အခန်း (၂၆၅၇)
Vol. 114 Ch. 2657
ရမ္မက်ရှာဂိုဏ်း၏ ဌာနချုပ်သည် အလွန်တရာကိုမှ ကျယ်ပြောလှသည်။ ရန်ကိုင်၊ ကျိယောင်နှင့် မွန်းစတားဘုရင်သုံးဦးအတွက် ရမ္မက်ရှာဂိုဏ်းတစ်ခုလုံးအား လှည့်ပတ်ကြည့်ရှုစစ်ဆေးရန်အတွက် နှစ်ရက်ခန့် အချိန်ယူလိုက်ရသည်။
ထိုနေရာကို ကြည့်လေ ကြည့်လေ ရန်ကိုင် ပို၍ နှစ်သက်လာလေပင်။ ယခင်က ရမ္မက်ရှာမဟာဧကရာဇ်၏ အဆင့်အတန်းကြောင့် ဤနေရာသည် မြောက်ဘက်နယ်မြေတွင် မိုးမြေစွမ်းအင် အသိပ်သည်းဆုံးနေရာတစ်ခု ဖြစ်လိမ့်မည်ဟု ရန်ကိုင်ပြောခဲ့ပေသေးသည်။ သို့သော်ငြား သူ မထင်မှတ်ဘဲ ပြောလိုက်သည့်စကားလုံးများသည် အမှန်ဖြစ်နေသည့် ပုံပင်။
အကြောင်းမှာ ဤနေရာ၏ ကျင့်ကြံရေးပတ်ဝန်းကျင်သည် နေမင်းပြာကျောင်းတော်၏ ကျင့်ကြံရေးပတ်ဝန်းကျင်ထက် အများကြီး ပိုမိုကောင်းမွန်သည့် အတွက်ကြောင့်ပင်။
နေမင်းပြာကျောင်းတော်သည်လည်း ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်ကာ အဆင့်အတန်းနှင့် ခွန်အားအရ ရမ္မက်ရှာဂိုဏ်းနှင့် အဆင့်တူနီးပါးတွင် ရှိပေသည်။ သို့သော်ငြား ကျင့်ကြံရေးပတ်ဝန်းကျင်ချင်း ယှဉ်လိုက်မည်ဆိုလျှင်တော့ ရမ္မက်ရှာဂိုဏ်းက ပို၍သာသည်ဟု ပြော၍ရသည်။
ဖြစ်နိုင်သည်မှာ မဟာဧကရာဇ်များ ကိုယ်တိုင်ထူထောင်ခဲ့သော ဂိုဏ်းများသည်သာလျှင် ဤကဲ့သို့သော ကျင့်ကြံရေးပတ်ဝန်းကျင်မျိုးကို ပိုင်ဆိုင်ထားလောက်ပေသည်။
ဤမျှ ကောင်းမွန်လှသော ပတ်ဝန်းကျင်၊ အဆင်သင့် ဆောက်လုပ်ထားပြီးသော အဆောက်အဦးများနှင့် ရမ္မက်ရှာဂိုဏ်းမှ နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် ချန်ထားရစ်ခဲ့သော အမွေအနှစ်များကိုတွေးရင်း ရန်ကိုင်မှာ ဤနေရာကို ဤအတိုင်း လက်လွှတ်ထားခဲ့ရန် ပိုပို၍ တွေဝေလာမိလေသည်။ ထို့အတွက်ကြောင့် ဤနေရာနှင့်ပတ်သက်၍ အစီအစဉ်များကိုပင် စတင်ရေးဆွဲတော့သည်။
ရန်ကိုင်သည် ရမ္မက်ရှာဂိုဏ်း၏ ချောင်ကြိုချောင်ကြား နေရာတစ်ခုမကျန်လပ်အောင်ကို စစ်ဆေးခဲ့ပါသော်ငြား မည်သည့်အဖိုးတန်ပစ္စည်းကိုမှ ရှာမတွေ့ခဲ့ချေ။
အဆုံးတွင် ကျိယောင်၏ ဦးဆောင်မှုနှင့်အတူ ရန်ကိုင်တို့သည် တစ်ခုသောတောင်ထွဋ်ဆီသို့ ထွက်သွားကြလေသည်။
