← Chapters

အခန်း (၂၆၆၃)

Vol. 114 Ch. 2663

အခန်း (၂၆၆၃)

Vol. 114 Ch. 2663

ယင်ဖေးနှင့် ရှီလဲ့တို့ နှစ်ဦးစလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ဘာတွေ ဖြစ်နေလဲ သူတို့ သိကြပေသည်။

ရှဲ့ဝူဝေတွင် ရန်ကိုင်၏ ဝိဥာဉ်အမှတ်အသား တကယ်ကြီး ရှိနေခဲ့သည်။ သို့သော်ငြား မည်သည့်အချိန်ကများ ထိုကဲ့သို့ ဖြစ်သွားရသနည်း။ မွန်းစတားဘုရင်သုံးပါးစလုံးသည် ဤနေရာသို့ ရောက်ကတည်းက အတူတကွ ရှိနေခြင်း ဖြစ်လေရာ ပုံမှန်မဟုတ်သည့် မည်သည့် ပြောင်းလဲမှုကိုမှ သတိမထားမိခဲ့ချေ။

ရှဲ့ဝူဝေသည် ရွှေရောင်အလင်းကို ပြန်ရုတ်သိမ်းလျက် ယဲ့ယဲ့လေးပြုံးကာ ပြောလိုက်၏ “သခင်လေးရန် ရှေးဟောင်းကုန်းမြေထဲကို ဝင်လာကတည်းက ဒီရှဲ့က သခင်လေးရန်ရဲ့ လက်အောက်မှာ အညံ့ခံလိုက်တာ။ သခင်လေးရန်က ဒီရှဲ့၏ အသက်ကို စိတ်ကြိုက် ထိန်းချုပ်လို့ရတယ်။ သခင်လေးရန်သာ တစ်ခုခု ဖြစ်သွားရင် ဒီရှဲ့လည်း ကျိန်းသေသေမှာ။ ဒီတော့ ဒီရှဲ့ရဲ့ သစ္စာတရားကို လုံးဝ လုံးဝ သံသယဝင်စရာ မလိုဘူး။ မင်းတို့နှစ်ယောက်က ငါနဲ့ ဘယ်လိုလုပ်ပြီး လာယှဉ်ချင်နေတာလဲ”

မွန်းစတားဘုရင်တစ်ပါးဖြစ်သော ရှဲ့ဝူဝေသည် တစ်ပါးသူ၏ အစေခံ ဖြစ်လာခဲ့သည်။ သို့ရာတွင် ထိုသို့ဖြစ်လာသည့်အပေါ် ရှက်ပင်မရှက်ဘဲ ဝမ်းပင်သာနေသေးသည်။ အပြင်လူ တစ်ဦးဦးသာ ဤအကြောင်းကို ကြားသွားမည်ဆိုပါက အံ့ဩလွန်းသဖြင့် မျက်လုံးအပြူးသားပင် ဖြစ်သွားနိုင်ပေသည်။

သို့သော်ငြား ရန်ကိုင်၏ အစေခံ ဖြစ်ရသည်မှာတော့ မဆိုးလှဟု ရှီလဲ့နှင့် ယင်ဖေးတို့လည်း ထင်ကြပေသည်။ ထို့ကြောင့် ရှဲ့ဝူဝေအား စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲ နေကြလေ၏။ ရှဲ့ဝူဝေသည် ရန်ကိုင်၏ အစေခံ ဖြစ်နေသည့်အတွက်ကြောင့် ရှဲ့ဝူဝေသည် ရန်ကိုင်အနားတွင်နေရန် အကောင်းဆုံး လူဖြစ်သည်ကို သူတို့လည်း သံသယ မဝင်တော့ချေ။

