အခန်း (၂၆၅၆)
Vol. 114 Ch. 2656
နန်မန်တကျွင်းသည် အစီအရင် ခင်းကျင်းသွားသူကို လေးစားအားကျလွန်းသဖြင့် ရန်ကိုင်သည် သူ့ထက်ပို၍ တတ်သိကျွမ်းကျင်သည့် အစီအရင် ပညာရှင် တစ်ယောက်ဟုပင် အထင်များသွားခဲ့သည်။
“ဆရာရန်က ကိုယ့်ကိုယ်ကို ကောင်းကောင်း ဖုံးကွယ်ထားတာပဲ။ ခုနတုန်းက မယဉ်ကျေးခဲ့သလို ဖြစ်သွားခဲ့ရင် ဒီနန်မန် တောင်းပန်ပါတယ်။ ဆရာရန် စိတ်ထဲ မထားလို့ မျှော်လင့်ပါတယ်” နန်မန်တကျွင်းက မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။
ရန်ကိုင်လည်း ရှက်နေခဲ့လေသည်။ သို့သော်ငြား ရှင်းပြဖို့ရာ ပျင်းရိလွန်းနေသဖြင့် ပြန်၍သာ ပြောလိုက်လေ၏ “ဟုတ်တယ်။ ဒီဟင်းလင်းပြင်အစီအရင်ကို ကျုပ်ခင်းကျင်းခဲ့တာ။ ဒါပေမယ့် ခင်ဗျား ထင်သလို မဟုတ်ဘူး”
“ဆရာရန်က ကိုယ့်ကိုယ်ကို နှိမ့်ချလွန်းနေတာပဲ။ မိကျောင်းမင်းရှေ့ ရေခင်းပြမိတဲ့ ကိုယ့်ကိုယ့်ကိုတောင် ဒီနန်မန် ရှက်ချင်လာပြီ”
ရန်ကိုင်ကမူ ခေါင်းတခါခါဖြင့် ဘာမှပြန်ပြောမနေတော့ဘဲ ပင်းယွင်ဘက်သို့လှည့်၍သာ ပြောလိုက်လေ၏ “စီနီယာ၊ အကျအဆုံး ဘယ်လောက်ရှိလဲ”
ပင်းယွင်က သက်ပြင်းချလျက် “တစ်ထောင်ဝန်းကျင်လောက် သေသွားတယ်။ ဒဏ်ရာရတဲ့လူက တစ်ဝက်ကျော်လောက်ရှိတယ်။ နင်နဲ့မွန်းစတားဘုရင်သုံးပါး ကယ်သွားလို့”
ရန်ကိုင်သည် တိုက်ပွဲထဲ မဝင်ပါခဲ့ပါသော်ငြား သူ၏ ဝိဥာဉ်ဝါးမြိုအင်းဆက်များမှာတော့ တိုက်ပွဲထဲ၌ ပါခဲ့ပေသည်။ ထိုအင်းဆက်များသာမရှိလျှင် ရေခဲနှလုံးသားတောင်ကြား ယခုထက်ပို၍ အကျအဆုံး များနိုင်ပေသည်။ တကယ်တော့ ရန်သူ အရေအတွက်မှာ အလွန်ကိုမှ များလွန်းလှသည် မဟုတ်ပေလော။ ရေခဲနှလုံးသားတောင်ကြားမှ ဧကရာဇ်အဆင့် ပညာရှင်များနှင့် မွန်းစတားဘုရင်သုံးပါး ရောက်လာမည့်အချိန်ကို သူတို့ဘာသာ ခုခံနေမည်ဆိုပါက ကျိန်းသေ အကျအဆုံး ပိုများပေလိမ့်မည်။
“ရမ္မက်ရှာဂိုဏ်းကရော” ရန်ကိုင်က ထပ်မေးလိုက်သည်။
“သူတို့ခေါ်လာတဲ့ လူတစ်ဝက်လောက် သေသွားတယ်။ နှစ်ဆယ်၊ သုံးဆယ် ရာခိုင်းနှုန်းလောက်က ထွက်ပြေးသွားပေမယ့် ကျန်တဲ့လူတွေက အညံ့ခံလိုက်တယ်”
ရန်ကိုင် ခေါင်းိညတ်လိုက်၏။
