← Chapters

အခန်း (၇၁၄)

Vol. 51 Ch. 714

အခန်း (၇၁၄)

Vol. 51 Ch. 714

" ကျန်တဲ့သူတွေကတော့ သခင်လေး သင်ပေးထားတဲ့ ကောင်းကင်ဘုံသိုင်းကျမ်းကို ကျင့်ကြံကြတာများတယ် ။ သူတို့ရဲ့ နားလည်နိုင်စွမ်းက အကန့်သတ်ရှိတယ် ဆိုပေမယ့် အားလုံးက သိုင်းကွက် လေး၊ငါး ကွက်လောက်ကိုတော့ အပြည့်အဝ ကျင့်ကြံပြီးသားတွေချည်းပဲ ။ သူတို့ အဲ့သိုင်းကွက်ကိုသုံးတဲ့အချိန်မှာလဲ ကျန်တဲ့သူတွေထက် လုံးဝအစွမ်းမနိမ့်ဘူး ။ တချို့ဆို တိုက်ခိုက်စွမ်းရည် အများကြီးပိုသာတာတောင် ရှိတယ် "

" ကျန်တဲ့သူတွေကတော့ သာမာန် ကမ္ဘာပေါ်ကမသေမျိုးတွေနဲ့ ကောင်းကင်ဘုံတံခါးဝအဆင့် ထိပ်ဆုံးကျင့်ကြံသူတွေပေါ့ဗျာ "

ဒုတိယအကြီးအကဲ ဆက်ရှင်းပြလိုက်သည်။

အကယ်၍ ချင်းဝူချုံနှင့် အခြားသူများသာ သူ့စကားကို ကြားသွားပါက ဒေါသူပုန် ထသွားကြမည် မလွဲပါချေ ။

သူက ကမ္ဘာပေါ်မှမသေမျိုးများအား ဘာမှထူးခြားပြီး အစွမ်းမထက်သလို ပြောနေသည်မဟုတ်ပါလား ။

သို့သော်... အကြီးအကဲအနေဖြင့် ဆိုလျှင်လည်း သူပြောသည်က မမှားပေ ။

စကားဆုံးအောင် နားထောင်ပြီးနောက် လောထျန်း ခေါင်းအသာညိတ်လိုက်၏။

" အဲ့လောက်နဲ့ လုံလောက်ချင်မှ လုံလောက်မှာ ဆိုပေမယ့် ... တော်တော်လေးတော့ ကောင်းနေပါပြီလေ "

ထို့နောက် သူ အလုံးဘက် လှည့်ကြည့်၍ ပြောသည်။

" မကြာခင်မှာ ကျုပ်တို့ ထျန်းယွမ်ကမ္ဘာနဲ့ ပျောင်ပိုင်မြို့က ဘာကိုရင်ဆိုင်ရမလဲဆိုတာ အားလုံး သိထားပြီးသားမဟုတ်လား ။ ရန်သူက အစွမ်းထက်လွန်းတော့ လက်ရှိ ပျောင်ပိုင်မြို့ရဲ့ အခြေနေနဲ့ဆို ခုခံနိုင်ဖို့မလွယ်သေးဘူး "

" အဲ့တော့... အားလုံး မြန်နိုင်သမျှ အမြန်ဆုံး အစွမ်းတိုးတက်အောင် လုပ်ကြဖို့ ကျုပ် မှာချင်တယ် ။ ဒါပေမယ့်... အချိန်နဲ့နေရာဗိမာန် ရှိနေတာတောင် တိုးတက်မှုက တော်တော်လေးနှေးနေသေးတာ အားလုံးလဲ အသိပဲ "

" ဒါကြောင့်မို့... ကျုပ် စဥ်းစားထားတဲ့ နည်းတစ်ခုရှိတယ် "

လောထျန်း ပြောပြောဆိုဆိုပင် လက်ယမ်း၍ သူ့ဟင်းလင်းပြင်လက်စွပ်ထဲမှ အလွန်ပုံဆိုးပန်းဆိုး နိုင်လှသော လက်နက်များနှင့် အကာကွယ်ပစ္စည်းများစွာကို ထုတ်လိုက်သည်။

