← Chapters

အခန်း (၂၆၅၁)

Vol. 114 Ch. 2651

အခန်း (၂၆၅၁)

Vol. 114 Ch. 2651

ယခင်က ယောင်ကျိုးသည် ရေခဲနှလုံးသားတောင်ကြားသို့ လာခဲ့ဖူးပေသည်။ သို့သော်ငြား ထိုစဉ်က ဖုန်းရှီမှ သတို့သမီးကို သူတို့ဂိုဏ်းသို့ ပြန်ခေါ်သွားရန်အတွက် အဖော်လိုက်ပါပေးခဲ့ခြင်း ဖြစ်ပေသည်။ ထိုအချိန်က ယောင်ကျိုးသည် ရန်ကိုင်၏ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကြောင့် ဒုက္ခလှလှ တွေ့ခဲ့ရရုံမက အဖိုးတန်မင်္ဂလာလက်ဆောင်များ ပါဝင်နေသည့် သူ၏ သိုလှောင်လက်စွပ်ကိုလည်း ရန်ကိုင်ဆီသို့ ပေးအပ်ခဲ့လိုက်ရသည်။

ထိုအခါက ရန်ကိုင်သည် တာအိုသခင်တတိယအဆင့်သာ ရှိပေသေးသည်။

ထိုအဖြစ်အပျက်သည် ယောင်ကျိုး၏ ဘဝတစ်သက် ဖျောက်ဖျက်မရသည့် အမည်းစက်ကြီးနှယ် ဖြစ်သွားခဲ့ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ကိုမြင်သည်နှင့် ယောင်ကျိုး၏မျက်လုံးများ ဒေါသမီးတောက်တို့ဖြင့် လောင်မြိုက်လာတော့လေသည်။

ယောင်ကျိုးမှာ နဂိုကတည်းက အားကောင်းခြင်း ဖြစ်ပေသည်။ ယခု ဧကရာဇ်တတိယအဆင့်သို့ ချိုးဖြတ်သွားသည့်အခါ သူ၏ အဆုံးမဲ့အရှိန်အဝါမှာ လောကကြီးတစ်ခုလုံးကိုပင်လျှင် ဖျက်ဆီးပစ်တော့မည့်အလား။ သာမန်ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသည် သူ၏ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ပေ။ ထို့အတွက်ကြောင့် သူ့ဓါးချက်ကိုသာ ခံလိုက်ရမည်ဆိုပါက ရန်ကိုင် လုံးဝ အသက်ရှင်နိုင်လိမ့်မည်မဟုတ်ဟု ယောင်ကျိုး ယုံကြည်နေမိသည်။

“ရန်ကိုင် သတိထား…”

“စီနီယာအစ်ကိုရန် သတိထား…”

ပင်းယွင်၊ ကျိယောင်နှင့် အခြားသူအားလုံး စိုးရိမ်တကြီးဖြင့် တစ်ပြိုင်တည်း လှမ်းအော်ဟစ်သတိပေးလိုက်ကြလေသည်။

သို့သော်ငြား ရန်ကိုင်ကမူ မလှုပ်မယှက်သာ ရပ်နေခဲ့ပြီး ယောင်ကျိုး၏တိုက်ခိုက်မှုကို လုံးဝ ဂရုမစိုက်သည့်အလား။ ထို့အတွက်ကြောင့် ရန်ကိုင်၏ပုံစံကိုကြည့်ရင်း ပင်းယွင်နှင့် အခြားသူများမှာတော့ ရင်တထိတ်ထိတ် ဖြစ်နေကြလေသည်။

ယောင်ကျိုးမှာမူ ရန်ကိုင် မလှုပ်မယှက်ရပ်နေသည်ကို မြင်သော် ပို၍ပင် ဝမ်းသာသွားခဲ့ပြီး သူ့ဓါး၏စွမ်းအားကိုပင်လျှင် ထပ်မံ တိုးမြှင့်လိုက်လေသည်။ တလက်လက်တောက်ပနေသော ဓါးသွားအလင်းရောင်သည် ရပ်တန့်မရသည့်အရှိန်အဟုန်ဖြင့် တိုးဝင်လာနေသော ဥက္ကာခဲတစ်စင်းနှယ် ရန်ကိုင်ဆီသို့ တိုးဝင်သွားလေ၏။

