အခန်း (၇၁၂)
Vol. 51 Ch. 712
" ငါ့ကို မသေမျိုးဧကရာဇ်တစ်ယောက်လို့ ဘာလို့ထင်ရတာလဲ ။ ပြီးတော့ ငါ့နောက်လိုက် ဘာလို့ဖြစ်ချင်တာလဲ "
သားရဲငယ်လေးက ရယ်ရင်း ပြန်ပြော၏။
" ကျုပ် မသေမျိုးဧကရာဇ် အစစ်တစ်ယောက်ကို တစ်ခါမှ မမြင်ဖူးပေမယ့် သခင်ကြီးရဲ့ အရောင်အဝါက မသေမျိုးဘုရင်ထက် အများကြီးပိုသာမှန်း သိပါတယ် ။ အဲ့တော့ သခင်ကြီးက မသေမျိုးဧကရာဇ်ပဲ ဖြစ်ရမယ်လေ "
" ပြီးရင်.. သခင်ကြီးက မသေမျိုးဧကရာဇ်တစ်ယောက်ဆိုတော့ ကျင့်ကြံခြင်းအဆင့်တက်ဖို့ ဧကရာဇ်ဆေးလုံးကိုလဲ သောက်စရာမလိုဘူးပေါ့ ။ အဲ့တော့... သခင်လေးရဲ့ နောက်လိုက်လုပ်ရင် ကျုပ် အစားခံရမယ့်ကိစ္စကိုလဲ ပူနေစရာ မလိုတော့ဘူး "
သူ့ရှင်းပြချက်ကို နားထောင်ပြီးနောက် လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
ထိုကောင်လေး၏ အစီစဥ်က ကောင်းပါသည်။
" မင်းကို ငါ့နောက်လိုက် လုပ်ခွင့်ပေးရင် ငါ့အတွက်ရော ဘာအကျိုးအမြတ်တွေ ရမှာလဲ "
လောထျန်းက လက်ခံမည် ၊ မလက်ခံမည် မပြောသေးဘဲ သားရဲကိုကြည့်ကာ မေးလိုက်၏။
သားရဲငယ်လေးက ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှ ပြန်ပြောသည်။
" ကျုပ်က သခင်ကြီးအတွက် တိုက်ရိုက်ဘာမှ မလုပ်ပေးနိုင်ပေမယ့်.. သခင်ကြီးဆီမှာ မိသားစုတွေ ၊ တပည့်တွေ ရှိမှာပေါ့ ။ ကျုပ်က ဧကရာဇ်ဆေးလုံး ဖြစ်တဲ့အတွက် အစွမ်းထက်အရောင်အဝါကို ထုတ်လွှတ်နိုင်တယ်ဗျ ။ အဲ့တော့ ကျုပ်ဘေးမှာသာ နေရင် ဘာမှမလုပ်ဘဲ အသက်ရှူနေရုံနဲ့ အစွမ်းတိုးနိုင်ပါတယ် "
" ပြီးတော့ ကျုပ်ရဲ့ အရောင်အဝါနည်းနည်းလောက်ကို ရေထဲထည့်လိုက်ရင်လဲ အဲ့ရေက ထိပ်တန်းအဆင့် သဘာဝရတနာ ဖြစ်သွားတယ်ဗျ ။ မသေမျိုး
ဘုရင် အဆင့်အောက်က ဘယ်သူမဆို အဲ့ရေကိုသောက်ပြီးတော့ အစွမ်းတိုးအောင် လုပ်နိုင်တယ် "
" အဲ့လိုလား "
ကြားလိုက်ရသည့် စကားကြောင့် လောထျန်း၏မျက်လုံးများ အရောင်လက်သွားသည်။
ထိုဧကရာဇ်ဆေးလုံး၌ ဤသို့အကျိုးကျေးဇူးများ ရှိသတဲ့လား..
