အခန်း (၂၆၆၉)
Vol. 114 Ch. 2669
အရိပ်ပျံဓါးဂိုဏ်းမှ သူတို့ဂိုဏ်း၏ ကောင်းကင်အဆင့်ရုပ်သေးရုပ်များအား လေလံတင်ရန် ကြိုးစားနေသည့်အကြောင်း ကြားလိုက်ရချိန် တုရှန်းနှင့် ရီကျင်းဟန်တို့ နှစ်ဦးစလုံး ဒေါသထွက်သွားခဲ့ကြသည်။ သူတို့ဂိုဏ်း အားနည်းသည့်အတွက်ကြောင့် ဖျက်စီးခံလိုက်ရသည့်အပေါ် အထွန့်မတက်နိုင်ပါသော်ငြား သူတို့ဂိုဏ်း၏ ဘိုးဘေး အမွေအနှစ်များကို ကုန်ပစ္စည်းများနှယ် လေလံတင်နေသည်မှာတော့ သူတို့ဂိုဏ်းအား အရှက်ခွဲနေခြင်း ဖြစ်ပေသည်။
ရီကျင်းဟန်နှင့် တုရှန်းတို့ နှစ်ဦးစလုံး အရိပ်ဓါးပျံမြို့သို့ ပျံသန်းသွားပြီး သူတို့ဂိုဏ်း၏ ကောင်းကင်အဆင့် ရုပ်သေးရုပ်များအား ပြန်လုယူပစ်ချင်စိတ်များပင် ဖြစ်လာခဲ့သည်။
သို့သော်ငြား တစ်ခဏမျှ ဒေါသထွက်နေပြီးသည့်နောက် နှစ်ဦးစလုံး တစ်ဖန်ပြန်လည် စိတ်ဓါတ်ကျသွားကြပြန်လေသည်။ လုံလောက်သည့် ခွန်အားသာ မရှိလျှင် အရာရာသည် အကောင်အထည်မရှိသည့် အိမ်မက်တစ်ခုသက်သက်သာ ဖြစ်လေသည်။ သူတို့အနေဖြင့် အရိပ်ဓါးပျံမြို့သို့ သွားလျှင်ပင် ကျောက်တောင်ကို ကြက်ဥဖြင့် ပေါက်သလိုသာ ဖြစ်နေပေလိမ့်မည်။
သူတို့ ဤနေရာတွင် ပုန်းအောင်းနေခြင်းမှာ တစ်နေ့ကျ ပြန်လက်စားချေနိုင်ရန်အတွက် သူတို့၏ ခွန်အားကို တိုးတက်အောင် လုပ်လိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။
ထိုနှစ်ဦးပုံစံကိုမြင်သော် ရန်ကိုင်က ပြောလိုက်လေ၏ “ခင်ဗျားတို့ နှစ်ယောက် ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ်၊ ကျုပ်ကတော့ အရိပ်ဓါးပျံမြို့ကို ကျိန်းသေ သွားမှာ”
တုရှန်း ကြောင်သွားခဲ့ပြီး စိုးရိမ်ပူပန်နေသည့် လေသံဖြင့် “ဒါပေမယ့် အရိပ်ဓါးပျံမြို့က အရိပ်ဓါးပျံဂိုဏ်းရဲ့ ဠာနချုပ်နော် ရောင်းရင်းရန်၊ အဲ့မှာ လေလံပွဲကျင်းပတယ် ဆိုကတည်းက အပြည့်အဝ ပြင်ဆင်ထားလို့ပဲ။ ရောင်းရင်းရန် အဲ့ကိုသွားတာ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်မနေဘူးလား”
ရန်ကိုင်က ပြုံးဖြီးလျက် “အဲ့ဒါကတော့ သူတို့ဘယ်လောက် တတ်နိုင်လဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့”
“ရောင်းရင်းရန်၊ မင်း...” တုရှန်း ရန်ကိုင်၏ သတ္တိကို လေးစားမိသွားခဲ့သည်။ သို့သော်ငြား မကြာမီ၌ တစ်ခုခုအား စဉ်းစားမိသွားပြီး ပြန်၍ မေးလိုက်လေသည် “ရောင်းရင်းရန် ဧကရာဇ်အဆင့်ကို ရောက်သွားပြီလား”
