အခန်း (၂၆၆၁)
Vol. 114 Ch. 2661
ဧကရာဇ်ချီကိုလှည့်ပတ်ရင်း လူအုပ်ကြီးသည် ရန်ကိုင်ဆီသို့ ပြေးဝင်သွားကြလေသည်။
ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ သူ့ဆီသို့ ပြေးဝင်လာနေပါသော်ငြား ရန်ကိုင်ကမူ မကြောက်သည့်အပြင်ကိုမှ ရယ်ပင်ရယ်နေသေးသဖြင့် အကုန်လုံးမှာ သူ့အား အရူး တစ်ယောက်နှယ် ဝိုင်း၍ ကြည့်နေကြလေ၏။
သို့သော်ငြား မြှားကို လေးကိုင်းမှ ပစ်လွှတ်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် တစ်ခုခု မှားယွင်နေမှန်း သတိပြုမိလျှင်ပင် ပြန်ဆုတ်၍ မရတော့ချေ။ အကုန်လုံးသည် ရန်ကိုင် ဆီသို့သာ တစ်ဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
“အေးခဲလိုက်စမ်း” ရန်ကိုင်သည် အေးစက်စက် အမူအရာဖြင့် မီတာတစ်ရာအတွင်းတွင် ရှိနေသော လေဟာနယ်နိယာမများကို အသက်သွင်းလျက် ဟင်းလင်းပြင်တစ်ခုလုံးအား လှုပ်ရှားရခက်သွားအောင် လုပ်ပစ်လိုက်လေသည်။
ဟင်းလင်းပြင် ရုတ်တရက် ပြောင်းလဲသွားကြောင့် သူတို့၏ ဧကရာဇ်ချီကို ကောင်းကောင်း လှည့်ပတ်၍ မရတော့သလို ဧကရာဇ်အဆင့် ပညာရှင်များ ခံစားလိုက်ရ၏။ သူတို့ကိုယ်သူတို့ နွံအိုင်တစ်ခုထဲသို့ ရောက်သွားသည့်အလား လှုပ်ရရှားရလည်းခက်လာခဲ့ကာ အမြန်နှုန်းသည်ပင် သိသိသာသာ ထိုးကျသွားခဲ့ရသည်။
“ဘာတွေဖြစ်နေတာလဲ” အကုန်လုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွား၏။ ထိုထူးခြားသည့် အခြေအနေကို သတိပြုမိသည်နှင့် တစ်ပြိုင်နက် ချက်ချင်းနောက်သို့ ပြန်ဆုတ်ချင်ပါသော်ငြား နောက်ကျလွန်းသွားခဲ့လေသည်။
ရန်ကိုင်သည် သူ့လက်ကိုမြှောက်၍ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်လုမတတ် ကြီးမားလှသော လက်ဝါးချက်ကြီးကို ဖန်တီးကာ ရိုက်ချလိုက်လေ၏။
ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ အကုန်လုံး သွေးအပွက်ပွက် အန်ထွက်ကာ အမှိုက်အိတ်ထုတ်များနှယ် လွင့်စင်ထွက်သွားကုန်ကြလေသည်။
ဖူး... ဖူး... ဖူး...
