← Chapters

အခန်း (၂၆၆၂)

Vol. 114 Ch. 2662

အခန်း (၂၆၆၂)

Vol. 114 Ch. 2662

လီချင်းယွမ်နှင့် အခြားသူများမှာ အလွန်တရာကိုမှ စိတ်ဓာတ်ကျနေကြသည်။ မွန်းစတားဘုရင်သုံးပါးသည် ကာကွယ်သူ သို့မဟုတ် အကြီးအကဲရာထူးလေးများ ရရန်အတွက်ဖြင့် အထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်ချင်ကြသည်။ သူတို့၏ခွန်အားမှာ ထိုမွန်းစတားဘုရင်သုံးပါးလောက် မြင့်မားခြင်း မရှိသည့်အတွက်ကြောင့် သူတို့သည်သာ အထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်လိုက်မည်ဆိုပါက သာမန်တပည့်များသာ ဖြစ်ရလိမ့်မည်ဟု ပြောလိုက်ခြင်းပေလော။

ထိုအရာမှာ စကားဖြင့်ပြောနေခြင်းသာ ဖြစ်ပေသည်။ သူတို့၏ဂိုဏ်းမှထွက်၍ အထက်ကောင်းကင်နန်းတော်ထဲသို့ မည်ကဲ့သို့များ ဝင်နိုင်ပါမည်နည်း။ သူတို့အနေဖြင့် အထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်ချင်သည်ဆိုလျှင် အထက်ကောင်းကင်နန်းတော်တစ်ခုလုံး မွန်းစတားကောင်များဖြင့် ပြည့်နေလေရာ သူတို့ဝင်ဆန့်နိုင်သည့် နေရာမျိုး မဟုတ်ချေ။

မွန်းစတားဘုရင်သုံးပါး ရှိနေသည့်အတွက်ကြောင့် အထက်ကောင်းကင်နန်းတော်သည် မြောက်ဘက်နယ်မြေတစ်ခုလုံးတွင် အားအကောင်းဆုံးဂိုဏ်း ဖြစ်လာပေလိမ့်မည်။ လက်ရှိ အထက်ကောင်းကင်နန်းတော်သည် အတိတ်က ရမ္မက်ရှာဂိုဏ်းထက်ပင် ပို၍ သာလွန်သွားပြီဟု ပြော၍ရလေသည်။

သူတို့ရှေ့၌ အလွန်တရာကိုမှ ကြောက်မက်ဖွယ်ရာကောင်းလှသော အင်အားစုကြီးတစ်ခု တဖြည်းဖြည်းနှင့် မြင့်တက်လာသည်ကို မြင်နေရသလိုပင် ခံစားလာရလေရာ လီချင်းယွမ်နှင့် အခြားသူများမှာ စတင်၍ပင် တုန်လှုပ်လာကြတော့လေသည်။

ရန်ကိုင်၏ ကံကောင်းမှုသည် ကြည့်နေသည့်လူများအား အရူးတစ်ပိုင်းနှယ် ဖြစ်သွားစေလေသည်။ မွန်းစတားဘုရင်သုံးပါး ရှိနေသည့်အတွက်ကြောင့် အထက်ကောင်းကင်နန်းတော်ထဲသို့သာ ဝင်လိုက်မည်ဆိုပါက ဝင်လိုက်သည့် မည်သူ့အတွက်မဆို အလွန်ကိုမှ အကျိုးရှိပေလိမ့်မည်။

အကုန်လုံးအား အံ့အားသင့်သွားစေသည့်အချက်မှာ မွန်းစတားဘုရင်သုံးပါးမှ တလေးတစားဖြင့် တောင်းဆိုနေသည့်တိုင် ရန်ကိုင်မှာတော့ မျက်နှာသေဖြင့်သာ ရှိနေခြင်းပင်။ “ငါတို့ ဒီကိစ္စကို နောက်မှ ပြန်ဆွေးနွေးမယ်…”

လီချင်းယွမ်နှင့် အခြားသူများမှာ ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် ကြည့်နေရလေသည်။ သူတို့ ဒူးထောက်၍ တောင်းဆိုလျှင်ပင် ရနိုင်လိမ့်မည်မဟုတ်သည့် အရာမျိုးအား တစ်ဖက်မှ ပေးလာနေသည်ကို မယူလိုက်ရကောင်းလေခြင်းလားဟု ရန်ကိုင်အား စိတ်ထဲမှနေ၍ ကြိတ်ကာ အပြစ်တင်နေမိလေသည်။ ရန်ကိုင်သည် ခေါင်းများ ထိနေလေသလော။