သို့သော်ငြား ထိုအခိုက်အတန့်မှာပင်လျှင် ဆန်းကြယ်သည့်အရိပ်တစ်ခုသည် အကုန်လုံးမြင်ကွင်းထဲ ဖျတ်ခနဲ ဖြတ်ပြေးသွားခဲ့ပြီး မိုးပြာရောင်မီးခိုးငွေ့အဖြစ်သို့ ပြောင်းကာ ယောင်ကျိုး၏နောက်ကွယ်၌ ပြန်ပေါ်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်အား ဝမ်းသာအားရဖြင့် တိုက်ခိုက်နေသည့် ယောင်ကျိုးမှာ မဒူဆာ၏မျက်လုံးကို ကြည့်မိလိုက်သည့်အလား တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ သူ၏ဧကရာဇ်အဆင့် ဓါးသွားဆီမှ ဖြာထွက်နေသော အလင်းရောင်မှာ ပျောက်ကွယ်သွားခဲ့ပြီး သူ၏ ဧကရာဇ်တတိယအဆင့် အရှိန်အဝါမှာလည်း လေလျှော့ခံလိုက်ရသည့် ပူပေါင်းနှယ် လျင်မြန်စွာ လျော့ပါးပျောက်ကွယ်သွားခဲ့သည်။

“ဖူး…”

ထို့နောက်တွင် ယောင်ကျိုးမှာ သွေးတစ်ပွက် ထိုးအန်လိုက်တော့လေသည်။ သူ့မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ပြီး ဒယိမ်းဒယိုင် ဖြစ်သွားခဲ့ရလေသည်။

“ဘာဖြစ်တာလဲ…” ထိုအဖြစ်အပျက်ကြောင့် ရမ္မက်ရှာဂိုဏ်းမှလူများ ထိတ်လန့်သွားကုန်ကြပြီး ယောင်ကျိုးနောက်တွင် လျှို့ဝှက်စွာ ပေါ်လာသော အပြာရောင်အလင်းအား ကြောက်လန့်တကြားဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။

ထိုအပြာရောင်အလင်း တဖြည်းဖြည်းပျောက်ကွယ်သွားပြီးသည့်နောက် ပုံရိပ်တစ်ခု ပေါ်လာခဲ့လေသည်။ အပြာရောင်အလင်းတန်း ပျောက်ကွယ်သွားပြီးနောက် ပေါ်လာသည့်လူသည် ယောင်ကျိုး၏နောက်တွင် အေးအေးဆေးဆေးရပ်နေရင်းမှ သူ့လက်ထဲ၌ တစ်ခုခုအား ကိုင်ထားခဲ့လေသည်။

“ဒုတ်… ဒုတ်… ဒုတ်…”

တဒုတ်ဒုတ်ခုန်နေသည့် ထိုအရာကြီးသည် ကြည့်မိလိုက်သည့် လူတိုင်း၏ ရင်အစုံကို အဆက်မပြတ် တုန်ရီသွားစေခဲ့လေသည်။

သေသေချာချာ ကြည့်ကြည့်လိုက်သည့်နောက် သူ၏လက်ထဲတွင် ကိုင်ထားသည့်အရာမှာ တဒုတ်ဒုတ်ခုန်နေသည့် နှလုံးတစ်ခုမှန်း လူတိုင်း သိသွားခဲ့ရသည်။ ထိုနှလုံးမှာ လက်သီးဆုပ်အရွယ်သာရှိပြီး ၎င်းအပေါ်တွင် သိသာလှသည့် သွေးကြောများကို အထင်းသား မြင်နေရလေသည်။ နှလုံး တစ်ချက်ခုန်သွားတိုင်း ခုန်သွားတိုင်း သွေးများမှာ ထိုနှလုံးဆီမှ ပန်းထွက်နေလေ၏။

“ဂလု… ဂလု…”

လူတိုင်းသည် အထိတ်တလန့်ဖြင့် တံတွေးတစ်လုပ်စီ မျိုချမိလိုက်ကြသည်။ ထို့နောက်တွင် အကုန်လုံး၏အကြည့်သည် ယောင်ကျိုး၏ကျောပြင်ဆီသို့ အလိုလို ရောက်ရှိလာခဲ့ကြလေသည်။ ထို့နောက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူတို့၏မျက်နှာ ဖြူလျော်သွားခဲ့ကြပြီး ကြောက်ရွံ့မှုကြောင့် တုန်ရီသွားခဲ့ကြသည်။

