← Chapters

အခန်း (၂၆၆၅)

Vol. 114 Ch. 2665

အခန်း (၂၆၆၅)

Vol. 114 Ch. 2665

နန်းတော်တံခါး ပွင့်လာပြီး ရန်ကိုင် အထဲမှ ထွက်လာသည်ကို မြင်သည့်အခါ ရှီလဲ့နှင့် အခြားသူများ၏ မျက်လုံးများ တောက်ပသွားခဲ့ကြပြီး ရန်ကိုင်အား သွားရောက် ဆီးကြို နှုတ်ဆက်ကြလေ၏။

ရန်ကိုင် စိတ်ဓါတ်တက်ကြွနေသည်ကိုမြင်သော် ရှဲ့ဝူဝေက ပြုံးဖြီးလျက် ပြောလိုက်လေ၏ “ကြည့်ရတာ ကျင့်ကြံတာမှာ သခင်လေးရန် တိုးတက်ခဲ့တယ်နဲ့တူတယ်”

ရန်ကိုင်က ခေါင်းခါလျက် “နည်းနည်းလောက်ပါပဲ။ နောက်တစ်ဆင့်ကို ဘယ်အချိန်မှ ချိုးဖျက်နိုင်မလဲ ခုထိမသိသေးဘူး”

ဧကရာဇ်အဆင့်သို့ ရောက်ပြီးသည့်နောက်ပိုင်း၌ အချိန်တိုအတွင်း နောက်တစ်ဆင့်သို့ တက်နိုင်ဦးလိမ့်မည် မဟုတ်ဟု ရန်ကိုင်စိတ်ထဲ အလိုလို ခံစားမိနေခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်အတွင်း သူ့ခွန်အား တိုးတက်လာခဲ့သည်မှာ မှန်ပါသော်ငြား ဧကရာဇ်ဒုတိယ အဆင့်၏ အတားအဆီးကို ယခုထိတိုင် မခံစားမိသေးချေ။

ယင်ဖေးက ပြုံးလျက် “ကျင့်ကြံခြင်းခရီးလမ်းက အရှည်ကြီးပဲဟာကို သခင်လေးရန်ရာ၊ အချိန်တော့ယူရမှာပေါ့”

ရှီလဲ့က ခေါင်းညိတ်ထောက်ခံလိုက်လေသည် “ဧကရာဇ်အဆင့်ရောက်နေတဲ့ လူတွေကိုပဲ ကြည့်လိုက်သခင်လေးရန်၊ ဘယ်သူကများ နှစ်ပေါင်းရာနဲ့ချီပြီး အသက်ရှင်လာတဲ့လူ မရှိလို့လဲ။ အကုန်လုံးက အနည်းဆုံး နှစ်ရာနဲ့ချီပြီး အသက်ရှင်လာတဲ့ မွန်းစတားအိုတွေချည်းပဲ။ သူတို့နဲ့ ယှဉ်လိုက်ရင် သခင်လေးရန်က အဆပေါင်းများစွာ သာတယ်။ ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဒီအဆင့်ကို ရောက်နေတဲ့ သခင်လေးရန်လို လူမျိုး ဒီကြယ်တာရာအစုအဝေး တစ်ခုလုံးမှာ လိုက်ရှာကြည့်မယ်ဆိုရင်တောင် လက်ချိုးရေလို့တောင်ရတယ်။ ဒီတော့ သခင်လေးရန် နောက်တစ်ဆင့်တက်ဖို့က အချိန်ပဲလိုတာ။ လောနေစရာမလိုဘူး”

ရန်ကိုင် ပြန်ငြင်းမနေခဲ့ပေ။ ကျင့်ကြံရာတွင် မလောသင့်မှန်း သူသိပေသည်။ ထို့ကြောင့် ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ ခေါင်းစဉ်ပြောင်းလိုက်လေ၏ “ဂိုဏ်းကာကွယ်ရေး အစီအရင် ခင်းကျင်းတာ ဘယ်လိုအခြေအနေရှိလဲ”