အကုန်လုံး လဲကျနေရာမှ အလျင်အမြန် ပြန်ကုန်းထလာပြီးနောက် ရန်ကိုင်အား အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့သည့် အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
သို့သော်ငြား ရန်ကိုင်ကိုယ်တိုင်မှာမူ၊ ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာကို လွင့်စင်ထွက်သွားအောင် လုပ်ဖို့ရာ အတော်လေးကိုမှ အားသုံးလိုက်ရသည့်အလား၊ တိုက်ခိုက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီသွားခဲ့သည်။ သူ့မျက်နှာမှာလည်း မဆိုသလောက်ကလေး ဖြူလျော်သွားခဲ့လေသည်။
သို့တိုင် နောက်သို့ ခြေတစ်လှမ်းပင် ဆုတ်သွားခဲ့ရခြင်းမရှိဘဲ ဂိတ်ပေါက်ဝတွင်သာ တောင်တစ်လုံးနှယ် မားမားမတ်မတ် ဆက်ရပ်နေခဲ့လေ၏။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
“ဒီကောင် တကယ်ကြီးကော ဧကရာဇ်ပထအဆင့် ဟုတ်ရဲ့လား”
“သူဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းရတာလဲ”
…
ဧကရာဇ်အဆင့် ပညာရှင်များမှာ သူတို့ကိုယ်သူတို့ အိမ်မက်တစ်ခုထဲကိုများ ရောက်နေသလားဟုပင် ထင်နေကြမိသည်အထိပင်။
ရန်ကိုင်သည် အသက်ငယ်ငယ်လေးသာ ရှိသေးသည်။ သူ့ကျင့်ကြံခြင်းမှာလည်း သိပ်မြင့်လောက်သည့်ပုံမပင်။ အပြင်ပန်းအရ ရန်ကိုင်သည် အားကောင်းမည့်ပုံ မပေါ်သဖြင့် မည်သူမှ ရန်ကိုင်အား အရေးမစိုက်ခဲ့ကြ။ ယခု ရန်ကိုင် တိုက်ခိုက်ခဲ့သည့် အခါမှသာလျှင် ရန်ကိုင်၏ ကျင့်ကြံခြင်းကို သတိပြုမိသွားခဲ့ခြင်း ဖြစ်သည်။
ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်။
သို့သော်ငြား ထိုဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူငယ်လေးသည် သူတို့ အားလုံးပေါင်း၏ တိုက်ခိုက်မှုကို ပြန်လည် တွန်းလှန်ပြသွားခဲ့ပြီး သူတို့ကိုယ်ပင် ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့သေးသည်။
ထိုအဖြစ်အပျက်ကိုသာ ကိုယ်တိုင်မကြုံရလျှင် မည်သူမှ ယုံနိုင်လိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော လီချင်းယွမ်သည်ပင်လျှင်။ သူအသက်ရှင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။ သို့သော် ဤမျှ မယုံကြည်နိုင်စရာကောင်းသည့် အဖြစ်အပျက်မျိုး တစ်ခါမှ မကြုံဖူးခဲ့ချေ။ သူ့ဘဝတွင် ဧကရာဇ်ပထမအဆင့် ပညာရှင်ပေါင်းများစွာကို တွေ့ခဲ့ဖူးသည်။ သို့သော်ငြား မည်သူမှ ဤလူငယ်လေးလောက် အားကောင်းခြင်း မရှိကြပေ။
ရန်ကိုင်၏ ခွန်အားကို မြင်တွေ့ပြီးနောက် လီချင်းယွမ် မျက်လုံးထဲရှိ လောဘတို့နေရာတွင် လေးနက်တည်ကြည်မှုတို့က အစားထိုး ဝင်ရောက်လာကြလေတော့သည်။