ထို့ကြောင့် ရှီလဲ့နှင့် ယင်ဖေးတို့နှစ်ဦးစလုံး ရန်ကိုင်အား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လာကြလေသည်။ ရန်ကိုင်လည်း ခါးသက်စွာ ပြုံးလိုက်သည်။ ဝိဥာဉ်တစ်သောင်းသင်္ချိုင်းထဲတွင် ရှိစဉ်က သူ့ကိုယ်သူ ကာကွယ်နိုင်ရန်အတွက် ရှဲ့ဝူဝေအား သူ့အစေခံဖြစ်လာအောင် လုပ်ခဲ့ရသည်။ ရှဲ့ဝူဝေမှာ ထိုအဖြစ်ကို လက်မခံချင်ပါသော်ငြား မတတ်သာသည့် အတွက်ကြောင့် လက်ခံခဲ့ရသည်။ ဝိဥာဉ်သင်္ချိုင်းထဲမှ ထွက်လာပြီးသည့်နောက်တွင် ရှဲ့ဝူဝေသည် သူနှင့်ရန်ကိုင်ကြားရှိ ဆက်ဆံရေးအား အခြားသူများ သိသွားမည်ဆိုးသည့်အတွက်ကြောင့် ရန်ကိုင်အပေါ် အလွန်ကိုမှ ရင်းရင်းနှီးနှီး မဆက်ဆံသလို စိမ်းစိမ်းကားကားလည်း မဆက်ဆံခဲ့ပေ။

ယခုမူ ထိုအကြောင်းကို သူ့ဘာသာ ထုတ်ပြောခဲ့လာခဲ့သည်။ သူ့သဘောထား ပြောင်းလဲသွားသည်မှာ အတော်လေးကိုမှ ရယ်စရာကောင်းလှပေသည်။ ရှဲ့ဝူဝေမှာ သူ့ကိုယ်သူ အောင်နိုင်သူဟု ထင်မှတ်နေစရာပင် ရန်ကိုင်သည် သူ့လက်ကို ရုတ်တရက် ဝှေ့ရမ်းလိုက်ရာ ရှဲ့ဝူဝေ၏ နဖူးထက်ဆီမှ ရွှေရောင်အလင်းတန်းတစ်ခု ပျံထွက်လာပြီး ရန်ကိုင်ဆီသို့ ပြန်ရောက်လာခဲ့လေသည်။

ရှဲ့ဝူဝေ၏ ပြုံးဖြီးနေသည့်မျက်နှာ ရုတ်ချည်း တောင့်တင်းသွားခဲ့သည်။ သူ့ကိုယ်ထက်ရှိ အချုပ်အနှောင်များ ပျောက်ကွယ်သွားသလို ခံစားလိုက်ရလေ၏။ သို့သော် ရှဲ့ဝူဝေ ပျော်မနေခဲ့ချေ။ ထို့အား အောက်သိုးသိုးမျက်နှာကြီးဖြင့်သာ အော်ပြောလိုက်လေ၏ “သခင်လေးရန်...”

ရန်ကိုင်သည် သူ့ဝိဥာဉ်အမှတ်အသားကို ပြန်ယူသွားခဲ့သည့်အတွက်ကြောင့် သူနှင့် ရန်ကိုင်ကြားရှိ ဆက်ဆံရေးမှာ ပြတ်တောက်သွားခဲ့ပြီဖြစ်ကာ သူသည် ရန်ကိုင်၏ အစေခံတစ်ဦး မဟုတ်တော့ချေ။ သူ့လွတ်လပ်မှုကို ပြန်လည် ရရှိသွားခဲ့လေပြီ။ ရန်ကိုင် ဤကဲ့သို့ ပြတ်ပြတ်သားသား လုပ်လိုက်လိမ့်မည်ဟု ရှဲ့ဝူဝေ မထင်ထားခဲ့ချေ။ အခြား တစ်ယောက်ဆိုပါက သူ့ကဲ့သို့ အားကြောင်းလှသည့် မွန်းစတားဘုရင် အစေခံတစ်ပါးကို အလွယ်တကူ လက်လွှတ်လိမ့်မည် မဟုတ်ချေ။ သူအား သူတို့ကိုယ်ကျိုးအတွက် အသုံးချနိုင်ရန် သူ့အား သူတို့အနားတွင်သာ ထားပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်ကမူ သူ့အား ဘာမှမဟုတ်သည့်နှယ် မောင်းထုတ်ပစ်ခဲ့သည်။