အကြောင်းမှာ ယောင်ကျိုး၏ကျောပြင်ဘက်တွင် အပေါက်တစ်ပေါက် ရှိနေသည့်အတွက်ကြောင့်ပင်။ ထိုအပေါက်မှတစ်ဆင့် သူ့ရင်ဘတ်ထဲသို့ပင် ထိုးဖောက်၍ မြင်နေရသည်။ ယောင်ကျိုး၏နှလုံး ရှိနေခဲ့သည့် နေရာတွင်တော့ ဘာဆိုဘာမှ ရှိမနေတော့ပေ။

ဤအဖြစ်အပျက်သည် လယ်ပြင်ထဲ ဆင်နင်းသည့်နှယ် သိသာထင်ရှားလွန်းနေခဲ့လေပြီ။ ယောင်ကျိုး၏နှလုံးကို မိုးပြာရောင် သက်လတ်ပိုင်းလူကြီးမှ ဖောက်ယူသွားခဲ့ခြင်း ဖြစ်လေသည်။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ နှလုံးကို တစ်ဖက်လူမသိလိုက်ခင်မှာပင် ဖောက်ယူသွားနိုင်ရလေအောင် ထိုသက်လတ်ပိုင်းလူကြီးသည် မည်ကဲ့သို့သော ကျင့်ကြံခြင်းနှင့် ခွန်အားကိုများ ပိုင်ဆိုင်ထားရလေသနည်း။

“သူဘယ်သူလဲ…”

“မြောက်ဘက်နယ်မြေမှာ သူ့လိုလူမျိုး ရှိလို့လား…”

အကုန်လုံးမှာ ရုတ်တရက်ဆိုသလို ပျာယာခတ်ကုန်ကြတော့လေသည်။

“မွန်းစတားဘုရင်…” ဖုန်းရွှမ်သည် တစ်ခုခုအား နားလည်သွားသည့်အလား ရုတ်တရက် ထအော်လေသည်။

ထိုအချိန်အတောအတွင်း ယောင်ကျိုးသည် သူ့ရင်ဘတ်ဆီသို့ ခက်ခက်ခဲခဲဖြင့် ငုံ့ကြည့်လိုက်လေ၏။ ထို့နောက် သူ့မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ကတုန်ကယင်လေသံဖြင့် လှမ်း၍တောင်းဆိုလိုက်လေ၏။ “ဂိုဏ်းချုပ်… ကျုပ်ကိုကယ်ပါဦး…”

သူ၏မြင့်မားလှသော ခွန်အားကြောင့် ယောင်ကျိုးသည် နှလုံးထုတ်ခံလိုက်ရသည့်တိုင် ချက်ချင်း သေမသွားခဲ့ပေ။ ဖုန်းရွှမ်သည်သာ သူ့နှလုံးကို ပြန်ယူပေးပါက အကောင်းဆုံးသောဆေးလုံးများ၏အကူအညီဖြင့် ယောင်ကျိုးသည် သေရာမှ ပြန်ရှင်ကောင်း ရှင်နိုင်ပေသေးသည်။ ထို့ကြောင့် ယောင်ကျိုးသည် သူ၏မြင့်မားလှသော ကျင့်ကြံခြင်းကိုသုံး၍ သွေးလှည့်ပတ်မှုကို ပိတ်ဆို့လိုက်ကာ ဖုန်းရွှမ်ဘက်သို့လှည့်၍ အကူအညီတောင်းလိုက်ခြင်းဖြစ်သည်။

“ခင်ဗျားရဲ့ဂိုဏ်းချုပ်က သူ့ကိုယ်သူတောင် ကယ်နိုင်တာမဟုတ်ဘူး… ခင်ဗျားကိုဆိုရင်တော့ ဝေလာဝေးပဲ…” ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် သူ့လက်ကိုဝှေ့ယမ်းကာ ယောင်ကျိုးဆီသို့ လဓါးသွားတစ်စင်း ပစ်လွှတ်လိုက်လေသည်။

သာမန်အချိန်မျိုးတွင် ယောင်ကျိုးမှာ ထိုကဲ့သို့သော တိုက်ကွက်မျိုးကို အလွယ်တကူ ချေဖျက်ပစ်နိုင်ပါသော်ငြား လက်ရှိအခြေအနေအရ သူ့ခွန်အားအများစုကို ဒဏ်ရာများအား ဖိနှိပ်ရာတွင် အသုံးပြုထားသည့်အတွက်ကြောင့် ရန်ကိုင်၏တိုက်ကွက်အား မည်သို့မှ မချေဖျက်နိုင်တော့ချေ။

