အခန်း (၂၆၆၈)
Vol. 114 Ch. 2668
“ရောင်းရင်းရန်” တုရှန်းက လက်သီးဆုပ်၍ စိတ်လှုပ်ရှားတကြီး နှုတ်ဆက်လိုက်သည်။
ရန်ကိုင် ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် သူတို့တွင် ဤနေရာမှ ထွက်သွားနိုင်မည့် အခွင့်အရေးတစ်ရပ် ရှိလာခဲ့လေပြီ။ သူတို့အဖို့ ဤနေရာတွင် တစ်သက်လုံး ပိတ်မိနေစရာ မလိုတော့။ ရွက်တစ်ထောင်ဂိုဏ်းမှာ အကြောင်းအရင်းမရျိ ဖျက်စီးခံလိုက်ရပါသော်ငြား ဂိုဏ်း၏ အကြီးဆုံးစီနီယာအစ်ကိုတစ်ဦး ဖြစ်သည့်အညီ လက်စားပြန်ချေရန်မှာ သူ၏ တာဝန်သာ ဖြစ်လေသည်။
လက်စားပြန်ချေနိုင်ရန်အတွက် ပထမဦးစွာ သူ့ခွန်အားကို တိုးတက်အောင် လုပ်ရမည်။ ဒုတိယအနေဖြင့် ဤနေရာမှ ထွက်သွားနိုင်ဖို့ လိုပေသည်။
သူ့ခွန်အားကို တိုးတက်အောင် လုပ်ဖို့ရာ သူ့ဘာသာ ကြိုးစား၍ ရသော်ငြား ဤနေရာမှ ထွက်သွားနိုင်ရန်အတွက်မူ ရန်ကိုင်ကိုသာ အားကိုးနိုင်ပေသည်။
“ညီမရီ၊ ရောင်းရင်းတု” ရန်ကိုင်က ခေါင်းညိတ်၍ သက်ပြင်းချလျက် “မင်းတို့အတွက် ငါတကယ်ကို စိတ်မကောင်းပါဘူး”
ရန်ကိုင်လည်း ယခုကဲ့သို့ အခြေအနေမျိုး၌ ဘာပြောလို့ပြောရမှန်းမသိချေ။ ကိုယ့်ဂိုဏ်း ဖျက်စီးခံလိုက်ရသည်ကို ခံစားချက်ကို ခံစားရသည့်လူသာ အကောင်းဆုံး နားလည်နိုင်သည်။
ရွက်တစ်ထောင်ဂိုဏ်းသားများမှာတော့ ရန်ကိုင်နှင့် ရီကျင်းဟန်တို့ကို ကြည့်ရင်း နားမလည်နိုင် ဖြစ်နေကြသည်။ မကြာမီ ရန်ကိုင် မည်သူမည်ဝါမှန်း သိသွားကြကာ လူအုပ်ကြီးတစ်ခုလုံး ကျွတ်ကျွတ်ညံလာတော့လေသည်။
ရန်ကိုင်မှန်း သိလိုက်ပြီးသည့်နောက် ရွက်တစ်ထောင်ဂိုဏ်းသားများအားလုံး ဝမ်းသာအားရ ဖြစ်ကုန်ကြလေသည်။
“အကုန်လုံး ဒီရောက်နေကြတာလား” ရန်ကိုင်သည် လူအုပ်ကြီးကို ဝေ့ကြည့်သည်။ သို့သော် သူမြင်ချင်နေသည့် လူများကို မတွေ့လိုက်ရသဖြင့် အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။
ဤနေရာတွင် လူများများစားစားမရှိလှ၊ အများဆုံးမှ ငါးရာလောက်သာရှိသည်။ ထိုလူများ၏ ကျင့်ကြံခြင်းမှာလည်း မြင်မားခြင်းမရှိလှ။ တာအိုသခင်အဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူဆို၍ ဆယ်ယောက်ပင်မရှိချေ။