ရှီလဲ့သည် ရန်ကိုင်ဆီသို့ ရိုးရှင်းသည့် တံဆိပ်ပြာတစ်ခု အလျင်အမြန် ပေးလာလျက် ပြောလိုက်၏ “နန်မန်တကျွင်းက တကယ် တော်တယ်နော် သခင်လေးရန်၊ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ပြန်ပြင်ပြီး အဆင့်မြှင့်တင်ဖို့ နှစ်လပဲ အချိန်ယူသွားတယ်။ အဲ့ဒါက အစီအရင်ကို ထိန်းချုပ်ရမယ့် တံဆိပ်ပြားပါ”

ရန်ကိုင်သည် တံဆိပ်ပြားကိုယူ၍ ထိုထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းကာ စစ်ဆေးကြည့်လိုက်ရာ ရုတ်ချည်းဆိုသလို သူ့စိတ်အစုံသည် ဤလောကကြီးထဲရှိ တစ်ခုသောအရာနှင့် သွားရောက်ဆက်သွယ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

အတွေးတစ်ချက်နှင့် ထက်ကောင်းကင်နန်းတော်တစ်ခုလုံးကို လွှမ်းခြုံနေသော ဂိုဏ်းကာကွယ်ရေးအစီအရင် တဝီဝီ မြည်လာခဲ့ပြီး မိုးမြေစွမ်းအင်များဟာလည်း ကသောင်းကနင်း ဖြစ်လာခဲ့လေသည်။

ရှီလဲ့က ဘေးမှရပ်ကြည့်နေရင်း ပြောလိုက်လေ၏ “ဒီအစီအရင်က အရင်က ရမ္မက်ရှာဂိုဏ်းရဲ့ အစီအရင်ထက် အများကြီး ပိုကောင်းတယ်လို့လည်း နန်မန်တကျွင်းက ပြောသွားပါသေးတယ် သခင်လေးရန်”

ရန်ကိုင်သည် ခေါင်းညိတ်ပြလိုက်ပြီး ဂိတ်ပေါက်ဘက်သို့လှမ်းကြည့်၍ မေးလိုက်လေ၏ “အဲ့မှာ ဘာလို့ လူတွေအများကြီး ရှိနေတာလဲ”

ဂိုဏ်းကာကွယ်ရေးအစီအရင်ကို စစ်ဆေးကြည့်နေစဉ် ဂိုဏ်း၏ ဂိတ်ပေါက်အပြင်ဘက်၌ ကျင့်ကြံသူပေါင်းများစွာ တင်ပျဉ်ခွေထိုင်နေကြကြောင်း တွေ့လိုက်ရလေသည်။ ထိုလူများ၏ ကျင့်ကြံခြင်းမှာ အမျိုးမျိုး ကွဲပြားကြပြီး အများစုမှာတော့ လူငယ်များ ဖြစ်ကြပေသည်။ အချို့သည် နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့ စု၍ နေကြစဉ် အချို့မှာတော့ တစ်ကိုယ်တည်း နေနေကြသည်။ အတော်များများမှာတော့ နှစ်တစ်သောင်း ရေခဲသံပေါ် ထိုးထွင်းထားသည့် ‘ထက်ကောင်းကင်နန်းတော်’ ဟူသော စကားလုံးများကို မျှော်လင့်တကြီးဖြင့် ကြည့်နေကြလေသည်။

ယင်ဖေးက ရှင်းပြလိုက်လေ၏ “သူတို့တွေက ထက်ကောင်းကင်နန်းတော်ထဲကို ဝင်လို့ရလိုရငြား ရောက်နေကြတာပါ သခင်လေးရန်။ အခုဆိုရင် ထက်ကောင်းကင်နန်းတော် အကြောင်းကို မြောက်ဘက်နယ်မြေတစ်ခုလုံး သိနေကြပါပြီ။ လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကတည်းက လူတွေ တဖွဲဖွဲ ရောက်လာနေတာပါ။ ဒါပေမယ့် ဂိုဏ်းက မဖွင့်သေးတာမို့လို့ အကုန်လုံး အပြင်မှာ စောင့်နေကြတာ။ အချို့ဆိုရင် ဒီမှာ စောင့်နေတာ နှစ်ဝက်တောင် မကတော့ပါဘူး”