" ဒါတွေအားလုံးက ကျုပ်ကိုယ်တိုင် သန့်စင်ထားတဲ့ မူလမသေမျိုးလက်နက်တွေပဲ ။ ကျုပ် အားလုံးကို တစ်ယောက် လက်နက်နှစ်ခုစီ သန့်စင်စေချင်တယ် ။ တစ်ခုကတော့ တိုက်ခိုက်ဖို့နဲ့ တစ်ခုက အကာအကွယ်အတွက် ။ ဒါတွေနဲ့ဆို တိုက်ပွဲမှာ နိုင်ချေလဲ ပိုများသွားလိမ့်မယ် "

" တစ်ခုရှိတာက မူလမသေမျိုးလက်နက်ကို သန့်စင်

ဖို့ အင်မတန်တော့ ခက်တယ် ။ အဲ့တော့ အားလုံးလက်နက်သန့်စင်တဲ့နေရာမှာ ကျုပ်ကိုယ်တိုင် သေချာကူညီပေးမယ် ။ ကမ္ဘာနှစ်ခုကြားတံခါးပေါက် မပွင့်ခင် အားလုံး လက်နက်တွေသန့်စင်လို့ ပြီးသွားအောင် ကျုပ်က အတင်းတွန်းအားပေးမှာပဲ "

လောထျန်း အလေးနက်ဆိုလိုက်၏။

အားလုံးမှာလည်း လောထျန်းအသံထဲမှ စိတ်ဓာတ်ကျနေသော ခံစားချက်ကို ခံစားမိကာ မျက်နှာတည်သွားကြသည်။

ဤတစ်ကြိမ် ရင်ဆိုင်ရမည့် တဖက်ရန်သူက အစွမ်းထက်လွန်းသောကြောင့် လောထျန်းထိုသို့ ဖြစ်နေသည်ကိုလည်း သူတို့ နားလည်ပါ၏။

ထိုစဥ် လူအုပ်ထဲမှ လူငယ်တစ်ယောက်က အော်ပြောလာသည်။

" ကျုပ် သခင်လေးအတွက်ဆို အသက်ကိုတောင် စတေးဝံ့ပါတယ် ။ ပြီးတော့ ဒီ မူလမသေမျိုးလက်နက်ကိုလဲ မရရအောင် သန့်စင်မယ်လို့ ကျိန်ပါ

တယ် "

" ဟုတ်တယ် ၊ ကျုပ်လဲ သေရမယ်ဆိုရင်တောင် ဒီလက်နက်တွေကို သန့်စင်မှာပါ "

" ကျုပ်လဲ နောက်ဆုံးထွက်သက်အထိ သခင်လေးလောထျန်းနဲ့ ပျောင်ပိုင်မြို့အတွက် တိုက်ခိုက်မှာပါ "

လူတစ်စု စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

လောထျန်းက သူတို့ကိုကြည့်ပြီး ကျေနပ်အားရစွာ ခေါင်းညိတ်၏။

" သိပ်ကောင်းတယ်... ၊ ကဲ... ဒါဆိုရင် ခုချိန်ကစပြီးတော့ ကမ္ဘာနှစ်ခုကြားတံခါးပေါက် မပွင့်ခင်အထိ ကျုပ် အားလုံးနဲ့အတူတူ လက်နက်သန့်စင်ပေးမယ် ။ ဒီကြားထဲမှာလဲ ကျင့်ကြံခြင်းအဆင့်ကို တိုးစေမယ့် ထူးခြားတဲ့ သဘာဝရတနာတွေ ပေးဦးမယ် "

သူ ပြောသည့် သဘာဝရတနာဆိုသည်မှာ ရေစိမ်ထားသော ဧကရာဇ်ဆေးလုံးကို ဆိုလိုခြင်းပင် ။

" ဟုတ်ကဲ့ပါ သခင်လေး "

အားလုံး၏ သံပြိုင်ပြန်ဖြေသံက ကောင်းကင်ယံထိပင် ဟိန်းထွက်သွားတော့၏။

ထို့နောက်တွင်ကား မူလမသေမျိုးလက်နက်ကိုယ်စီ ရသွားသည့် လူ ၃၅၀ က လောထျန်း၏ အကူညီနှင့်အတူ လက်နက်များကို စတင်သန့်စင်လိုက်ကြသည်။

ထို လက်နက်သန့်စင်သည့် အချိန်က ရက်နှစ််ဆယ်ပင် ကြာသွားခဲ့ပါ၏။

ထိုနေ့တွင်... ထျန်းယွမ်ကမ္ဘာ ၊ ကျုံ့ကျိုးဒေသ၌ ...