ထိုမေးခွန်းကိုကြားသည့်အခါ ရီကျင်းဟန်လည်း ကြောင်သွားခဲ့လေသည်။
ရန်ကိုင် ဤနေရာသို့ ရောက်လာစဉ်က သူတို့စိတ်ထဲ အခြားကိစ္စများသာ ရောက်နေသည့် အတွက်ကြောင့် ရန်ကိုင်၏ ကျင့်ကြံခြင်းကို သတိမထားမိခဲ့။ ယခု ရန်ကိုင်၏ ယုံကြည်ချက်ရှိနေသည့် အမူအရာကို မြင်သည့်အခါမှသာ သူတို့၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရန်ကိုင်၏ ကျင့်ကြံခြင်းကို စစ်ဆေးမိလိုက်ကြ၏။
သူတို့၏ ကောင်းကင်စိတ်အာရုံများသည် ပင်လယ်ထဲသို့ ကျသွားသည့် ခဲတစ်လုံးနှယ် မည်သည့် လှိုင်းကိုမှ မဖြစ်စေခဲ့ပေ။ သူတို့ ခံစားမိလိုက်သည့်အရာဆို၍ ရန်ကိုင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော ဝိုးတဝါးတား ဧကရာဇ်အဆင့် အရှိန်အဝါသာ ရှိလေသည်။
ရန်ကိုင်သည် အမှန်တကယ်ကို ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့လေပြီ။
ရန်ကိုင်၏ ကျင့်ကြံနှုန်းကြောင့် ရီကျင်းဟန်နှင့် တုရှန်းတို့ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ကြသည်။ သို့သော်ငြား ဤလောကကြီးထဲရှိ သူတို့ အမှီမလိုက်နိုင်အောင် တော်လွန်းလှသော ပါရမီရှင်များ အကြောင်း ပြန်စဉ်းစားမိလိုက်သော် ရန်ကိုင်သည် ထိုကဲ့သို့သော ပါရမီရှင်တစ်ဦး ဖြစ်မည်ဟုတွေးလျက် ဖြေသိမ့်လိုက်ကြလေသည်။
တုရှန်းက အလေးအနက် အမူအရာဖြင့် “ရောင်းရင်းရန်၊ မင်းဧကရာဇ်အဆင့် ပညာရှင်တစ်ယောက် ဖြစ်နေပြီဆိုရင်တောင် အရိပ်ဓါးပျံမြို့က အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်နေတုန်းပဲနော်...”
ရန်ကိုင်အား ထိုနေရာသို့ မသွားရန် သွယ်ဝိုက် သတိပေးနေခြင်း ဖြစ်ပေသည်။
အရိပ်ဓါးပျံဂိုဏ်းတွင် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ရှိနေသည်ကို ထည့်မတွက်လျှင် သူတို့ဂိုဏ်း၏ ကောင်းကင်အဆင့်ရုပ်သေးရုပ်များကို ဖိနှိပ်သွားသည့်လူသည် သာမန် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး မဖြစ်နိုင်ချေ။ ယခုကိစ္စတွင် ကြယ်ဝိဥာဉ်နန်းတော်သာ ပါဝင်ပက်သက်နေမည်ဆိုလျှင် ရွက်တစ်ထောင်ဂိုဏ်းအနေဖြင့် မကျေနပ်လျှင်ပင် ငြိမ်ခံနေရုံသာ တတ်နိုင်ပေလိမ့်မည်။
ရန်ကိုင်က လက်ဝှေ့ရမ်း၍ ပြောလိုက်၏ “အန္တရာယ်မများရင် ပျော်စရာမကောင်းတော့ဘူးလေ”