“သခင်လေးရန်၊ အထဲသွားကြာတာပေါ့” ရီကျင်းဟန်သည် မျက်ရည်စများကိုသုတ်ရင်း ရန်ကိုင်အား အထဲသို့ ဖိတ်ခေါ်လိုက်သည်။
ရန်ကိုင်လည်း ခေါင်းညိတ်၍ လိုဏ်ဂူထဲသို့ ဝင်သွားလေ၏။ လိုဏ်ဂူထဲ မည်သည့် ပရိဘောဂ အဆင်တန်ဆာများ ရှိမနေသည့်အတွက်ကြောင့် ရန်ကိုင်တို့လည်း ကြမ်းပြင်ပေါ်တွင် ထိုင်၍သာ စကားပြောကြလေ၏။
“ဘာတွေဖြစ်သွားတာလဲ။ ရွက်တစ်ထောင်ဂိုဏ်းကို အရိပ်ဓါးပျံဂိုဏ်းက ဖျက်စီးပစ်လိုက်တာဆို” ရန်ကိုင်က မေးလိုက်၏။
ရီကျင်းဟန်နှင့် တုရှန်းတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ရီကျင်းဟန်က ခေါင်းညိတ်၍ ပြန်ပြောလိုက်၏ “ဟုတ်တယ်။ ကျွန်မတို့ဂိုဏ်းကို အရိပ်ဓါးပျံဂိုဏ်းက ဖျက်စီးပစ်လိုက်တာ”
“ဒါဆို ကောင်းကင်အဆင့်ရုပ်သေးရုပ်တွေကို လိုချင်လို့ ရွက်တစ်ထောင်ဂိုဏ်းကို တိုက်ခိုက်လာတယ် ဆိုတဲ့ ကောလဟာလတွေကော အမှန်ပဲလား”
တုရှန်းက ဒေါမာန်တကြီးဖြင့် ပြန်ပြောလေ၏ “အဲ့ဒါက အပိုတွေ လျှောက်ပြောနေတာ။ အရိပ်ဓါးပျံဂိုဏ်းက ဓါးတာအိုကိုပဲ လိုက်စားကြတာ ဘယ်လိုလုပ်ပြီး ရုပ်သေးရုပ်တွေကို စိတ်ဝင်စားမှာလဲ။ ဒီကိစ္စကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့လူတစ်ယောက် ကျိန်းသေ ရှိတယ်”
ရန်ကိုင် မျက်ခုံးပင့်သွားပြီး ပြန်၍ မေးလိုက်လေ၏ “ဘယ်လိုလုပ်ပြီး သိတာလဲ”
ရီကျင်းဟန်နှင့် တုရှန်းတို့မှာ ပြောရန် တုံ့ဆိုင်းနေသည့်အလား အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။
ရန်ကိုင်က နှစ်သိမ့်ပေးလိုက်လေ၏ “ဘာမှစိတ်ပူမနေနဲ့။ ငါရောက်နေပြီဆိုမှတော့ ဒီကိစ္စကို ကျိန်းသေ သေချာစုံစမ်းပေးမယ်။ ရွက်တစ်ထောင်ဂိုဏ်းမှာလည်း ငါ့မိတ်ဆွေတွေ ရှိနေတာပဲကို”
ထိုစကားကိုကြားသော် တုရှန်းက ပြန်ပြောလေသည် “ရောင်းရင်းရန်... မင်းဟွာချင်းစီကို မှတ်မိလား”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည် “အစ်မဟွာလား”
ဟွာချင်းစီကို မည်ကဲ့သို့ မမှတ်မိဘဲ နေရမည်နည်း။ တုရှန်း၏ စကားအသွားအလာအရ ရွက်တစ်ထောင်ဂိုဏ်း ပျက်စီးရခြင်းသည် ဟွာချင်းစီနှင့် ပက်သက်နေသည့်ပုံပင်။ သို့သော်ငြား ယခုကိစ္စသည် ဟွာချင်းစီနှင့် မည်ကဲ့သို့များ ပက်သက်နေရသနည်း။