“ဟားဟားဟား” ထိုမြင်ကွင်းကိုကြည့်ရင်း ယင်ဖေးနှင့် ရှီလဲ့တို့နှစ်ဦးစလုံး ထရယ်ကြလေ၏။ သူတို့စိတ်ထဲ ကြိတ်၍ ဝမ်းသာအားရလည်း ဖြစ်နေကြလေသည် (သောက်ရှက်မရှိ လုပ်ချင်ဦးလေ၊ နည်းတောင်နည်းသေးတယ်။ ကိုယ့်ထိုက်နဲ့ကိုယ်ကံပဲ)

“သခင်လေးရန် ဒီလိုမျိုး လုပ်လို့မရဘူးလေ” ရှဲ့ဝူဝေသည် ရန်ကိုင်အား မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

ရန်ကိုင်ကမူ စိတ်မရှည်ဟန်ဖြင့် လက်ဝှေ့ရမ်း၍သာ ပြန်ပြောလိုက်၏ “ကဲကဲကဲ၊ ခင်ဗျားတို့အားလုံး သွားကြပေတော့”

“ကျုပ်တို့ တကယ်ကြီး သွားရမှာလား” ရှီလဲ့မှာ မသွားချင်ခဲ့ပေ။

ရန်ကိုင်က ရှင်းပြလိုက်လေ၏ “ခင်ဗျားတို့ကို လိုတုန်းက ခေါ်သုံးပြီး မလိုတော့မှ မောင်းထုတ်တယ်လို့ ထင်မနေနဲ့။ ခင်ဗျားတို့သုံးယောက်က ရှေးဟောင်းကုန်းမြေက မွန်းစတားဘုရင်တွေ၊ ခင်ဗျားတို့ရဲ့ အထက်လူကြီးက နတ်အရှင်တွေပဲ။ ဒီတော့ သူတို့ကို အကြောင်းမကြားဘဲ ခင်ဗျားတို့ကို ခေါ်ထားမယ်ဆို နောက်ပိုင်းကျသူတို့နဲ့ တွေ့တဲ့အခါ ရှင်းပြရခက်သွားလိမ့်မယ်။ ပြီးတော့ အခုကနေစပြီး ကျုပ် ရှေးဟောင်းကုန်းမြေဆီ လာချင်တဲ့အချိန်လာ၊ သွားချင်တဲ့အချိန် သွားလို့ရနေပြီလေ။ ဒီတော့ တစ်ခုခု အကူအညီ လိုတာနဲ့ ခင်ဗျားတို့ သုံးယောက်ကို လာရှာလှည့်မယ်”

ထိုစကားကို ကြားပြီးသည့်အခါမှသာ မွန်းစတားဘုရင်သုံးပါးစလုံး အနည်းငယ် တက်တက်ကြွကြွ ရှိသွားကြသည်။ အကုန်လုံးသည် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏ “သခင်လေးရန် ကိုယ့်အစားကိုယ်တည်ရမှာလဲ။ တစ်ခုခုလိုလာရင် ကျုပ်တို့ကိုပဲ လာခေါ်ရမှာနော်...”