“ရွှစ်” ခနဲမြည်သံနှင့်အတူ ယောင်ကျိုးသည် လဓါးသွားကြောင့် နှစ်ပိုင်းပြတ်ထွက်သွားခဲ့ရလေသည်။ ပြတ်ထွက်သွားသော သူ၏ ခန္ဓာကိုယ်ကြီးမှာ ကောင်းကင်ထက်မှ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျလာလေ၏။

ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည် ဤနည်းဖြင့် အသတ်ခံလိုက်ရလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရမ္မက်ရှာဂိုဏ်းမှလူတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။

“ဘုန်း…”

ယင်ဖေးသည် သူ့လက်ထဲရှိနှလုံးကို တစ်စစီ ချေမွပစ်လိုက်ပြီး ရမ္မက်ရှာဂိုဏ်းမှ လူများအား အကြည့်စူးစူးဖြင့် ဝေ့ကြည့်လျက် တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်လေ၏။ “သခင်လေးရန်… သူတို့တွေလား…”

ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်…”

ယင်ဖေး၏နှုတ်ခမ်း ကွေးတက်သွားခဲ့ပြီး “ကျုပ် သူတို့ကို ဘယ်လိုလုပ်ရမလဲ သခင်လေးရန်…”

ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ဘယ်လိုလုပ်ရမှာလဲ… သတ်ပစ်လိုက်ပေါ့…”

ယင်ဖေး ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် မိုးပြာရောင်အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ဆယ့်ကိုးယောက်သော ဧကရာဇ်အဆင့်ပညာရှင်များဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။

ရမ္မက်ရှာဂိုဏ်းဘက်မှလူများမှာ ပျာယာခတ်ကုန်ကြကာ ကြောက်ကြောက်လန့်လန့်ဖြင့် သူတို့တတ်ကျွမ်းထားသော ပညာရပ်များကိုသုံးကာ ထိုမိုးပြာရောင်အလင်းတန်းကို တတ်စွမ်းသမျှ ရှောင်ရှားကြတော့လေသည်။

ဖုန်းရွှမ်မှာ ဒေါသတကြီးဖြင့် အော်ဟစ်လျက် သူ၏ လေမိုးကြိုးလှံကို ယင်ဖေးတည့်တည့်သို့ ပစ်လွှတ်လိုက်လေသည်။

ဤနေရာတွင် ရှိနေသည့် လူများအနက် သူသည်သာ ယင်ဖေးနှင့် ယှဉ်ပြိုင်နိုင်ပေသည်။ ထို့အတွက်ကြောင့် သူ့အနေဖြင့် ယင်ဖေးအား တားရပေလိမ့်မည်။

ယင်ဖေး၏ အစစ်အမှန်ပုံစံမှာ ဧရာမသိမ်းငှက်ကြီးဖြစ်ပေသည်။ ထို့အတွက်ကြောင့် အမြန်နှုန်းချင်း ယှဉ်လိုက်မည်ဆိုပါက ယင်ဖေးသည် ဖုန်းရွှမ်ထက်ပင် ပိုမြန်သည်ဟု ပြော၍ရသည်။ လက်ရှိအခြေအနေကို ကြည့်ရသလောက် ယင်ဖေးသည် ဖုန်းရွှမ်နှင့် တိုက်ရိုက်ရင်ဆိုင်ခြင်းမပြုဘဲ တစ်ဖက်လူများအား ထိတ်လန့်တုန်လှုပ်သွားအောင် လုပ်နေသည့် ပုံစံမျိုး ပိုပေါက်နေခဲ့လေသည်။ ဖုန်းရွှမ်အား သွားရောက်တိုက်ခြင်းမပြုဘဲ လူအုပ်ကြီးထဲ ဟိုပြေးသည်ပြေး လုပ်လိုက် ပြန်ဆုတ်လာလိုက် လုပ်နေခဲ့သည်။