ဘာတွေများ ဆွေးနွေးစရာ ရှိသေးလို့နည်း။ ချက်ချင်းလက်ခံလိုက်ရုံဖြင့် အဆင်ပြေသွားလိမ့်မည် မဟုတ်ပေလော။

အခြားတစ်ဖက်တွင်တော့ ရှီလဲ့နှင့် အခြားသူများမှာ အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ ရန်ကိုင် ဘာကိုစိတ်ပူနေသလဲ သူတို့သိပေသည်။ ရန်ကိုင်၏ နတ်အရှင်သုံးပါးနှင့် ဆက်ဆံရေးအရ ရှေးဟောင်းကုန်းမြေမှ မွန်းစတားဘုရင်သုံးပါးကို တောင်းဆိုသည်မှာ သူ့အတွက် ဘာမှမဟုတ်ပါသော်ငြား ရန်ကိုင်သည် တစ်စုံတစ်ဦး၏ လက်အောက်ငယ်သားများကို မဆင်မခြင် ဖြတ်သုတ်သည့်လူမျိုး မဖြစ်ချင်ပေ။ အထူးသဖြင့် နတ်အရှင်သုံးပါး၏ လက်အောက်ငယ်သားများကိုပင်။

အနည်းဆုံးတော့ ဤကိစ္စကို လွမ်ဖုန်းနှင့် အခြားသော နတ်အရှင်နှစ်ပါးနှင့် အရင်ဦးစွာ တိုင်ပင်ရပေလိမ့်မည်။

ထိုအချက်ကို နားလည်လိုက်ကြသော် ရှီလဲ့နှင့် အခြားသော မွန်းစတားဘုရင်နှစ်ပါးမှာလည်း ဘာမှထပ်ပြောမနေကြတော့ချေ။

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ရှီလဲ့က ပြောလိုက်လေသည်။ “သခင်လေးရန်… မင်း အဲ့လူတွေကို သတ်ပစ်မှာလား…”

ရှီလဲ့သည် သူ့ရှေ့တွင် ရှိနေသည်မှာ လူတစ်ထောင်မဟုတ်ဘဲ ကြက်ပေါက်လေးအကောင်တစ်ထောင်သာ ဖြစ်သည့်အလား လုံးဝကို အရေးမစိုက်သည့်ပုံစံမျိုးဖြင့်သာ မေးလိုက်ခြင်း ဖြစ်ပေသည်။ သို့သော်ငြား ကြားလိုက်ရသည့်လူတိုင်းမှာတော့ ရန်ကိုင်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် လှမ်းကြည့်နေရသည်။

လက်ရှိအချိန်တွင် သူတို့၏ဘဝများမှာ ရန်ကိုင်လက်ထဲသို့ ရောက်နေပြီဖြစ်ကြောင်း အကုန်လုံး သိလိုက်ကြလေသည်။

ဧကရာဇ်အဆင့် ပညာရှင်များမှ ဦးဆောင်လာသည့်လူအုပ်ကြီးသည် ရန်ကိုင်အား စိုးရိမ်တကြီးအမူအယာများဖြင့် ကြည့်နေကြလေသည်။ ရန်ကိုင်ပါးစပ်မှ ‘သတ်’ ဟူသော စကားလုံး ထွက်လာမည်ကို သူတို့အလွန်တရာကိုမှ လန့်နေကြသည်။

“ဘာလို့ သတ်ပစ်ရမှာလဲ… ကျုပ်နဲ့ သူတို့ကြားမှာ ဘာရန်ငြိုးရန်စမှ ရှိတာမှမဟုတ်တာ…” ရန်ကိုင်က လက်ဝှေ့ယမ်း၍ ပြုံးကာ ပြောလိုက်လေ၏။ “သူတို့ အခုပြောလိုက်တာကို ခင်ဗျားမကြားဘူးလား… သူတို့က ဒီသခင်လေး ဂိုဏ်းတည်ထောင်တာကို လာပြီးတော့ ဂုဏ်ပြုကြတာတဲ့… ကျုပ်ကိုလာပြီး ဂုဏ်ပြုကြတယ်ဆိုမှတော့ သူတို့တွေက ကျုပ်ရဲ့အထက်ကောင်းကင်နန်းတော်ရဲ့ ဧည့်သည်တွေပဲပေါ့…”