ယခုအချိန်မှစ၍ ရမ္မက်ရှာဂိုဏ်းဆိုသည်မှာ ရှိတော့လိမ့်မည် မဟုတ်ချေ။ ရမ္မက်ရှာဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ဧကရာဇ်အဆင့် ပညာရှင်အားလုံး ရှင်းပစ်ခံလိုက်ရပြီ ဖြစ်သည့်အတွက်ကြောင့် ဂိုဏ်း၏ အသက်ရှင်ကျန်ရစ်နေသေးသည့် ပညာရှင်အချို့ ရှိနေဦးမည် ဆိုလျှင်ပင် ရမ္မက်ရှာဂိုဏ်းကို ပြန်လည် ထူထောင်နိုင်တော့လိမ့်မည် မဟုတ်ချေ။
“စီနီယာ ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ”
ပင်းယွင်က ပြန်ပြောလိုက်သည် “အရင်ဆုံး ဒဏ်ရာရထားတဲ့လူတွေကို ကုမယ်။ ပြီးရင် ဂိုဏ်းရဲ့ ကာကွယ်ရေး အစီအရင်ကို ပြန်ပြင်မယ်။ အညံ့ခံတယ့် လူတွေကိုကို ဘယ်လိုလုပ်ရမလဲ စဉ်းစားရသေးဘူး”
အညံ့ခံလိုက်သည့် လူများနှင့်ပက်သက်၍ မည်သို့လုပ်ရမလဲ ပင်းယွင် အကြပ်တွေ့နေရသည်။ ထိုလူအားလုံးကို သတ်ပစ်လိုက်မည်ဆိုလျှင် လွန်လွန်းရာ ကျသွားမည်ကို စိုးရိမ်မိသလို လွှတ်ပေးလိုက်မည်ဆိုလျှင်လည်း သဘောထားကြီးလွန်းရာ ကျနေမည်ကို စိတ်ပူနေမိသည်။ ထို့ကြောင့် ပင်းယွင် ဆုံးဖြတ်ရ ခက်နေခြင်း ဖြစ်သည်။
တကယ်တော့ ထိုလူများနှင့် အချို့သည်သာ ရမ္မက်ရှာဂိုဏ်းသားများ မဟုတ်ကြလေလော။ ကျန်လူများသည် ရမ္မက်ရှာဂိုဏ်းမှ စုဆောင်းရေးအမိန့်ဖြင့် ခေါ်ဆောင်လာသည့် လူများသာ ဖြစ်ကြသည်။
ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်သည် “အကုန်လုံးကို သတ်ပစ်လို့ အဆင်မပြေပေမယ့် အပြစ်မပေးလို့တော့ မရတော့ဘူး။ စီနီယာပင်းယွင် သူတို့ကို ပြန်လွှတ်ပေးလိုက်လို့ရတယ်။ ဒါပေမယ့် သူတို့ရဲ့ လွတ်လပ်မှုကိုတော့ အဆုံးရှုံးခံမှ ရလိမ့်မယ်”
ပင်းယွင်က ခေါင်းညိတ်ထောက်ခံလိုက်၏ “ငါလည်း အဲ့လိုပဲ စဉ်းစားနေတာ”
ပင်းယွင်နှင့် ရန်ကိုင်တို့ စကားပြောနေစဉ် နန်မန်တကျွင်းက ဝင်ပြောလာလေသည် “စီနီယာပင်းယွင် ဂိုဏ်းရဲ့ ကာကွယ်ရေး အစီအရင်ကို ပြန်ပြင်ချင်တယ်ဆိုရင် ဒီနန်မန် ကူညီပေးလို့ရတယ်နော်”
ပင်းယွင်က ယဲ့ယဲ့လေးပြုံးလျက် “ကျွန်မလည်း အစီအရင်ပညာရှင်နန်မန်ကို အကူအညီတောင်းဖို့ လုပ်နေတာ။ အစီအရင်ပညာရှ၍်နန်မန် သဘောမတူမှာစိုးလို့”
“ဘာလို့ သဘောမတူရမှာလဲ” နန်မန်တကျွင်း ဝမ်းသာသွဦးခဲ့သည်။
နန်မန်တကျွင်း ဘာကြံနေလဲ ရန်ကိုင်သိပေသည်။ ထို့ကြောင့် ဝင်ပြောလိုက်လေ၏ “ခင်ဗျားသာ ရေခဲနှလုံးသားတောင်ကြားရဲ့ ကာကွယ်ရေးအစီအရင်ကို ပြန်ပြင်နိုင်မယ်ဆိုရင် ဒီနယ်မြေခြားဟင်းလင်းပြင်အစီအရင်ကို ခင်ဗျား ကြိုက်သလောက် လေ့လာလို့ရတယ်”