ကျိယောင်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က ပင်းယွင်နှင့်အတူ ရမ္မက်ရှာဂိုဏ်းသို့ တစ်ကြိမ်မက လာခဲ့ဖူးသည့်အတွက်ကြောင့် ဤတောင်သည် ရမ္မက်ရှာဂိုဏ်း၏ တားမြစ်နေရာတစ်ခုမှန်း သိပေသည်။ ရမ္မက်ရှာဂိုဏ်းသည်သာ ၎င်းတို့၏ရတနာများကို သိုလှောင်ထားမည်ဆိုပါက ဤတောင်ပေါ်တွင်သာ သိုလှောင်ထားလောက်ပေသည်။
ရန်ကိုင်နှင့် အခြားသူများ ရောက်လာသည့်အခါ တောင်တစ်ခုလုံးကို အလွန်ကိုမှ ကျစ်လျစ်မာကြောလှသည့် အလင်းစက်ကွင်းတစ်ခုမှ ဖုံးလွှမ်းထားကြောင့် တွေ့လိုက်ရလေသည်။
ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ အလင်းစက်ကွင်းရှိနေသည့်အတွက်ကြောင့် ထိတ်လန့်သွားခြင်းမရှိဘဲ ဝမ်းပင် ဝမ်းသာသွားလေသည်။ အလင်းစက်ကွင်းမှာ အကောင်းအတိုင်း ရှိနေပေသေးသည်။ တစ်နည်းဆိုရသော် ဤအလင်းစက်ကွင်းကို အသက်သွင်းလိုက်စဉ်တည်းက မည်သူမျှ ဤနေရာသို့ လာရောက်ခြင်းမရှိသေးဟု ပြောလိုက်ခြင်းနှင့် အတူတူပင် ဖြစ်လေသည်။ အထဲတွင် အဖိုးတန်ပစ္စည်းတစ်ခုခုအား သိမ်းဆည်းထားမည်ဆိုပါက ထိုပစ္စည်းသည် ဤနေရာတွင်သာ ရှိနေပေလိမ့်ဦးမည်။ အကြောင်းမှာ ထွက်ပြေးသွားသော ရမ္မက်ရှာဂိုဏ်းမှ တပည့်များသည် ဤနေရာသို့ မလာရောက်ရသေးသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
မွန်းစတားဘုရင်များသည် အကြမ်းနည်းသုံး၍ အစီအရင်ကို ဖျက်ဆီးချင်ခဲ့ကြပါသော်ငြား ရန်ကိုင်က ဝင်တားခဲ့ပေသည်။ ရန်ကိုင်သည် သူ့သိုလှောင်လက်စွပ်ထဲမှ အမျိုးမျိုးသော ပုံမှန်မဟုတ်သည့် တံဆိပ်ပြားများကို ထုတ်ယူ၍ ထိုတံဆိပ်ပြားများထဲသို့ ဧကရာဇ်ချီထည့်သွင်းကာ တစ်ခုချင်းစီ လိုက်လံစမ်းသပ်ကြည့်ခဲ့သည်။
တစ်ခုသောအချိန်သို့ရောက်သော် တံဆိပ်ပြားများအနက်မှ တစ်ခုသည် တလက်လက်တောက်ပသွားခဲ့ပြီး တံဆိပ်ပြားဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အလင်းစက်ကွင်းဆီသို့ တိုးဝင်သွားခဲ့လေသည်။ ထို့နောက်တွင် အလင်းစက်ကွင်းပေါ်၌ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာလေ၏။
ထိုတံဆိပ်ပြားများကို ရန်ကိုင်သည် ရမ္မက်ရှာဂိုဏ်း၏ သေဆုံးသွားသော ထိပ်တန်းပညာရှင်များဆီမှ ရရှိထားခြင်း ဖြစ်ပေသည်။ ဤတံဆိပ်ပြားသည် ဤနေရာတွင်ရှိနေသော အလင်းစက်ကွင်းကို ဖွင့်နိုင်သည့်အတွက်ကြောင့် တံဆိပ်ပြား၏ပိုင်ရှင်မှာ ရမ္မက်ရှာဂိုဏ်း၏ဂိုဏ်းချုပ် ဖုန်းရွှမ်သာ ဖြစ်ရပေလိမ့်မည်။
