အခန်း (၂၆၅၅)
Vol. 114 Ch. 2655
ဤအစီအရင်သည် ရန်ကိုင်အတွက် ဘာဆိုဘာမှမဟုတ်၊ အစီအရင်ပညာရှင်နန်မန်အတွက်လည်း အတူတူသာ။ သူသည် ထိုအစီအရင်ကို အပျင်းပြေ ဖန်တီးခဲ့ခြင်းသာ မဟုတ်ပေလော။
သို့သော်ငြား လူအိုကြီးပန်နှင့် ရှောင်လင်းအာတို့ အတွက်မူ ထိုသို့မဟုတ်တော့ပေ။
လူအိုကြီးပန်သည် တာအိုသခင်ပထမအဆင့် ကျင့်ကြံခြင်းကိုသာ ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် တာအိုသခင်တတိယအဆင့်ကိုပင် အချိန်အတော်ကြာအောင် ထိန်းချုပ်ထားနိုင်သော အစီအရင်ပြားကို မြင်လိုက်ချိန် အံ့အားသင့်သွားခဲ့သည်မှာ သဘာဝသာဖြစ်သည်။ ဤအစီအရင်ပြားသည် သူ့ကဲ့သို့သော လူတစ်ဦးအား တစ်ကြိမ်မက၊ ကြိမ်ခါပေါင်းများစွာ ထပ်တလဲလဲ သတ်ပစ်နိုင်ပေသည်။
ထို့အပြင် အစီအရင်ပြားကို ဖန်တီးထားသည့်လူမှာ နန်မန်တကျွင်း ဖြစ်သည့်အတွက်ကြောင့် အစီအရင်ပြားသည် အတော်လေးကိုမှ အရည်အသွေး မြင့်မားရပေလိမ့်မည်။ ဤအစီအရင်ပြားနှင့်သာ ဆိုပါက ရှောင်လင်းအာ၏ လုံခြုံရေးကို အတော်လေး စိတ်ချသွားလို့ရလေပြီ။
ထိုကဲ့သို့သော အဖိုးတန်ပစ္စည်းတစ်ခုကို လူအိုကြီးပန် လက်မခံရဲချေ... အထူးသဖြင့် ရန်ကိုင်နှင့် နန်မန်တကျွင်းကြားရှိ ဆက်ဆံရေးမှာ မရှင်းမလင်း ဖြစ်နေချိန်တွင်ပင်။
ထို့ကြောင့် လူအိုကြီးပန်က လက်သီးဆုပ်၍ ပြန်ပြောလိုက်လေ၏ “ကျေးဇူးအများကြီးတင်ပါတယ်၊ အစီအရင်ပညာရှင်”
“မလိုပါဘူး၊ နောက်ပိုင်း အကူအညီတစ်ခုခုလိုရင်လည်း လာပြောပေါ့” နန်မန်တကျွင်းသည် စိတ်ကောင်းဝင်နေသည့်အလား သူ့သဘောထားမှာ လုံးဝကို အပြောင်းလဲကြီး ပြောင်းလဲနေခဲ့သည်။
နန်မန်တကျွင်းမှာ စကားအရ၊ ရန်ကိုင် သူ့အပေါ် အထင်ကောင်း အမြင်ကောင်း ရှိလာစေရန် ပြောလိုက်ခြင်းသာ ဖြစ်သည်။ လူအိုကြီးပန်ကဲ့သို့ လူမျိုးသည် မျက်နှာပြောင်ပြီး သူပြောသည့်အတိုင်း သူ့ဆီမှ လာအကူအညီ တောင်းလိမ့်မည်ဟု ရန်ကိုင် မထင်ပေ။ လူအိုကြီးပန် သူ့ဆီမှ တကယ်ကြီး လာအကူအညီ တောင်းခဲ့မည်ဆိုလျှင်ပင် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦးကို ကူညီဖို့ရာ သူ့အတွက် ထမင်းစားရေသောက်နှယ် လွယ်ကူလှပေသည်။
သူ့နည်းလမ်းမှာ အမှန်တကယ်ကို အလုပ်ဖြစ်သွားခဲ့သည်။
ရန်ကိုင်၏ အေးစက်စက် မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားခဲ့လေသည် “အစီအရင်ပညာရှင်နန်မန်က တကယ်ကို စဉ်းစားတတ်တာပဲ”
နန်မန်တကျွင်းက သည်းလှိုက်အူလှိုက် ရယ်မောလျက် “အခုလို ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