ဝုန်း ...

မြေပြင်ကျယ်ကြီး တစ်ခုပေါ်တွင် လေထုမငြိမ်မသက် ဖြစ်လာကာ ...

လေထုအက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ... ကောင်းကင်ယံမှ တောင်တစ်လုံး ကျလာသည်။

ချွှင်..

တောင်ဆီမှ ဓားသံတစ်သံလည်း ထွက်လာ၏။

အသံနှင့် မရှေးမနှောင်းမှာပင် ဓားရှည်တစ်လက် ကိုင်ထားသော လူငယ်တစ်ယောက် ကောင်းကင်ယံမှ ဆင်းသက်လာသည်။

ထို့နောက်တွင် လူငယ်ရှေ့မှ လေထုက လှုပ်လှုပ်ရှားရှားဖြစ်ကာ ပေါက်ကွဲထွက်သွား၏။

" ဓားကမ္ဘာအဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် နတ်ဘုရားသားတော်လေး ၊ လိုင်ရူဟော် "

ထိုစဥ်မှာပင် လူငယ်နောက်မှ ချီးမွမ်းစကားသံတစ်ခုလည်း ထွက်လာသည်။

ထို့နောက်တွင်... ဓားပျံများပေါ်၌ စီးနင်းလိုက်ပါလာကြသော လူဆယ့်နှစ်ယောက်ခန့် ပေါ်လာကာ လူငယ်အား အပြုံးဖြင့် ကြည့်နေကြ၏။

" နတ်ဘုရားသားတော်လေးက အဲ့လောက်အသက်ငယ်ငယ်လေးမှာတင်... အဆုံးအစမဲ့ အဆင့်၆ ကို

ရောက်သွားတဲ့အပြင် ၊ ဓားကျင့်စဥ်မှာလဲ ဓားကမ္ဘာအဆင့်ထိ ရောက်အောင် ကျင့်ကြံထားနိုင်တာ ယုံတောင်မယုံနိုင်ဘူးဗျာ ။ နတ်ဘုရားသားတော်လေးရဲ့ အနာဂါတ်ကတော့ ဘယ်လိုအကန့်အသတ်မှ ရှိမှာမဟုတ်တော့ဘူး "

" ထျန်းမင်ကမ္ဘာရဲ့ ဓားကျင့်စဥ်တွေက တကယ်လဲ ကြောက်စရာပါပဲဗျာ ။ ကျုပ်တို့သာ စောစောသိခဲ့ရင် နတ်ဘုရားသခင်ကြီးကို ထျန်းယွမ်ကမ္ဘာနဲ့ ပူးပေါင်းဖို့ သေချာတိုက်တွန်းခဲ့တာ ကြာလှပြီ "

" ဟား ဟား... ဟိုကောင် ကျူးကဲ့ကျန့်က ထျန်းမင်ကမ္ဘာကို ပုန်ကန်ပြီးတော့ ပျောင်ပိုင်မြို့နဲ့မှ သွားပူးပေါင်းလိုက်တာ သနားစရာပဲ။ ဒီကောင် တော်တော်အမြင်မရှိတာ "

ယောင်ချီညီလာခံ ကျင်းပနေစဥ်အတွင်းတွင် ကျန့်ဟွမ်တောင်သည် တစ်တောင်လုံးကို ပိတ်ပြီး မည်သူ့ကိုမှ အပြင်ထွင်ခွင့် မပေးခဲ့ဘဲ မဟာမလင်းတန်းဂိုဏ်းနှင့်သာ ဆက်သွယ်ခဲ့သဖြင့် ... ထိုစဥ်က ထျန်းယွမ်ကမ္ဘာအတွင်း မည်သို့သောအဖြစ်ပျက်များ ဖြစ်သွားခဲ့သည်ကို သူတို့ မသိကြပါချေ။

လိုင်ရူဟော်မှာ အားလုံး၏ ချီးမွန်းစကားများကို နားထောင်ရင်း ပြုံးနေသော်လည်း ကျူးကဲ့ကျန့်၏ အမည်ကို ကြားသည်နှင့် သူ့မျက်နှာထက်မှ အပြုံး ရုတ်ချည်းပျောက်ကွယ်သွားသည်။