“ကျုပ်သိပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်၏။ ဤသို့ ဖြစ်လာသည့်အပေါ် ရန်ကိုင် အံ့အားသင့်နေခြင်းမရှိခဲ့ချေ။ ထို့ကြောင့် လူအုပ်ကြီးအား တစ်ချက် ဝေ့ကြည့်ပြီးနောက် ဆက်၍ အာရုံစိုက်မနေတော့ပေ။

ထက်ကောင်းကင်နန်းတော် ဟူသောနာမည်သည် မြောက်ဘက်နယ်မြေအနှံ့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သလို မွန်းစတားဘုရင်သုံးပါး ရှိနေသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည့်အတွက်ကြောင့် လူတော်တော်များများက အထင်ကြီးကြပေသည်။ ပုံမှန်အားဖြင့် ဂိုဏ်းသစ်တစ်ဂိုဏ်း ပေါ်လာသည့်အလား သွေးသစ်လောင်းရန်အတွက် လူသစ်များကို ခေါ်လေ့ရှိကြသည်။ ထို့အခါ နောက်ခံကောင်းကောင်းမရှိသည့် လေလွင့်ကျင့်ကြံသူများသည် ထိုအခွင့်အရေးကို အမိအရ အသုံးချကြပေလိမ့်မည်။

ဥပမာပြရသော် လျှို့ရှန်းယွင်သည် တစပြင်ကန္တာရ ကြယ်စီရင်စုကြီးထဲ၌ အရှင်သခင်တစ်ပါး ဖြစ်ခဲ့ပါသော်ငြား ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့်နောက် ကျင့်ကြံရန်အတွက် လိုအပ်သော အရင်းအမြစ်များကို လုံလုံလောက်လောက် ရရှိနိုင်ရန်အတွက်ပင် အသည်းအသန် ရုန်းကန်ခဲ့ရသည်။ ဤသည်မှာ အားကောင်းသော နောက်ခံတစ်ခုအား ပိုင်ဆိုင်ထားခြင်းမရှိသည့် အကျိုးကျေးဇူးပင်။ သူမသည်သာ ရန်ကိုင်နှင့် ထပ်မတွေ့ခဲ့ဘဲ ရေခဲနှလုံးသား တောင်ကြားထဲသို့သာ မဝင်နိုင်ခဲ့ပါက ကျင့်ကြံရန်အတွက် အရင်းအမြစ်ကျောက် အလုံအလောက်ရရှိဖို့ရာ တွေးပူနေရပေလိမ့်မည်။

ချီယွဲ့၊ ကွေ့ဇူနှင့် အခြားသူများအတွက်လည်း အတူတူပင်။

ကြယ်တာရာအစုအဝေးထဲ၌ ထိုကဲ့သို့သော ကျင့်ကြံသူမျိုး များစွာရှိကြသည်။ လူတိုင်းသည် ရန်ကိုင်ကဲ့သို့ ကံကောင်းကြသူများ မဟုတ်ကြ။ ထိုလူများအတွက် အေးအေးဆေးဆေး ကျင့်ကြံနိုင်မည့် ဘဝကြီး ရသွားလျှင် အဆင်ပြေသွားလေပြီ။ ထို့ကြောင့်ပင် ထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်လိုကြခြင်း ဖြစ်သည်။

ထက်ကောင်းကင်နန်းတော်သည် ဂိုဏ်းအား တရားဝင် မဖွင့်ရသေးခင်ကတည်းက အလွန်ကိုမှ နာမည်ကျော်ကြားနေခဲ့လေပြီ။ ထက်ကောင်းကင်နန်းတော်ကို စတင် တည်ထောင်ပြီဖြစ်ကြောင်း သတင်းပျံ့သွားစဉ်က မြောက်ဘယ်နယ်မြေတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားကာ ကျင့်ကြံသူပေါင်းများစွာ ဤနေရာသို့ အပြေး လာကြလေ၏။