သူ့စိတ်ထဲတွင်တော့ ကြိတ်၍ သက်ပြင်းချနေခဲ့လေသည်။ ယခုအချိန်သည် ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်ရော၊ ရှေးဟောင်းကုန်မြေအကြောင်းကိုပါ အစဖော်လို့ ကောင်းသည့်အချိန် မဟုတ်သည့်အတွက်ကြောင့် ထိုအကြောင်းများကို စကားစမနေဘဲ ဘေးမှသာ ရပ်ကြည့်နေခဲ့လေသည်။
ပျင်းရိပျင်းတွဲနှင့် ဟိုကြည့်သည်ကြည့် လျှောက်ကြည့်နေစဉ် ရုတ်တရက် ဆိုသလို နန်မန်တကျွင်း၏ အကြည့်သည် တစ်ခုသော အစီအရင်ဆီသို့ ရောက်သွားခဲ့လေသည်။
ဤနေရာသို့ စရောက်လာစဉ်က ရန်ကိုင်အား မျက်နှာလိုမျက်နှာရ လုပ်နေရသဖြင့် ဘေးပတ်ဝန်းကျင်အပေါ် သိပ်အာရုံမစိုက်ဖြစ်ခဲ့။ ယခုမှသာလျှင် ဤနေရာ၌ ထူးခြားသော အစီအရင်တစ်ခု ရှိနေသည်ကို သတိပြုမိသွားခြင်း ဖြစ်သည်။
နန်မန်တကျွင်းသည် အံ့အားသင့်နေသည့် အမူအရာဖြင့် အစီအရင်ဆီသို့ လျှောက်သွားပြီး အစီအရင်ကို ဝိုင်းကြီးပတ်ပတ် ပတ်ကာ စစ်ဆေးကြည့်လေ၏။
“အို” တစ်ခဏအကြာ၌ နန်မန်တကျွင်းသည် ထူးခြားသည့် အရာတစ်ခုခုကို ရှာတွေ့သွားသည့်အလား သူ့မျက်လုံးများ တဖျက်ဖျက် တောက်ပလာပြီး အစီအရင်ကို သေချာစတင် စစ်ဆေးတော့လေသည်။ အချိန်အတော်ကြာပြီးနောက် ထိတ်လန့်တကြား လေသံဖြင့် “နယ်မြေခြားဟင်းလင်းပြင်အစီအရင်လား”
တစ်ခဏအတွင်း ဤအစီအရင်သည် နယ်မြေခြားဟင်းလင်းပြင်အစီအရင် ဖြစ်ကြောင်း အတည်ပြုနိုင်သွားခဲ့သည်။
ထိုအချက်ကို ရှာတွေ့ပြီးသည့်နောက်တွင် နန်မန်တကျွင်း၏ မျက်လုံးများ တောက်ပသည်ထက် တောက်ပလာပြီး အစီအရင်အား သေသေချာချာ အာရုံစိုက်၍ လေ့လာတော့လေသည်။
လက်ရှိအချိန်တွင် သူ့မျက်လုံးထဲ နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခုသာ ရှိတော့ပြီး အခြားဘာဆိုဘာမှ ရှိမနေတော့ချေ။ အစီအရင်ကို လေ့လာနေရင်းမှ မကြာမကြာ မျက်မှောင်ထထကြုတ်တတ်သည်။ ထို့နောက် အဖြေရသွားသည့်အလား အစီအရင်ကို ပြန်လည် လေ့လာလေ၏။
ကြယ်တာရာအစုအဝေးတစ်ခုလုံးတွင် နယ်မြေအခြားဟင်းလင်းပြင်အစီအရင် အနည်းငယ်သာရှိကြပြီး ထိုအစီအရင်များမှာ ရှေးခေတ်မှကျန်ရစ်ခဲ့သည့် အစီအရင်များ ဖြစ်ကြကာ ထိုအစီအရင်များကို မဟာဧကရာဇ်များ တည်ထောင်ထားသည့် ဂိုဏ်းများတွင်သာ တွေ့ရတတ်သည်။
ထို့အတွက်ကြောင့် နယ်မြေခြားဟင်းလင်းပြင်အစီအရင်များသည် အလွန်တရာကိုမှ အဖိုးတန်လှသည့် အရာများ ဖြစ်ကြကာ နန်မန်တကျွင်းသည် ကျော်ကြားသည့် အစီအရင်ပညာရှင်တစ်ဦး ဖြစ်သည့်တိုင် ထိုကဲ့သို့သော အစီအရင်မျိုးကို တစ်ခါမှ လေ့လာခွင့်မရခဲ့ချေ။