၎င်းကိုသာ ပြန်ယူသွားပြီး ရေထဲစိမ်လိုက်လျှင် ပျောင်ပိုင်မြို့အတွက် ရှားပါးရတနာတစ်ခု ထပ်တိုးသွားပေမည်။
" တကယ်လို့ မင်းကို ငါ့နောက်လိုက်အဖြစ် လက်ခံမယ်ဆိုရင်.. မင်းအတွက် ဘာတွေလိုလဲ "
လောထျန်း စိတ်ဝင်တစား ဆက်မေးလိုက်သည်။
သားရဲငယ်လေးမှာလည်း မျှော်လင့်ချက်အလင်းရောင်ကို ခံစားမိဟန်ဖြင့် ချက်ချင်းဒူးထောက်၍ ပြန်ဖြေ၏။
" လက်ရှိမှာ ကျုပ်ကို ယူပြီး ဝါးမြိုချင်ကြတဲ့ အပေါ်ကမ္ဘာသားတွေ အများကြီးရှိပါတယ် ။ ပြီးတော့ ကျုပ်ကို သန့်စင်ချင်တဲ့ သူတွေလဲ အများကြီးပဲဗျ ။ ကျုပ်က... ကျုပ်အသက်ကို ကာကွယ်ပေးဖို့တစ်ခုပဲ သခင်ကြီးဆီကနေ တောင်းဆိုချင်တာပါ ။ ကျုပ် သခင်ကြီးလက်အောက်မှာ လိုလိုလားလား အမှုထမ်းပါ့မယ် "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ ၊ အဲ့လိုဆိုရင် မင်းအသက်ကို ငါ ကာကွယ်ပေးမယ် "
" ကျေးဇူးတင်ပါတယ် သခင်ကြီး "
သားရဲငယ်လေး အလွန်ပျော်သွားကာ လောထျန်းအား ပြားပြားဝပ် အရိုအသေပေးပြီးမှ ပြန်ထရပ်၏။
ထိုစဥ် ပန်းလင်နှင့် နတ်ဆိုးဧကရာဇ်လီတို့လည်း သူတို့ဆီ လျှောက်လာကြသည်။
" အင်... အဲ့ဒါဘာလဲ ၊ သားရဲလား "
ပန်းလင်က သားရဲလေးကို မြင်မြင်ချင်း တအံ့တသြ
မေး၏။
" မင်းကသာ သားရဲလေ ၊ မင်းတို့ တစ်မိသားစုလုံးလဲ သားရဲ "
သားရဲငယ်လေးက ဒေါသတကြီး ပြန်ပြောသည်။
၎င်းကို မြင်သောအခါ လောထျန်း သားရဲငယ်လေးအား အေးစက်စက် လှမ်းကြည့်လိုက်သည်။ သားရဲလေး ချက်ချင်း ခေါင်းငုံ့သွားကာ အသံလည်းတိတ်သွား၏။
ပြီးနောက်မှ လောထျန်းက သားရဲလေး၏ အကြောင်းစုံကို ပန်းလင်တို့အား ပြောပြလိုက်သည်။
ပန်းလင်နှင့် နတ်ဆိုးဧကရာဇ်လီ တို့မှာ ပါးစပ်အဟောင်းသား...
" ဆေးလုံးတစ်ခုက စိတ်စွမ်းအင်အသိဉာဏ် တကယ်ရှိနိုင်တာလား "
နတ်ဆိုးဧကရာဇ်လီ ပြောရင်း သားရဲလေးအား တအံ့တသြကြည့်လိုက်၏။
သားရဲလေးက ချက်ချင်း ပြန်ရန်တွေ့သည်။
" မင်း စကားပြောတာ ကြည့်ပြောနော် ။ ငါက ဧကရာဇ်ဆေးလုံး နမူနာပုံစံကွ ၊ ဆေးလုံးအစစ် မဟုတ်ဘူး ။ မင်းက ငါ့ကို ဧကရာဇ်ကြီး ၊ ဒါမှမဟုတ် မဟာဧကရာဇ်ကြီး လို့ ခေါ်သင့်တာ "
နတ်ဆိုးဧကရာဇ်လီ နှုတ်ခမ်းမဲ့သွားသည်။
" မျိုးမစစ်ကောင်လေး... မင်းက ဧကရာဇ်တစ်ပါး သိပ်ဖြစ်ချင်နေတာလား ။ မင်းက ဧကရာဇ်ဆေးလုံး နမူနာပုံစံဆိုတော့ ... မင်းကို ကြက်ပေါက်လေးလို့ခေါ်တာ ပိုကောင်းမယ်လို့ ငါထင်တယ် "
သူ့စကားကြောင့် သားရဲလေး ဒေါသူပုန်ထသွားကာ ပြန်အော်၏။
" မင်းက ငါ့ကို စော်ကားရဲတယ်ပေါ့လေ "
ဝုန်း ...