“ဟုတ်ပါတယ် ဟုတ်ပါတယ်… သခင်လေးရန်က တကယ်ကို ဉာဏ်ပညာကြွယ်ဝတာပဲ…” လီချင်းယွမ်မှာ သေဘေးမှ ကပ်သီလေး လွတ်သွားသည့်အတွက်ကြောင့် ဝမ်းသာအားရဖြင့် ပါးစပ်ထဲ တွေ့ကရာစကားလုံးများကို ပြောလိုက်လေသည်။

ရန်ကိုင်မှ ဤကဲ့သို့ပြောလာသဖြင့် သူနှင့် အခြားသူများမှာ ဤနေရာမှ အသက်ရှင်လျက် ထွက်မသွားနိုင်မည်ကို စိုးရိမ်စရာ မလိုတော့မှန်း အကုန်လုံး သိလိုက်ကြလေသည်။ ရန်ကိုင်၏ရက်ရောမှုအတွက် သူတို့မှာ ရန်ကိုင်အား ကျေးဇူးတင်နေကြသည်။

ရှီလဲ့က ခေါင်းညိတ်၍ တောင်းပန်လိုက်လေသည်။ “ဒီကြံ့အိုကြီး မဆင်မခြင်လုပ်မိသွားတယ်…” ထိုသို့ပြောပြီးသည့်နောက် ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းကာ လီချင်းယွမ်နှင့် အခြားသူများအား ဆူပူအပြစ်တင်လိုက်လေ၏။ “အမှိုက်ကောင်တွေ… မင်းတို့ သခင်လေးရန်ကို ဂုဏ်ပြုဖို့ လာတယ်ဆိုလို့ရှိရင် ဘာဖြစ်လို့ ဘာလက်ဆောင်ကိုမှ ငါမတွေ့ရတာလဲ… ဘာလဲ… မင်းတို့က ဂုဏ်ပြုပါတယ်ဆိုပြီး စကားနဲ့ပဲ လာပြောကြတာလား…”

ရှီလဲ့၏ အော်ငေါက်စကားကြောင့် လီချင်းယွမ်နှင့် အခြားသူများ ထိတ်လန့်သွားခဲ့ကြလေသည်။ သို့သော်ငြား အလျင်အမြန် အသိပြန်ဝင်လာခဲ့ကြပြီး ချက်ချင်းပဲပြောလိုက်လေ၏။ “ဘယ်လိုလုပ်ပြီး စကားနဲ့ပဲ ဂုဏ်ပြုရမှာလဲ… လက်ဆောင်တွေ ကျုပ်တို့မှာ ပါလာပါတယ်… ပါလာပါတယ်…”

ပြောပြီးသည့်နောက်တွင် ဧကရာဇ်အဆင့် ပညာရှင်များသည် သူတို့၏ သိုလှောင်လက်စွပ်များကို အလျင်အမြန် စတင်ရှာဖွေကြတော့လေသည်။ တစ်ခဏအတွင်း လီချင်းယွမ်၏လက်ထဲသို့ သိုလှောင်လက်စွပ်များစွာ ရောက်ရှိလာခဲ့လေသည်။ လီချင်းယွမ်သည် ရန်ကိုင်ဆီသို့ လေးတိလေးကန်ဖြင့် လျှောက်သွားလိုက်ပြီးသည့်နောက် အားတင်းပြုံးလျက် ပြောလိုက်လေ၏။ “သခင်လေးရန်… ကျုပ်တို့ရဲ့ ဂုဏ်ပြုလက်ဆောင်လေးကို ကျေးဇူးပြုပြီး လက်ခံပေးပါ…”

ရန်ကိုင်သည် သိုလှောင်လက်စွပ်များအား တစ်ချက်ပင် မစစ်ဆေးကြည့်ဘဲ ကောက်ယူသိမ်းဆည်းလိုက်လေသည်။

ရှေးဟောင်းကုန်းမြေနှင့် ရမ္မက်ရှာဂိုဏ်းရှိ ရတနာဂိုထောင်ထဲရှိ ပစ္စည်းများကို လုယူပြီးသည့်နောက်တွင် လက်ရှိ သူ့ရှေ့၌ ရှိနေသော သိုလှောင်လက်စွပ်များမှာ ရန်ကိုင်အတွက် ဘာမှမဟုတ်တော့ချေ။

ရန်ကိုင်က အသာအယာခေါင်းညိတ်လျက် ပြန်ပြောလိုက်သည်။ “ဂိုဏ်းချုပ်လီက တကယ်ကို တွေးတတ်တာပဲ…”

လီချင်းယွမ်၏ မျက်နှာကြီးမှာတော့ ရှုံ့မဲ့နေခဲ့လေသည်။ ရန်ကိုင် မကျေမနပ် ဖြစ်သွားမည်စိုးသည့်အတွက်ကြောင့် စုဆောင်းထားသမျှ အဖိုးတန်ရတနာများ၏ တော်တော်များများကို ရန်ကိုင်ဆီသို့ ထည့်ပေးလိုက်ရသည်။