သို့ရာတွင် ထိုမျှရှားပါးလှသည့် အစီအရင်တစ်ခုကို ရေခဲနှလုံးသားတောင်ကြားတွင် လာတွေ့ရလိမ့်မည်ဟု နန်မန်တကျွင်း လုံးဝ မထင်ထားခဲ့ချေ။ သူ့ကိုယ်သူ တယ်ကံကောင်းနေပါလားဟုပင် တွေးမိသွားရသည်အထိပင်။ သူသာ ဤဟင်းလင်းပြင် အစီအရင်၏ နက်နဲဆန်းကြယ်မှုများကို ထိုးထွင်းလေ့လာနိုင်မည်ဆိုပါက သူ့ဘာသာ နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခု ပြန်လည် တည်ဆောက်နိုင်ပေလိမ့်မည်။ ထိုသို့ ဖြစ်လာသည့်အခါ နန်မန်တကျွင်းဟူသော နာမည်သည် ကြယ်တာရာအစုအဝေး အနှံ့ မသိသူမရှိဖြစ်လာကာ သူသည်လည်း လူတကာ လေးစားရသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေရော့မည်။
သို့ရာတွင် နာမည်ကျော်ကြားမှုကို နန်မန်တကျွင်း သည်လောက် ဂရုစိုက်သည်တော့ မဟုတ်။ သူဂရုစိုက်သည်မှာ နက်နဲဆန်းကြယ်လှသည့် အစီအရင်များကို လေ့လာနိုင်ရေးပင်။
လမ်းစဉ်အသီးသီးတိုင်းတွင် ထိုလမ်းစဉ်အား အရူးအမူးစွဲလမ်းတတ်သည့် လူများ ရှိကြသည်မဟုတ်ပေလော။ နန်မန်တကျွင်းသည်လည်း ထိုကဲ့သို့သော လူတစ်ဦး ဖြစ်သည်။ သူ့အတွက် ဆန်းကြယ်လှသည့် အစီအရင်များမှာ ဘာနှင့်မျှ လဲမရသော အရာများ ဖြစ်ကြပေသည်။
“ကောင်းလိုက်တာ။ အံ့ဩဖို့ကောင်းလိုက်တာ” အချိန်အတော်ကြာအောင် သေချာ လေ့လာကြည့်နေပြီးနောက်တွင် နန်မန်တကျွင်းက လေးစားတကြီးဖြင့် ပြောလိုက်သည်။ သူဘာကိုပြောနေလဲ မည်သူမျှ မသိကြပါသော်ငြား သူ့မျက်နှာထက်ရှိ လေးစားအားကျသည့် အရိပ်အယောင်တို့မှာတော့ လယ်ပြင်ဆင်ပြေးသည့်နှယ် အထင်အရှား ရှိနေခဲ့သည်။
ထို့နောက်တွင် နန်မန်တကျွင်းသည် ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်လေ၏ “သခင်လေးရန်၊ မင်းက ရေခဲနှလုံးသားတောင်ကြားနဲ့ ရင်းနှီးတာဆိုတော့ ဒါကို ဘယ်သူ ခင်းကျင်းခဲ့လဲ သိလား”
“အဲ့ဒါဘာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။
နန်မန်တကျွင်းက ခဏမျှစဉ်းစားနေပြီးနောက် ပြန်ပြောလိုက်၏ “နယ်မြေခြား ဟင်းလင်းပြင်အစီအရင်တစ်ခုပဲ။ အစီအရင်ကို ခင်းကျင်းထားတာတော့ မဆိုးပါဘူး။ ဒါပေမယ့်…”
“ဒါပေမယ့် ဘာလဲ...” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဒါပေမယ့် ဒီအစီအရင်ကို ခင်းကျင်းထားတဲ့ပုံစံက နည်းနည်း လိုအပ်နေတယ်။ ထူးတော့ထူးဆန်းသား၊ ဒီလို အစီအရင်မျိုးကို ခင်းကျင်းနိုင်တယ်ဆိုရင် အစီအရင် ပညာမှာ တော်တော် မြင့်နေသင့်တာလေ။ ဘယ်လိုလုပ်ပြီး အခြေခံအုတ်မြစ်တွေကို ခင်းကျင်းထားတဲ့ပုံစံက ဒီလိုမျိုးကြီး ဖြစ်နေရတာလဲ” နန်မန်တကျွင်းမှာ ရန်ကိုင်ကိုပဲ ပြောနေသလား၊ သူ့ကိုယ်သူပဲ ပြန်မေးခွန်းထုတ်နေသလား မပြောတတ်တော့ချေ။ အချိန်အတော်ကြာအောင် သူ့ဘာသာ ပွစိပွစိဖြင့် ရေရွတ်နေပြီးသည့်နောက်တွင်၊ မှတ်ချက်ပေးလိုက်လေ၏ “တကယ်ကို စဉ်းစားလို့ကိုမရဘူး”