အစ်မဟွာသည် သူ၏ လျှို့ဝှက်ချက်ပေါင်းများစွာကို သိထားပေသည်... အထူးသဖြင့် ကမ္ဘာငယ်လေးအကြောင်းပင်။ သို့သော်ငြား ရန်ကိုင်သည် ဟွာချင်းစီကိုယုံ၏ သူမ၏ လွတ်လပ်ခွင့်ကို ပြန်ပေးလိုက်သည်။ အဆုံးမဲ့ရတနာဆေးလုံးကဲ့သို့သော အဖိုးတန် ရတနာများကိုပင် သူမအား ပေးပစ်ခဲ့သေးသည်။
တုရှန်းက ဆက်ပြောလိုက်သည် “အရိပ်ကြယ်ပိတ်သွားတဲ့နောက်ပိုင်း ဟွာချင်းစီက ငါတို့ ရွက်တစ်ထောင်ဂိုဏ်းဆီ ရောက်လာတယ်။ မင်းနဲ့ အချိန်းအချက်လုပ်ထားတယ် ဆိုပြီးတော့”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည် “ဟုတ်တယ်။ ကျုပ်သူနဲ့ ချိန်းထားတယ်”
ဟွာချင်းစီနှင့် အရိပ်ကြယ်တွင် လမ်းခွဲသွားစဉ်က၊ အရိပ်ကြယ်ပိတ်သွား၍ သူ့အား ရှာမတွေ့ပါက ရွက်တစ်ထောင်ဂိုဏ်းတွင် သွားစောင့်နေနိုင်သည်ဟု ပြောခဲ့ပေသည်။ အကြောင်းမှာ ချီယွဲ့နှင့် အခြားသူများသည် ရွက်တစ်ထောင်ဂိုဏ်း ရှိနေသည့် အတွက်ကြောင့် ရန်ကိုင်အနေဖြင့် တစ်နေ့ကျလျှင် ရွက်တစ်ထောင်ဂိုဏ်းဆီသို့ ပြန်လာရန် လိုအပ်သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
ကြည့်ရသလောက် ဟွားချင်းစီသည် သူပြောထားသည့်အတိုင်း သူ့အား ရွက်တစ်ထောင်ဂိုဏ်းတွင် လာစောင့်နေသည့်ပုံပင်။
တုရှန်းက အလေးအနက် အမူအရာဖြင့် မေးလိုက်၏ “ရောင်းရင်းရန် သူ့နောက်ခံကို သိလား”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏ “သူက ကြယ်ဝိဥာဉ်နန်းတော်ရဲ့ တပည့်တစ်ယောက်ပဲ”
ဤအကြောင်းကို ရန်ကိုင် သိထားသည်မှာ ကြာခဲ့လေပြီ။ ဟွာချင်းစီသည် သူမဆရာ၏ အမိန့်ဖြင့် ကြယ်ဝိဥာဉ်နန်းတော်မှ မောင်းထုတ်ထားခံရသော ဟန်းလန်အား ခြေရာခံရန်အတွက် မေပယ်မြို့သို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် ရန်ကိုင်နှင့်တိုးပြီး ရန်ကိုင်၏ ဝိဥာဉ်အစေခံဖြစ်သွားခဲ့ကာ အမျိုးမျိုးသော အလှည့်ပြောင်းများကြောင့် ကမ္ဘာငယ်လေးထဲ ပိတ်ခံလိုက်ရသည်။
တုရှန်း အံ့အားသင့်သွားခဲ့လေ၏ “ရောင်းရင်းရန် အဲ့အကြောင်း သိနေတာလား”