အခြားသော ဧကရာဇ်အဆင့် ပညာရှင်များမှာလည်း သူ့နည်းတူပင် ဖြစ်နေကြလေသည်။ ထို့ကြောင့်သာမဟုတ်လျှင် ဘာကြောင့်များ သူတို့၏မျက်နှာများ သံပုရာသီးကိုက်ထားသည့်နှယ် ရှုံ့မဲ့နေကြရမည်နည်း။

သို့သော်ငြား ရန်ကိုင်သည် သူတို့၏သိုလှောင်လက်စွပ်များကို စစ်ပင်မစစ်ဆေးဘဲ သိမ်းဆည်းလိုက်မည်ဟု မည်သူကများ တွေးထင်ခဲ့ပါမည်နည်း။ ဤကဲ့သို့ဖြစ်မည်မှန်းသာ သိခဲ့မည်ဆိုလျှင် လီချင်းယွမ်သည် ရတနာများများစားစား မထည့်ခဲ့ဘဲ အနည်းငယ်လောက်သာ သိုလှောင်လက်စွပ်ထဲသို့ ထည့်ပေးခဲ့လိုက်ပေမည်။

“သခင်လေးရန်… အခြား ဘာမှ ပြောစရာ မရှိတော့ဘူးဆိုရင် ဒီလီ သွားလိုက်ပါဦးမယ်နော်…” လီချင်းယွမ်မှာ သူ၏အဖိုးတန်ရတနာများကို ဆုံးရှုံးလိုက်ရသည့်အပေါ် အတော်လေးကိုမှ ဝမ်းနည်းနေမိပေသည်။ ထို့အတွက်ကြောင့် ဤနေရာမှာ မြန်နိုင်သမျှ မြန်အောင်သာ ထွက်သွားချင်နေမိတော့သည်။

“အင်း… ခင်ဗျားပြောမှပဲ ဒီသခင်လေး ခင်ဗျားဆီကနေ အကူအညီတောင်းစရာ တစ်ခုရှိမှန်း သတိရတော့တယ်…” ရန်ကိုင်က ရုတ်တရက်‌ ပြောလိုက်လေသည်။

“အမ်…” လီချင်းယွမ်သည် နဖူးထက်ဝေ့သီလာသော ချွေးအေးများကို ထိတ်လန့်တကြားသုတ်ရင်း “သခင်လေးရန် ဘာများ ပြောချင်လို့လဲ…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်လီ ဒီလောက် စိုးရိမ်နေစရာ မလိုပါဘူး.. ခင်ဗျားကို လုပ်ခိုင်းမယ့်ဟာက ရှင်းရှင်းလေးပဲ… အခု ရမ္မက်ရှာဂိုဏ်းရဲ့ ဒီနေရာကို ဒီသခင်လေး အပိုင်ယူထားလိုက်ပြီလို့… အထက်ကောင်းကင်နန်းတော်ကို ဒီမှာ တည်ထောင်လိုက်ပြီဆိုတဲ့ သတင်းကို လိုက်ဖြန့်ပေးရုံပဲ…”

ထိုစကားကိုကြားမှာသာ လီချင်းယွမ် စိတ်ငြိမ်သွားခဲ့ပြီး သက်ပြင်းတစ်ချက်ချလျက် ပြန်ပြောလိုက်လေ၏။ “အဲ့လောက်ပဲလား…”

ရန်ကိုင်သည် လီချင်းယွမ်အား အဓိပ္ပာယ်ပါပါကြည့်လျက် “ဂိုဏ်းချုပ်လီက ကျုပ်ဘာပြောမယ်လို့ ထင်နေလို့လဲ…”

လီချင်းယွမ်က ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေသည်။ “ဘယ်လိုမှမထင်ပါဘူး… ဘာမဖြစ်ဘူး… ဒီကိစ္စလောက်ကတော့ ကျုပ် လုပ်ပေးလို့ရတယ်… သခင်လေးရန် ဒီလီကိုသာ အားကိုးနေလိုက်… ဒီလီက အားမကောင်းဘူးဆိုပေမယ့် အဆက်အသွယ်တွေ အများကြီးရှိတယ်… တစ်ခဏလေးအတွင်း ဒီသတင်းကို လူတိုင်းသိသွားအောင် ဒီလီလုပ်ပေးမယ်…”