နန်မန်တကျွင်း လုံးဝကို ခေါင်းခြောက်နေခဲ့လေပြီ။
ဤအစီအရင်သည် နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခုမှန်း သူပြောနိုင်ခဲ့ပါသော်ငြား ဤအစီအရင်ကို ခင်းကျင်းခဲ့သည့်လူမှာ ရန်ကိုင် ဖြစ်သည်ဟူသော အချက်ကိုတော့ နန်မန်တကျွင်း မသိခဲ့ပေ။
သူပြောသည်မှာလည်း မှန်ပေသည်။ ဤအစီအရင်အား မည်ကဲ့သို့ ခင်းကျင်းရမလဲ ဆိုသည်ကို ယန်ယန်မှ သင်ပြပေးသွားခဲ့ပါသော်ငြား ရန်ကိုင်သည် အစီအရင်ပညာကို ကျွမ်းကျင်သူမဟုတ်။ ထို့ကြောင့် ဟင်းလင်းပြင်အစီအရင်အား အလုပ်ဖြစ်ရုံလောက်သာ ခင်းကျင်းတတ်ပေသည်။
ရန်ကိုင် ခင်းကျင်းသည့်ပုံစံမှာ ယန်ယန်မှ သင်ပေးသွားသည့်အရာကို စုံလုံးမှိတ်ကာ လိုက်ကူးခဲ့ခြင်းသာ ဖြစ်သည်။ ဟင်းလင်းပြင်အစီအရင်နှင့် ပက်သက်၍ ဘာသိ၊ ဘာတတ်သလဲဟု မေးလာလျှင်တော့ ဘာမှမသိ၊ မတတ်ဟုသာ ပြောရမည်။
“ဒီအစီအရင်နဲ့ ပက်သက်ပြီး ခေါင်းအစားရဆုံးက ဒီအစီအရင်ကို ခင်းကျင်းထားတာ သိပ်မကြာသေးတဲ့အချက်ပဲ။ နယ်မြေခြားဟင်းလင်းပြင်အစီအရင်တွေ အကုန်လုံးက ရှေးခေတ်တုန်းက ကျန်ခဲ့တာတွေချည်းပဲ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီအစီအရင်က လောလောလတ်လတ်ကမှ ခင်းကျင်းထားတဲ့ အစီအရင်မျိုး ဖြစ်နေရတာလဲ” နန်မန်တကျွင်း မျက်မှောင်ကြီးကြုတ်နေခဲ့သည် “ငါများ အထင်မှားသွားတာလား”
“အစီအရင်ပညာရှင်နန်မန်က တကယ်ကို အမြင်စူးရှတာပဲ” ထိုစဉ် အသံတစ်သံ ထွက်လာခဲ့လေသည်။ အကုန်လုံး လှည့်ကြည့်လိုက်ရာ ရေခဲနှလုံးသားတောင်ကြားများ ဧကရာဇ်အဆင့်ပညာရှင်များ ရောက်လာခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူတို့ကို ဦးဆောင်လာသည့်လူမှာ ပင်းယွင်သာ ဖြစ်လေသည်။
ရန်ကိုင်တို့မှာ ပင်းယွင်အား အလျင်စလို နျုတ်ဆက်လိုက်ကြလေသည်။ လူအိုကြီးပန်မှာ ပင်းယွင်အား တစ်ခါမှ မမြင်ဖူးပါသော်ငြား ရန်ကိုင် ပြောနေသည်ကို ကြားပြီးနောက်တွင် ထိုစွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီးသည် ရေခဲနှလုံးသား၏ တောင်ကြားသခင်ဖြစ်နေမှန်း သိသွားခဲ့ကာ ရှောင်လင်းအာကို အလျင်စလို ဆွဲခေါ်၍ သူမအား နှုတ်ဆက်ခိုင်းလိုက်လေသည်။