ဤအစီအရင်ကို ရန်ကိုင်မှ လေဟာနယ်နိယာစွမ်းအားအပေါ် ကျွမ်းကျင်မှုကိုသုံးလျက် ခင်းကျင်းခဲ့ခြင်းဖြစ်လေရာ နန်မန်တကျွင်း အစီအရင်ပညာရှင်တွင် မည်မျှ တော်နေစေကာမူ ဤအစီအရင်ကို ပုံတူပွားလို့ရလိမ့်မည် မဟုတ်သဖြင့် ရန်ကိုင်လည်း ဂရုစိုက်မနေခဲ့ချေ။
ထိုစကားကိုကြားသော် နန်မန်တကျွင်း၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာပြီး လက်သီးဆုပ်၍ ပြန်ပြောလိုက်၏ “ကျေးဇူးအများကြီးတင်ပါတယ် ဆရာရန်”
“စီနီယာ၊ ကျုပ်ရမ္မက်ရှာဂိုဏ်းဆီ တစ်ချက်သွားလိုက်ဦးမယ်” ရန်ကိုင်၏ အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့သည်။ သတ်ဖြတ်လိုစိတ်တို့မှာလည်း သူ့မျက်လုံးထဲ ရိပ်ခနဲ ဖြတ်ပြေးသွားခဲ့လေသည်။
ထိုစကားကိုကြားသော် ပင်းယွင်က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏ “ယောင်အာကိုပါ ခေါ်သွားလိုက်လေ”
ရန်ကိုင်သည် ပင်းယွင်နောက်တွင် ရပ်နေသော ကျိယောင်ကိုကြည့်၍ ခေါင်းညိတ်ပြလိုက်၏။
ထို့နောက်တွင် နှောင့်နှေးမနေတော့ဘဲ ကျိယောင်ကိုခေါ်၍ ရေခဲကန်ဆီမှ ထွက်လာခဲ့သည်။ ရှီလဲ့နှင့် မွန်းစတားဘုရင်သုံးပါးကို အသိပေးပြီးနောက် သူတို့ငါးဦး ရေခဲနှလုံးသားတောင်ကြားထဲမှ ထွက်လာခဲ့လေသည်။
“သခင်လေးရန် ဘယ်သွားဖို့လုပ်နေတာလဲ” ရန်ကိုင်မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်သော် ရှီလဲ့က မေးလိုက်လေ၏။
“ရမ္မက်ရှာဂိုဏ်း” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ရှီလဲ့နှင့် ကျန်နှစ်ဦး ရန်ကိုင်၏ အကြံကို နားလည်သွားကြလေ၏။ ထို့နောက် စကားတစ်ခွန်းမှပင် မဆိုတော့ဘဲ ရန်ကိုင်နောက်မှသာ လိုက်သွားကြလေ၏။
ယခုတစ်ကြိမ် ရေခဲနှလုံးသားတောင်ကြား ဒုက္ခရောက်ရသည်မှာ ရန်ကိုင်နှင့် ပက်သက်နေပေသည်။ ရန်ကိုင်မှ ဖုန်းရှီအား ကြယ်ပျက်ပင်လယ်ထဲ သတ်ပစ်လိုက်သည့် အတွက်ကြောင့် ဤစစ်ပွဲစခဲ့ရခြင်း ဖြစ်သည်။
ရမ္မက်ရှာဂိုဏ်းသည် စစ်ရှုံးသွားခဲ့ပြီး ၎င်း၏ ထိပ်တန်းအဆင့် ပညာရှင်များစွာ အသတ်ခံလိုက်ရပါသော်ငြား ရန်ကိုင်ကမူ ရမ္မက်ရှာဂိုဏ်းသားများကို အလွတ်ပေးရန် စဉ်းစားမထားခဲ့ပေ။