ရှီလဲ့က မေးလိုက်လေသည် “သခင်လေးရန်၊ ဂိုဏ်းတံခါးကို ဖွင့်ပြီး တပည့်တွေ လက်ခံဖို့ လုပ်တော့မလား”

ရန်ကိုင်က ခေါင်းခါလိုက်သည် “ကျုပ် အလျင်မလိုသေးဘူး”

ရန်ကိုင်အနေဖြင့် ဤနေရာတွင် ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်လိုက်ရခြင်းမှာ အရိပ်ကြယ်မှ သူ့မိတ်ဆွေများနှင့် မိသားစုဝင်များကို ကြယ်တာရာအစုအဝေးထဲသို့ ခေါ်လာသည့်အတိုက် သူတို့အတွက် နေစရာတစ်ခု ရှိနေစေလိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။ သူကိုယ်တိုင် ဟုန်းလော့ကုန်သွယ်ရေး ကြယ်စီရင်စုကြီးဆီသို့ မည်သည့်အချိန် ပြန်သွားရမလဲ ဆိုသည်ကိုပင် မသိသေးလေရာ ဘာကြောင့်များ ဂိုဏ်းတံခါးကိုဖွင့်၍ အပြင်လူများကို လက်ခံရမည်နည်း။

သို့သော်ငြား ယန်ယန်နှင့် အင်းဆက်ဧကရာဇ်သည် ဟုန်းလော့ကုန်သွယ်ရေး ကြယ်စီရင်စုထဲသို့ သွားနိုင်သည့်အတွက်ကြောင့် ရန်ကိုင်လည်း သွားနိုင်ပေလိမ့်မည်။ သွားလို့ရမည့် နည်းလမ်းအား ရှာမတွေ့သေးခြင်းသာ ရှိလေသည်။

ကြည့်ရသလောက် ဟုန်းလော့ကုန်သွယ်ရေး ကြယ်စီရင်စုဆီသို့ ပြန်သွားလိုပါက ယန်ယန်အား လိုက်ရှာရမည့်ပုံပင်။

စိတ်ညစ်ညစ်ဖြင့်ရန်ကိုင်က လှည့်မေးလိုက်လေ၏ “ကျုပ် တောင်ဘက်နယ်မြေဆီ သွားစရာရှိလို့ ခင်ဗျားတို့ထဲက ဘယ်သူ ကျုပ်နဲ့လိုက်ခဲ့ချင်လဲ”

“ကျုပ်လိုက်မယ်” မွန်းစတားဘုရင်သုံးပါးစလုံး ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။

ဖြေပြီးသည့်အခါမှသာ ယင်ဖေးက မေးလိုက်လေ၏ “သခင်လေးရန်၊ ကျုပ်တို့အားလုံး လိုက်လို့ရတယ်လေ။ ဘာလို့ အကုန်လုံးကို ခေါ်မသွားတာလဲ”

ရှီလဲ့နှင့် ရှဲ့ဝူဝေတို့လည်း ခေါင်းအသီးသီး ညိတ်ပြလိုက်ကြသည်။

ရန်ကိုင်က ရှင်းပြလိုက်လေ၏ “ခင်ဗျားတို့သုံးယောက်က မွန်းစတားဘုရင်တွေလေ။ ခင်ဗျားတိုသုံးယောက်စလုံး အတူသွားနေကြရင် လူတိုင်း အာရုံစိုက်လာကြမှာပေါ့။ ပြီးတော့ ဒီနေရာကို စောင့်ဖို့လည်း လူလိုသေးတယ်။ ဂိုဏ်းကာကွယ်အစီအရင်က အားကောင်းသလို ဂိတ်တံခါးတွေကိုလည်း ပိတ်ထားတယ်ဆိုပေမယ့် ဦးနှောက်မရှိတဲ့ အရူးတစ်ကောင်ကောင် ဒီဂိုဏ်းကို လာပြဿနာ မရှာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။ အခုအချိန်ကစပြီး ဒီနေရာက ဒီသခင်လေးရဲ့အိမ်ပဲ။ နောက်ပိုင်း ဒီသခင်လေး ဒီမှာပဲ နေသွားတော့မှာ။ ဒီတော့ ဒီနေရာကို ကောင်းကောင်း စောင့်ရှောက်ထားရမှာပေါ့”