လူအိုကြီးပန်နှင့် သူ၏ မြေးမလေးကိုမြင်သော် ပင်းယွင် နားမလည်နိုင် ဖြစ်သွားလေသည်။ ထိုမြေးအဖိုးစုံတွဲကို ရန်ကိုင် ဤနေရာသို့ ဘာကြောင့် ခေါ်လာသလဲ သူမ နားမလည်နိုင် ဖြစ်နေခဲ့သည်။ သို့သော်ငြား ဘာမှသွားမေးမနေခဲ့ဘဲ ပြန်၍သာ ပြောလိုက်လေ၏ “အခုလိုတွေ လုပ်နေစရာမလိုပါဘူး”
ထို့နောက်တွင် ရှောင်လင်းအာဘက်သို့လှည့်၍ ပြုံးလျက် “ချစ်စရာ ကလေးမလေးပါလား။ ရန်ကိုင်၊ နင်သူ့ကို ဘယ်ကနေ သွားရှာလာတာလဲ”
ရန်ကိုင်က ရယ်ရယ်မောမောဖြင့် လူအိုကြီးပန်နှင့် ရှောင်လင်းအာတို့ အကြောင်းကို ရှင်းပြလိုက်ပြီးနောက် တောင်းဆိုလိုက်လေသည် “စီနီယာ၊ ကျုပ်ရှောင်လင်းအာကို ရေခဲနှလုံးသားတောင်ကြားထဲ ဝင်စေချင်တာ။ စီနီယာသူ့ကို လက်ခံပေးလို့ အဆင်ပြေလား”
ပင်းယွင်က ခေါင်းညိတ်လျက် ပြန်ပြောလေ၏ “ရပါတယ်။ တောင်ကြားထဲမှာလည်း သူနဲ့အသက်တူအရွယ်တူ တပည့်တွေ အများကြီးပဲ”
ထိုစကားကိုကြားသော် လူအိုကြီးပန် ဝမ်းသာသွားခဲ့ပြီး သူ့မြေးမလေးကို ချက်ချင်း တိုက်တွန်းလိုက်လေသည် “လင်းအာ၊ တောင်ကြားသခင်ကို မြန်မြန် ဦးညွှတ်လိုက်လေ”
ရှောင်လင်းအာလည်း သူမ၏ အဖိုးပြောသည့်အတိုင်း ချက်ချင်းပဲ ဒူးထောက်၍ ပင်းယွင်အား ဦးညွှတ်လိုက်လေ၏ “လင်းအာ တောင်ကြားသခင်နဲ့ စီနီယာတို့အားလုံးကို နှုတ်ဆက်ဂါဝရပြုပါတယ်”
“အင်း၊ တကယ်ဥာဏ်ကောင်းတဲ့ ကလေးမလေးပဲ” ပင်းယွင်းက ပြုံးလျက် ပြောလိုက်သည်။ ထို့နောက် လင်းအာကို ထူမပေးလိုက်ပြီး ရေခဲနှလုံးသားတောင်ကြား တပည့်များဘက်သို့လှည့်၍ ပြောလိုက်လေ၏ “ယင်အာ၊ သူ့အတွက် နေစရာ ပြင်ဆင်ပေးလိုက်”
ကျွန်းစင်းယွင်သည် လူအုပ်ကြီးထဲမှ ထွက်လာပြီး ရှောင်လင်းအားနားသို့သွားကာ တိုးတိုးလေး ပြောလိုက်လေသည်။ ရှောင်လင်းအာကမူ ခေါင်းသာ ညိတ်ပြနေခဲ့သည်။
ထို့နောက် လူအိုကြီးပန်ဘက်သို့လှည့်၍ “အဖိုး၊ လင်းအာမရှိတုန်း ကိုယ့်ကိုယ်ကို ဂရုစိုက်နေနော်။ လင်းအာ အားရင် အဖိုးကို လာပြန်တွေ့ပါမယ်”
လူအိုကြီးပန်သည် မျက်ရည်မကျအောင် အတတ်နိုင်ဆုံးထိန်းရင်း ပြန်ပြောလိုက်၏ “သွား၊သွား၊ အဖိုး ရေခဲလမြို့တော်မှာ ရှိနေတယ်။ သေချာကျင့်ကြံနော်။ စီနီယာတွေ ပြောစကားကိုလည်း နားထောင်ဦးနော်”
ထို့နောက်တွင် ရှောင်လင်းအား ကျန်းစွန်းယင်နှင့်အတူ ရေခဲကန်မှ ထွက်သွားလေ၏။
“လင်းအာ ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တစ်ယောက် ဖြစ်လာတာကို လူအိုကြီးပန် ပျော်သင့်တယ်” ရန်ကိုင်က နှစ်သိမ့်ပေးလိုက်သည်။