သူနှင့်ရမ္မက်ရှာဂိုဏ်းကြား ရန်ငြိုးရန်စ ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် အနေဖြင့် ကျူပင်ခုတ်ကျူငုတ်မကျန် ရှင်းပစ်ရပေလိမ့်မည်။
ထို့အပြင် ရမ္မက်ရှာဂိုဏ်း မြောက်ဘက်နယ်မြေတွင် ခြေကုပ်ယူထားသည်မှာ နှစ်ပေါင်းသောင်းနှင့်ချီ ကြာနေခဲ့လေပြီ။ ထို့ကြောင့် ရမ္မက်ရှာဂိုဏ်း၏ ရတနာဂိုဒေါင်ထဲတွင် အဖိုးတန်ရတနာများစွာ ကျိန်းသေ ရှိနေရပေလိမ့်မည်။ ထိုရတနာများကို ရန်ကိုင်အနေဖြင့် မည်သို့များ လက်လွတ်ခံနိုင်ပါမည်နည်း။
တစ်ခဏအကြာတွင် ရန်ကိုင်တို့အဖွဲ့ ရေခဲလမြို့တော်ဆီသို့ ရောက်လာခဲ့လေသည်။
ယနေ့မတိုင်ခင်အထိ ရေခဲလမြို့တော်ကို ရမ္မက်ရှာဂိုဏ်းမှ ထိန်းချုပ်ထားခဲ့ပါသော်ငြား စစ်ပြီးသွားသည့်နောက်တွင် ရမ္မက်ရှာဂိုဏ်းသားအားလုံး ရေခဲလမြို့တော်မှ ထွက်ပြေးသွားကုန်ကြသဖြင့် မြို့တစ်ခုလုံးမှာ ယခင်ကကဲ့သို့ စည်းကားမနေတော့ဘဲ ခြောက်သွေ့ကာ တိတ်ဆိတ်နေခဲ့သည်။
ရန်ကိုင်တို့အဖွဲ့သည် မြို့သခင်စံအိမ်ဆီသို့ တိုက်ရိုက်ပျံသန်းသွားပြီး ထိုနေရာရှိ ဟင်းလင်းပြင်အစီအရင်ကိုသုံးကာ ထွက်လာခဲ့ကြသည်။
ဆိတ်ငြိမ်တောင်တန်းသည် ရမ္မက်ရှာဂိုဏ်း၏ ဠာနချုပ်တည်ရှိရာနေရာ ဖြစ်ပေသည်။
ရမ္မက်ရှာတောင်တန်းတွင် မိုးမြေစွမ်းအင်သိပ်သည်းကြွယ်ဝသည့် တောင်များ ရှိနေကြ၏။ အလွန်ကိုမှ အအေးဓါတ်ပြင်းထန်လှသော ရေခဲနှလုံးသားတောင်ကြားနှင့် ယှဉ်လိုက်သော် ရမ္မက်ရှာဂိုဏ်း၏ အပူချိန်သည် သင့်တင့်မျှတသည်ဟု ပြော၍ရကာ ဝေဝေဆာဆာ ပွင့်လန်းနေသော ပန်းပွင့်များ၊ ကျေးငှက်တီးကျူသံများတို့ဖြင့် နေချင်စဖွယ်ကောင်းလှ၏။
တစ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့အဖွဲ့ ရမ္မက်ရှာဂိုဏ်း၏ ဂိတ်ပေါက်ဝသို့ ရောက်လာခဲ့သည်။ ဂိုဏ်း၏ အကာအကွယ်အစီအရင်မှာ အသက်ဝင်နေခြင်း မရှိသလို ဂိုဏ်းအား စောင့်ကြပ်နေသည့် တပည့် တစ်ဦးတစ်ယောက်မှလည်း ရှိမနေခဲ့ချေ။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အခါ ရမ္မရှာဂိုဏ်း တစ်ဂိုဏ်းလုံးသည် သရဲခြောက်သည့် မြို့တစ်မြို့အလား သုဿန်တစပြင်နှယ် တိတ်ဆိတ်ကာ ခွေးတစ်ကောင်ကြောင်တစ်မြီးပင် မရှိကြောင်း တွေ့လိုက်ရသည်။