ရှေးဟောင်းကုန်းမြေထဲတွင် မွန်းစတားဘုရင် (၃၂)ပါးနှင့် ဘုရင်ချုပ်ရှစ်ပါး ရှိကြကာ အကုန်လုံးသည် ပထမတန်းစား ပညာရှင်များ ဖြစ်ကြသည်။ ရန်ကိုင် အခြားသော မွန်းစတားဘုရင်များ၊ ဘုရင်ချုပ်များနှင့် ရင်းနှီးသွားမည်ကို သူတို့ မလိုလားကြချေ။

“ကျုပ်သိတယ်” ရန်ကိုင်သည် ယင်ကောင်များကို မောင်းထုတ်နေသည့်အလား သူ့လက်ကို ဝှေ့ရမ်းရင်း ကတိပေးလိုက်သည်။

ထိုအခါမှသာ မွန်းစတားဘုရင်များ အစီအရင်ပေါ်သို့ တက်လိုက်ကြလေသည်။ ရန်ကိုင်သည် အစီအရင်ပေါ်ရှိ မြောင်းပေါက်ထဲသို့ အရင်းအမြောက်ကျောက်များကို ထည့်ပြီးနောက် မွန်းစတားဘုရင်သုံးပါးကိုကြည့်၍ မေးလိုက်၏ “ခင်ဗျားတို့သုံးယောက် အဆင်သင့်ဖြစ်ပြီလား”

မွန်းစတားဘုရင်သုံးပါးစလုံး ခေါင်းညိတ်လိုက်ကြပြီး လက်သီးဆုပ်၍ “ဂရုစိုက်နော် သခင်လေးရန်”

သူတို့ ထွက်မသွားချင်သည်ကို သူတို့လေသံမှတစ်ဆင့် အတိုင်းသာ ခံစားနေရသည်။ ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေ၏ “ဒါဆို သွားကြပေတော့”

ထို့နောက် ဟင်းလင်းပြင်အစီအရင်ထဲသို့ ဧကရာဇ်ချီ ထည့်သွင်းလိုက်လေသည်။ သို့သော်ငြား ထူးဆန်းစွာပင် ဘာဆိုဘာမှ ဖြစ်မလာခဲ့ချေ။ ထို့ကြောင့် ရန်ကိုင်နှင့် မွန်းစတားဘုရင်သုံးပါးသည် တစ်ဦးကိုတစ်ဦး ကြောင်ကြည့်နေမိလိုက်ကြ၏။

“ဟန်” ရန်ကိုင် ကြောင်နေခဲ့လေသည်။ ခေါင်းကိုကုတ်၍ ဟင်းလင်းပြင်အစီအရင်ကို နောက်တစ်ကြိမ် အသက်သွင်းကြည့်လိုက်သည်။ သို့သော် ဘာမှထူးမလာခဲ့။ ထိုအခြင်းအရာကိုမြင်သော် မွန်းစတားဘုရင်သုံးပါးသည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ထို့နောက် ယင်ဖေးက ဝမ်းသာအားရ လေသံဖြင့် “ကြည့်ရတာ ကောင်းကင်က ကျုပ်တို့ကို ထွက်မသွားစေချင်ဘူးနဲ့တူတယ်”

ရှဲ့ဝူဝေကလည်း ဝင်ရောက်ထောက်ခံလိုက်လေသည် “ဟုတ်တယ်၊ ဟုတ်တယ် သခင်လေးရန်၊ ကောင်းကင်က မသွားစေချင်မှတော့ ဒီသခင်လေးရန် ဒီလောက်တွန်းအားပေးနေစရာ မလိုတော့ပါဘူး”

“ဘာတွေဖြစ်နေတာလဲ” ရန်ကိုင် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ဤအစီအရင်ကို အချိန် တစ်ခဏလေးအတွင်း သူခင်းကျင်းခဲ့ပါသော်ငြား အစီအရင်နှင့် ပက်သက်၍ မည်သည့် ပြဿနာမှ မရှိသင့်ပေ။ မသေချာသဖြင့် နောက်တစ်ကြိမ် ထပ်စစ်ကြည့်ပါသော်ငြား အစီအရင်တွင် မည်သည့်ချို့ယွင်းချက်မှ ရှိမနေကြောင်း တွေ့လိုက်ရ၏။ ထိုအခါ ရန်ကိုင် လုံးဝကို နားမလည်တော့နိုင် ဖြစ်သွားခဲ့ရလေသည်။