ရန်ကိုင် ပြောသည်မှာ ယုတ္တိရှိသည်ဟု မွန်းစတားဘုရင်သုံးပါးစလုံး ခံစားလိုက်ကြရသည်။ သူတို့သည် ရန်ကိုင်နှင့် တစ်လှေတည်းစီးနေသူများ ဖြစ်နေကြလေပြီ။ သို့တိုင် အကျိုးအမြတ်များကို လိုချင်လွန်း၍ ရန်ကိုင်အား ဖိအားသွားပေးနေပါက ရန်ကိုင်သူတို့အပေါ် မကျေမနပ် ဖြစ်လာနိုင်သည်။

အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ရှဲ့ဝူဝေက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်၏ “ကျုပ်တို့ သုံးယောက်စလုံးက လိုက်လို့ အဆင်ပြေတာဆိုတော့ သခင်လေးရန်ပဲ ရွေးလိုက်တော့”

ယင်ဖေးနှင့် ရှီလဲ့တို့လည်း ခေါင်းညိတ်ပြလိုက်ကြသည်။

သူတို့ကိုယ်တိုင် ဆုံးဖြတ်ဖို့ရာ အဆင်မပြေသဖြင့် ရန်ကိုင်ကို ဆုံးဖြတ်ခိုင်းသည်မှာ အကောင်းဆုံးသာ ဖြစ်လေသည်။

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်၏ “အဲ့ဒါဆို ယင်ဖေး၊ ခင်ဗျား ကျုပ်နဲ့လိုက်ခဲ့။ ဒီတစ်ကြိမ်က တောင်ဘက်နယ်မြေကို သွားမှာဆိုတော့ ခင်ဗျားကို အားကိုးရမယ်”

ထိုစကားကိုကြားသော် ယင်ဖေး ဝမ်းသာသွားခဲ့ပြီး လက်သီးဆုပ်၍ ပြန်ပြောလိုက်၏ “သခင်လေးရန် တကယ်ကို ဥာဏ်ပညာကြီးမားတာပဲ”

ရှီလဲ့က စိတ်ပျက်ပျက်ဖြင့် ပြန်ပြောလိုက်လေ၏ “ဒါဆို ရောင်းရင်းရှဲ့နဲ့ကျုပ် ဂိုဏ်းကို စောင့်ကြည့်ထားလိုက်မယ်”

“ခင်ဗျားတို့ နှစ်ယောက်စလုံးကို ကျေးဇူးအများကြီးတင်ပါတယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

တစ်ခဏမျှ ဆွေးနွေးပြီးသည့်နောက် ရန်ကိုင်သည် ပင်းယွင်ကို နှုတ်ဆက်စကားပြောရန် အတွက် ရေခဲနှလုံးသားတောင်ကြားဆီသို့ ယင်ဖေးနှင့်အတူ ထွက်လာခဲ့လေသည်။

ရေခဲနှလုံးသားတောင်ကြားဆီသို့ ရောက်လာသည့်အခါ တောင်ကြား၏ အငွေ့အသက်သည် ယခင်နှင့် မတူတော့ကြောင်း တွေ့ရှိလိုက်ရလေသည်။ စစ်ပွဲကြီးကို ဆင်နွှဲပြီးသည့်နောက်ပိုင်း ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးများသည် ယခင်ကထက်ပို၍ စည်းလုံးလာကြလေသည်။ ယခုဆိုလျှင် တပည့်အများစုသည် ပို၍ အားကောင်းလာချင်ကြသည့်အလား တံခါးပိတ်ကျင့်စဉ် ဝင်နေကြလေ၏။