ဖုန်းရွှမ်သည် ယင်ဖေးအား ထိပ်တိုက်ရင်ဆိုင်နိုင်ပါသော်ငြား အခြားသော ဧကရာဇ်အဆင့်ပညာရှင်များမှာတော့ ထိုကဲ့သို့မဟုတ်။ ယင်ဖေး၏တိုက်ကွက်နှင့် ရင်ဆိုင်ရသော် မည်သူမျှ အနည်းငယ်မျှပင် မခုခံနိုင်ကြတော့ချေ။ ရုတ်တရက်ဆိုသလို ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ သွေးအပွက်ပွက် အန်ထုတ်ကြတော့လေသည်။ ထို့နောက် သူတို့အချင်းချင်း ပြန်လှည့်ကြည့်လိုက်ရာ အကုန်လုံး၏ ရင်ဘတ်နေရာရှိ နှလုံးများ အထုတ်ခံထားရကြောင်း တွေ့လိုက်ရလေသည်။

လက်ရှိ သူတို့ဖြစ်နေသည့် အခြေအနေသည် ယောင်ကျိုးကြုံခဲ့ရသည့် အခြေအနေနှင့် အတူတူပင် ဖြစ်လေသည်။

သူတို့အခြေအနေကို သဘောပေါက်လိုက်သည့်အခိုက် ဒဏ်ရာရသွားသော ဧကရာဇ်အဆင့် ပညာရှင်များ၏ အမူအယာများ သုန်မှုန်သွားခဲ့ကြလေသည်။ တစ်ခဏမျှ ရုန်းကန်နေပြီးသည့်နောက်တွင် အကုန်လုံး ကောင်းကင်ပေါ်မှ ပြုတ်ကျလာကုန်ကြလေသည်။ သူတို့၏ကျင့်ကြံခြင်းကြောင့် ဤကဲ့သို့ ပြင်းထန်သည့် ဒဏ်ရာကို ရထားသည့်တိုင် ခဏမျှ ဆက်၍ အသက်ရှင်နေသေးပါသော်ငြား သူတို့၏နှလုံးမှာ အထုတ်ခံရပြီး ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည့်အတွက်ကြောင့် ပြန်ကောင်းလာနိုင်လိမ့်မည်မဟုတ်ရာ သေခြင်းတရားသည်ကသာ သူတို့အား စောင့်ကြိုနေပေတော့မည်။

မျက်တောင်တစ်ခတ်အတွင်း ဧကရာဇ်အဆင့်ပညာရှင်ငါးဦး သေသွားခဲ့ရလေသည်။ ထိုကဲ့သို့ ဖြစ်ပြီးသွားသည့်နောက်ပိုင်း ရမ္မက်ရှာဂိုဏ်းအဖွဲ့သားများကြား ထိတ်လန့်တုန်လှုပ်မှုတို့ ကြီးစိုးလာတော့လေသည်။ အသက်ရှင်ကျန်ရစ်နေသော ဧကရာဇ်အဆင့်ပညာရှင်များသည် ယင်ဖေးအား သားရဲတစ်ကောင်ကို မြင်လိုက်ရသည့်နှယ် ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်နေကြသည်။ အကုန်လုံးမှာ ယင်ဖေးအား သွားရောက်မတိုက်ခိုက်ရဲကြပဲ ယင်ဖေး သူတို့ဆီသို့ ပြေးဝင်မလာပါစေနှင့်ဟုသာ ကြိတ်၍ ဆုတောင်းနေကြတော့လေသည်။

ထိုသို့ဖြစ်လာသည့်အခါ ရေခဲနှလုံးသားတောင်ကြားမှ ကျင့်ကြံသူများ စိတ်ဓာတ်တက်ကြွလာကြတော့လေသည်။ သူတို့စိုးရိမ်နေသည့်အရာများမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး ယခုဆိုလျှင် မိန်းမချောလေးအားလုံး၏ မျက်လုံးများမှာ ကြယ်ရောင်အလား တဖျတ်ဖျတ် တောက်ပနေခဲ့ကြလေပြီ။

“မွန်းစတားဘုရင်တစ်ကောင်ကများ ဒီဘုရင်ရှေ့မှာ လာသောင်းကျန်းရဲတယ်…” ဖုန်းရွှမ် ဒေါသူပုန်ထသွားခဲ့လေသည်။ ယခုအဖြစ်အပျက်ကြောင့် သူ့အဖွဲ့သားများ စိတ်ဓာတ်ကျကုန်ပြီမှန်း သူသိနေခဲ့သည်။ လက်ရှိအချိန်တွင် သူလုပ်ရမည့် အရေးကြီးဆုံးအရာမှာ အကုန်လုံး၏စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်ပေးရန်ပင်။