“အဲ့ဒါကောင်းတယ်…” ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီးသည့်နောက် အခြားသော ဧကရာဇ်အဆင့် ပညာရှင်များဘက်သို့လှည့်၍ “ခင်ဗျားတို့လည်း ကျုပ်ကို အဲ့တစ်ချက်နဲ့ပတ်သက်ပြီး ကူညီပေးဖို့ မျှော်လင့်ပါတယ်…”

ဧကရာဇ်ပညာရှင်များမှာ လုံးဝ သဘောမတူဘဲ မနေရဲခဲ့ပေ။ ထို့အတွက်ကြောင့် ကြက်အစာကောက်နေသည့်နှယ် သူတို့ခေါင်းကို အဆက်မပြတ် ညိတ်ပြနေကြလေ၏။

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “ခင်ဗျားတို့အားလုံးက မြောက်ဘက်နယ်မြေရဲ့ သူရဲကောင်းတွေဆိုတော့ ကျုပ်ရဲ့ အထက်ကောင်းကင်နန်းတော်ကို တရားဝင်တည်ထောင်ဖြစ်သွားတဲ့အချိန်ကြရင် ခင်ဗျားတို့အားလုံးကို ကျိန်း‌သေ ဖိတ်ခေါ်ရသေးတာပေါ့… အဲ့အချိန်ကြရင် ခင်ဗျားတို့ ကျုပ်မျက်နှာကိုထောက်ထားပြီးတော့ ဂိုဏ်းတည်ထောင်တဲ့ဖွင့်လှစ်ပွဲကို တက်ရောက်ပေးမယ်လို့ မျှော်လင့်ပါတယ်…”

ရန်ကိုင်၏စကားကိုကြားသော် အကုန်လုံး၏ရင်ထဲ ခါးသက်သက် ဖြစ်သွားခဲ့ကြသည်။ ရန်ကိုင်၏ဂိုဏ်းတည်ထောင်ပွဲကို တက်ရောက်မည်ဆိုပါက သူတို့အနေဖြင့် လက်ဆောင်များ ပြင်ဆင်ရပေလိမ့်မည်။ သို့သော်ငြား ရွေးချယ်စရာမရှိလေရာ သူတို့အနေဖြင့် ရန်ကိုင်ပြောသည့်အပေါ် သဘောတူရုံသာ တက်နိုင်ကြလေသည်။

စကားအချို့ ပြောပြီးသည့်နောက်တွင် သူတို့အားလုံး အလျင်စလို ပြန်ထွက်သွားကြလေသည်။

“အမှိုက်ကောင်တွေ… သခင်လေးရန် ဘာဖြစ်လို့ သူတို့တွေကို ဂရုစိုက်နေရတာလဲ…” ရှီလဲ့က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ရန်ကိုင်နှင့် ဧကရာဇ်အဆင့် ပညာရှင်များကြား ပဋိပက္ခကို သူမမြင်တွေ့ခဲ့ရပါသော်ငြား ဘာတွေဖြစ်သွားသလဲ ဆိုသည်ကိုတော့ အကြမ်းဖျင်း ခန့်မှန်းမိပေသည်။ ရန်ကိုင်နေရာတွင်သာ သူသာဆိုလျှင်တော့ ထိုအမှိုက်ကောင်အားလုံးကို တစ်ခါတည်း သတ်ပစ်လိုက်ပေမည်။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် ခေါင်းခါကာ ပြန်ပြောလိုက်လေသည်။ “မိတ်ဆွေတစ်ယောက်ပိုရှိရင် အကူအညီတစ်ခု ပိုရှိတယ်တဲ့… သူတို့တွေက အကျိုးအမြတ်ကိုပဲ စိတ်ဝင်စားတာ… ကျုပ်နဲ့ ရန်ငြိုးရန်စ ရှိတာမဟုတ်ဘူး… ဒီတော့ ဘာဖြစ်လို့ သူတို့ကို သတ်ပစ်ရမှာလဲ… ပြီးတော့ နောက်ပိုင်းကျလို့ရှိရင် အထက်ကောင်းကင်နန်းတော်က မြောက်ဘက်နယ်မြေမှာ အခြေချတော့မှာ… ဒီတော့ လူတိုင်းနဲ့ ရန်သူဖြစ်အောင်လုပ်တာ မကောင်းဘူး… လူတိုင်းက ကိုယ့်နည်းကိုယ်ဟန်နဲ့ အသုံးကျပြီးသား… တစ်နေ့နေ့ကြရင် ကျုပ်တို့ သူတို့အကူအညီကို မလိုလာဘူးလို့ ဘယ်သူမှမပြောနိုင်ဘူးလေ…”