ရန်ကိုင်တို့ နှစ်ဦးစသည် ရေခဲနှလုံးသားတောင်ကြားတွင် ကြာကြာမနေခဲ့ဘဲ နေ့ဝက်ကြာသည်နှင့် ဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် ထွက်လာခဲ့လေ၏။

တောင်ဘက်နယ်မြေနှင့် မြောက်ဘက်နယ်မြေသည် မိုင်သန်းပေါင်း ရာနှင့်ချီကာ ဝေးကွာလှသည်။ ထိုရှည်လျားလှသော လမ်းခရီးတစ်လျှောက်တွင် ဧကရာဇ်အဆင့် ပညာရှင်များပင် ပေါ့သေးသေး မမှတ်ရဲသည့် ဆူးညွှန့်ခလုတ်၊ အန္တရာယ်များစွာတို့လည်း ရှိနေခဲ့လေသည်။ ဟင်းလင်းပြင်အစီအရင်များသည် ခရီးအကွာအဝေး အနည်းငယ်ကိုသာ ချုံ့ပေးနိုင်ပြီး လက်ကျန်ခရီးကို ကိုယ့်အားကိုယ်ကိုး၍သာ ဆက်သွားကြရပေသည်။

ကြည်လင်သာယာသော ကောင်းကင်ထက်ရှိ တိမ်စိုင်တိမ်တိုက်များထက်တွင်...

ဧရာမသိမ်းငှက်ကြီးတစ်ကောင်သည် လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ပျံသန်းနေခဲ့လေသည်။

ထိုဧရာမသိမ်းငှက်ကြီးသည် မွန်းစတားဘုရင်ယင်ဖေး၏ မူလအသွင်ဖြစ်ပေသည်။ ကောင်းကင်အုပ်စိုးသူတစ်ပါး ဖြစ်သည်နှင့်အညီ အမြန်နှုန်းသည် သူ၏ အားသာချက် ဖြစ်သည်။ ရှေးဟောင်းကုန်းမြေထဲတွင် နတ်အရှင်များပြီးလျှင် သူအမြန်ဆုံး ဖြစ်သည်။

ထို့ကြောင့်ပင် ရန်ကိုင်သည် ယင်ဖေးကို သူနှင့်အတူ ခေါ်လာခဲ့ခြင်း ဖြစ်ပေသည်။

ရန်ကိုင်သည် အိမ်တစ်လုံးစာမျှ ကျယ်ပြောလှသော ယင်ဖေး၏ ကျောပြင်ထက်တွင် တင်ပျဉ်ခွေထိုင်နေခဲ့လေသည်။ ဤလောကကြီးထဲ တစ်ဖက်လူ၏ စီးတော်သားရဲအဖြစ် စိတ်လိုလက်ရ လုပ်ပေးသည့် မွန်းစတားဘုရင် များများစားစား မရှိလှချေ။ ထိုသို့ပင် ဖြစ်လင့်ကစား ယင်ဖေးမှာတော့ ရန်ကိုင်၏ စီးတော်သားရဲ ဖြစ်ရသည့်အပေါ် ဝမ်းသာနေခဲ့လေသည်။

ခရီးတစ်လျှောက်လုံးမှာ ပျင်းရိစရာကောင်းလွန်းလှသည့် အတွက်ကြောင့် ရန်ကိုင်သည် အချိန်ဖြုန်းမနေခဲ့ဘဲ ယင်ဖေး၏ ကျောပြင်ထက်တွင်ထိုင်ရင်း ကျင့်ကြံနေခဲ့လေသည်။

ကျင့်ကြံသူတော်တော်များများ၏ ယင်ဖေးအား အာရုံမခံနိုင်ကြသဖြင့် ခရီး တစ်လျှောက်လုံးမှာ အတော်လေးကိုမှ အန္တရာယ်ကင်းလှသည်။ အာရုံခံနိုင်ကြသည့် လူများဆိုလျှင် ယင်ဖေး၏ အရှိန်အဝါကိုခံစားမိကာ အမြီးကုတ်၍ ရန်ကိုင်တို့ဆီမှ ဝေးရာသို့ ထွက်ပြေးသွားကုန်ကြလေသည်။