ရှီလဲ့က မေးလိုက်လေ၏ “သခင်လေးရန်၊ ဒီအစီအရင်က ရှေးဟောင်းကုန်းမြေထဲက ဟင်းလင်းပြင်အစီအရင်နဲ့ ဆက်သွယ်မထားဘူးမလား၊ ရေခဲနှလုံးသားတောင်ကြားက ဟာနဲ့ပဲ ဆက်သွယ်ထားတာလေ၊ ဟုတ်တယ်မလား”

“မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါလိုက်သည်။ သူခင်းကျင်းထားသည့် ဟင်းလင်းပြင် အစီအရင်အားလုံးသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်နေကြခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ထက်ကောင်းကင်နန်းတော်တွင် ရှိနေသော ဟင်းလင်းပြင် အစီအရင်သည် ရှေးဟောင်းကုန်းမြေထဲတွင် ရှိနေသော ဟင်းလင်းပြင်အစီအရင် နှင့်သာလျှင်မဟုတ်၊ ရေခဲနှလုံးသားတောင်ကြားတွင် ရှိနေသော ဟင်းလင်းပြင်အစီအရင်နှင့်လည်း ဆက်သွယ်နေပေသည်။

ရန်ကိုင်စိတ်ထဲ ဘာဖြစ်လို့ဖြစ်နေမှန်း မသိဖြစ်နေစဉ်မှာပင် ဟင်းလင်းပြင်အစီအရင်ထက် အလင်းတလက်လက် တောက်ပလာပြီး နှစ်ဦး ပေါ်လာလေ၏။ အလင်းရောင်များ ပျောက်ကွယ်သွားသည့်အခါ ထိုနှစ်ဦးမှာ ကျိယောင်နှင့် နန်မန်တကျွင်းတို့ ဖြစ်နေကြောင်း ရန်ကိုင် တွေ့ရှိလိုက်ရ၏။

တည်နေရာခုန်ကူးလာပြီးသည့်နောက်တွင် နှစ်ဦးစလုံးမှာ အနည်းငယ် မူးဝေဝေ ဖြစ်နေကြလေသည်။ သို့သော်ငြား မကြာမီတွင် ကျိယောင် ပြန်သက်သာလာခဲ့ပြီး နန်မန်တကျွင်းမှာမူ ပြန်ကောင်းရန် အတော်လေး အချိန်ယူလိုက်ရလေ၏။

“စီနီယာအစ်ကိုရန်၊ ကျွန်မသူ့ကို ခေါ်လာခဲ့ပြီ” ကျိယောင်က ရန်ကိုင်ကိုကြည့်ရင်း ပြောလိုက်သည်။

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး နန်မန်တကျွင်းဘက်သို့ လှည့်လိုက်၏။ အကြည့်ချင်း ဆုံသွားသည့်အခိုက် နန်မန်တကျွင်းမှာ ချက်ချင်း စိတ်လှုပ်ရှားလာခဲ့ပြီး ပြန်၍ ပြောလိုက်လေ၏ “ဆရာရန်၊ ခင်ဗျားကျုပ်ကို ရှာနေတယ်ဆို”

ရန်ကိုင် ခင်းကျင်းထားခဲ့သည့် ဟင်းလင်းပြင်အစီအရင်ကို မြင်ပြီးသည့်အချိန်မှစ၍ ရန်ကိုင်အပေါ် နန်မန်တကျွင်း၏ အထင်အမြင်မှာ လုံးဝကို အပြောင်းလဲကြီး ပြောင်းလဲသွားတော့သည်။ အစီအရင်ပညာတွင် ရန်ကိုင်သည် သူ့ထက် ပိုသာသည်ဟူ၍ပင် နန်မန်တကျွင်းမှ မှတ်ယူထားသည်အထိပင်။