“အထဲသွားကြရအောင်… အဲ့မှာ ဘာပစ္စည်းတွေရှိလဲ သွားကြည့်ရမယ်…” ရန်ကိုင်က ဝမ်းသာအားရဖြင့် ရှေ့မှ ဦးဆောင်ဝင်သွားလေ၏။
တောင်ပေါ်တွင် ကြီးကျယ်ခမ်းနားလှသော ကျောင်းတော်တစ်ခု ရှိနေခဲ့လေသည်။
ရန်ကိုင်တို့ငါးဦး ကျောင်းတော်ထဲသို့ ဝင်လာလိုက်ရာ ကျောင်းတော်ထဲရှိ အဆင်တန်ဆာများမှာ အတော်လေးကိုမှ ရှေးကျနေခဲ့ပြီး သမားရိုးကျဆန်ကာ အချိန်တိုက်စားမှုကြောင့် ယိုယွင်းနေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
ရန်ကိုင်သည် ထိုနေရာတစ်ဝိုက်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပါသော်ငြား ထူးခြားသည့် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ သို့သော်ငြား တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ညွှန်ကြားလိုက်လေ၏။ “လူခွဲပြီး ရှာကြရအောင်… မသင်္ကာစရာတစ်ခုခုတွေ့တာနဲ့ လှမ်းပြီးတော့ ခေါ်လိုက်…”
“ဟုတ်ကဲ့…” မွန်းစတားဘုရင်သုံးဦးစလုံး ချက်ချင်း လှုပ်ရှားကြလေသည်။
သို့ရာတွင် ကျိယောင်ကမူ ထွက်မသွားခဲ့ဘဲ ရန်ကိုင်နောက်မှသာ တကောက်ကောက်လိုက်နေခဲ့သည်။
“နင် ဒီမှာ ဂိုဏ်းထောင်မလို့ လုပ်နေတာလား…” ကျိယောင်က လမ်းလျှောက်နေရင်းမှ ရုတ်တရက် မေးလိုက်လေသည်။
မွန်းစတားဘုရင်သုံးပါးမှာ အသိဉာဏ်ရှိကြပါသော်ငြား အမြင်မစူးရှလှပေ။ ထို့အတွက်ကြောင့် လွန်ခဲ့သောရက်များအတွင်း ရန်ကိုင်၏ မျက်နှာအမူအယာကို သေချာအာရုံမစိုက်ခဲ့ကြ။ သို့သော်ငြား ကျိယောင်ကမူ ရန်ကိုင်အား တိတ်တဆိတ် အကဲခတ်နေခြင်း ဖြစ်လေသည်။ ရန်ကိုင်ပုံစံကို ကြည့်ရသလောက် ရန်ကိုင်သည် ဤနေရာတွင် ဂိုဏ်းတစ်ခုခု ထောင်ချင်နေသည့်ပုံပင်။
“ဟုတ်တယ်လို့ပဲ ပြောရမယ်…” ရန်ကိုင်က ကျိယောင်ဘက်သို့လှည့်၍ “ဘာဖြစ်လို့လဲ….” ရန်ကိုင်က ပြုံး၍မေးလိုက်လေသည်။
ကျိယောင်က ခေါင်းခါလျက် “ဘာမှမဟုတ်ပါဘူး… ဒါပေမယ့် ဒီနေရာမှာ ဂိုဏ်းထောင်မယ်ဆိုရင် တကယ်ကောင်းတယ်လို့ ပြောမလို့…”
“နင်လည်း အဲ့လိုပဲထင်တာလား…”
ကျိယောင်က ပြန်ပြောလိုက်သည်။ “ရမ္မက်ရှာဂိုဏ်းနဲ့ ရေခဲနှလုံးသားတောင်ကြား နှစ်ခုစလုံးက မြောက်ဘက်နယ်မြေမှာ ရှိနေကြတာလေ… ဒီတော့ နင်သာ ဒီမှာ အခြေချမယ်ဆိုလို့ရှိရင် နင့်ဂိုဏ်းနဲ့ ငါတို့ရေခဲနှလုံးသားတောင်ကြားက တစ်ဦးကိုတစ်ဦး စောင့်ရှောက်ပေးလို့ရတယ်… ပြီးတော့ နင့်မှာလည်း အဲ့လိုမျိုး လုပ်နိုင်တဲ့ အရည်အချင်းရှိတာပဲ…”
ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့်သာ ရှိသေးပါသော်ငြား အခြားသော ဧကရာဇ်ပထမအဆင့်ပညာရှင်များနှင့် ယှဉ်လိုက်သော် လုံးဝကို မတူညီသည့် ဧကရာဇ်အဆင့်ပညာရှင်မှန်း ကျိယောင်သိပေသည်။ ကျိယောင်ကိုယ်တိုင်သည်ပင်လျှင် ရန်ကိုင်နှင့် တစ်ယောက်ချင်း ယှဉ်တိုက်ခိုက်မည်ဆိုပါက ရန်ကိုင်၏ပြိုင်ဘက် မဖြစ်နိုင်လောက်။ ဤလောကကြီးထဲတွင် ဧကရာဇ်တတိယအဆင့် ပညာရှင်များသည်သာ ရန်ကိုင်အား ရင်ဆိုင်နိုင်ပေလိမ့်မည်။
ရန်ကိုင်သည်သာ ဂိုဏ်းထောင်ရန် အရည်အချင်းမရှိပါက ဤလောကကြီးထဲတွင် ဂိုဏ်းအများစုမှာ ရှိရန် မသင့်တော်ပေ။
ရန်ကိုင်က ဝမ်းသာအားရဖြင့် ပြန်ပြောလိုက်သည်။ “ငါလည်း အဲ့လိုပဲတွေးနေတာ… ဒါပေမယ့် သေသေချာချာတော့ မစီစဉ်ရသေးဘူး… ဂိုဏ်းထောင်ချင်တယ်ဆိုရင်တောင် ရှင်းရမယ့် ပြဿနာတွေ အများကြီး ရှိသေးတယ်…”
ကျိယောင်က ပြုံးလျက် ပြန်ပြောလိုက်သည်။ “အဲ့ဒါတော့ ပြဿနာမရှိလောက်ပါဘူး… နင်လိုအပ်လို့ရှိရင် ဆရာနဲ့ သွားဆွေးနွေးကြည့်လိုက်လေ… သူ နင့်ကို ကျိန်းသေ ကူညီပေးလိမ့်မယ်… ငါတို့ဘက်က ကူညီနိုင်တာရှိရင် ရေခဲနှလုံးသားတောင်ကြားကလည်း ကျိန်းသေကူညီပေးမှာ…”
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ရတယ်… ငါ အလျင်မလိုသေးဘူး… ဒီတိုင်း စဉ်းစားကြည့်နေရုံပဲ… အချိန်ကျလာရင်တော့ စီနီယာပင်းယွင်ဆီကနေ ကျိန်းသေ သွားအကူအညီတောင်းရမှာပေါ့…”
ကျိယောင်သည် မျှော်လင့်ချက်အချို့ဖြင့် ခေါင်းညိတ်လိုက်လေသည်။
ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြားနှင့် အလွန်ကိုမှ ရင်းနှီးကာ သူမ၏ဆရာ ပင်းယွင်နှင့်လည်း နီးကပ်သည့်ဆက်ဆံရေးကို ပိုင်ဆိုင်ထားသည်။ ရန်ကိုင်သည်သာ ဤနေရာတွင် အခြေချနိုင်မည်ဆိုပါက သူ၏ဂိုဏ်းနှင့် ရေခဲနှလုံးသားတောင်ကြားသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် ထောက်ပံ့ပေးနိုင်ကြပေလိမ့်မည်။ သူတို့နှစ်ဦးသာ မိတ်ဖွဲ့ထားမည်ဆိုပါက မည်သူကများ သူတို့အား လာရောက်ရန်စရဲပါဦးမည်နည်း။ ရေခဲနှလုံးသားတောင်ကြားသည် ယခုကဲ့သို့ အဖြစ်အပျက်မျိုးကို နောက်တစ်ကြိမ် ထပ်မံ ရင်ဆိုင်ရတော့လိမ့်မည် မဟုတ်ချေ။