နှစ်လကြာပြီးသည့်နောက်တွင် ယင်ဖေးက ရုတ်တရက် ပြောလိုက်၏ “သခင်လေးရန်၊ ကျုပ်တို့ တောင်ဘက်နယ်မြေကို ရောက်လာပြီ။ အခု ဘယ်ကို ဆက်သွားရမလဲ”

ရန်ကိုင် မျက်လုံးပွင့်လာခဲ့ပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးသည့်နောက် ပြန်၍ ပြောလိုက်လေ၏ “လမ်းကြောင်းမေးလို့ရမယ့် မြို့တစ်မြို့အရင်ရှာလိုက်”

ယင်ဖေးလည်း ရန်ကိုင်ပြောသည့်အတိုင်း အနီးဆုံးမြို့တစ်မြို့ကို လိုက်ရှာတော့၏။ နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် စည်ပင်သာယာဝပြောသည့် မြို့တစ်မြို့ ယင်ဖေး၏ မြင်ကွင်းထဲ ထွက်ပေါ်လာခဲ့လေသည်။ ယင်ဖေးသည် တောင်ပံများကိုခတ်လျက် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် လူအသွင်သို့ပြောင်းလျက် ရန်ကိုင်နှင့်အတူ မြို့ဂိတ်ပေါက်ဆီသို့ လျှောက်သွားလိုက်လေသည်။

ရန်ကိုင်တို့သည် မြို့ထဲသို့ဝင်ရန် မစီစဉ်ထားသည့်အတွက်ကြောင့် မြို့ထဲသို့ဝင်ရန် လုပ်နေသော ကျင့်ကြံသူတစ်ဦးကို လှမ်းတား၍ မေးလိုက်လေ၏ “ရောင်းရင်း၊ ကျေးဇူးပြုပြီး ရွက်တစ်ထောင်ဂိုဏ်းကို ဘယ်လိုသွားရမလဲ ကျုပ်ကို တစ်ချက်လောက် ပြောပြပေးလို့ရမလား”

ရန်ကိုင် တောင်ဘက်နယ်မြေသို့ လာရခြင်းမှာ ချီယွဲ့၊ ကွေ့ဇူနှင့် အခြားသူများ ရှိနေသည့် ရွက်တစ်ထောင်ဂိုဏ်းဆီသို့ လာလိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ထက်ကောင်းကင်နန်းတော်ကို တည်ထောင်လိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် သူ့လူများကို သူ့ဂိုဏ်းဆီသို့ ပြန်ခေါ်သွားရပေတော့မည်။ ထက်ကောင်းကင်နန်းတော်၏ ပတ်ဝန်းကျင်နှင့် ယှဉ်လိုက်သော် ရွက်တစ်ထောင်ဂိုဏ်း၏ နေရာအနေအထားသည် အတော်လေးကို နိမ့်ကျသည်ဟု ပြော၍ရပေသည်။

သို့သော်ငြား တောင်ဘက်နယ်မြေမှာ အလွန်ကိုမှ ကျယ်ပြောသည့်အတွက်ကြောင့် ရွက်တစ်ထောင်ဂိုဏ်း မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို မပြောနိုင်လေရာ ရန်ကိုင်လည်း အခြားလူများကိုသာ လမ်းလိုက်မေးရတော့သည်။

ရန်ကိုင် လှမ်းတားလိုက်သည့် ကျင့်ကြံသူမှာ မြို့ထဲသို့ဝင်ရန် အလျင်လိုနေသည့်ပုံပင်။ ရန်ကိုင်မှ သူ့အား လာတားတော် ဒေါသထွက်ထွက်နှင့် ပြန်၍ အော်ငေါက်တော့လေ၏။ သို့သော်ငြား ရန်ကိုင်လက်ထဲရှိ အဆင့်မြင့် အရင်းအမြစ်ကျောက်တစ်တုံးကို မြင်ပြီးနောက် သူ့မျက်လုံးများ တောက်ပသွားခဲ့ပြီး အရင်းအမြစ်ကျောက်ကို ဆတ်ခနဲ ဆွဲယူ၍ အစစ်ဟုတ်မဟုတ် စစ်ဆေးကြည့်လိုက်သည်။ အစစ်မှန်း အတည်ပြုပြီးနောက် ရန်ကိုင်အား ကြည့်၍ မေးလိုက်လေ၏ “ရောင်းရင်းက ရွက်တစ်ထောင်ဂိုဏ်းသား တစ်ယောက်လား”