ချက်ချင်းမှာပင် ၎င်းက ဧရာမသားရဲကြီးတစ်ကောင်အသွင် ပြောင်းကာ နတ်ဆိုးဧကရာဇ်လီ ဆီသို့ တိုးဝင်သွားသည်။
နတ်ဆိုးဧကရာဇ်လီမှာလည်း ချက်ချင်း ပြန်ခုခံလိုက်
ရသည်။ သူတိုနှစ်ယောက် တခဏကြာ တိုက်ခိုက်ပြီးချိန်တွင်ကား မည်သူမှ အနိုင်မရဘဲ သရေကျနေပါတော့၏။
" အစွမ်းထက်လိုက်တာ... "
၎င်းကိုကြည့်နေသော ပန်းလင်တစ်ယောက် တုန်လှုပ်သွားရသည်။
နတ်ဆိုးဧကရာဇ်လီ၏ လက်ရှိအစွမ်းမှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှပါသည်။ ယခု ထိုဆေးလုံးက သူနဲ့ လက်ရည်တူနေသတဲ့လား..
ထိုစဥ် မလှမ်းမကမ်းမှ လောထျန်းက စိတ်မရှည်တော့ဟန်ဖြင့် လက်ယမ်း၍ ပြောလာ၏။
" ရပ်ကြတော့ "
ဝှစ်....
သူ့စကားကို ကြားသည်နှင့် သားရဲကြီး ချက်ချင်းရပ်သွားကာ သားရဲငယ်လေးအဖြစ် ပြန်ပြောင်းပြီး လောထျန်းဘေး ပြန်ရောက်လာသည်။
" အဘိုးကြီး ၊ ငါ မင်းကို မကြောက်ဘူးနော် ။ သခင်ကြီးရဲ့ အမိန့်ကြောင့်မို့သာ ရပ်လိုက်တာ "
၎င်းက နတ်ဆိုးဧကရာဇ်လီအား ရန်စလှောင်ပြောင်ရန်ကိုမူ မမေ့ပါချေ ။
နတ်ဆိုးဧကရာဇ်လီ မျက်နှာကြီးသုန်မှုန်သွားကာ ပြန်ပြော၏။
" ဟမ့် ၊ ထွက်ပြေးရင် ပြေးတယ်ပေါ့ကွာ ။ ဘာအကြောင်းပြချက်တွေ လိုက်ရှာနေတာလဲ "
တဖက်မှ သားရဲလေးကမူ နှုတ်ခမ်းသာ မဲ့ပြပြီး သူ့အား လျစ်လျူရှုထားတော့သည်။
ထိုစဥ် လောထျန်းက သားရဲလေးကိုကြည့်ကာ ဆက်မေး၏။
" ခုနတုန်းက... မင်း အပေါ်ကမ္ဘာကနေ လာခဲ့တာလို့ ပြောလိုက်တာလား "
သားရဲငယ်လေး ချက်ချင်းခေါင်းညိတ်ပြသည်။
" ဟုတ်တယ်ဗျ ။ ကျုပ်ရဲ့ စိတ်စွမ်းအင်အသိဉာဏ် နိုးလာတဲ့အချိန်မှာ ကျုပ် အပေါ်ကမ္ဘာကို ရောက်နေ
ပြီ "
ပန်းလင်ကလည်း စိတ်ဝင်တစား ဝင်မေးသည်။
" ဒါဆို နင့်ကို ဘယ်သူသန့်စင်ခဲ့တာလဲ "
သားရဲလေး၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးဟန် ပေါ်လာပြီး ပြော၏။
" ငါ့ကို သန့်စင်ခဲ့တဲ့ သခင်ကြီးက သေတာကြာနေလောက်ပြီ ။ ငါက သူ သိုင်းကျင့်ကြံတဲ့နေရာမှာ ချုပ်နှောင်ခံထားရပြီးတော့ နောက်ပိုင်းကျမှ စိတ်စွမ်းအင်အသိဉာဏ် ဖြည်းဖြည်းချင်း ရလာခဲ့တာ ။ အဲ့နောက်ပိုင်း သခင်ကြီး သိုင်းကျင့်ကြံတဲ့နေရာကို အတင်းအားသုံးပြီး ဖွင့်ခဲ့ကြတဲ့ သူတွေကြောင့်သာမဟုတ်ရင်.. ငါ ခုချိန်ထိ အဲ့နေရာမှာပဲ ချုပ်နှောင်ခံထားရလောက်တယ် "