ရီကျင်းဟန်နှင့် တုရှန်းတို့ နှစ်ဦးစလုံး ရန်ကိုင်အား ကြက်သေသေနေသည့် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ ရန်ကိုင်ဘာကြောင့် သူ့ကိုယ်သူ ဤမျှ ယုံကြည်ချက် ရှိနေရသလဲ ဆိုသည်ကို သူတို့လုံးဝ နားမလည်နိုင် ဖြစ်နေကြသည်။ သို့သော်ငြား ပျက်စီးသွားပြီဖြစ်သော သူတို့ဂိုဏ်းအကြောင်း၊ သေဆုံးသွားပြီဖြစ်သော ညီအစ်ကိုမောင်နှမများအကြောင်း စည်းစားမိလိုက်သော် သူတို့၏သွေးများ ဆူပွက်လာခဲ့ရလေသည်။ ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေ၏ “ဒါဆို ငါတို့လည်းလိုက်မယ်။ သေရမယ်ဆိုရင်တောင် ဂိုဏ်းက ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေကို ပြန်ယူရမယ်”
နှစ်ဦးစလုံးမှာ စိတ်ဓါတ်တက်ကြွနေကြပါသော်ငြား သူတို့ လက်ရှိခွန်အားဖြင့် ကောင်းကင်အဆင့်ရုပ်သေးရုပ်များကို မည်သို့မှ ပြန်ယူနိုင်လိမ့်မည် မဟုတ်မှန်း သိနေကြသည်။ သူတို့ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားသည်နှင့် တစ်ပြိုင်နက် တစ်ဖက်အဖွဲ့သားများ၏ ဝိုင်းဝန်းဖမ်းဆီးခြင်းခံရပေလိမ့်မည်။
အရိပ်ဓါးပျံဂိုဏ်းနှင့် ရွက်တစ်ထောင်ဂိုဏ်းကြား၌ ရန်ငြိုးရန်စမှာ အမြစ်တွယ်သွားပြီ ဖြစ်သည့်အတွက်ကြောင့် အရိပ်ပျံဓါးဂိုဏ်းသည် နောက်ပိုင်း ပြဿနာ ဖြစ်မလာစေရန် ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ပေလိမ့်မည်။
ရန်ကိုင်က ပြုံးလျက် “စိတ်ဓါတ်ဆိုတာ အဲ့ဒါပဲ”
ရန်ကိုင်မှ ရီကျင်းဟန်နှင့် တုရှန်းတို့အား ခေါ်သွားလိုခြင်းမှာ သူတို့၏ အကူအညီကို ရယူလိုသည့်အတွက်ကြောင့်မဟုတ်။ နှစ်ဦးစလုံးမှာ တာအိုသခင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြလေရာ တကယ်တမ်း တိုက်ပွဲဖြစ်လာခဲ့သည်ရှိသော် သူ့အား မည်သည့်အကူအညီမှ ပေးနိုင်လိမ့်မည် မဟုတ်ချေ။ ထို့အစား ထိုနှစ်ဦးသည် ရွက်တစ်ထောင်ဂိုဏ်းသားများ ဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင်မှ သူတို့ နှစ်ဦးအား ခေါ်သွားလိုခြင်း ဖြစ်ပေသည်။ သူတို့ခေါ်၍ အရိပ်ဓါးပျံမြို့ထဲသို့ သွားသည်မှာ ရန်ကိုင်မှ ဤတိုက်ပွဲတွင် ဝင်ပါရန်အတွက် လက်မှတ်တစ်စောင် ဝယ်လိုက်သလိုပင်။ ထို့အပြင် လတ်တလောအခြေအနေအရ သူနှင့် အိုင်းအောင်တို့ကြားရှိ ဆက်ဆံရေးအား အခြားသူများ သိသွားမည်ကိုလည်း ရန်ကိုင် မလိုလားချေ။