“ဒီကောင်တွေ တော်တော် အပြေးမြန်တာပဲ” ရှီလဲ့က ရေရွတ်လိုက်၏။
ဖုန်းရွှမ်သည် သူနှင့်အတူ ဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများနှင့် တပည့်များစွာကို ခေါ်ဆောင်သွားမည်ဆိုလျှင်ပင် ဂိုဏ်းကို စောင့်ကြပ်ရန်အတွက် တပည့်များကိုလည်း ကျိန်းသေထားခဲ့ပေလိမ့်မည်။ သို့သော်ငြား ယခုမှ ဂိုဏ်းအား စောင့်ကြပ်မည့်လူ တစ်ယောက်ပင် ရှိမနေခဲ့ချေ။ အကုန်လုံးမှာ ရမ္မက်ရှာဂိုဏ်း စစ်ရှုံးသွားသည့်အကြောင်း ကြားသိကာ ရေခဲနှလုံးသားတောင်ကြားမှ သူတို့အား လက်စားလာချေမည်ကို ကြောက်ရွံ့သည့် အတွက်ကြောင့် ထွက်ပြေးသွားခြင်း ဖြစ်လောက်ပေသည်။
အဓိက ဂိတ်ပေါက်၏ အလယ်တည့်တည့်တွင်တော့ ‘ရမ္မက်ရှာဂိုဏ်း’ ဟု ရေးထိုးထားသော ဆိုင်းဘုတ်ကြီးတစ်ခု ရှိနေခဲ့သည်။ ဆိုင်ဘုတ်ကြီးကို တစ်နှစ်ပတ်လုံး သန့်ရှင်းရေးလုပ်ထားသည့်အလား ဆိုင်ဘုတ်မှာ ရှင်းသန့် တောက်ပြောင်နေခဲ့သည်။
ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်း၍ ဆိုင်ဘုတ်ကို ဖျက်စီးပစ်လိုက်သည်။
ထို့နောက် ကျန်လူများကိုခေါ်၍ အထဲသို့ ဝင်လာခဲ့လေ၏။
လမ်းတစ်လျှောက် မည်သူ့ကိုမှ မတွေ့ခဲ့ရ။ သူတို့ တွေ့ခဲ့ရသည့် အဆောက်အဦးများစွာ ပွဲစာကြဲနေခဲ့သည်။ ရမ္မက်ရှာဂိုဏ်းများသည် သူတို့ဂိုဏ်း စစ်ရှုံးသည့်အကြောင်းကြာပြီး ဂိုဏ်းထဲတွင် ရှိနေသည့် အဖိုးတန်ပစ္စည်းအားလုံးကို ယူကာ ကတိုက်ကရိုက် ထွက်ပြေးသွားကြသည့်ပုံပင်။
ယခု ဤနေရာ၌ အဖိုးတန်သည့်အရာဆို၍ တစ်ခုပင် မရှိတော့ချေ။
တစ်ခုတည်းသော ကျန်ရစ်သည့် အဖိုးတန်သော အရာဆို၍ မြေကွက်ကြီးသာ ရှိတော့သည်။
“ဒီနေရာက မဆိုဘူး။ မိုးမြေစွမ်းအင်က ဒီလောက် သိပ်သည်းတာဆိုတော့ အောက်မှ ပထမတန်းစား မြေကမ္ဘာချီကြောမကြီးအချို့ ရှိနေလို့ပဲ ဖြစ်ရလိမ့်မယ်” ရှီလဲ့သည် ဘေးပတ်ဝန်းကျင်အား စစ်ဆေးရင်းမှ ပြောလိုက်သည်။
ရန်ကိုင်က ပြုံးလျက် “မဟာဧကရာဇ်တစ်ပါးက တည်ထောင်ထားခဲ့ဂိုဏ်းပဲဟာကို၊ ဒီနေရာသာ သာမန်ပဲဆိုရင် ဘာလို့ ဒီနေရာကို ရွေးဦးမှာလဲ။ မြောက်ဘက်နယ်မြေမှာ ဒီနေရာထက် ပိုကောင်းတဲ့ နေရာမရှိတော့ဘူးလို့ ထင်လို့ပေါ့”
“သူတို့ လူမှားပြီး လာပြဿနာရှာမိသွားတာ ဆိုးတာပဲ။ နှစ်သောင်းနဲ့ချီအောင် တည်ရှိလာတဲ့ ဂိုဏ်းတစ်ဂိုဏ်းက ဒီလိုပဲ အဆုံးသတ်သွားရတယ်” ယင်ဖေး သက်ပြင်းချလိုက်၏။