ရှီလဲ့က ဖားဖားယားယားဖြင့် ချက်ချင်းပြန်ပြောလိုက်လေသည်။ “သခင်လေးရန်က တကယ်ကို ဗဟုသုတကြွယ်ဝတာပဲ… ဒီကြံ့အိုကြီး အဲ့အချက်ကို လုံးဝ မစဉ်းစားမိလိုက်ဘူး…”

ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ ရှိနေခဲ့သည်။ ထို့နောက် သူ့လက်ကိုမြှောက်ပြ၍ လက်ယက်ခေါ်လိုက်လေ၏။ “ကျုပ်နောက်ကိုလိုက်ခဲ့…”

မွန်းစတားဘုရင်သုံးဦးစလုံး နားမလည်နိုင်ဟန်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။ ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း သူတို့မသိပါသော်ငြား ရန်ကိုင်နောက်သို့ အလျင်အမြန် လိုက်သွားခဲ့လေသည်။

တစ်ခဏအကြာတွင် အကုန်လုံးသည် ရန်ကိုင် အသစ်ဖန်တီးထားသော ဟင်းလင်းပြင်အစီအရင်ဆီသို့ ရောက်လာကြလေသည်။

“မွန်းစတားဘုရင်သုံးဦးကို ဟိုတစ်နေ့ကိစ္စအတွက် ကျေးဇူးအများကြီးတင်ပါတယ်… ခင်ဗျားတို့သာမရှိလို့ရှိရင် ရေခဲနှလုံးသားတောင်ကြား အခုချိန်ထိ ကျန်ရစ်နေနိုင်မှာမဟုတ်ဘူး… ဒါကြောင့် စီနီယာပင်းယွင်နဲ့ ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တွေကိုယ်စား ဒီသခင်လေးကပဲ ခင်ဗျားတို့ကို ကျေးဇူးအများကြီးတင်ပါတယ်…”

ရှီလဲ့နှင့်အခြားသူများမှာ ရန်ကိုင်စကားကြောင့် ထိတ်လန့်သွားခဲ့ရလေသည်။ သို့သော်ငြား ချက်ချင်း အသိပြန်ဝင်လာနိုင်ခဲ့ပြီး ချက်ချင်း အလျင်စလို ပြန်ပြောလိုက်လေ၏။ “သခင်လေးရန် အခုလိုမျိုးတွေ လုပ်နေစရာမလိုပါဘူး… ဒီကိစ္စက ဘာမှမှမဟုတ်တာ…”

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “ခင်ဗျားတို့အတွက် ဘာမှမဟုတ်ပေမယ့် ရေခဲနှလုံးသားတောင်ကြားအတွက်တော့ အသက်ကယ်ကျေးဇူးတစ်ခုပဲလေ… အဲ့ကိစ္စနှစ်ခုကို ရောထွေးပစ်လို့မရဘူး…” တစ်ချက်မျှ ရပ်ပြီးသည့်နောက် ရန်ကိုင်က ထပ်၍‌ပြောလိုက်သည်။ “ဒါပေမယ့် အခု ဒီကကိစ္စတွေအားလုံး တည်ငြိမ်သွားပြီဆိုတော့ ခင်ဗျားတို့သုံးဦး ရှေးဟောင်းကုန်းမြေဆီ အရင်ပြန်နှင့်ပြီ…”

“အမ်…” ယင်ဖေးက စိတ်ပျက်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် ရန်ကိုင်အား မျှော်လင့်တကြီးဖြင့် ကြည့်လျက် “သခင်လေးရန် ကျုပ်တို့ကို အခု ပြန်သွားစေချင်တာလား… ကျုပ်တို့ရောက်တာ သိပ်တောင်မကြာသေးဘူးလေ…”

“ဟုတ်တယ် ဟုတ်တယ်…” ရှဲ့ဝူဝေက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “သခင်လေးရန်… ကျုပ်တို့လုပ်စရာ အခြား ဘာကိစ္စမှမရှိတော့ဘူးလား… ရှိရင် ပြောသာပြောလိုက်လေ… ကျုပ်တို့သုံးယောက် ချက်ချင်းလုပ်ပေးမယ်…”

ရှီလဲ့ကလည်း အားတက်သရောဖြင့် ဝင်ပြောလိုက်လေသည်။ “သခင်လေးရန် စိတ်မရှိဘူးဆိုလို့ရှိရင် ကျုပ်တို့သုံးဦးကို အမိန့်ပေးပြီးတော့ မြောက်ဘက်နယ်မြေတစ်ခုလုံးကို စုစည်းပစ်လိုက်လို့ရတယ်နာ်…”