သိုင်းတာအိုတွင် ထူးကဲသောပါရမီကို ပိုင်ဆိုင်ထားကြသည့် လူများသည် အဆင့်ကျော်၍ တိုက်ခိုက်နိုင်ကြပေသည်။ လီချင်းယွမ်သည်လည်း ထိုကဲ့သို့သော ပါရီမရှင်များနှင့် တွေ့ခဲ့ဖူးပေသည်။ သို့ရာတွင် လက်ရှိသူ့ရှေ့၌ ရှိနေသည့်လူမှာ ပါရမီရှင်ပင်မဟုတ်တော့၊ မွန်းစတားတစ်ကောင် ဖြစ်နေလေပြီ။
သာမန်ပါရမီရှင်များသည် အဆင့်ကျော်၍ တိုက်ခိုက်နိုင်ပါသော်ငြား ယခု သူ့ရှေ့ရှိ လူငယ်လေးမှာတော့ အဆင့်ကျော်၍သာ တိုက်ခိုက်နိုင်သည်မဟုတ်၊ သူနှင့်အဆင့်တူ ကျင့်ကြံသူပေါင်းများစွာနှင့် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးကို နောက်သို့ ခြေတစ်လှမ်းပင် မဆုတ်၍ဘဲ ပြန်လည်တွန်းလှန်ပြသွားခဲ့သည်။
ဤလူငယ်လေး သူ့ခွန်အား အကုန်ကို မသုံးရသေးဟုပင် လီချင်းယွမ် ခံစားနေရသည်။ ထိုသို့တွေးမိလိုက်သော် လီချင်းယွမ်၏ နဖူးထက် ချွေးသီးများ ဝေ့သီလာလေ၏။
ထိုလူငယ်လေးသည် ဧကရာဇ်ပထအဆင့်ပင် ရှိသေးလင့်ကစား ဤမျှ အားကောင်းနေလေရာ၊ ဧကရာဇ်တတိယအဆင့်သို့သာ ရောက်သွားပါက မည်မျှပင် အားကောင်းလိုက်လေမည်နည်း။ ထိုအခါကျ မဟာဧကရာဇ်များသည်သည် သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေတော့လိမ့်မည်။
“ကောင်လေး၊ မင်းက ဘယ်သူလဲ”
တစ်ယောက်ယောက်က အထိတ်တလန့်ဖြင့် လှမ်းအော်မေးလိုက်လေသည်။ ရန်ကိုင်မှ သူတစ်ဦးတည်းဖြင့် သူတို့အားလုံးပေါင်းအား နောက်ဆုတ်သွားအောင် အလွယ်တကူ လုပ်နိုင်ခဲ့သည့်အပေါ် မယုံကြည်နိုင် ဖြစ်နေကြသည်။
လူတိုင်းသည်လည်း ရန်ကိုင် မည်သူမည်ဝါ ဖြစ်သလဲဆိုသည်ကို သိချင်နေကြသည်။ သူတို့အား နောက်သို့ဆုတ်သွားအောင် တွန်းအားပေးနိုင်သည့်လူသည် သာမန်လူတစ်ဦး လုံးဝ မဖြစ်နိုင်ပေ။ အနည်းဆုံးတော့ ရန်ကိုင်သည် နာမည်ကျော် ပါရမီရှင်တစ်ဦး ကျိန်းသေ ဖြစ်ရပေလိမ့်မည်။
ရန်ကိုင်သည် သူ့အား လှမ်းအော်မေးလိုက်သည့် လူဘက်သို့လှည့်၍ ပြုံးဖြီးကာ ပြန်ပြောလိုက်လေ၏ “ဒီသခင်လေး နာမည်က ရန်ကိုင်ပဲ။ ခင်ဗျားတို့ ကျုပ်အကြောင်းကို ကြားဖူးလားတော့ မသိဘူး”
“ဘယ်လို... သူက အဲ့ရန်ကိုင်လား”
“ဖုန်းရှီကို ကြယ်ပျက်ပင်လယ်ထဲမှာ သတ်ပစ်လိုက်တဲ့ ရန်ကိုင်ဆိုတာ သူလား”
“ရေခဲနှလုံးသားတောင်ကြားနဲ့ ရမ္မက်ရှာဂိုဏ်းကြားက တိုက်ပွဲက သူ့ကြောင့် စခဲ့တာတဲ့”
“သူဝင်ပါလို့လည်း ရမ္မက်ရှာဂိုဏ်း စစ်ရှုံသွားရတာလို့ ငါကြားတယ်။ ရေခဲနှလုံးသား အောက်စည်းရောက်နေတဲ့အချိန် အားကောင်းတဲ့စစ်ကူတွေကို သူခေါ်လာပြီး ဖုန်းရွှမ်၊ ရန်ကျိုးနဲ့ ဧကရာဇ်အဆင့်ပညာရှင်တွေ အကုန်လုံးကို သတ်ပစ်လိုက်တာတဲ့”
ဖုန်းရွှမ်၏ ကျေးဇူးကြောင့် ရန်ကိုင်သည် မြောက်ဘက်နယ်မြေတွင် အလွန်ကိုမှ နာမည် ကျော်ကြားလာခဲ့ရလေသည်။ တကယ်တော့ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းကြား စစ်ပွဲဖြစ်သည် ဆိုသည်မှာ အလွန်ကိုမှ အရေးကြီးသည့် ကိစ္စရပ်တစ်ခုမဟုတ်ပေလော။ ထိုကဲ့သို့သော စစ်ပွဲကို စတင်စေခဲ့သည့်သူတစ်ဦး လူသိများကျော်ကြားနေသည်မှာ သဘာဝသာ ဖြစ်သည်။