" အဲ့ အစွမ်းထက်ကျင့်ကြံသူတွေက ငါ့ရဲ့ အချုပ်အနှောင်ကို ချိုးဖျက်ပြီးနောက်ပိုင်းမှာ ငါ့ကို တန်းပြီးဝါးမြိုချင်တဲ့ သူတချို့လဲ ရှိခဲ့တယ် ။ ဒါပေမယ့် ငါ့ရဲ့ အရောင်အဝါက ထူးခြားလွန်းတာကြောင့်မို့ သူတို့အချင်းချင်းကြားမှာ ပြဿနာတွေ ဖြစ်ခဲ့တာပေါ့ ။ နောက်ဆုံးတော့ သူတို့တွေ တစ်ယောက်ကို
တစ်ယောက် သတ်ခဲ့ကြတယ် "
" အဲ့လိုနဲ့ နောက်ဆုံးအသက်ရှင်ကျန်တဲ့ သူက ငါ့ကို ယူသွားပြီးတော့ သူ ကျင့်ကြံခြင်းအဆင့်တက်ဖို့အတွက် ငါ့ကိုဝါးမြိုဖို့ နေရာတစ်ခု စီစဥ်ခဲ့တယ် ။ ဒါပေမယ့်.. သူ နေရာရှာမတွေ့ခင်မှာ သားရဲအိုကြီးတစ်ကောင်က သူ့ကို သတ်လိုက်ရော "
" အဲ့ သားရဲအိုကြီးက ငါ့ကို ဧကရာဇ်ဆေးလုံး နမူနာပုံစံမှန်းလဲ သိသွားရော.. တော်တော်အံ့သြသွားခဲ့တာ ။ ဒါပေမယ့် သူ့အကြံကတော့ အရင်လူတွေလို မဟုတ်ဘူး ။ သူက ငါ့ကို ဧကရာဇ်ဆေးလုံး ဖြစ်သွားအောင် သန့်စင်ပြီးမှ မြိုချဖို့ စီစဥ်ခဲ့တာ ။ ဒါ့ကြောင့်လဲ ငါ အသက်မဆုံးခဲ့ရတာပဲ "
" ဒါပေမယ့်.. ဧကရာဇ်ဆေးလုံး အဖြစ်ကိုရောက်ဖို့က မလွယ်ပါဘူးကွာ ။ အဲ့ အဘိုးကြီး နည်းပေါင်းစုံ ကြိုးစားပြီးတော့ ငါ့ကိုလဲ နည်းပေါင်းစုံနဲ့ နှိပ်စက်ခဲ့တာတောင် မအောင်မြင်ခဲ့ဘူး "
" ဒီကြားထဲမှာ ငါ့ရဲ့အရောင်အဝါက နည်းနည်းလွတ်ထွက်သွားတာတွေရှိတော့ တခြား အစွမ်းထက်ကျင့်
ကြံသူတွေလဲ သတိထားမိသွားခဲ့ကြတယ် ။ အဲ့ကနေမှ အစွမ်းထက်သားရဲအိုကြီးတွေကြားမှာ ပိုကြီးတဲ့ တိုက်ပွဲတွေ ဖြစ်သွားခဲ့တာပဲ ။ ငါက သူတို့ချင်း အဲ့လိုရှုပ်ထွေးနေတဲ့ အခြေနေကို အခွင့်ကောင်းယူပြီးတော့ ထွက်ပြေးလာခဲ့တာ "
" ဒါပေမယ့်... အဲ့သားရဲအိုကြီးထဲက တစ်ယောက်က ငါ့ကို တွေ့သွားတာပါပဲကွာ ။ သူက ငါ့ဘေးမှာ ကြောက်စရာအစီအမံတစ်ခု ချပြီးတော့ ငါ့ကို ချုပ်နှောင်ထားခဲ့တာ "
" ဒါပေမယ့်... မမျှော်လင့်ပဲ အဲ့အဘိုးကြီးတွေရဲ့ တိုက်ပွဲက ပြင်းလွန်းလို့ ငါရော ၊ အစီအမံရော လေထုဟင်းလင်းပြင်ထဲ စုပ်ယူခံခဲ့ရတယ် "
" အဲ့လိုနဲ့... ငါ ဟင်းလင်းပြင်လေထုထဲမှာ နှစ်တွေအကြာကြီး မျောနေပြီးမှ မတော်တဆ ဒီကမ္ဘာထဲကို ရောက်လာပြီး ဟို မိစ္ဆာကောင်ကြီးရဲ့ ပစ်မှတ်ထားတာကို ခံခဲ့ရတာ "