“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် ပြန်၍ မေးခွန်းထုတ်လိုက်၏ “ဒါပေမယ့် ရေခဲနှလုံးသားတောင်ကြားက အစီအရင်ကို ပြန်ပြင်ပြီးမှ ဒီကို လာခဲ့ဖို့ ပြောထားတာလေ။ ခင်ဗျားဘာလို့ ဒီလောက်မြန်မြန် ရောက်လာရတာလဲ”

နန်မန်တကျွင်းက ပြန်၍ ပြောလိုက်လေ၏ “အဲ့ဘက်ကဟာက ပြင်လို့ပြီးသွားပြီ။ ဆရာရန် ကျုပ်ကို ခေါ်နေတယ်ကြားလို့၊ ဒီနန်မန်လည်း နေရောညပါက မနားဘဲ အဲ့ဘက်ကအစီအရင်ကို မြန်မြန်ပြီးအောင်လုပ်ပြီး ဒီဘက်ကို အပြေးလာခဲ့တာ”

“ခင်ဗျား အပေါ်ယံလျှပ်လုပ်လာတယ်လို့တော့ ကျုပ်ကို မပြောနဲ့နော်” ရန်ကိုင်သည် နန်မန်တကျွင်းအား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်၍ ပြောလိုက်သည်။

ရေခဲနှလုံးသားတောင်ကြား၏ ဂိုဏ်းကာကွယ်ရေးအစီအရင်သည် သာမန်အစီအရင်လေး မဟုတ်လေရာ ထိုအစီအရင် တစ်ခုကို ပြန်ပြင်သည်မှာ မည်ကဲ့သို့များ မြန်နိုင်ပါမည်နည်း။

နန်မန်တကျွင်းက ကပျာကယာ ပြန်ရှင်းပြလိုက်၏ “ဘယ်ကသာ အဲ့လိုလုပ်ရမှာလဲ ဆရာရန်ရာ။ ဒီနန်မန်က အစောကြီးကတည်းက အဲ့အစီအရင်ကို ရင်းနှီးနေတာရယ်၊ အဲ့အစီအရင်ကို ဘယ်လိုဖျက်စီးရမလဲဆိုတာကို အကြံပေးခဲ့တဲ့လူ ဖြစ်နေတာရယ်ကြောင့်ပဲ အစီအရင်ကို ဘယ်လို မြန်မြန်ဆန်ဆန် ပြန်ပြင်ရမလဲသိတာ။ ဖြစ်ကတတ်ဆန်း လုံးဝ လုပ်တာမဟုတ်ဘူး”

“ကျုပ်သိပြီ” ရန်ကိုင် နန်မန်တကျွင်းကို သံသယမဝင်ခဲ့ပေ။ သို့သော်ငြား အလေးအနက် အမူအရာဖြင့် ပြန်၍တော့ ပြောလိုက်သေး၏ “နောက်မှပဲ ရေခဲနှလုံးသားတောင်ကြားဆီ သွားပြီး ကျုပ်ကိုယ်တိုင် စစ်ဆေးကြည့်လိုက်တော့မယ်။ ဂိုဏ်းကာကွယ်ရေးအစီအရင်သာ ဖြစ်ကတတ်ဆန်း ဖြစ်နေလို့ကတော့၊ ခင်ဗျားခေါင်းကို ကြည့်ထားပေတော့”

“စိတ်မပူနဲ့ဆရာရန်၊ ဒီနန်မန် အာမခံတယ်” နန်မန်တကျွင်းက ပြန်ပြောလိုက်သည်။ တစ်ချက်ရပ်ပြီးနောက် ဆက်၍ ပြောလိုက်လေ၏ “ဒါနဲ့ ဆရာရန်ဘာလို့ ကျုပ်ကို ခေါ်တာလဲ”

