ရုတ်တရက် အသံတစ်သံ ထွက်လာ၏။
" ဟင်... ဒီမှာ အသက်ရှင်တဲ့သူ ရှိနေသေးတာလား "
သုံးယောက်လုံး အံ့အားသင့်သွားကြသည်။
ထို့နောက် သူတို့သုံးယောက်လုံး အသံလာရာသို့ ချက်ချင်းလျှောက်သွားလိုက်ကြပြီး ..
မကြာခင်မှာပင်.. အကျဥ်းထောင်တစ်ခုရှေ့ ရောက်သွားကြသည်။
ထို ထောင်အခန်းထဲတွင်ကား ချုပ်နှောင်ခံထားရသည့် အဘိုးအိုသုံးယောက် ရှိနေ၏။
ထိုသုံးယောက်လုံးမှာ ဆိုးဆိုးရွားရွား ညှင်းပမ်းနှိပ်စက်ခံထားရဟန်တူကာ သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများလည်း အကောင်းပင် မကျန်တော့ပါချေ ။
သူတို့ ယနေ့ထိ အသက်ရှင်နေသေးသည်ကပင် ကံကောင်းလွန်းသည်ဟု ဆိုရပေမည်။
" ခင်ဗျားတို့က ဘယ်သူတွေလဲ "
လောထျန်း မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
အလယ်မှ အဘိုးအိုက ခေါင်းကို ခက်ခက်ခဲခဲမော့ပြီး လောထျန်းအား ကြည့်လာကာ... အံ့သြဟန်ဖြင့် ဆိုသည်။
" မင်းက ဘယ်သူလဲ... ကြည့်ရတာ ဝမ်ဟွန်းကွေ့ယီဂိုဏ်းက လူနဲ့လဲ မတူဘူး "
" ဝမ်ဟွန်းကွေ့ယီဂိုဏ်း ဖျက်ဆီးခံလိုက်ရပြီ "
ဘေးမှ နတ်ဆိုးဧကရာဇ်လီက အသံအုပ်အုပ်ဖြင့် ဝက်ပြောလိုက်၏။
" ဖျက်တီးခံလိုက်ရပြီ ... ဟုတ်လား ၊ နောက်နေတာများလားကွာ ။ သူတို့က အဲ့လောက်အင်အားကြီးတာကို ဘယ်သူ ဖျက်ဆီးနိုင်မှာလဲ "
သူ့စကားကြောင့် အဘိုးအို အံ့သြမှင်သက်သွားသည်မှာ အသိသာပါပင် ။
ပန်းလင်က ဝင်ပြောသည်။
" သူ လိမ်ပြောနေတာ မဟုတ်ဘူး ၊ ဝမ်ဟွန်းကွေ့ယီဂိုဏ်းက တကယ်လဲ ဖျက်ဆီးခံလိုက်ရပြီ ။ လွေ့နန်ရော ၊ သခင်ကြီးယွမ်ရော နှစ်ယောက်လုံးလဲ သေပြီ "
တဖက်မှ အဘိုးအို ပန်းလင်ကိုကြည့်ကာ မျက်လုံးများ အရောင်လက်သွား၏။
" မင်းက သဘာဝစိတ်ဝိဥာဥ် မဟုတ်လား... သဘာဝစိတ်ဝိဥာဥ်တွေက ဘယ်တော့မှ လွယ်လွယ်နဲ့ မလိမ်တတ်ကြဘူး ။ ဒါဆို... အားလုံးက အမှန်တွေပေါ့ "
နတ်ဆိုးဧကရာဇ်လီ ခါးထောက်၍ ပြန်ပြောလိုက်သည်။
" ဒါပေါ့... အားလုံး အမှန်တွေပဲ "
သူ ထို့သို့ပြောပြီးနောက် တဖက်အဘိုးအိုထံမှ ဝမ်းသာအားရ ကျေးဇူးတင်စကား ဆိုလာမည်ကို မျှော်လင့်ဟန်ဖြင့် ကြည့်လိုက်၏။
သို့သော်... ထင်မထားစွာပင်... အဘိုးအိုက
ရုတ်တရက် ငိုကြွေးလိုက်သည်။
" သွားပါပြီကွာ... အားလုံး သွားပြီ ။ ငါ့ရဲ့ ဘဝတလျှောက်လုံး ဒီမှာပဲ ချုပ်နှောင်ခံထားရတော့မယ် "