ထိုစကားကိုကြားသော် ရန်ကိုင်က အော်ရယ်မောလျက် “ခင်ဗျားတို့သုံးယောက်က အားကောင်းတယ်ဆိုပေမယ့် လူသားနဲ့ မွန်းစတားမျိုးနွယ်စုဝင်ကြားမှာ ကွာခြားချက်တွေ ရှိနေတယ်လေ… ခင်ဗျားတို့သာ မြောက်ဘက်နယ်မြေမှာ သွားပြဿနာရှာလို့ရှိရင် ပြဿနာအကြီးကြီးတက်သွားမှာ.. ခင်ဗျားတို့ဘာတွေးနေလဲ ကျုပ်သိတယ်… ဒါပေမယ့် ဒီကိစ္စက အလျင်လိုလို့မရဘူး… အဲ့ကောင်မလေး ဘယ်အချိန်ထွက်လာမလဲဆိုတာကိုလည်း သိရသေးတာမဟုတ်ဘူး… ဒီတော့ ရှေးဟောင်းကုန်းမြေကနေပဲ သတင်းကိုထိုင်စောင့်နေ…”

ရန်ကိုင် သူတို့၏ရည်ရွယ်ချက်ကို ထုတ်ပြောလာသည့်အခါ မွန်းစတားဘုရင်သုံးဦးစလုံး ရှက်သွားကြလေသည်။

တကယ်တော့ သူတို့အနေဖြင့် ရန်ကိုင်လက်အောက်တွင် စိတ်လိုလက်ရ ခစားနေရခြင်းမှာ ကျန်းရို့ရှီကြောင့်သာလျှင် မဟုတ်ပေလော။ ကျန်းရို့ရှီသာ မရှိပါက သူတို့အနေဖြင့် ရန်ကိုင်အား အရေးပင်စိုက်နေလိမ့်မည် မဟုတ်ချေ။

ရန်ကိုင် အမှန်ကိုပြောနေမှန်းကိုလည်း သူတို့သုံးဦး သိထားကြသည်။ ကျန်းရို့ရှီမှ သူတို့အား မျက်နှာသာပေးလာစေရန်အတွက် ရန်ကိုင်နောက်သို့ စိတ်လိုလက်ရ လိုက်ပေးနေခဲ့ပါသော်ငြား သွေးတံခါးမှာ ပျောက်ကွယ်သွားပြီဖြစ်ကာ ကျန်းရို့ရှီ မည်သည့်အချိန်မှ ပြန်ရောက်လာမလဲဆိုသည်ကို မည်သူမျှ မသိကြချေ။ ထို့အတွက်ကြောင့် ရန်ကိုင်နောက်လိုက်နေ၍လည်း သိပ်၍ အကျိုးမထူးလှ။

သို့သော်ငြား ဤအတိုင်းပြန်သွားဖို့ရာ အတော်လေးကိုမှ နှမြောစရာ ဖြစ်နေပေလိမ့်မည်။ ထို့အတွက်ကြောင့် မွန်းစတားဘုရင်သုံးဦးစလုံးမှာ ရှေးဟောင်းကုန်းမြေသို့ ပြန်မသွားချင်သေး။ ရန်ကိုင် သူတို့အား ဘယ်အချိန်မှ ပြန်ထပ်ခေါ်မလဲ ဆိုသည်ကိုလည်း မည်သူမျှ မပြောနိုင်ကြသည် မဟုတ်ပေလော။

ရှဲ့ဝူဝေ၏မျက်လုံးများ ရုတ်တရက် တောက်ပသွားခဲ့ပြီး ချက်ချင်း ကမ်းလှမ်းလိုက်လေသည်။ “သခင်လေးရန်… သူတို့ကို ပြန်သွားခိုင်းလိုက်လေ… ဒီရှဲ့ သခင်လေးရန်နားမှာနေပြီး သခင်လေးရန်ကိုကာကွယ်ပေးမယ်… ဒီလောကကြီးက သိပ်ပြီး ငြိမ်းချမ်းတာမဟုတ်ဘူး… လူတိုင်းကလည်း အပေါ်ယံကြည့်ရသလောက် မရိုးရှင်းဘူး… ပြီးတော့ ကြယ်တာရာအစုအဝေးထဲမှာ လျှောက်သွားမယ်ဆိုလို့ရှိရင် အန္တရာယ်တွေနဲ့ ပြည့်နေမှာ… ဒီရှဲ့သာ ရှိနေမယ်ဆိုလို့ရှိရင် သခင်လေးရန်ကို အန္တရာယ်တစ်ခုခုကြုံတာနဲ့ ကာကွယ်ပေးလို့ရတယ်…”