ရန်ကိုင်က နန်မန်တကျွင်းကို ညွှန်ပြလိုက်သည် “ဒီနေရာကို တစ်ချက်ကြည့်ကြည့်လိုက်”

နန်မန်တကျွင်းလည်း ရန်ကိုင် ညွှန်ပြနေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ သက်ပြင်းရှိုက်မိသွားခဲ့လေသည်။ ထို့နောက် ပို၍ ရှင်းရှင်းလင်းလင်း မြင်ရစေရန် လေပေါ်သို့ ပျံဝဲကြည့်လိုက်သည်။ ခဏအကြာ၌ အောက်သို့ ပြန်ဆင်းလာခဲ့ပြီး အံ့အားသင့်နေသည့်လေသံဖြင့် “ဒါက ရမ္မက်ရှာဂိုဏ်း မဟုတ်ဘူးလား”

သူသည် ရမ္မက်ရှာဂိုဏ်းတွင် ဧည့်သည်အဖြစ် အတော်ကြာအောင် နေခဲ့ဖူးသည်။ ထို့ကြောင့် ဤနေရာကို သိနေခြင်းပင်။ သို့သော် သူဤနေရာတွင် ရှိနေစဉ်က ဤနေရာသည် အလွန်ကိုမှ စည်းကားခဲ့ပြီး လူများနှင့် ပြည့်နှက်နေခဲ့ပါသော်ငြား ယခုမှ ပတ်ဝန်းကျင်တစ်ခုလုံးသည် သုဿန်တစပြင်နှယ် တိတ်ဆိတ်နေခဲ့လေသည်။

“ဟုတ်တယ်။ ရမ္မက်ရှာဂိုဏ်းနေရာပဲ။ ဒါပေမယ့် အခုအချိန်ကနေစပြီး ထက်ကောင်းကင်နန်းတော် ဖြစ်သွားပြီ” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။ ရန်ကိုင်၏ စကားကိုကြားသော် ကျိယောင်၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး တစ်ခုခုအား စဉ်းစားမိသွားဟန်ဖြင့် အတွေးနက်သွားခဲ့လေသည်။

ရန်ကိုင်က ထပ်၍ ပြောလိုက်သည် “ကျုပ်ခင်ဗျားကို ခေါ်လိုက်တာ ဒီက ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ဖွင့်ပြီး ပြန်ပြင်ခိုင်းဖို့ပဲ။ ပြန်ပြင်ခိုင်းတာတင် မဟုတ်သေးဘူး။ ပိုပြီး‌အဆင့်မြင့်သွားအောင်ပါ လုပ်ခိုင်းချင်တာ။ ခင်ဗျား တတ်ထားတာတွေ အကုန်လုံးကိုသုံးပြီး ဒီဂိုဏ်းကာကွယ်ရေးအစီအရင်ကို ကြယ်တာရာ အစုအဝေးထဲမှာ နံပါတ်တစ်ဂိုဏ်းကာကွယ်ရေး အစီအရင်ဖြစ်အောင် လုပ်ပေး”

ရန်ကိုင် ပြောသည်ကိုနားထောင်ရင်း နန်မန်တကျွင်းသည် စိန်ခေါ်မှုတစ်ခုကို ကြားလိုက်ရသည့်အလား စိတ်လှုပ်ရှားလာခဲ့ရလေသည်။

နန်မန်တကျွင်း၏ မျက်နှာအမူအရာကို အကဲခတ်ရင်း ရန်ကိုင်က ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဆရာရန်က ဒီနယ်မြေကို အပိုင်စားယူဖို့ လုပ်နေတာလား” နန်မန်တကျွင်းသည် ရန်ကိုင် ဘာလုပ်ချင်နေသလဲဆိုသည်ကို ချက်ချင်း ခန့်မှန်းမိသွားခဲ့လေသည်။

“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်၏ “ကျုပ်ပြောထားတာကို ပြီးအောင်လုပ်ဖို့ ဘယ်လောက်ကြာမလဲ”