ယခုတစ်ကြိမ် ရေခဲနှလုံးသားတောင်ကြား ဒုက္ခရောက်ခဲ့ရခြင်းမှာ ရေခဲနှလုံးသားတောင်ကြားသည် ပြင်ပလောကကြီးနှင့် အဆက်အသွယ်သိပ်မရှိသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
“ဒါပေမယ့် ဂိုဏ်းနာမည်ကိုတော့ နင် သေချာစဉ်းစားဖို့ လိုလိမ့်မယ်နော်… ဒီရမ္မက်ရှာဂိုဏ်းဆိုတဲ့ နာမည်ကြီးပဲ ဆက်သုံးနေလို့တော့ အဆင်မပြေဘူး…” ကျိယောင်က ပြောလိုက်သည်။
ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။ “ငါ့မှာ အဲ့ဒါနဲ့ပတ်သက်ပြီး အစီအစဉ်ရှိပြီးသား…”
ဂိုဏ်းနာမည်အား မည်ကဲ့သို့ပေးမလဲဆိုသည်ကို ရန်ကိုင် စဉ်းစားထားပြီးသားပင်။
ထိုအခိုက်အတန့်တွင် တစ်ခုသောဘက်ဆီမှ သိမ်းငှက်အော်သံတစ်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင်သည် ထိုဘက်သို့လှည့်၍ ပြောလိုက်လေသည်။ “ကြည့်ရတာ ယင်ဖေး တစ်ခုခုတွေ့သွားတယ်နဲ့တူတယ်… သွားကြည့်ရအောင်…”
ကျိယောင် ခေါင်းညိတ်ပြလိုက်သည်။
တစ်ခဏအကြာတွင် ရန်ကိုင်တို့နှစ်ဦးသည် တောင်ကမ်းပါးတစ်ခုနားသို့ ရောက်လာကြလေသည်။ တောင်ကမ်းပါးမှာ ဘာမှ သိပ်၍မထူးခြားလှ။ သို့သော်ငြား ယင်ဖေးကမူ ဤနေရာနှင့်ပတ်သက်၍ မယုံသင်္ကာဖြစ်နေခဲ့သည်။ လက်ရှိအချိန်တွင် ယင်ဖေးသည် တောင်ကမ်းပါးကို ဟိုပုတ်ဒီပုတ်လုပ်လျက် စစ်ဆေးကြည့်နေလေသည်။
ရန်ကိုင်ရောက်လာသည်ကိုမြင်သော် ယင်ဖေးက အလျင်စလို ပြောလိုက်လေသည်။ “သခင်လေးရန်… ဒီနေရာနဲ့ပတ်သက်ပြီး သိပ်မူမမှန်ဘူး…”
ရန်ကိုင်သည် တောင်ကမ်းပါးအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်၍ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… ဒီနေရာနဲ့ပတ်သက်ပြီး ထူးဆန်းနေတယ်…”
“ဟုတ်တယ်…” ဤတောင်ကမ်းပါးမှာ ဘာမှသိပ်၍ ထူးခြားသည့်ပုံမပေါ်ပါသော်ငြား တကယ့်တကယ်တွင်မူ တောင်ကမ်းပါးသည် အစီအရင်တစ်ခုထဲသို့ ရောက်ရှိနေခဲ့လေသည်။
ဤနေရာသို့ အရင်ရောက်လာသည့်လူသာ ရန်ကိုင်ဖြစ်မည်ဆိုပါက ဤထူးခြားချက်ကို သတိပြုမိလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ယင်ဖေးသည် ဧရာမသိမ်းငှက်ကြီးတစ်ကောင် ဖြစ်သဖြင့် ၎င်း၏အမြန်နှုန်းမှာ အလွန်ကိုမှ အံ့အားသင့်ဖွယ်ကောင်းရုံမက သူ၏အမြင်အာရုံမှာလည်း အလွန်တရာကိုမှ စူးရှလှသည်။ ထို့အတွက်ကြောင့်ပင်လျှင် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤနေရာနှင့်ပတ်သက်၍ တစ်ခုခုထူးခြားနေသည်ကို သတိပြုမိသွားခြင်း ဖြစ်ပေသည်။