သို့သော်ငြား ထိုရန်ကိုင်ဆိုသည့်လူကို မြောက်ဘက်နယ်မြေမှ လူများ အတော်လေး သိချင်နေမိကြပေသည်။ ဖုန်းရှီ၏သားကိုပင် သတ်ရဲသည့် လူတစ်ဦးမှာ မည်ကဲ့သို့ ဖြစ်သလဲဆိုသည်ကို သူတို့ အကုန်လုံး သိချင်မိကြသည်။ တကယ်တော့ သူတို့သည် ရန်ကိုင်၏ နာမည်ကိုသာ ကြားဖူးပြီး သူ့အား တစ်ခါမှမှ မမြင်ဖူးလေဘဲ။
ထို့အပြင် ဖုန်းရွှမ်ကိုမှ သွားရန်စသည့်အတွက် ထိုလူငယ်လေးမှာတော့ ဒုက္ခလှလှနှင့် တွေ့ရလိမ့်မည်ဟု ထင်ခဲ့ကြပေသေးသည်။
သို့ရာတွင် အဆုံးသတ်မှာ သူတို့ ထင်ထားသလို ဖြစ်မလာခဲ့ချေ။ ထိုလူငယ်လေးမှာ အသတ်မခံခဲ့ရရုံတင်မက ရမ္မက်ရှာဂိုဏ်းကိုပင် ကပ်ဘေးဆိုက်စေခဲ့ပြီး ရမ္မက်ရှာဂိုဏ်း နေရာ၌ သူ့ကိုယ်ပိုင်ဂိုဏ်းကို လာရောက် တည်ထောင်နေခဲ့သည်။
ရမ္မက်ရှာမဟာဧကရာဇ်သည်သာ ထိုအကြောင်းကို ကြားပါက ဒေါသထွက်လွန်းသဖြင့် အခေါင်းထဲ ဆွေ့ဆွေ့ ခုန်နေလောက်ပေသည်။
ရုတ်တရက်ဆိုသလို ဂိတ်ပေါက်တစ်ခုလုံးမှာ ရုတ်ချည်း တိတ်ဆိတ်သွားခဲ့လေသည်။ ဂိတ်ပေါက်အပြင်ဘက်၌ စုဝေးနေကြသည့် လူများသည် ရန်ကိုင်ကိုသာ ငေးကြောင် စိုက်ကြည့်နေကြလေ၏။
ရွှစ်... ရွှစ်... ရွှစ်...
ရုတ်တရက် လေတိုးသံများက တိတ်ဆိတ်မှုကို ဖြိုခွဲသွားခဲ့သည်။ လူသုံးဦးသည် ရန်ကိုင်အနား၌ ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုလူများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ်သည်လည်း ဖြာထွက်လာခဲ့လေ၏။ ထိုဖိအားအောက်ဝယ် အကုန်လုံးမှာ တောင်တစ်လုံး သူတို့အပေါ်သို့ ပြိုဆင်းလာသည့်နှယ် ခံစားလိုက်ရကာ အသက်ပင်ကောင်းကောင်း မရှူနိုင်ကြတော့ပေ။
အကုန်လုံးသည် အသစ်ပေါ်လာသည့် လူသုံးဦးအား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်ကြလေသည်။
အသစ်ပေါ်လာသည့် လူသုံးဦးကို သေချာမမြင်ကြပါရသော်ငြား သူတို့ဆီမှ ဖြာထွက်နေသည့် ဖိအားအရ ထိုလူသုံးဦးသည် သူတို့အား အလွယ်တကူ ရှင်းပစ်နိုင်မှန်း အကုန်လုံး သိနေကြသည်။
ရုတ်တရက် ကြောက်စိတ်ဝင်လာကြလေရာ အကုန်လုံးမှာ ခြေဖျားလက်ဖျားများပင် အေးစက်လာကုန်ကြလေသည်။ ကြောက်ကြောက်ဖြင့် ထွက်ပြေးချင်ပါသော်ငြား ခြေထောက်များမှာ ခဲဆွဲထားသည့်အလား လေးလံနေခဲ့လေရာ ခြေတစ်လှမ်းပင် မလှမ်းနိုင် ဖြစ်နေကြရလေသည်။
“သခင်လေးရန်၊ ဘာတွေဖြစ်နေတာလဲ။ ဒီမှာ တိုက်ပွဲဖြစ်သွားတာလား” ရှဲ့ဝူဝေက မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။
“ဟန့်၊ ကြည့်ရတာ ဒီကောင်တွေက လာပြဿနာရှာတာနဲ့တူတယ်...” ပြောရင်းဖြင့် ယင်ဖေးသည် လူအုပ်ကြီးအား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