ဆုံးဖြတ်ပြီးသွားသည့် နောက်တွင် ရီကျင်းဟန်နှင့် တုရှန်းတို့ နှစ်ဦးစလုံး တုန့်ဆိုင်းမနေကြတော့ချေ။ နှစ်ဦးစလုံးသည် သူတို့၏ သစ္စာရှိတပည့်အချို့ကိုခေါ်၍ ဧကရာဇ်တောင်ကြားတွင် ကျင့်ကြံကာ နေခဲ့ရန် ပြောလိုက်သည်။ အကယ်၍ သူတို့နှစ်ဦး ပြန်မလာနိုင်ခဲ့သည်ရှိသော် ရွက်တစ်ထောင်ဂိုဏ်းအား ပြန်လည်တည်ထောင်ရမည့် တာဝန်သည် ထိုလူများ၏ ပခုံးပေါ် ကျသွားပေလိမ့်မည်။
ထိုရွက်တစ်ထောင်ဂိုဏ်းသားများမှာတော့ ရီကျင်းဟန်နှင့် တုရှန်းအား မသွားရန် အတတ်နိုင်ဆုံး ဖျောင်းဖျလေသည်။ သို့သော်ငြား အရာမရောက်ခဲ့ချေ။
နေ့ဝက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ရီကျင်းဟန်၊ တုရှန်းတို့နှင့်အတူ ဧကရာဇ်တောင်ကြားထဲမှ ထွက်ကာ ရွက်တစ်ထောင်ဂိုဏ်း၏ ဟင်းလင်းပြင်အစီအရင် ရှိနေသည့် အမည်မဲ့တောင်ကြားဆီသို့ ပြန်လာခဲ့သည်။
ရီကျင်းဟန်နှင့် တုရှန်းတို့မှာ တောင်ဘက်နယ်မြေ ဒေသခံများ ဖြစ်ကြသည့် အတွက်ကြောင့် အရိပ်ဓါးပျံဂိုဏ်းနှင့် အရိပ်ဓါးပျံမြို့ မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို သိကြပေသည်။ ထို့ကြောင့် သူတို့ အကူအညီဖြင့် သွားလိုက်ရာ သုံးရက် ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့လေးဦး အရိပ်ဓါးပျံမြို့သို့ ရောက်လာကြ၏။
အရိပ်ဓါးပျံမြို့သည် အတော်လေးကိုမှ ကျယ်ဝန်းလှကာ မိုးထိမတတ် အဆောက်အဦးများဖြင့် ပြည့်နေသည်။ မြို့နံရံများမှာ မီတာပေါင်းများစွာ မြင့်မားပြီး ဧရာမဓါးကြီးတစ်ချောင်းသည် မြို့ဂိတ်ပေါက်ထက်တွင် ဝဲခိုနေခဲ့သည်။ ရီကျင်းဟန်နှင့် တုရှန်းတို့သည် မသက်မသာ အမူအရာများဖြင့် မြို့ဂိတ်ပေါက် အပြင်ဘက်၌ ဆင်းလိုက်ကြလေသည်။
မူလအစီအစဉ်မှာတော့ ရုပ်ဖျက်၍ ရန်သူ့ပိုင်နက်ထဲသို့ ဝင်ရန်ပင်။ နောက်မှသာ တိုးတိုးတိတ်တိတ်ဖြင့် အကြံအစည်ကို အကောင်အထည် ဖော်ပေမည်။ သို့သော် ရန်ကိုင်သည် သူတို့အား ရုပ်မဖျက်ခိုင်းပဲ မူရင်းမျက်နှာဖြင့်သာ သွားခိုင်းခဲ့သည်။
ထို့အတွက်ကြောင့် နှစ်ဦးစလုံးမှာ ခရီးတစ်လျှောက် အလွန်ကိုမှ စိုးရိမ်ပူပန်ခဲ့ကြကာ အရိပ်ဓါးပျံမြို့ဂိတ်ပေါက်ရှေ့သို့ ရောက်လာပြီးနောက် ပို၍ စိုးရိမ်လာကြလေ၏။
နှစ်ဦးစလုံးမှာ သေရန် အဆင်သင့်ပြင်ထားကြပါသော်ငြား အနည်းဆုံးတော့ တစ်ခုခု လုပ်ပြီးမှ သေချင်ပေသည်။ ယခုကဲ့သို့ အလကားသက်သက် သေရမည်ဆိုလျှင်တော့ လာအသေမခံတော့ဘဲ ကိုယ့်ဘာသာ ဧကရာဇ်တောင်ကြားတွင်နေ၍သာ ကြိုးစား ကျင့်ကြံနေလိုက်ပေတော့မည်။ သို့သော်ငြား ရန်ကိုင်တွင် ဝှက်ဖဲတစ်ခုခု ရှိနေသည့်ပုံ ပေါက်နေခဲ့၏။