“ဟိုတံဆိပ်ပြားတွေသုံးပြီးတော့ ဒီအစီအရင်ကို ဖွင့်လို့ရမလား မသိဘူး…” ယင်ဖေးက ပြောလိုက်သည်။
“စမ်းကြည့်ရမှာပေါ့…” ရန်ကိုင်က ပြုံးလိုက်လေသည်။ ထို့နောက် ရမ္မက်ရှာဂိုဏ်း၏ အကြီးအကဲများဆီမှ ရလာသော တံဆိပ်ပြားများကို ထုတ်ကာ တစ်ခုပြီးတစ်ခု စမ်းသပ်ကြည့်တော့လေသည်။
ရန်ကိုင်မှ ထိုတံဆိပ်ပြားများနှင့် ပတ်သက်၍ စမ်းသပ်ကြည့်နေစဉ် ရှီလဲ့နှင့် ရှဲ့ဝူဝေတို့ ရောက်လာကြလေသည်။ အကြောင်းစုံကို သိပြီးသည့်နောက် အကုန်လုံး စိတ်ဝင်စားသွားကြပြီး ဤနေရာသည် ရမ္မက်ရှာဂိုဏ်း၏ ရတနာများကို သိုလှောင်ထားရာ ရတနာဂိုထောင်ဖြစ်လိမ့်မည်ဟု ထင်ကြေးအသီးသီး ပေးလိုက်ကြသည်။
ရန်ကိုင်ယူလာခဲ့သည့် တံဆိပ်ပြားများမှာ အမှန်တကယ်ကို အသုံးဝင်နေခဲ့လေသည်။ တံဆိပ်ပြားတစ်ခုသည် ဤနေရာရှိ အစီအရင်နှင့် ပဲ့တင်ထပ်သွားခဲ့ပြီး ထိုတံဆိပ်ပြားဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထိုအလင်းတန်းသည် တောင်ကမ်းပါးတည့်တည့်ဆီသို့ တိုးဝင်သွားခဲ့ရာ ရုတ်တရက်ဆိုသလို တောင်ကမ်းပါး၏ ရှေ့မျက်နှာစာရှိ ဟင်းလင်းပြင်မှာ တုန်ခါလာခဲ့ပြီး တောင်အတွင်းပိုင်းသို့ ဦးတည်နေသော လိုဏ်ခေါင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ထို့နောက်တွင် လိုဏ်ဂူအတွင်းပိုင်းဆီမှ အလင်းရောင်တစ်ချက် လက်သွားခဲ့လေသည်။ ထိုအလင်းသည် တစ်စတစ်စ ပိုပို၍ တောက်ပလာခဲ့ပြီး လိုဏ်ခေါင်းအတွင်းပိုင်းထိတိုင် လင်းလက်တောက်ပနေခဲ့သည်။
“သွားရအောင်…” ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို သတိချပ်ကာ ကြည့်ရင်းမှ ရှေ့မှဦးဆောင်၍ သွားလိုက်လေသည်။
ကျန်လူများသည် ရန်ကိုင်နောက်မှ အလျင်စလို လိုက်လာခဲ့သည်။
ရန်ကိုင်တို့ အထဲသို့ဝင်လာပြီးသည့်နောက်တွင် တောင်ကမ်းပါးမှာ ပြန်ပိတ်သွားခဲ့သည်။ သို့သော်ငြား လိုဏ်ဂူအတွင်းပိုင်းမှာတော့ လင်းလက်တောက်ပနေဆဲပင်။
အချိန်အတော်ကြာအောင် လိုဏ်ဂူအတွင်းပိုင်းဆီသို့ လျှောက်ဝင်လာပြီးသည့်နောက်တွင် ဧရာမမြေအောက်လိုဏ်ခေါင်းကြီးတစ်ခုဆီသို့ ရောက်လာခဲ့ကြလေသည်။