ရှဲ့ဝူဝေက ပြုံးလျက် ရုတ်တရက် ကောက်ပြောလိုက်သည် “သခင်လေးရန်၊ ဒီနေရာကို အပိုင်သိမ်းပြီး ဒီမှာ ဂိုဏ်းထောင်လိုက်ပါလား။ ဒီလိုနေရာကြီးကို ဒီအတိုင်း ထားပစ်ခဲ့ဖို့က အရမ်း နှမြောစရာကောင်းတယ်”
ထိုစကားကိုကြားသာ် ရှီလဲ့နှင့် ယင်ဖေးတို့ တအံ့တဩ ဖြစ်သွားကြသည်။ သေချာ စဉ်းစားကြည့်လိုက်သည့်နောက်တွင် ရန်ကိုင်သည် ဂိုဏ်းချုပ်တစ်ဦးဖြစ်ရန် အရည်အချင်း ပြည့်မှီကြောင်း သဘောပေါက်သွားကြသည်။ ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီ မဟုတ်လေလော။ ယခု သူ့အတွက် အကုန် အဆင်သင့် ပြင်ပေးထားသော နေရာကောင်းကြီးတစ်ခုရှိနေလေရာ ရန်ကိုင် အနေဖြင့် ဤနေရာ၌ ဂိုဏ်းမထောင်လိုက်လျှင် တကယ် နှမြောစရာ ဖြစ်သွားပေလိမ့်မည်။
သို့သော်ငြား ရှဲ့ဝူဝေ မည်ကဲ့သို့သော ရည်ရွယ်ချက်ဖြင့် ဤကဲ့သို့ ပြောရသလဲ ဆိုသည်ကိုတော့ ရှီလဲ့နှင့် ယင်ဖေးတို့ မစဉ်းစားမိကြချေ။
သို့သော်ငြား နှစ်ဦးစလုံးမှာ ငတုံးငအများ မဟုတ်ကြသည့် အတွက်ကြောင့် ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် ရှဲ့ဝူဝေ ဘာကြံနေသလဲဆိုသည်ကို နားလည်သွားခဲ့ကြသည်။
ယင်ဖေးက ပြုံးလျက် “ရောင်းရင်းရှဲ့ရဲ့အကြံက တကယ်မဆိုးဘူး။ သခင်လေးရန်သာ ဒီမှာ ဂိုဏ်းထောင်မှာဆိုရင် ငါဒီမှာနေပြီး အကြီးအကဲရာထူး၊ မဟုတ်ရင် ကာကွယ်သူရာထူး ယူပြီး နေလို့ရပြီ”
“ဒီကြံ့အိုကြီးကိုလည်း ထည့်တွက်လိုက်” ရှီလဲ့က အပြုံးကြီးပြုံးရင်း ပြောလိုက်သည်။
ထိုသုံးဦး ပြောနေသည်ကိုနားထောင်ပြီးနောက် ရန်ကိုင် ကြိတ်၍ ဝမ်းသာသွားလေ၏။ ထိုသုံးဦးသည် ရှေးဟောင်းကုန်းမြေသို့ ပြန်မသွားလိုဘဲ သူ့နားတွင်သာ ကပ်နေချင်ကြောင်း ရန်ကိုင် နားလည်သွားလေပြီ။
ရန်ကိုင်သည် မွန်းစတားဘုရင်သုံးပါးကို သူ့နား၌ ခခယယ နေရလောက်အောင် မလုပ်နိုင်ပါသော်ငြား ကျန်းရို့ရှီကတော့ လုပ်နိုင်ပေလိမ့်မည်။
ထိုသုံးဦး၏ ဆိုလိုရင်းကို နားလည်သွားပြီးနောက်တွင် ရန်ကိုင်ကပြန်မေးလိုက်၏ “ဒီကိစ္စနဲ့ ပက်သက်ပြီး နတ်အရှင်သုံးပါး မကျေမနပ် ဖြစ်သွားမှာ ခင်ဗျားတို့ မကြောက်ဘူးလား။ သူတို့လူတွေကို ကျုပ်ဓါးပြမတိုက်ရဲဘူးနော်”