ရန်ကိုင်က ခေါင်းခါပြလိုက်သည် “မဟုတ်ဘူး။ ဘာလို့လဲ”

ထိုလူသည် ဘေးဘီဝဲယာကို တစ်ချက်ကြည့်လျက် ရန်ကိုင်အား တိုးတိုးလေး ပြောလိုက်လေ၏ “အဲ့ဒါဆို ရွက်တစ်ထောင်ဂိုဏ်းအကြောင်း လျှောက်မေးမနေနဲ့။ ရွက်တစ်ထောင်ဂိုဏ်းက ပြဿနာတက်နေတာ”

“ခင်ဗျား ဘာပြောချင်တာလဲ” ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။

ရွက်တစ်ထောင်ဂိုဏ်းသည် အလွန်နာမည်ကျော်ကြားခြင်းမရှိသည့် ဂိုဏ်းငယ်လေး တစ်ဂိုဏ်းသာ ဖြစ်ပေသည်။ ထို့ကြောင့် တောင်ဘက်နယ်မြေသို့ ရောက်လာလာချင်း ရွက်တစ်ထောင်ဂိုဏ်းအကြောင်းကို မေးလိုက်သည့်အခိုက် ရွက်တစ်ထောင်ဂိုဏ်းနှင့် ပက်သက်၍ သတင်းရရန် မမျှော်လင့်ထားခဲ့ပေ။ သို့သော်ငြား သူပထမဆုံး တွေ့လိုက်သည့် လူသည် ရွက်တစ်ထောင်ဂိုဏ်း ပြဿနာတက်နေကြောင်း ပြောနေခဲ့၏။

ထိုလူက ဇဝေဇဝါဖြင့် ပြန်မေးလေ၏ “ရောင်းရင်း တံခါးပိတ်ကျင့်စဉ်ဝင်နေတာကနေ ထွက်လာတာလား။ ဘယ်လိုလုပ်ပြီး ဒီအကြောင်းကို မသိရတာလဲ”

ရန်ကိုင်က မျက်နှာတည်ဖြင့် ပြန်မေးလိုက်၏ “ဘာတွေဖြစ်သွားတာလဲ”

ထိုလူက တိုးတိုးလေး ပြောလိုက်၏ “ရွက်တစ်ထောင်ဂိုဏ်း ဖျက်စီးခံလိုက်ရပြီလေ”

“ဘာ” ရန်ကိုင် မျက်လုံးအပြူးသား ဖြစ်သွားခဲ့လေသည်။

ထိုလူက ခေါင်းခါလျက် “ရွက်တစ်ထောင်ဂိုဏ်းက သူ့ကိုယ်သူ အထင်ကြီးပြီး သစ်ပင်ကို သွားလှုပ်ခါချင်နေတဲ့ ပုရွက်ဆိတ်တစ်ကောင်ပဲ။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက တစ်ဂိုဏ်းလုံး ဖျက်စီးခံရပြီး တပည့်အကုန်လုံး ထွက်ပြေးသွားတယ်။ ဒါကြောင့် ရွက်တစ်ထောင်ဂိုဏ်းသာ မဟုတ်ဘူးဆိုရင် အဲ့ဂိုဏ်းအကြောင်း မမေးနဲ့လို့ ရောင်းရင်းကို ပြောတာ။ အဲ့ဂိုဏ်းက လူတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုရင်လည်း အဆက်အသွယ်သာ ဖြတ်ပစ်လိုက်တော့”

All Chapters