ဂိတ်ပေါက်နားတွင် ကျင့်ကြံသူပေါင်းများစွာသည် မြို့ထဲသို့ဝင်ရန် တန်းစီနေကြသည်။ အရိပ်ဓါးပျံမြို့သည် ယခင်ကတည်းက စည်းကားသည့်မြို့တစ်မြို့ ဖြစ်ခဲ့သည်။ ယခု လေလံပွဲကပါ ကျင်းပတော့မည် ဖြစ်သည့်အတွက်ကြောင့် ရွက်တစ်ထောင်ဂိုဏ်း၏ ကောင်းကင်အဆင့်ရုပ်သေးရုပ်များ၊ ပြီးပြည့်စုံသော ကြယ်အမြူတေအား ပိုင်ဆိုင်ထားသည့် ကြယ်သခင်ကို စိတ်ဝင်စားကြသည့် လူများမှာ အရိပ်ဓါးပျံမြို့သို့ ရောက်လာကြကုန်လေရာ မြို့မှာ လူများဖြင့် ပြည့်ကြပ်နေတော့သည်။
လက်ရှိအချိန်တွင် အရိပ်ဓါးပျံမြို့၏ လမ်းမများထက် တာအိုသခင်အဆင့် ကျင့်ကြံသူများဖြင့် ပြည့်နေပြီး ဧကရာဇ်အဆင့် ပညာရှင်များစွာကိုပင်လျှင် ဟိုတစ်နေရာ၊ သည်တစ်နေရာ တွေ့နေရသည်။
မြို့သခင်စံအိမ်ထဲတွင်တော့ အရိပ်ဓါပျံဂိုဏ်း၏ ဂိုဏ်းချုပ်၊ လီချင်းယွင် ရှိနေခဲ့သည်။
ဓါးတာအိုကို လိုက်စားသော ဧကရာဇ်ပထမအဆင့် ပညာရှင်တစ်ဦး ဖြစ်သည်နှင့်အညီ လီချင်းယွင်သည် တောင်ဘက်နယ်မြေတွင် အတော်လေးကို နာမည်ကျော်ကြားသည့် ပညာရှင် တစ်ဦးဖြစ်သည်။ သူ့အဆင့်အတန်းအရ သူ့အနေဖြင့် ဤနေရာတွင် ရှိနေစရာ မလိုချေ။ သို့သော်ငြား မကြာမီလာမည့် လေလံပွဲကြောင့် နယ်ပယ်အသီးသီးမှ ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ ဤနေရာသို့ ရောက်နေကြသဖြင့် ထိုလူများကို ကြိုဆိုဧည့်ခံရန်အတွက် ဂိုဏ်းချုပ်ဖြစ်သည့် သူကိုယ်တိုင် ဤနေရာသို့ ရောက်နေရခြင်း ဖြစ်ပေသည်။
ယခုတလောအတွင်း ဤမြို့ထဲသို့ အရိပ်ဓါးပျံဂိုဏ်းပင် သွားရန်မစဝံ့သည့် အင်အားစုမှ ပညာရှင်များ ရောက်လာကြပေသည်။ ထိုကဲ့သို့သော လူများကို ဤနေရာ၏ ပိုင်ရှင် ဖြစ်သော လီချင်းယွင်ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကြိုဆိုရလေ၏။ ဤအခိုက်အတန့်သည် အရိပ်ဓါးပျံဂိုဏ်းအတွက် အင်အားစုပေါင်းများစွာနှင့် မိတ်ဆွေဖွဲ့နိုင်မည့် အခွင့်အရေး တစ်ရပ်ပင် ဖြစ်လေသည်။
ထိုကဲ့သို့သော လူများကို ဧည့်ခံနေရသည့်အတွက်ကြောင့် လီချင်းယွင်မှာ ကျင့်ကြံရန် မဆိုထားနှင့် နားချိန်ကောင်းကောင်းပင် မရခဲ့ချေ။ ထို့အပြင် လေလံပွဲနီးလာသည်နှင့် သူ့စိတ်မှာ ပိုပို၍ ဂနာမငြိမ် ဖြစ်လာလေသည်။
သူ့ကျင့်ကြံခြင်းမှာ အလွန်မြင့်မားခြင်းမရှိပါသော်ငြား သတ်ဖြတ်ရာတွင် အထူးပြုသော တာအိုကိုကျင့်ကြံထားသည့်အတွက်ကြောင့် အန္တရာယ်ကို အာရုံခံစားနိုင်စွမ်း မြင့်ပေသည်။ သူ့စိတ်ထဲ လေလံပွဲ၌ တစ်ခုခု ဖြစ်တော့မည်ဟု ခံစားနေခဲ့ရကာ၊ ထိုလေလံပွဲတွင် သတိလက်လွတ်နေလိုက်ပါက အရိပ်ဓါးပျံတစ်ဂိုဏ်းလုံးသည်ပင်လျှင် ဖျက်စီးခံရလိမ့်မည်ဟု ခံစားနေခဲ့ရသည်။