လက်ရှိအခြေအနေရ ရမ္မက်ရှာဂိုဏ်းအတွက် ပြန်လမ်းမရှိတော့ပေ။ ရမ္မက်ရှာဂိုဏ်းနှင့် ရေခဲနှလုံးသားတောင်ကြား အဖွဲ့နှစ်ဖွဲ့အနက် တစ်ဖွဲ့ ကျိန်းသေ ပျက်စီးသွားမှသာ ယနေ့တိုက်ပွဲ ပြီးဆုံးသွားရပေလိမ့်မည်။ မူလကမူ ဖုန်းရွှမ်းမှာ ယုံကြည်ချက်အပြည့် ရှိနေပါသော်ငြား ဤရုတ်တရက်ထွက်ပေါ်လာသည့် မွန်းစတားဘုရင်ကြောင့် အခြေအနေမှာ ဖုန်းရွှမ်ဘက် သိပ်၍ အရေးမသာတော့ချေ။ လက်ရှိအခြေအနေတွင် အသာစီးပြန်လည်ရယူလိုပါက ဖုန်းရွှမ်အနေဖြင့် ရုတ်တရက်ပေါ်လာသော မွန်းစတားဘုရင်အား သတ်ပစ်ရန်သာ ရှိပေလိမ့်မည်။

“မွန်းစတားဘုရင်တစ်ယောက်လား… နှစ်ယောက်ဆိုရင်ရော…” ရုတ်တရက် မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် အသံနှင့်အတူ လျှပ်စီးတစ်ချက် လက်သွားခဲ့ပြီး လူထွားကြီးတစ်ဦး ယင်ဖေးဘေးနားတွင် ပေါ်လာခဲ့လေသည်။

ရှီလဲ့ပင်။

“နှစ်ယောက်မလုံလောက်သေးရင် သုံးယောက်ရှိတယ်နော်…” ထို့နောက်တွင် နောက်ထပ်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ယင်ဖေး၊ ရှီလဲ့တို့နှင့် ရင်ပေါင်တန်း ရပ်လိုက်လေသည်။

မွန်းစတားဘုရင်သုံးဦးစလုံး ဤနေရာ၌ စုဝေးနေကြကုန်လေပြီ။ သူတို့ကိုသူတို့ ဆက်၍ ဖုံးကွယ်ထားခြင်း မရှိကြတော့။ အကုန်လုံးသည် အမှန်တကယ်ကို လူလုံးထွက်ပြလာခဲ့ကြလေပြီ။ သူတို့ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် မွန်းစတားချီသည် ဘေးပတ်ဝန်းကျင်တစ်ခုလုံးကိုပင်လျှင် တုန်ခါနေစေခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရမ္မက်ရှာဂိုဏ်းမှ ဧကရာဇ်အဆင့်ပညာရှင်များအားလုံး လုံးဝကို အကြောက်ကြီးကြောက်သွားကြတော့သည်။ ဖုန်းရွှမ်သည်ပင်လျှင် လက်ရှိအဖြစ်အပျက်ပေါ် မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။

မွန်းစတားဘုရင်များသည် ဧကရာဇ်တတိယအဆင့်ပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်ကြပါသော်ငြား မွန်းစတားဘုရင်များမှာ ပုံမှန်အားဖြင့် လူသားနယ်မြေများထဲသို့ သွားလာလေ့မရှိချေ။ သူတို့၏အချိန်အများစုကို တောတောင်များထဲ သစ်တောများထဲတွင်သာ အချိန်နေလေ့ရှိကြသည်။

သို့သော်ငြား ချွင်းချက်ကတော့ ရှိပေသေးသည်။ အချို့သော အားကောင်းသည့် မွန်းစတားမျိုးနွယ်စုဝင်များသည် လူသားဂိုဏ်းများထဲ ခိုလှုံကာ ထိုဂိုဏ်းများ၏ အကြီးအကဲများ၊ ကာကွယ်သူများ ဖြစ်လာကြလေသည်။ သို့သော်ငြား ထိုကဲ့သို့သော ကိစ္စရပ်များမှာ အလွန်တရာကိုမှ နည်းပါးလှပေသည်။

လက်ရှိ ရေခဲနှလုံးသားတောင်ကြားဘက်၌ မွန်းစတားဘုရင်သုံးပါးတိတိ ရှိနေလိမ့်မည်ဟု ဖုန်းရွှမ် မထင်ထားခဲ့ချေ။