“ဘယ်ကောင်လာပြဿနာရှာတာလဲကွ... ထွက်လာခဲ့စမ်း၊ ဒီကြံ့အိုကြီးနဲ့တွေ့မယ်” ရှီလဲ့သည် မွန်းစတားချီကို အရှိန်အဟုန်ပြင်းစွာ ထုတ်လွှတ်ရင်းမှ လူအုပ်ကြီးအားကြည့်ကာ အော်ပြောလိုက်လေသည်။
“မွန်းစတားမျိုးနွယ်စုဝင်တွေ” မွန်းစတားချီကို အာရုံခံမိသွားသည့်နောက် တစ်ယောက်ယောက်က ပြောလိုက်၏။
“မွန်းစတားဘုရင်” လီချွင်းယွမ် မျက်နှာပျက်သွားလေ၏။ အေးစက်စက် ချွေးသီးတို့ သူ့နဖူးတစ်လျှောက် ဝေ့သီလာပြီး သူ့မျက်နှာမှာလည်း စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်သွားခဲ့သည်။ မွန်းစတားဘုရင်တစ်ကောင်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးနှင့် ယှဉ်နိုင်ပေသည်။ သူ့အထင်မမှားလျှင် ကျန်နှစ်ဦးသည်လည်း မွန်းစတားဘုရင်များသာ ဖြစ်ကြရပေလိမ့်မည်။
(ငါ့လခွမ်း၊ မွန်းစတားဘုရင်တစ်ကောင်လောက်ကိုတောင် တွေ့ဖို့ခက်နေတာ ဒီမှာမှ သုံးကောင်တောင် လာတွေ့ရတယ်လို့ကွာ) လီချင်းယွမ်မှာ သူ့ကိုယ်သူ ကံကောင်းလား၊ ကံဆိုးလားဆိုသည်ကိုပင် မပြောတတ်တော့ချေ။ လက်ရှိအခြေအနေအရတော့ ကံဆိုးသည်မှာ ပို၍ ဖြစ်နိုင်လှပေသည်။
ဧကရာဇ်အဆင့် ပညာရှင်များနှင့် အခြားသောလူများသည် လီချင်းယန်၏ မှတ်ချက်ကို ကြာပြီးနောက် ရှီလဲ့အား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်ကြသည်။
“ဘယ်ကောင် လာပြဿနာရှာတာလဲ၊ ထွက်လာခဲ့လို့ ငါပြောနေတယ်လေ” ရှီလဲ့က မိုးချိန်းသံတမျှ ကျယ်လောင်သည့် အသံဖြင့် အော်ပြောလိုက်လေသည်။
မည်သူမှ ပြန်မဖြေခဲ့ရဲကြချေ။ အကုန်လုံးမှာ ရှီလဲ့များ သူတို့အား ပစ်မှတ်ထားလေမလား တွေးရင်း ရင်တုန်ပန်းတုန် ဖြစ်နေကြသည်။
ဧကရာဇ်အဆင့် ပညာရှင်များမှာမူ လီချင်းယွမ်အား ရှေ့ထွက်၍ ကူပြောပေးစေလိုဟန်ဖြင့် သူ့ဆီသို့ လှည့်ကြည့်လာသည်။
လူအုပ်ကြီး၏ အကြည့် သူဆီသို့ ရောက်လာသည်ကိုမြင်သော် လီချင်းယွမ်သည် ထိုငကြောက်များကို စိတ်ထဲမှနေ၍ ကြိတ်ကာ ဆဲဆိုလိုက်သည်။ သို့ရာတွင် သူပါက တိတ်ဆိတ်နေပါက အခြေအနေ ပိုဆိုးလာမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ကြောက်နေသည့်တိုင် ရှေ့ထွက်၍ ပြောလိုက်ရလေသည် “ဆရာမွန်းစတားဘုရင်၊ အခုကိစ္စက နားလည်မှုလွဲသွားတာပါ။ နားလည်မှုလွဲသွားတာပါ”
“နားလည်မှုလွဲတာ” ရှီလဲ့သည် လီချင်းယွမ်အား စောင့်ကြည့်လာလျက် နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည် “ဘယ်လိုလုပ်ပြီး နားလည်မှုလွဲတာလဲ”
လီချင်းယွမ်မှာ ခေါင်းခြောက်လုမတတ်စဉ်းစားရင်းမှ ခေါင်းထဲပေါ်လာသည့်အရာကို အမြန် ထုတ်ပြောလိုက်လေ၏ “ဒီလိုပါဆရာ မွန်းစတားဘုရင်၊ ကျုပ်တို့က မြောက်ဘက်နယ်မြေက ကျင့်ကြံသူတွေပါ။ သခင်လေးရန် ဂိုဏ်းထောင်တယ်ကြားလို့ လာပြီး ဂုဏ်ပြုတာပါ။ ဒါပေမယ့် သခင်လေးရန်မှန်း မသိလိုက်ဘဲ အခုလို အထင်လွဲမှုတွေ ဖြစ်ကုန်ကြရတာပါ။ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ သခင်လေးရန်နဲ့ ဆရာတို့”