သို့သော်ငြား လီချင်းယွင် မလွန်ဆန်နိုင်သည့် ထိုဆရာမှ အမိန့်ပေးထားသည့်အတွက်ကြောင့် လေလံပွဲကိုတော့ ကျိန်းသေ ကျင်းပရပေလိမ့်မည်။
“ဂိုဏ်းချုပ်” အပြင်ဘက်မှ အသံတစ်သံ ထွက်လာခဲ့သည်။
“ဘာကိစ္စလဲ” လီချင်းယွင် မျက်လုံးပွင့်လာခဲ့သည်။ သူ့မျက်နှာထက် ပင်ပန်းနွမ်းနွယ်သည့် အရိပ်ယောင်တို့ကို အထင်းသာ မြင်နေရလေသည်။ ဖြစ်သာဖြစ်နိုင်လျှင် သူ့ဘာသာ ဂိုဏ်းထဲ အေးဆေးနေ၍ ဓါးပညာကိုသာ ကျင့်ကြံချင်နေမိသည်။ သို့သော်ငြား ထိုဆရာ၏ ရှေ့မှောက်တွင် သူနှင့်အရိပ်ဓါးပျံဂိုဏ်းသာ ပွန်းရုပ်သာသာ သာ ဖြစ်သည့်အတွက်ကြောင့် လီချင်းယွင် အနေဖြင့် မလုပ်ချင်လျှင်ပင် တစ်ဖက်လူပြောသည့်အတိုင်း လုပ်ရ၏။
“ရွက်တစ်ထောင်ဂိုဏ်းရဲ့ အသက်ရှင်ကျန်ရစ်တဲ့နှစ်ယောက် ပေါ်လာတယ်လို့ တပည့်တွေက တင်ပြလာလို့ပါ” အပြင်ဘက်က အသံက ပြန်ပြောလိုက်သည် “တစ်ယောက်က ရွက်တစ်ထောင်ဂိုဏ်းချုပ်ရဲ့ သမီးဖြစ်ပြီး နောက်တစ်ယောက်က တပည့်ခေါင်းဆောင်လို့ ပြောပါတယ်”
“သူတို့ဘယ်မှာလဲ” လီချင်းယွင် မျက်လုံးမှေးစင်းသွားခဲ့သည်။
“မြို့ဂိတ်ပေါက်မှာပါ။ အခု မြို့ထဲဝင်ဖို့ လုပ်နေပါတယ်”
လီချင်းယွင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဧရာမ ပါးစပ်ပေါက်ကြီးတစ်ခုခုသည် သူ့အား တဖြည်းဖြည်း ဝါးမြိုရန် ကြိုးစားနေသည့်အလား သူခံစားနေရသည့် မသက်မသာ ခံစားချက်မှာ အချိန်နှင့်အမျှ ပိုပို၍ အားကောင်းလာနေခဲ့သည်။ သူ့အနေဖြင့် ဤကဲ့သို့ မခံစားခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာခဲ့လေပြီ။ သူခံစားနေရသည်မှာ ထင်ယောင်ထင်မှား သက်သက်မဟုတ်ကြောင်း ပြောပြလိုသည့်အလား ကျောက်စိမ်းပုံရိပ်ယောင်ဓါးမှာလည်း အဆက်မပြတ်ကို တုန်ခါနေခဲ့လေသည်။
အပြင်ဘက်တွင်ရှိနေသော လူသည် အချိန်အတော်ကြာအောင် စောင့်နေခဲ့ပါသော်ငြား ဂိုဏ်းချုပ်ဆီမှ မည်သည့်အသံကိုမှ ပြန်မကြားခဲ့ရသဖြင့် ဆက်၍သာ စောင့်နေရလေ၏။
တစ်ချိန်တည်းတွင် မြို့ဂိတ်ပေါက်၌ ဝရုန်းသုန်းကား ဖြစ်နေခဲ့လေသည်။
အရိပ်ဓါးပျံဂိုဏ်းသားအချို့သည် ရန်ကိုင်တို့အား ကောင်းကင်မှရော၊ မြေပြင်မှပါ ဝိုင်းရံထားခဲ့ကာ မဆိုင်သူများမှာတော့ ခပ်ဝေးဝေးသို့ ဆုတ်နေကြလေသည်။