ရုတ်တရက်ဆိုသလို ဖုန်းရွှမ်မှာ လက်ရှိအဖြစ်အပျက်နှင့် ပတ်သက်၍ ဘာပြောလို့ပြောရမှန်းပင်မသိ ဖြစ်သွားရတော့သည်။ မွန်းစတားဘုရင်တစ်ဦးတည်းသာ ဆိုလျှင်တော့ သူ့အနေဖြင့် ပြန်လည်ခုခံနိုင်ကောင်း ခုခံနိုင်ပါသော်ငြား ယခု သုံးယောက်ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် ရမ္မက်ရှာဂိုဏ်းအတွက် အနာဂတ်ဆိုသည်မှာ ရှိတော့လိမ့်မည်မဟုတ်မှန်း ဖုန်းရွှမ် သိနေခဲ့လေပြီ။ ယောင်ကျိုး အသက်ပြန်ရှင်လာမည်ဆိုလျှင် ဤမွန်းစတားဘုရင်သုံးပါးကို သူတို့နှစ်ဦးတည်းဖြင့် ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ချေ။

“မွန်းစတားဘုရင်သုံးပါးလား… စီနီယာအစ်ကိုရန် သူတို့ကို ဘယ်ကနေခေါ်လာတာလဲ…”

“သူထွက်သွားတာက အကူအညီသွားတောင်းတာလား… ရေခဲနှလုံးသားတောင်ကြား ဒုက္ခရောက်ပြီဆိုပြီး သူထွက်ပြေးသွားတာလို့ ငါထင်နေတာ… ငါ့ကိုယ်ငါတောင် ရှက်ချင်သွားပြီ…”

“ဒီတစ်ကြိမ်တော့ ငါတို့လွတ်ပြီဟေ့…”

ယခင်က အမှန်တရားကိုမသိခဲ့သော ရေခဲနှလုံးသားတောင်ကြားမှ ဧကရာဇ်အဆင့် ပညာရှင်များသည် ဝမ်းသာအားရဖြင့် ရန်ကိုင်အား လှမ်းကြည့်လာကြလေသည်။

ယခုမူ ရန်ကိုင်မှ ဧကရာဇ်အဆင့် ပညာရှင်ဆယ်ဦးအား ဘာ‌ကြောင့် သတ်ပစ်နိုင်ခဲ့သလဲ ဆိုသည်ကို သူတို့အားလုံး နားလည်သွားခဲ့ရလေပြီ။ ဤမွန်းစတားဘုရင်သုံးဦး သူ့ဘေးနားတွင် ရှိနေမှဖြင့် ထိုဧကရာဇ်အဆင့် ပညာရှင်ဆယ်ဦးမှာ ရန်ကိုင်လက်မှ မည်သို့များ လွတ်မြောက်နိုင်ပါမည်နည်း။

“အခြေအနေဘယ်လိုရှိလဲ…” ရှဲ့ဝူဝေနှင့် ရှီလဲ့တို့ရောက်လာသည်ကိုမြင်သော် ရန်ကိုင် သက်ပြင်းတစ်ချက်ချ၍ မေးလိုက်လေ၏။

ရှဲ့ဝူဝေက ပြန်ပြောလိုက်လေသည်။ “ကျုပ်တို့ တစ်သောင်းလောက်ကိုတော့ သတ်ပစ်လိုက်ပါပြီ… ဒါပေမယ့် အသက်ရှင်နေသေးတဲ့ အမှိုက်ကောင်တွေ တော်တော်များများတော့ ရှိနေတုန်းပဲ… ဒါပေမယ့် အဲ့ကောင်တွေက တိုက်ခိုက်လိုစိတ် မရှိကြတော့ဘူး…”

“တစ်သောင်း…”

ရုတ်တရက်ဆိုသလို ထိုစကားကိုကြားပြီးသည့်နောက် ရမ္မက်ရှာဂိုဏ်းမှ အဖွဲ့သားများ တုန်တုန်ရီရီ ဖြစ်သွားကုန်ကြလေသည်။

ရှဲ့ဝူဝေ ပြောသည့်စကားကို သူတို့ မယုံသင်္ကာ ဖြစ်စရာ အကြောင်းမရှိ‌ချေ။ အကြောင်းမှာ မွန်းစတားဘုရင်နှစ်ဦးအတွက် လူတစ်သောင်းကိုသတ်ရန်မှာ အလွန်ကိုမှ လွယ်ကူသည့်အတွက်ကြောင့်ပင်။ တကယ်တော့ သူတို့ဘက်ရှိ ဧကရာဇ်အဆင့် ပညာရှင်များသည်ပင်လျှင် ထိုမွန်းစတားဘုရင်များအား အနိုင်မှ မယူနိုင်လေပဲ။