“ဂိုဏ်းထောင်တယ်” ရှီလဲ့သည် ရန်ကိုင်အား ကြောင်တောင်တောင် အမူအရာဖြင့် လှည့်ကြည့်လာခဲ့သည်။ ရန်ကိုင်အား ဤနေရာတွင် ဂိုဏ်းထောင်လျှင်ကောင်းသည်ဟု အကြံပေးခဲ့ပါသော်ငြား ရန်ကိုင်ကမူ သေသေချာချာ ရေရေရာရာ ပြန်မပြောခဲ့ပေ။
ယင်ဖေးကမူ ရန်ကိုင်ဘေးနားတွင်ရှိနေသော နှစ်တသ်သောင်းရေခဲသံပေါ်တွင် ထိုးထွင်းထားသည့်စာကို ဖတ်ရင်းမှ ဝမ်းသာအားရဖြင့် ပြောလိုက်သည် “သခင်လေးရန်က တကယ်ကြီး ဂိုဏ်းထောင်ထားတာပဲ။ ထက်ကောင်းကင်နန်းတော်တဲ့၊ အထက်အာကာယံကို ထိုးဖောက်ပြီး အကုန်လုံးရဲ့ အထက်မှာ ရပ်တည်မယ်ဆိုပါလား၊ တကယ်ကို ကောင်းလိုက်တဲ့နာမည်”
ရှဲ့ဝူဝေကလည်း ဝမ်းသာအားရ ရယ်မောလျက် “ကောင်းတယ်၊ ကောင်းတယ်။ အခုကနေစပြီး ဒီရှဲ့ ထက်ကောင်းကင်နန်းတော်မှာပဲ နေတော့မယ်။ သခင်လေးရန် ကျုပ်ကို ကာကွယ်သူရာထူးဖြစ်ဖြစ်၊ အကြီးအကဲရာထူးဖြစ်ဖြစ် ပေးဖို့ မျှော်လင့်ပါတယ်”
“ဒီကြံ့အိုကြီးကိုပါ ထည့်တွက်လိုက်” ရှီလဲ့သည် သူ၏ ကြမ်းတမ်းခက်ထန်လှသည့် အရှိန်အဝါကို ပြန်ရုတ်သိမ်းရင်းမှ ရန်ကိုင်ဘက်သို့လှည့်၍ ပြုံးဖြီးလျက် ပြောလိုက်လေ၏ “သခင်လေးရန် ကျုပ်တို့ကို ကောင်းကောင်း ဆက်ဆံရမယ်နော်”
ယင်ဖေးကလည်း ခေါင်းညိတ်ထောက်ခံလိုက်လေ၏ “ဟုတ်တယ် ဟုတ်တယ်”
မွန်းစတားဘုရင်များ ပြောနေသည်ကိုနားထောင်ရင်း ဧကရာဇ်အဆင့် ပညာရှင်များ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြကာ သတိပင်လစ်ချင်ခါနီး ဖြစ်သွားကြလေသည်။
ထိုမွန်းစတားဘုရင်များသည် ဧကရာဇ်တတိယအဆင့် ပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်သည့် ကျွမ်းကျင်သူများ ဖြစ်ကြပါသော်ငြား ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော ရန်ကိုင်မှ ဂိုဏ်းထောင်သည်ဟု ကြားလိုက်ချိန်၊ ရန်ကိုင်၏ ဂိုဏ်းထဲသို့ဝင်ရန် အူးယားဖားယား ကြိုးစားကြတော့၏။
ဤလောကကြီး ဘာတွေများ ဖြစ်နေလေသနည်း။ ဧကရာဇ်တတိယအဆင့် ပညာရှင်များသည် ဤကြယ်တာရာအစုအဝေးထဲတွင် ထိပ်တန်းပညာရှင်များ မဟုတ်ကြလေလော။ ဘာကြောင့်များ ထိုကဲ့သို့သော ပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်ကြသည့် မွန်းစတားဘုရင်များသည် ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူငယ်လေး၏ ဂိုဏ်းထဲသို့ အသည်းအသန် ဝင်ချင်နေကြလေသနည်း။
ထိုရန်ကိုင်ဆိုသည့်လူသည် တကယ်ကြီး မည်သူများ ဖြစ်လေသနည်း။ မွန်းစတားဘုရင်များမှာ ဘာကြောင့်များ သူ့လက်အောက်တွင် ဤမျှ စိတ်လိုလက်ရ ခစားချင်နေကြရသနည်း။