“ဘယ်ကသာ သခင်လေးရန်ရာ” ရှဲ့ဝူဝေက ပြန်ပြောလိုက်၏ “နတ်အရှင်တွေက ဒီလောက် သဘောထား မသေးသိမ်ဘူး။ သခင်လေးရန် သူတို့ကို သွားပြောရန် သူတို့ အားလုံး ကျိန်းသေ သဘောတူမှာ”
“ဟုတ်တယ်၊ နတ်အရှင်တွေက တကယ်ကို စကားပြောရမခက်ဘူး” ယင်ဖေးကလည်း ဝင်ရောက်ထောက်ခံလိုက်သည်။
အခြားလူတစ်ဦးသာဆိုလျှင်တော့ နတ်အရှင်များ သဘောတူလိမ့်မည် မဟုတ်ပါသော်ငြား ရန်ကိုင်ကိုမူ သူတို့ ငြင်းရဲမည်လား။
“ကြည့်ကြည့်ရတာပေါ့” ရန်ကိုင်က မရေမရာ ပြန်ပြောလိုက်သည်။
ထိုစကားကိုကြားသော် မွန်းစတားဘုရင်သုံးပါး၏ မျက်လုံးများ ဝင်လက်တောက်ပသွားလေသည်။
ရှဲ့ဝူဝေ၏ အကြံကို ရန်ကိုင် အမှန်တကယ် သဘောကျသွားသည့်ပုံပင်။
သူတို့ ပြောသလိုပင် ဤနေရာသည် ကျင့်ကြံရန်အတွက် အလွန်ကောင်းမွန်သလို အသင့်ဆောက်လုပ်ပြီးသာ အဆောက်အဦ များစွာလည်း ရှိနေခဲ့သည်။ ရန်ကိုင်သာ ဤနေရာကို မယူလျှင် အခြားသူများက ယူသွားကြပေလိမ့်မည်။ ဤနေရာသည် သူတို့ ခက်ခက်ခဲခဲ တိုက်ခိုက်ပြီးမှ ရလာသည့်နေရာတစ်ခု ဖြစ်သည့်အတွက်ကြောင့် အခြား တစ်ယောက်ဆီ ဤအတိုင်း ပေးလိုက်ရမည်မှာ နှမြောစရာပင်။
ထို့အပြင် ရန်ကိုင်သည် ကြယ်တာရာအစုအဝေးသို့ ရောက်ပြီးချိန်မှစ၍ ခြေချစရာနေရာ မရှိဘဲ ဦးတည်ရာမဲ့ လျှောက်သွားနေခြင်း မဟုတ်ပေလော။
သူတစ်ယောက်တည်း ရှိနေသည့်အခါတွင် ကိစ္စမရှိပါသော်ငြား အရိပ်ကြယ်မှ သူ့မိတ်ဆွေနှင့် မိသားစုများကို ဤနေရာသို့ ခေါ်လာသည့်အခါ ထိုလူများကို မည်သည့် နေရာတွင် ထားရပါမည်နည်း။ သူတို့ မည်သည့်နေရာတွင် နေမည်နည်း။ ထို့အပြင် ချီယွဲ့၊ ကွေ့ဇူနှင့် အခြားသူများကို ရွက်တစ်ထောင်ဂိုဏ်းတွင်သာ တစ်သက်လုံး နေခိုင်းသွား၍လည်း မဖြစ်ချေ။
ရှဲ့ဝူဝေ ကောက်ပြောလိုက်သော စကားသည် ရန်ကိုင်၏အာရုံကို ဆွဲဆောင်သွားခဲ့၏။
မည်သို့ပင် ဖြစ်စေကာမူ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ဖို့ရာ လွယ်ကူလိမ့်မည် မဟုတ်မှန်း ရန်ကိုင် သိနေခဲ့သည်။ အရိပ်ကြယ်ပေါ်တွင် ထက်ကောင်းကင်ဂိုဏ်း (အထက်စကြာဝဠာဂိုဏ်း)ကို တည်ထောင်နိုင်ခဲ့သည်မှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်တော့ ဂိုဏ်းတစ်ခုအား မတည်ထောင်မှီ သူ့အနေဖြင့် သေချာ စဉ်းစားရပေတော့မည်။