" ကျူးကဲ့ကျန့် ဟုတ်လား... အဲ့လိုအမှိုက်ကောင်ကို ကျုပ်နဲ့ ဘာလို့လာယှဥ်နေတာလဲ ။ ဒီတစ်ခေါက် ကမ္ဘာနှစ်ခုကြားတံခါးပေါက် ပွင့်ရင် ကျုပ် ပျောင်ပိုင်မြို့တစ်မြို့လုံးကို သတ်ပြီးတော့ အဲ့ကောင်ရဲ့ခေါင်းကိုပါ ကိုယ်တိုင်ဖြတ်ပစ်မှာ "

သူ အေးစက်စက် ပြော၏။

ကျန့်ဟွမ်တောင် ဂိုဏ်းသားတစ်ယောက်ဖြစ်သော သူသည် ငယ်စဥ်ကလေးဘဝကတည်းက ကျူးကဲ့ကျန့်၏ အောက်တွင်သာ နေခဲ့ရပါသည်။

သိုင်းကျင့်စဥ်အဆင့်တွင်ရော... ဓားကျင့်စဥ်တွင်ပါ အတူတူပင်..

လိုင်ရူဟော်မှာ ထိုသို့ နောက်ကောက်ကျနေသည်ကို မကျေနပ်ခဲ့သော်လည်း ဘာမှ မလုပ်နိုင်ခဲ့ပါချေ။

သို့သော် မကြာသေးခင် အချိန်က ၊ ကောင်းကင်ဘုံ နဂါးသချ်ိုင်းမြေ ဖွင့်စဥ်တွင်မူ.. ကျူးကဲ့ကျန့်သည် ကျန့်ဟွမ်တောင်၏ နတ်ဘုရားသားတော်ရာထူးကို စွန့်လွတ်ကာ ပျောင်ပိုင်မြို့နှင့် ပူးပေါင်းခဲ့၏။ ထို့ကြောင့်လည်း လိုင်ရူဟော် ရင်ထဲမှ ကျူးကဲ့ကျန့်အပေါ်ထားသည့် အမုန်းက များစွာပင် တိုးလာခဲ့သည်။

ထို့နောက်တွင်သည် နတ်ဘုရားသခင်ကြီးက သူ့အား ကျန့်ဟွမ်တောင်၏ နတ်ဘုရားသားတော်အဖြစ် ရွေးချယ်ခဲ့ပါ၏။

ပုံမှန်ဆိုလျှင် ထိုရာထူးကို လက်ခံရသည်မှာ ဂုဏ်ယူဝမ်းသာစရာ ကိစ္စကြီးဖြစ်သော်လည်း.. လိုင်ရူဟော်မှာမူ ထိုသို့ မတွေးပါချေ ။

၎င်းရာထူးမှာ ကျူးကဲ့ကျန့် မလိုချင်၍ သူ့ကို ပေးရသည်ဟုသာ သူ့စိတ်ထဲ မှတ်ယူထားခဲ့သည်။

ထို့ကြောင့်လည်း ၎င်းက သူ့အတွက် အရှက်ရစရာ ကိစ္စတစ်ခုလိုပါပင် ။

ထိုအချိန်မှစ၍ သူ ကျူးကဲ့ကျန့်အား အားလုံးရှေ့၌ ကိုယ်တိုင်အနိုင်ယူပြမည်ဟု ဆုံးဖြတ်ခဲ့ချထားခဲ့၏။ သို့မှသာလည်း သူ ရခဲ့သည့် နတ်ဘုရားသားတော် ရာထူးက သူနှင့်အမှန်တကယ် ထိုက်တန်သည်မှန်း အားလုံး သိကြမည်မဟုတ်ပါလား ။

မကြာသေးမီကမူ... မဟာအလင်းတန်းဂိုဏ်းက သူတို့ ကျန့်ဟွမ်တောင်နှင့် ဆက်သွယ်လာပြီး ထျန်းမင်ကမ္ဘာ၏ အဖွဲ့ဝင်အဖြစ် ပူးပေါင်းရန် ကမ်းလှမ်းလာခဲ့ပါသည်။

နောက်ဆုံးတွင်မူ ကျန့်ဟွမ်တောင်မှာလည်း ဖိအားဒဏ်ကို မခံနိုင်ဘဲ ထျန်းမင်ကမ္ဘာအောက်သို့ လက်နက်ချရန် ရွေးချယ်ခဲ့၏။