အရိပ်ဓါးပျံဂိုဏ်းသည် ရွက်တစ်ထောင်ကို ဖျက်စီးခဲ့သည့်အတွက်ကြောင့် ရွက်တစ်ထောင်ဂိုဏ်းသားနှစ်ယောက် ဤနေရာတွင် ပေါ်လာသည်ကို မြင်သည့်အခါ အရိပ်ဓါးပျံဂိုဏ်းသားများ အံ့အားသင့်သွားကုန်ကြရလေသည်။ ရန်သူများ ကိုယ့်သေတွင်း ကိုယ်လာတူးသည်ကို မြင်ကြသည့်အခါ သူတို့လည်း တစ်ဖက်လူအား ဘာကြောင့်များ လွှတ်ပေးရမည်နည်း။
ရီကျင်းဟန်နှင့် တုရှန်းတို့သည် ရွက်တစ်ထောင်ဂိုဏ်း၌ အတော်လေးကိုမှ အဆင့်အတန်း မြင့်မားကြသည့် လူများ ဖြစ်ကြသည်။ ထို့အပြင် ရန်ကိုင်သည် တန်းမစီဘဲ လူရမ်းကားပုံစံဖြင့် အတင်းတိုးဝင်လာခြင်း ဖြစ်လေရာ မြိုဂိတ်ပေါက်ကို စောင့်နေကြသည့် လူများသည် ရီကျင်းဟန်နှင့် တုရှန်းတို့အား ချက်ချင်း သတိထားမိသွားကြလေသည်။
အမိန့်ပေးစရာ မလိုဘဲနှင့်ပင် အရိပ်ဓါးပျံဂိုဏ်းသားများသည် ရန်ကိုင်တို့အဖွဲ့အား ချက်ချင်း ဝိုင်းလိုက်ကြလေသည်။ ထိုအခြင်းအရာကိုမြင်သည့်အခါ ရီကျင်းဟန်နှင့် တုရှန်းတို့ နှစ်ဦးစလုံး မဲ့ပြုံးပြုံးလိုက်ကြသည်။
ရန်ကိုင်သည် သူတို့အား ရုပ်မဖျက်ခိုင်းရုံမက ယခုကဲ့သို့ပင် တစ်ဖက်လူအား ပြောင်ပြောင်တင်းတင်း သွားရန်စလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင် ဘာများ လုပ်ချင်နေလေသနည်း။ ဘာကြောင့်များ အရိပ်ပျံဓါးမြို့ထဲတွင် လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်သည်ဟု သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေရသနည်း။
ယခုမှတော့ တွေး၍ နောင်တရနေချိန်မရှိတော့။ အရိပ်ပျံဓါးဂိုဏ်းသားများ ရွက်တစ်ထောင်ဂိုဏ်းသားများအပေါ် မည်ကဲ့သို့ လုပ်ခဲ့သလဲ ပြန်စဉ်းစားမိသော် ဒေါသကြောင့် နှစ်ဦးစလုံး၏ မျက်လုံးများ ရဲတက်လာခဲ့ကြလေသည်။ သူတို့ သေရမည်ဆိုလျှင်ပင် ရန်သူအချို့ကိုပါ သူတို့နှင့်အတူ ဆွဲခေါ်သွားရပေလိမ့်မည်။
“အရိပ်ပျံဓါးမြို့ထဲကို ကျူးကျော်လာရဲတယ်၊ မင်းတို့ ရွက်တစ်ထောင်ဂိုဏ်းသားတွေက တကယ်ကို သွေးနားထင်ရောက်နေကြတာပဲကွ”
အရိပ်ပျံဓါးဂိုဏ်းတပည့်များ၏ ခေါင်းဆောင်ဖြစ်သော တာအိုသခင်အဆင့် ကျင့်ကြံသူသည် ရီကျင်းဟန်နှင့် တုရှန်းတို့အား စိုက်ကြည့်ကာ အော်ပြောလိုက်၏။ သို့သော် ရန်ကိုင်နှင့် ယင်ဖေးတို့ကိုမြင်သွားချိန် သူဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ ထိုနှစ်ဦးသည် ရွက်တစ်ထောင်ဂိုဏ်းမှ လူများနှင့် ဘာကြောင့် အတူရှိနေရလဲ ဆိုသည်ကို လုံးဝ နားမလည်နိုင် ဖြစ်သွားလေ၏။