" ဒါပေမယ့် အဲ့အဘိုးကြီးက အစီအမံကိုလဲ မချိုးဖျက်နိုင် ၊ ငါ့ကိုလဲ မဝါးမြိုနိုင်တော့ ဒီမှာပဲ ထားထားခဲ့တာ ။ အခု သခင်ကြီးရောက်လာတော့မှ .... "
သားရဲငယ်လေးက အကြောင်းစုံ ရှင်းပြလိုက်သည်။
စကားဆုံးအောင် နားထောင်ပြီးချိန်တွင် နတ်ဆိုးဧကရာဇ်လီ မျက်မှောင်ကြုံ့သွားကာ ပြော၏။
" ဒါဆို မင်းက ကံဆိုးကောင်ပေါ့ ။ သခင်လေးလောထျန်း ၊ ကျုပ်တို့ သူ့ကိုခေါ်ထားလို့ မရဘူးနော် ။ အဲ့ကောင်က ကံမကောင်းဘူးဗျ "
" ဟမ့် ၊ မင်းတစ်ကိုယ်လုံး မိစ္ဆာဝိဥာဥ်တွေနဲ့ ပြည့်နေတာတောင် ငါ့ကို အဲ့လိုပြောရဲသေးတယ်ပေါ့ "
သားရဲလေးက အံ့သြဟန်ဖြင့် ပြန်ပြောသည်။
" ဒီကောင်... "
နတ်ဆိုးဧကရာဇ်လီ ခါးထောက်ကာ ထပ်တိုက်ခိုက်ရန် ပြင်လိုက်ပြန်သည် ။
၎င်းကိုမြင်သော လောထျန်းက လက်ကာပြ၍ ပြော၏။
" အဲ့ကောင်လေးကို ရေထဲနှစ်လိုက်ရင် ခင်ဗျားရဲ့အစွမ်း ပိုတိုးလာနိုင်တယ်နော် "
နတ်ဆိုးဧကရာဇ်လီ အံ့အားသင့်သွားသည်။
" ရေထဲကို နှစ်ရုံနဲ့ အစွမ်းတိုးစေတယ်.. ဟုတ်လား ၊ ကျုပ်တော့ မယုံဘူးသခင်လေးရယ် "
သားရဲလေး နှုတ်ခမ်းမဲ့သွား၏။
" ငါပြောတာ မယုံရင်.. ရေယူလာခဲ့ ။ မင်းကို လက်တွေ့ပြမယ် "
နတ်ဆိုးဧကရာဇ်လီ ခေတ္တမျှ စဥ်းစားနေပြီးမှ သူ့ဟင်းလင်းပြင်လက်စွပ်ထဲရှိ ရေခွက်တစ်ခွက်ကို ထုတ်လိုက်သည်။
သားရဲလေးက အေးစက်စက်ပြုံးကာ ရေခွက်ဆီ လျှောက်လာပြီးနောက်.. ရေကိုလက်ချောင်းများဖြင့် မွှေ၍ ပြန်နောက်ဆုတ်လိုက်၏။
" အဲ့ရေကို သောက်လိုက် "
သူ ခေါင်းမော့ရင်ကော့၍ ဆိုသည်။
" ဒါပဲလား... "
နတ်ဆိုးဧကရာဇ်လီကမူ ယုံသေးဟန်မတူဘဲ ရေခွက်အား နှုတ်ခမ်းတွင်တေ့၍ မော့သောက်လိုက်၏။
သို့သော်...
ရေက သူ့ဗိုက်ထဲရောက်သည်နှင့် သူ့ကိုယ်အတွင်း တစ်စုံတစ်ခု ပေါက်ကွဲသွားသလို နတ်ဆိုးဧကရာဇ်လီ ခံစားလိုက်ရသည်။
သူ့အရိုးများအတွင်းသို့ အစွမ်းထက်အားတစ်ခုလည်း တိုးဝင်လာ၏။
သူ့ကျင့်ကြံခြင်း တိုးတက်လာသည်ကိုလည်း ချက်ချင်းပင် ခံစားလိုက်ရသည်။
" ဒါ ... တကယ်ကြီး မှန်နေတာပဲ ။ နောက်တစ်ခွက် ထပ်ပေးဦး "
နတ်ဆိုးဧကရာဇ်လီ စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။