ထိုသို့ ပူးပေါင်းသည့်အတွက်လည်း မဟာအလင်းတန်းဂိုဏ်းက ထျန်းမင်ကမ္ဘာမှ လက်ဆောင်အနေဖြင့် ထျန်းမင်ကမ္ဘာ အမွေအနှစ်ဓားတစ်လက်ကို ယူလာပေးခဲ့သည်။

ထိုနေ့မှစ၍ လိုင်ရူဟော်တစ်ယောက် ထျန်းမင်ကမ္ဘာ၏ ဓားကျင့်စဥ်များကို ကျင့်ကြံခဲ့ကာ ... ကျင့်ကြံခြင်းများစွာ တိုးတက်လာခဲ့ပြီး ... ယခင်အတိတ်

မှ ကျူးကဲ့ကျန့်ထက်လည်း သာနေခဲ့လေပြီ ။

" နတ်ဘုရားသားတော်လေးက ဓားကျင့်စဥ်မှာ အောင်မြင်မှုတွေ အများကြီးကို ရခဲ့တာ လက်ရှိ ထျန်းယွမ်ကမ္ဘာရဲ့ လူငယ်မျိုးဆက်ထဲမှာဆို.. သူက အကောင်းဆုံးဖြစ်နိုင်တယ် "

ကျန့်ဟွမ်တောင် ဂိုဏ်းသားတစ်ယောက်က လိုင်ရူဟော်အား ဖားလာပြန်၏။

လိုင်ရူဟော် မျက်မှောင်ကြုံ့လိုက်သည်။

" အဲ့စကားက မမှန်သေးဘူး "

သူ့စကားကြောင့် တဖက်လူ မှင်သက်ထိတ်လန့်သွားကာ လိုင်ရူဟော်က သူ့စကားကို မကြိုက်၍လားဟု ထင်သွား၏။

သို့သော် လိုင်ရူဟော်က အေးဆေးဆက်ပြောလာသည်။

" ထျန်းယွမ်ကမ္ဘာရဲ့ လူငယ်မျိုးဆက်ထဲမှာ အစွမ်းထက်ဆုံးက မဟာအလင်းတန်းဂိုဏ်းရဲ့ သခင်လေး ဟွမ်ဖုယွီပဲကွ ။ ငါ့ရဲ့ အစွမ်းက လူငယ်မျိုးဆက်ထဲမှာ အဆင့်နှစ်ပဲ ရှိနိုင်မှာ "

ထိုစကားကို ကြားသောအခါ အားလုံး သဘောတူထောက်ခံလိုက်ကြပြန်သည်။

လိုင်ရူဟော်က လက်နောက်ပစ်၍ အပြုံးဖြင့် ဆက်ပြော၏။

" ရယ်စရာတော့ ကောင်းတယ်ကွ ။ အရင်ကဆို ငါက ကျူးကဲ့ကျန့်နဲ့ အမြဲယှဥ်ပြိုင်နေချင်ခဲ့တာ ။ အခု အောင်မြင်မှုကြီးကြီး ရသွားတဲ့အချိန်မှာတော့ ကျူးကဲ့ကျန့်က ဘာမှမဟုတ်ပါလားဆိုတာ နားလည်သွားပြီ ။ ငါတို့က ကမ္ဘာတစ်ခုတည်းက မဟုတ်တော့သလိုပဲ "

အားလုံးက သူ့စကားကို ခေါင်းညိတ်သဘောတူလိုက်ကြပြန်သည်။

ထိုစဥ်မှာပင်..

ဒေါင် ...

ကျန့်ဟွမ်တောင်မှ ခေါင်းလောင်းသံများ ထွက်လာပြီး...

ကျန့်ဟွမ်တောင်ထိပ်ပေါ်၌ .. သူတို့၏ နတ်ဘုရားသခင်ကြီး ပေါ်လာသည်။

" ကျန့်ဟွမ်တောင် ဂိုဏ်းသားတို့... အားလုံး နားထောင်ကြပါ ။ ထျန်းမင်ကမ္ဘာက ငါတို့ဆီကို ဒီနေ့ရောက်လာလိမ့်မယ် ။ ရောက်လာမယ့်နေရာကတော့ ... မြောက်ပိုင်းဒေသ ၊ ပျောင်ပိုင်မြို့ "

စာစဉ်ပြီး၏

All Chapters