ယခုတစ်ကြိမ် ရမ္မက်ရှာဂိုဏ်းဘက်မှနေ၍ ဝင်ရောက်ကူညီတိုက်ခိုက်ပေးခဲ့သော ဂိုဏ်းများမှာ အကျအဆုံးများစွာနှင့် ရင်ဆိုင်ခဲ့ရလေပြီ။ သူတို့၏တပည့်များသာလျှင် သေသွားခဲ့ကြခြင်းမဟုတ်ဘဲ ဧကရာဇ်အဆင့် ပညာရှင်များလည်း ကျဆုံးသွားခဲ့ကြသည်။ ဤတိုက်ပွဲပြီးသည့်နောက်တွင် မြောက်ဘက်နယ်မြေ၏ စုပေါင်းခွန်အားမှာ သိသိသာသာကို လျော့ကျသွားပေတော့မည်။

သို့သော်ငြား လက်ရှိအချိန်တွင် ထိုဧကရာဇ်အဆင့်ပညာရှင်အများစုကို စိတ်ပူနေစေသည်မှာ ထိုအချက်မဟုတ်ပဲ သူတို့၏ကိုယ်ပိုင်ကံတရားသာ ဖြစ်လေသည်။ ယခင်က ရေခဲနှလုံးသားတောင်ကြားဆီသို့ အထက်စီးမှ လာရောက်ခဲ့ကြပါသော်ငြား ယခုမူ အခြေအနေမှာ အထက်အောက်ပြောင်းပြန်လှန်လိုက်သလို ပြောင်းလဲသွားခဲ့ပြီဖြစ်လေရာ သူတို့၏ဘဝကြီးကိုတွေး၍သာ ပူနေရတော့လေသည်။

“စီနီယာပင်းယွင်… ကျန်တာကို ကျုပ်တာဝန်ထားလိုက်တော့… ခင်ဗျားတို့ တောင်ကြားကအခြေအနေကိုပဲ စီနီယာ တစ်ချက်သွားကြည့်လိုက်…” ရန်ကိုင်က ပင်းယွင်ဘက်သို့လှည့်၍ ပြောလိုက်လေသည်။

တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက်တွင် ပင်းယွင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ကောင်းပြီ…”

တိုက်ပွဲရလဒ်မှာ ဆုံးဖြတ်ပြီးနေလေပြီ။ ရေခဲနှလုံးသားတောင်ကြားအနေဖြင့် ဤတိုက်ပွဲကို ကျိန်းသေ နိုင်ပေတော့မည်။ သို့သော်ငြား ရေခဲနှလုံးသားတောင်ကြားအား တိုက်ခိုက်နေကြသည့် သိန်းနှင့်ချီသော ရန်သူများမှာ အထင်သေးစရာမဟုတ်ပေ။ ရေခဲနှလုံးသားတောင်ကြားမှ တပည့်ခုနှစ်ထောင်ဝန်းကျင်သည် ထိုလူအုပ်ကြီးအား မည်သည့်နည်းနှင့်မျှ ခုခံနိုင်လိမ့်မည်မဟုတ်။ ကံကောင်းစွာဖြင့် မွန်းစတားဘုရင်များ ရောက်ရှိလာပြီး ရန်သူများ၏ တိုက်ပွဲဝင်လိုစိတ်ကို နင်းချေပစ်သွားသည့်အတွက်ကြောင့် ရေခဲနှလုံးသားတောင်ကြားအနေဖြင့် ယခင်ကလောက် အဆုံးအရှုံးများစွာနှင့် ရင်ဆိုင်ရတော့လိမ့်မည်မဟုတ်ပေ။

လက်ရှိ ပင်းယွင်နှင့် သူမ၏တပည့်များ လုပ်ဖို့လိုသည်မှာ ရေခဲနှလုံးသားတောင်ကြားတွင် ကျန်ရစ်ခဲ့သော အရှုပ်ထုပ်များကို သွားရှင်းကာ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ၏ အသက်ကို တတ်နိုင်သလောက် ကယ်ဆယ်ရန် ဖြစ်ပေသည်။

All Chapters