လိုဏ်ဂူအတွင်းပိုင်းအား သေသေချာချာ ကြည့်ပြီးသည့်နောက်တွင် ယင်ဖေးက သက်ပြင်းရှိုက်လျက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေ၏။ “ဒီနေရာမှာ တကယ်ကြီး ရတနာဂိုထောင်တစ်ခု ရှိနေတာပဲ…”
ယင်ဖေးသည်သာလျှင်မဟုတ် အခြားသောမွန်းစတားဘုရင်များနှင့် ရန်ကိုင်သည်လည်း စိတ်လှုပ်ရှားနေခဲ့လေသည်။ သို့သော်ငြား ကျိယောင်ကမူ ထူးမခြားနားဟန်ဖြင့် ရှိနေဆဲ။ ဤနေရာရှိ အဖိုးတန်ရတနာများသည် သူမအတွက် ဘာဆိုဘာမှ မဟုတ်သည့်အလား။ ကျိယောင်သည် ရေခဲဓာတ်ကျင့်စဉ်ကို ကျင့်ကြံထားသည့်အတွက်ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် တည်တည်ငြိမ်ငြိမ်နေနိုင်ခဲ့ခြင်း ဖြစ်လေသည်။
လိုဏ်ဂူထဲတွင် အမျိုးမျိုးသော အဆင်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့် အရင်းအမြစ်ကျောက်များ တောင်နှယ် ပုံထပ်နေခဲ့လေသည်။ အရင်းအမြစ်ကျောက်ပမာဏမှာ အတိုင်းမသိအောင်ကို များပြားလွန်းလှသည်။
အရင်းအမြစ်ကျောက်များ စုပုံထပ်နေသည့် တောင်ပုံကြီးဆီမှ အလင်းရောင်ကြောင့် ရန်ကိုင်၏မျက်လုံးများပင်လျှင် ကျိန်းစပ်သွားခဲ့ရသည်။
ရန်ကိုင်သည် ရှေးဟောင်းကုန်းမြေထဲမှ သန်းပေါင်းရာနှင့်ချီသော အရင်းအမြစ်ကျောက်များကို ရယူလာခဲ့ပါသော်ငြား ဤနေရာတွင်ရှိနေသည့် အရင်းအမြစ်ကျောက်များမှာတော့ သူယူလာခဲ့သည့် အရင်းအမြစ်ကျောက်များထက်ပင် ပို၍ များပြားနေခဲ့လေသည်။
ထိုသို့ဖြစ်သည်မှာလည်း အံ့အားသင့်စရာတော့ မဟုတ်ချေ။ ဤပမာဏသည် ရမ္မက်ရှာဂိုဏ်း နှစ်ပေါင်း သောင်းနှင့်ချီတိုင်တိုင် စုဆောင်းထားခဲ့သော ပမာဏပင် မဟုတ်လေလော။ ဤပမာဏသည် သာမန်ဂိုဏ်းတစ်ဂိုဏ်း ယှဉ်နိုင်သည့်အရာမျိုး မဟုတ်ပေ။
ရန်ကိုင်သည် ဤနေရာတွင် ဂိုဏ်းတစ်ခု တည်ထောင်ရန် ရည်ရွယ်ထားသဖြင့် သူ့၌ အရင်းအမြစ်များ ပိုရှိနေလေ သူ့အတွက် ပိုအဆင်ပြေလေပင်။ ရန်ကိုင်မှ အရိပ်ကြယ်တွင် ရှိနေသော သူ့မိသားစုများနှင့် မိတ်ဆွေများကို ဤနေရာသို့ ခေါ်လာသည့်အခါ သူ့အနေဖြင့် ထိုလူများအား ထောက်ပံ့ပေးနိုင်ရန်အတွက် သူ့တွင် အရင်းအမြစ်များ လုံလုံလောက်လောက် ရှိနေရန် လိုအပ်ပေသည်။
အရင်းအမြစ်ကျောက်ပုံကြီး၏နောက်တွင်တော့ သစ်သားသေတ္တာများ၊ ကျောက်စိမ်းသေတ္တာများ၊ သတ္တုသေတ္တာများ စသဖြင့် မရေမတွက်နိုင်သော သေတ္တာများ တင်ထားသည့် သစ်သားစင်ပေါင်းများစွာ ရှိနေခဲ့လေသည်။