“ငါတို့ကသွားပြီး မင်းက ဘာဖြစ်လို့ နေခဲ့ချင်တာလဲ…” ယင်ဖေးနှင့် ရှီလဲ့တို့နှစ်ဦးစလုံး ရှဲ့ဝူဝေအား မျက်နှာကြီးမဲ့လျက် စိုက်ကြည့်လာကြလေသည်။

(ဒီကောင်က အကျိုးအမြတ်အကုန်လုံးကို တစ်ယောက်တည်း အပိုင်သိမ်းပစ်ချင်နေတာပဲ… တကယ်ကို သောက်ရှက်မရှိပါလားဟ…)

ရှဲ့ဝူဝေက ပြန်ပြောလိုက်လေ၏။ “ဘာတွေ အခုမှလာပြောနေတာလဲ…”

ရှီလဲ့က ထအော်လေသည်။ “လာ မင်းနဲ့ငါ တိုက်မယ် လာ.. ဘယ်သူပိုအားကောင်းလဲ ကြည့်ရတာပေါ့… အားကောင်းတဲ့ကောင်နေခဲ့… အားနည်းတဲ့လူ ပြန်သွား… ဒါအကောင်းဆုံးနည်းလမ်းပဲ… သခင်လေးရန်ကို ကာကွယ်ပေးရမှာဆိုတော့ အားကောင်းတဲ့လူကပဲ ပိုပြီး အသုံးဝင်မှာ…”

မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးနှင့် ဘုရင်ချုပ်ရှစ်ပါးတွင် ရှီလဲ့၏ခွန်အားသည် ထိပ်ဆုံးသုံးယောက်ထဲ ပါဝင်ပေသည်။ ထို့ကြောင့် တစ်ယောက်ချင်းသာ ယှဉ်တိုက်ရမည်ဆိုပါက ယင်ဖေးနှင့် ရှဲ့ဝူဝေတို့နှစ်ဦးစလုံး သူ့ပြိုင်ဘက် ဖြစ်နိုင်ကြလိမ့်မည် မဟုတ်ချေ။

ရှဲ့ဝူဝေကမူ လှောင်ပြုံးပြုံးလျက်သာ ပြန်ပြောလိုက်လေ၏။ “ငါ့ရဲ့အချိန်တွေကို လာဖြုန်းမနေနဲ့…”

ယင်ဖေးက ခေါင်းညိတ်လိုက်လေ၏။ “ရောင်းရင်းရှဲ့… မင်းလုပ်တာ မဟုတ်သေးဘူးကွ… သခင်လေးရန်ကို ကာကွယ်ပေးဖို့အတွက် ငါတို့သုံးယောက်ထဲက တစ်ယောက်နေခဲ့ရမယ်ဆိုရင်တောင် မင်းတော့ မဖြစ်သင့်ဘူး… ခွန်အားအရာမှာဆိုလို့ရှိရင် ရှီလဲ့က မင်းထက်သာတယ်… အမြန်နှုန်းမှာဆိုလို့ရှိရင် ငါသာ ဒုတိယဆို ဘယ်သူမှ ပထမမဟုတ်တော့ဘူး… ဒီတော့ သခင်လေးရန်ရဲ့ ကာကွယ်သူဖြစ်ဖို့ ငါက မင်းတို့နှစ်ယောက်ထက် ပိုပြီးတော့ သင့်တော်တယ်…”

ရှဲ့ဝူဝေ၏မျက်နှာကြီး ရှုံ့မဲ့သွားခဲ့ပြီး အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေသည်။ “ဒီရှဲ့က သခင်လေးရန်ရဲ့ ဝိဉာဉ်အစေခံတစ်ဦး ဖြစ်နေတယ်ဆိုရင်ရော…”

ပြောပြီးသည့်နောက်တွင် သူ၏ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်ရာ သူ့စိတ်ထဲမှ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထိုရွှေရောင်အလင်းမှာ ဝိဉာဉ်ချုပ်နှောင်မှုတစ်မျိုးမျိုးသာ ဖြစ်လေ၏။ ရှဲ့ဝူဝေ၏ အသိစိတ်ပင်လယ်ထဲမှ ဖြာထွက်နေခဲ့သော ထိုရွှေရောင်အလင်းသည် ရန်ကိုင်၏အရှိန်အဝါနှင့် ပဲ့တင်ထပ်နေခဲ့လေ၏။

All Chapters