နန်မန်တကျွင်းသည် ချက်ချင်း ပြန်မဖြေခဲ့ဘဲ ခဏမျှကြာအောင် စဉ်းစားနေပြီးနောက် ပြန်၍ ပြောလိုက်လေ၏ “ရမ္မက်ရှာဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေးအစီအရင်က ပျက်စီးသွားတာ မဟုတ်ဘူး။ ဒီအတိုင်း အသက်မဝင် ဖြစ်နေတာ။ ဒါကို ဖွင့်ဖို့ဆို ဒီနန်မန် ဒီအစီအရင်ကို သေချာအသေးစိတ် လေ့လာဖို့လိုတယ်။ အဲ့လိုလုပ်ပြီးမှပဲ အစီအရင်ကို ဖွင့်လို့ရမယ့် နည်းလမ်းရှာရမှာ။ အဲ့လိုလုပ်ဖို့အတွက် အနည်းဆုံး နှစ်လလောက်၊ သုံးလလောက် အချိန်လိုတယ်။ ဒါပေမယ့် ဒီနန်မန် ဆရာရန် ကျေနပ်လောက်မယ့်အဖြေကို ကျိန်းသေ ပေးပါ့မယ်”

“ကောင်းပြီလေ။ ဒါဆို ကျုပ်ခင်ဗျားကို အချိန်သုံးလပေးမယ်” ရန်ကိုင်က မဆိုင်းမတွ သဘောတူလိုက်သည်။

နန်မန်တကျွင်းက ဆက်၍ ပြောလိုက်၏ “ဒါပေမယ့် ဒီအစီအရင်ကြီးကို ပိုကောင်းအောင် လုပ်ဖို့ဆိုရင် ပစ္စည်းအချို့တော့ လိုလိမ့်မယ်...”

“လိုတဲ့ပစ္စည်းတွေကို စာရင်းလုပ်ထားလိုက်၊ ကျုပ်ရှာပေးမယ်..” ရန်ကိုင်က ပြောလိုက်သည်။

ရန်ကိုင်သည် ရှေးဟောင်ကုန်းမြေထဲမှရော၊ ရမ္မက်ရှာဂိုဏ်းမှပါ အဖိုးတန်ရတနာများစွာကို ရရှိထားသည့်အတွက်ကြောင့် သူ့တွင် ဂိုဏ်းကာကွယ်ရေး အစီအရင်ကို တိုးတက်အောင်လုပ်နိုင်သည့် အဖိုးတန်ရတနာများစွာ ရှိနေပေသည်။

နန်မန်တကျွင်းက နားရွက်တက်ချိတ်လုမတတ်ပြုံးလျက် “အဲ့ဒါဆိုပြီးသွားပြီ။ ပစ္စည်းတွေသာ ရှိနေမယ်ဆိုရင် ဘာမှ စိတ်ပူနေစရာမလိုတော့ဘူး။ ဟုတ်သားပဲ။ ဆရာရန်ကော ကျုပ်နဲ့အတူ ဒီအစီအရင်ကို...”

“ခင်ဗျားဘာသာ တစ်ယောက်တည်းလုပ်လိုက်။ ဒီသခင်လေး မအားသေးဘူး။ အခြား လုပ်စရာတွေရှိသေးတယ်။ ခင်ဗျား တစ်ခုခုလိုတယ်ဆိုရင်...” ရန်ကိုင်သည် ကျိယောင်အား လှမ်းကြည့်လိုက်လေသည်။

ကျိယောင်က မဆိုင်းမတွ ပြန်ပြောလိုက်၏ “ကျွန်မတာဝန်ထားလိုက်။ ဂိုဏ်းကနေ ကျွန်မရဲ့ ညီအစ်မတွေကိုခေါ်ပြီး ကူခိုင်းလိုက်မယ်”

All Chapters