“ပျော်တာပေါ့။ ဒီလူအိုကြီး ပျော်တာပေါ့” လူအိုကြီးပန်သည် မျက်ရည်များကို အင်္ကျီဖြင့် သုတ်ရင်းမှ ပြန်ပြောလိုက်၏။
“စီနီယာပင်းယွင်၊ ခင်ဗျား ခုနတုန်းက ပြောလိုက်တဲ့စကားက ဘာကိုပြောချင်တာလဲ”
အချိန်အတော်ကြာအောင် သည်းခံစောင့်ဆိုင်းနေရသော နန်မန်တကျွင်းသည် မြေးအဖိုးတို့ကိစ္စ ပြီးသွားသော် သူသိချင်နေသည်ကို ချက်ချင်း တန်းမေးတော့လေ၏ “ဒီနယ်မြေခြားဟင်းလင်းပြင်အစီအရင်ကို လတ်တလောကမှ ခင်းကျင်းထားတာလား”
“အဲ့အကြောင်းသိချင်ရင်တော့ ရန်ကိုင်ကို မေးလိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်” ပင်းယွင်က ပြုံးလျက် အဓိပ္ပါယ်ပါပါ ပြောလိုက်လေသည်။
“ဟန်” နန်မန်တကျွင်း ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ ပင်းယွင်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေပြီးနောက် မယုံသင်္ကာ လေသံဖြင့် “ဒီနယ်မြေခြား ဟင်းလင်းပြင်အစီအရင်ကို သခင်လေးရန် ခင်းကျင်းသွားတာလို့ စီနီယာ ပြောချင်နေတာလား။ ဖြစ်တော့ မဖြစ်နိုင်ဘူး ထင်တယ်နော် စီနီယာ”
ပင်းယွင်က ပြန်ပြောလိုက်၏ “ဖြစ်တာတော့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမယ့် ရေခဲနှလုံးသားတောင်ကြားမှာ ဒီလိုအစီအရင်မျိုး မရှိဘူး။ လွန်ခဲ့တဲ့ တစ်လလောက်တုန်းက ရန်ကိုင် ကျွန်မဆီကနေ လေဟာနယ်ဝိဥာဉ်သလင်းကျောက်နဲ့ လေဟာနယ်ကျောက်စိမ်းတွေ လာတောင်းသွားတယ်။ ပြီးတော့ ဒီဟာ ပေါ်လာတာပဲ”
ထိုစကားကိုကြားသော် နန်မန်တကျွင်းသည် ရန်ကိုင်အား မီးတောက်မတတ် အကြည့်ဖြင့် ကြည့်လာခဲ့လေသည်။ အချိန်အတော်ကြာအောင် ရန်ကိုင်အား ငေးကြောင်ကြောင်ဖြင့် ကြည့်နေပြီးနောက် စိတ်လှုပ်ရှားတကြီး ပြောလိုက်လေ၏ “သခင်လေးရန်... မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဆရာ၊ ကျေးဇူးပြုပြီး ကျုပ် ဂါဝရပြုတာကို လက်ခံပေးပါနော်”
ပြောပြီးသည့်နောက် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်လေ၏။
အစောပိုင်းက သူ့ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကြောင့် ရန်ကိုင်အား မျက်နှာလိုမျက်နှာ လုပ်ခဲ့သည်ဆိုပါက ယခုဆိုလျှင် ရန်ကိုင်အား တကယ်လေးစားနေပြီဟု ပြော၍ရပေသည်။ ရန်ကိုင်သည် ဤကဲ့သို့သော နယ်မြေခြား ဟင်းလင်းပြင်အစီအရင် တစ်ခုကိုပင် ခင်းကျင်းနိုင်ခဲ့လေရာ အစီအရင်ပညာရပ်အပေါ် သူ၏ ထိုးထွင်းနားလည်မှုမှာ နန်မန်တကျွင်းဖြစ်သည့် သူ့ထက် ကျိန်းသေကို ပိုမို မြင့်မားနေရပေလိမ့်မည်။