ရန်ကိုင် ထိုအကြောင်းကို သိလိမ့်မည် မဟုတ်ဟု ထင်နေခြင်း ဖြစ်သည်။ ဟွာချင်းစီသည် ရန်ကိုင်အား လှည့်စားအသုံးချသွားသည်ဟု ထင်သဖြင့် ရန်ကိုင် စိတ်ထိခိုက်သွားမည် စိုးရိမ်သည့်အတွက်ကြောင့် ပြောရန်တုန့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပါသော်ငြား အခြေအနေမှာ သူထင်ထားသလို ဖြစ်မနေသည့်ပုံပင်။
ယခု တုရှန်း နားမလည်နိုင် ဖြစ်သွားရလေပြီ။
ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည် “ရောင်းရင်းတု၊ မင်းအမှန်အတိုင်း ပြောလို့ရတယ်... ငါအစ်မဟွာကို ယုံတယ်... ရွက်တစ်ထောင်ဂိုဏ်း အခုလိုဖြစ်ရတာ သူ့ကြောင့်တော့ မဟုတ်လောက်ဘူး”
ရန်ကိုင်သာ ဟွာချင်းစီအား မယုံပါက သူ့လျှို့ဝှက်ချက်အကြောင်းကို သူမအား ဘာကြောင့်များ ပြောပြခဲ့ရပါမည်နည်း။
တုရှန်းက ဆက်ပြောလိုက်သည် “စီနီယာဟွာ ရွက်တစ်ထောင်ဂိုဏ်းကို ရောက်လာတုန်းက ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီ။ ဒါပေမယ့် ရောင်းရင်းရန်နဲ့ ဒီမှာ ချိန်းထားတယ်လို့ပြောလို့ ဆရာလည်း သူ့ကို ဒီမှာပဲ နေခွင့်ပေးထားလိုက်တယ်။ သူဒီမှာ နေနေတုန်းက ချီယွဲ့တို့နဲ့ တော်တော်လေး ရင်းနှီးနေတာ”
ဟွာချင်းစီသည် ရန်ကိုင်နှင့် ချီယွဲ့ အဖွဲ့သားများကြားရှိ ဆက်ဆံရေးအကြောင်း သိပေသည်။ ထို့ကြောင့် သူတို့ ရင်းနှီးသည်မှာ ဘာမှ သံသယဝင်စရာမလို။ ဟွားချင်းစီသည် အရိပ်ကြယ်တွင် ရှိစဉ်ကတည်းက ဧကရာဇ်အဆင့်သို့ ချိုးဖျက်သွားခြင်း ဖြစ်လောက်သည်။ သူမတွင် ရန်ကိုင်၏ အဆုံးမဲ့ရတနာဆေးလုံး အကူအညီ ရှိနေသည် မဟုတ်ပေလော။
“အဲ့တုန်းကတော့ အကုန်လုံး ငြိမ်းချမ်းနေတာပဲ။ ဂိုဏ်းထဲမှာ ဧကရာဇ်အဆင့် ဧည့်သည့် တစ်ယောက်ကပါ လာနေနေတာဆိုတော့ ဂိုဏ်းအတွက် ပိုပြီး အဆင်ပြေခဲ့တာပေါ့” တုရှန်းက အတိတ်အား လွမ်းဆွတ်ဟန်ဖြင့် ပြောလိုက်သည် “ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အဲ့အချိန်တွေက သိပ်မကြာခဲ့ဘူး။ တစ်နေ့၊ အရမ်းအားကောင်းတဲ့ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး စီနီယာအစ်မဟွာကို လာရှာတယ်။ အဲ့လူရဲ့ ကျင့်ကြံခြင်းကို အာရုံမခံနိုင်ခဲ့ဘူးဆိုပေမယ့် ဧကရာဇ်အဆင့် ဆိုတာတော့ သေချာတယ်”