ရန်ကိုင်လည်း အခြားသူများကို ဦးဆောင်လျက် ထိုသစ်သားစင်များဆီသို့ သွားကာ ထိုသေတ္တာများကို စစ်ဆေးကြည့်လေသည်။ မကြာမီတွင် သေတ္တာများအတွင်း၌ ရှိနေသော ပစ္စည်းများမှာ သူထင်ထားသည်နှင့် အတူတူလောက်သာ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထိုအရာများမှာ အခြားမဟုတ် ဆေးပင်များသာ ဖြစ်ကြလေသည်။ ဆေးပင်တစ်ပင်ချင်းစီတိုင်းသည် အလွန်တရာကိုမှ အဖိုးတန်လှကာ သက်တမ်းလည်း ရင့်ပေ၏။
ရှေးဟောင်းကုန်းမြေထဲတွင် ထိုကဲ့သို့သော ဆေးပင်ပေါင်းများစွာ ရှိနေကြသဖြင့် မွန်းစတားဘုရင်များမှာတော့ ထိုဆေးပင်များကို စိတ်မဝင်စားကြပေ။ ထို့အတွက်ကြောင့် တစ်ချက်မျှ ကြည့်ပြီးသည့်နောက်တွင် မွန်းစတားဘုရင်များသည် ဆေးပင်များကို ဆက်ကြည့်မနေတော့။
ထိုဆေးသေတ္တာများ တင်ထားသည့် သစ်သားစင်များ၏ အခြားတစ်ဖက်တွင်မူ သေတ္တာများ မတင်ထားဘဲ အမျိုးမျိုးသော ကျောက်စိမ်းပုလင်းများတင်ထားသော စင်မြင့်များ ရှိနေခဲ့လေသည်။
တစ်ချက်မျှ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ထိုကျောက်စိမ်းပုလင်းများမှာ အဆင့်အမျိုးမျိုးရှိကြသော ဆေးလုံးများဖြင့် ပြည့်နေကြောင်း တွေ့လိုက်ရလေသည်။
လိုဏ်ဂူအတွင်းပိုင်းသို့ ဆက်၍ဝင်လာသည့်နောက် ရှေးဟောင်းစာအုပ်များ၊ အမျိုးမျိုးသောကျင့်စဉ်များနှင့် နည်းစနစ်များ ပါဝင်သော ကျောက်စိမ်းပြားများကို တွေ့ကြရလေ၏။
ဤအရာများသည် ရမ္မက်ရှာဂိုဏ်းမှ နှစ်သောင်းနှင့်ချီတိုင်အောင် စုဆောင်းထားခဲ့သည့် အဖိုးတန်ရတနာများ ဖြစ်ကြသည့်အတွက်ကြောင့် ရန်ကိုင်သည်သာ ဤနေရာတွင် ဂိုဏ်းထောင်ပါက ထိုအရာများသည် ဂိုဏ်းသူဂိုဏ်းသားများအတွက် အသုံးဝင်လာနိုင်ပေသည်။
လိုဏ်ဂူ၏အဆုံးပိုင်းဖြစ်သည်ဟု ထင်ရသော် တစ်နေရာတွင်တော့ မြောက်မြားလှစွာသော အဖိုးတန်မှော်ရတနာများ ရှိနေကြသည်။ အဆင့်အနိမ့်ဆုံး မှော်ရတနာများမှာ တာအိုအဆင့်များ ဖြစ်ကြပြီး ဧကရာဇ်အဆင့် မှော်ရတနာများမှာတော့ ရာနှင့်ချီကာ ရှိနေကြလေသည်။
ထိုမျှ အဆင့်မြင့်ကာ များပြားလှသော အဖိုးတန်မှော်ရတနာများ တစ်နေရာထဲတွင် စုဝေးနေသည်ကို ကြည့်ရသည်မှာ အမှန်တကယ်ကိုမှ ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။