“အဲ့လူ စီနီယာဟွာကို ဘာပြောလိုက်လည်း မသိဘူး။ အဲ့အချိန်မှပဲ ငါတို့လည်း စီနီယာဟွာက ကြယ်ဝိဥာဉ်နန်းတော်ရဲ့ သာမန်တပည့်တင်မဟုတ်ဘူး။ အဲ့က အကြီးအကဲတစ်ဦးရဲ့ တိုက်ရိုက်တပည့်မှန်း သိလိုက်ရတာ”
“အဲ့လူထွက်သွားပြီးတဲ့နောက် ဂိုဏ်းချုပ်က စီနီယာဟွာကို သွားရှာတယ်။ ဒါပေမယ့် ဘယ်မှာမှ ရှာလို့မတွေ့ခဲ့ဘူး။ သူဘယ်ထွက်သွားလည်း ဘယ်သူမှ မသိကြဘူး။ စီနီယာဟွာက ကြယ်ဝိဥာဉ်နန်းတော်က လာတာလေ။ ဒီတော့ သူပျောက်နေမယ် ဆိုရင်တောင် ဘယ်သူမှ သူ့ကို ထိခိုက်အောင် လုပ်ရဲမှာ မဟုတ်ပါဘူးလို့ ထင်ပြီး အဲ့ကိစ္စကို ဒီအတိုင်းပဲ ထားလိုက်တယ်။ ဒါပေမယ့် တစ်လလည်းကြာရော၊ အရိပ်ဓါးပျံဂိုဏ်းက အကြောင်းအရင်းမရှိ ငါတို့ဂိုဏ်းကို တိုက်ခိုက်လာပါရော”
ရန်ကိုင်သည် တုရှန်းပြောသည်ကို နားထောင်နေပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်၍ ပြောလိုက်လေ၏ “ဒါကြောင့် ရောင်းရင်းတုက ဒီကိစ္စက အစ်မဟွာနဲ့ ပက်သက်နေမယ်လို့ တွေးလိုက်တာပေါ့”
တုရှန်းက ရှင်းပြလိုက်သည် “အဲ့ဒါ ငါတို့အထင်သက်သက်မဟုတ်ဘူး။ တကယ် ဖြစ်နေတာ။ ဘာလို့လဲဆိုတော့ ငါတို့ဂိုဏ်း လာတိုက်ခိုက်တဲ့လူတွေထဲမှာ စီနီယာဟွာကို လာရှာတဲ့လူလည်း ပါနေလို့ပဲ။ အဲ့တုန်းက ငါတို့က အဝေးကနေပဲ လှမ်းမြင်လိုက်ရလို့ သူ့မျက်နှာကို သေချာမမြင်လိုက်ရပေမယ့် သူ့ပုံစံကိုတော့ သေချာ မှတ်မိနေသေးတယ်။ အဲ့လူက ကျိန်းသေ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ယောက်ပဲ။ ဒါကြောင့်ပဲ ငါတို့ဂိုဏ်းရဲ့ ကောင်းကင်အဆင့် ရုပ်သေးရုပ်အားလုံးကို ဖိနှိပ်နိုင်ခဲ့တာ”
ရီကျင်းဟန်ကလည်း ဝင်ပြောလိုက်သည် “ဟုတ်တယ်။ ကျွန်မလည်း အဲ့လူကို မြင်လိုက်တယ်။ ကျွန်မတို့ဂိုဏ်းရဲ့ ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေအားလုံးကို အဲ့လူတစ်ယောက်တည်း လှုပ်မရအောင် လုပ်သွားတာ။ ဒါကြောင့် အရိပ်ဓါးပျံဂိုဏ်းကို ကျွန်မတို့ ဘယ်လိုမှ မခုခံနိုင်ခဲ့တာ”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင်၏ မျက်နှာ သုန်မှုန်သွားခဲ့လေ၏။ ယခုမှသာလျှင် ကောင်းကင်အဆင့်ရုပ်သေးရုပ်များစွာကို ပိုင်ဆိုင်ထားသည့် ရွက်တစ်ထောင်ဂိုဏ်း အရိပ်ဓါးပျံဂိုဏ်း၏ တိုက်ခိုက်မှုအား ဘာကြောင့် မခုခံနိုင်ခဲ့သလဲဆိုသည်ကို နားလည်သွားရတော့သည်။ ထိုတိုက်ပွဲတွင် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးပါ ပါနေသည့် အတွက်ကြောင့်ပေကိုး။
ထိုဧကရာဇ်ဒုတိယအဆင့် ပညာရှင်သည် ကြယ်ဝိဥာဉ်နန်းတော်မှလာခြင်း ဖြစ်လောက်သည်။ သူသည် ကြယ်ဝိဥာဉ်နန်းတော်၏ တပည့်ဖြစ်သော ဟွာချင်းစီကို ပြန်ရှာရန်သာ စိတ်ဝင်စားလောက်၏။ ဟွာချင်းစီသည် သူမဆရာကို သစ္စာ မဖောက်ခဲ့သော်ငြား သူမဆရာပေးသည့်တာဝန်ကို ကျေပွန်အောင် မလုပ်ခဲ့ပေ။ သို့သော်ငြား ထိုကိစ္စလေးအတွက် သက်သက်နှင့် ရွက်တစ်ထောင်ဂိုဏ်းကို ဖျက်စီးသည်မှာတော့ သိပ်၍ မဟုတ်လှချေ။
ဤကိစ္စသည် အလွန်ကိုမှ မသင်္ကာစရာ ကောင်းလှသည်။ တုရှန်းကို ကြည့်ရင်းမှ ရန်ကိုင်က ပြောလိုက်သည် “ရောင်းရင်းတုပြောနေတဲ့ နောက်ကွယ်ကလူက...”
ပြောပြီးသည့်နောက် သူ့လက်ကို ကောင်းကင်ပေါ်သို့ ညွှန်ပြလိုက်လေသည်။
တုရှန်းက ခါးသက်သက်ပြုံးလျက် ခေါင်းခါရင်း ပြန်ပြောလိုက်သည် “အဲ့ဒါတော့ ငါလည်းမသိဘူး။ ဒါပေမယ့် အရိပ်ဓါးပျံဂိုဏ်းက ငါတို့ဂိုဏ်းကို အကြောင်းအရင်းမရှိ လာတိုက်ခိုက်မှာတော့ မဟုတ်ဘူး။ အခြားတစ်ယောက်က သွေးထိုးပေးနေလို့ပဲ ဖြစ်ရမယ်”
ရန်ကိုင်နှင့် မတွေ့ခင်က ကြယ်ဝိဥာဉ်နန်းတော်နှင့် ဟွာချင်းစီတို့အား သံသယဝင်မိခဲ့သည်။ သို့သော်ငြား ယခုတစ်ကြိမ် သေချာစဉ်းစားကြည့်လိုက်သည့် အခိုက် ကြယ်ဝိဥာဉ်နန်းတော်သည်သာ သူတို့၏ ရွက်တစ်ထောင်ဂိုဏ်းကို ရှင်းပစ်ချင်ပါက ယခုကဲ့သို့များ ဒုက္ခခံနေစရာ လိုပါ့မလား။ ကြယ်ဝိဥာဉ်နန်းတော်သည် တောင်ဘက်နယ်မြေ တစ်ခုလုံး၏ အရှင်သခင်တစ်ပါး ဖြစ်သည့်အတွက်ကြောင့် သူတို့အတွက် ရွက်တစ်ထောင်ဂိုဏ်းကို ရှင်းပစ်ဖို့ရာမှာ အလွယ်လေးပင်။
ရုတ်ချည်းဆိုသလို အကုန်လုံး တိတ်သွားခဲ့ကြလေသည်။
“သခင်လေးရန်၊ ဒီကိုလာတုန်း ကျွန်မအဖေနဲ့ ပက်သက်တဲ့သတင်းတွေ ကြားမိလား” ရီကျင်းဟန်သည် ရန်ကိုင်ကိုကြည့်ရင်း မေးလိုက်လေသည်။
ရန်ကိုင်က ခေါင်းခါလျက် “ငါဘာမှကိုမသိတာ။ အခုလေးတင်မှ တောင်ဘက်နယ်မြေကို ရောက်လာတာ။ ဂိုဏ်းချုပ်ရီ မသေသေးဘူးလား”
ရီကျင်းဟန်က မှိုင်တိုင်တိုင် အမူအရာဖြင့် “ကျွန်မလည်းမသိဘူး။ ဂိုဏ်းတိုက်ခိုက်ခံရတဲ့ နေ့ကတည်းက အဖေက ကျွန်မတို့ကို ဒီနေရာဆီ ပို့ပြီး အပြင်က ဟင်းလင်းပြင် အစီအရင်ကို ဖျက်စီးပစ်လိုက်တာ။ အဲ့နောက်ပိုင်း ဘာတွေဆက်ဖြစ်လဲ ကျွန်မတို့ မသိတော့ဘူး”
တုရှန်းက ဝင်ပြောလိုက်သည် “ဆရာက ချီယွဲ့နဲ့ အခြားသူတွေကိုလည်း ဒီထဲပို့ဖို့ လုပ်သေးတယ်။ သူတို့က လက်မခံတာ။ အခုတော့... သူတို့တွေ ဘယ်လိုဖြစ်ကုန်ပြီလဲ မသိဘူး”
ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ချီယွဲ့နှင့် ကျန်လူများသည် ကြယ်စီရင်စုကြီး၏ အရှင်သခင်များ ဖြစ်ခဲ့ကြသည့်အတွက်ကြောင့် သူတို့တွင် ကိုယ်ပိုင်မာန ရှိကြပေသည်။ ထို့ကြောင့် ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့်တိုင် ထိုမာနတရားမှာ အရှင်း ပျောက်ကွယ်သွားခြင်း မရှိသေးချေ။ ရွက်တစ်ထောင်ဂိုဏ်းသည် သူတို့အား ခိုလှုံခွင့် ပေးထားဖြင့် ရွက်တစ်ထောင်ဂိုဏ်း ဒုက္ခရောက်နေချိန်တွင် ထွက်ပြေးဖို့ကို သူတို့၏ မာနတရားက ခွင့်မပြုခဲ့ချေ။
“သူတို့ကို စိတ်ပူနေစရာမလိုဘူး။ သူတို့လမ်းသူတို့ ရွေးချယ်ခဲ့တာပဲ” ရန်ကိုင်က သက်ပြင်းအမောကြီး ချလိုက်သည်။ အိုင်းအောင် အသက်ရှင်နေသေးမှန်း သိသော်ငြား ချီယွဲ့၊ ကွေ့ဇူနှင့် ကုချန်းယွင်တို့ မည်ကဲ့သို့ ဖြစ်နေကြသလဲဆိုသည်ကိုတော့ သူမသိပေ။
ရန်ကိုင်က မတ်တပ်ရပ်၍ ပြောလိုက်၏ “တစ်လအတွင်း အရိပ်ဓါးပျံဂိုဏ်းက အရိပ်ဓါးပျံမြို့မှာ လေလံပွဲကျင်းပလိမ့်မယ်။ အဲ့လေလံပွဲမှာ ခင်ဗျားတို့ဂိုဏ်းရဲ့ ကောင်းကင်အဆင့်ရုပ်သေးရုပ်တွေကို လေလံတင်မှာ။ ခင်ဗျားတို့ သွားကြည့်ချင်လား”
“ဘယ်လို” ရီကျင်းဟန်နှင့် တုရှန်းတို့ နှစ်ဦးစလုံး ထိတ်လန့်သွားခဲ့ကြသည်။
ရန်ကိုင်က ပြောလိုက်၏ “လေလံပွဲက သော့ချက်ပဲ။ ဘာကြောင့် ဒီလိုတွေ ဖြစ်ရလဲ ဆိုတာကို အဲ့လေလံပွဲ သွားတက်ရင် အကုန်ရှင်းသွားလိမ့်မယ်”