← Chapters

အခန်း (၂၆၇၂)

Vol. 114 Ch. 2672

အခန်း (၂၆၇၂)

Vol. 114 Ch. 2672

“အစီအရင်ဖွင့်မယ်…” ခေါင်းဆောင်တစ်ဦးမှ အော်ဟစ်လိုက်သည်နှင့်တစ်ပြိုင်နက် သုံးရာနီးပါးရှိသော အရိပ်ဓါးပျံဂိုဏ်းမှ တပည့်များသည် အတူတကွ စုဝေးလျက် ဓါးအစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ သူတို့၏အရှိန်အဝါများမှာ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်သွားကြပြီး အကုန်လုံး၏ ဓါးစိတ်ဆန္ဒမှာလည်း တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွားကြလေသည်။

လက်ရှိ မြို့သခင်စံအိမ်ရှေ့တွင် ရပ်နေသည်မှာ ကျင့်ကြံသူပေါင်းသုံးရာ မဟုတ်တော့ဘဲ အလွန်တရာကိုမှ အားကောင်းလှသည့် ဓါးတစ်ချောင်း ဖြစ်သည့်အလား။ ထို စူးရှလှသည့် ဓါးစိတ်ဆန္ဒကို အရိပ်ဓါးပျံတစ်မြို့လုံးတွင် ရှိနေသော ကျင့်ကြံသူအားလုံး ခံစားမိနေကြသည်။

ရန်ကိုင်သည် သူ့ရှေ့တွင်ရှိနေသော ဓါးအစီအရင်အား အထင်အမြင်တသေးဖြင့် ကြည့်လျက် လှောင်ပြုံးပြုံးကာ ပြောလိုက်လေ၏။ “ဂိုဏ်းချုပ်လီ… ဒါ ခင်ဗျားတို့ဂိုဏ်းက ဧည့်သည်တွေကို ကြိုဆိုတဲ့ပုံစံလား…”

လီချင်းယွင်သာ ‘ဟုတ်တယ်…’ ဟု ပြန်ပြောလာခဲ့ပါက ရန်ကိုင်သည် ထိုလူသုံးရာစလုံးကို သတ်ပစ်ရန် ဝန်လေးနေလိမ့်မည် မဟုတ်ချေ။

ဤဓါးအစီအရင်မှာ အံ့ဩဖွယ်ရာကောင်းပါသော်ငြး သူ့ကိုတော့ မတားနိုင်ပေ။

“သူတို့ကို ဝင်လာခိုင်းလိုက်…” မြို့သခင်စံအိမ်အတွင်းဆီမှ တည်ငြိမ်သည့်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်သည် သူ့အိမ်ရှေ့တံခါးသို့ပင် ရောက်အောင် လာနေပြီ ဖြစ်သည့်အတွက်ကြောင့် လီချင်းယွင်အနေဖြင့် ရန်ကိုင်အား ရှောင်ဖယ်မနေနိုင်တော့ပေ။ သို့သော်ငြား သူတို့ဂိုဏ်းမှ တပည့်များစွာကို သတ်ပစ်သွားသည့်တိုင် လီချင်းယွင်မှာ ရန်ကိုင်အား ပြဿနာမရှာခဲ့သည့်အပေါ် အကုန်လုံးမှာတော့ အတော်လေးကိုမှ အံ့အားသင့်နေမိကြလေသည်။

“ဂိုဏ်းချုပ်…” ဓါးအစီအရင်၏ ပင်မအမြုတေနေရာတွင် တာဝန်ယူထားကြသော တာအိုသခင်သခင်တတိယအဆင့် ကျင့်ကြံသူသုံးဦးသည် မြို့သခင်စံအိမ်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်ကြလေသည်။

ဤဓါးအစီအရင်သည် ကျင့်ကြံသူပေါင်းသုံးရာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက်ကြောင့် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးသည်ပင်လျှင် ဤဓါးအစီအရင်နှင့် တွေ့ပါက အတော်လေးကိုမှ ရုန်းကန်သွားရနိုင်ပေသည်။ ရန်ကိုင်တို့အဖွဲ့မှ သူတို့၏ဂိုဏ်းသားများကို သူတို့ပိုင်နက်ထဲသို့ လာ၍ သတ်ပစ်ခဲ့သည့်အပေါ် သူတို့အနေဖြင့် မည်ကဲ့သို့များ သည်းခံနိုင်ပါမည်နည်း။

“ဝင်ခွင့်ပေးလိုက်လို့ ငါပြောနေတယ်လေ…”

လီချင်းယွင်က နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ သူ့လေသံထဲ အမိန့်ပေးသံတို့ ပါဝင်နေခဲ့လေသည်။

ဓါးအစီအရင်အား ကြီးကြပ်နေသည့် အကြီးအကဲ၏အမူအယာ အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားလေသည်။ သို့ရာတွင် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်‌နောက် အံကြိတ်၍ အော်ပြောလိုက်လေ၏။ “ဝင်ခွင့်ပေးလိုက်…”

လူအုပ်ကြီးမှာ ချက်ချင်း လူစုခွဲလိုက်ကြလေသည်။ လူစုကွဲသွားသည်နှင့် တစ်ပြိုင်နက် ဓါးစိတ်ဆန္ဒမှာလည်း ရုတ်ချည်း ထိုးကျသွားခဲ့လေ၏။

“ရွေးတာတော်တယ်…” ရန်ကိုင်၏မျက်လုံးထဲ သံသယရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ ဤလီချင်းယွင်မှာ အတော်လေးကိုမှ စိတ်ဝင်စားစရာ ကောင်းလှသည်ဟုလည်း တွေးမိလာခဲ့လေသည်။

အကုန်လုံး၏ ရန်ဆောင်သည့် အကြည့်အောက်တွင်ပင် ရန်ကိုင်သည် ရီကျင်းဟန်နှင့်တုရှန်းကို ဦးဆောင်လျက် မြို့သခင်စံအိမ်ထဲသို့ ဝင်သွားလေသည်။

ရန်ကိုင်မှာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေပါသော်ငြား ရီကျင်းဟန်နှင့် တုရှန်းတို့မှာတော့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေကြလေသည်။ အရိပ်ဓါးပျံဂိုဏ်းမှ အဖွဲ့သားများ သူတို့ပြောစကားကိုမတည်ဘဲ ရုတ်တရက် ထတိုက်ခိုက်လာခဲ့သည်ရှိသော် အချိန်မရွေး တုံ့ပြန်နိုင်ရန်အတွက် သူတို့၏အရင်းအမြစ်ချီကို မသိမသာလေး လှည့်ပတ်ထားလိုက်ကြလေ၏။

သို့သော်ငြား မြို့သခင်စံအိမ်သို့ လုံလုံခြုံခြုံဖြင့် ဝင်လာနိုင်ပြီးသည့်နောက် နှစ်ဦးစလုံးမှာ နားမလည်နိုင်ဟန်ဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ တစ်ချိန်တည်းတွင် သူတို့စိတ်ထဲ၌လည်း စိတ်သက်သာရာ ရသွားမိကြသည်။

လက်ရှိအချိန်တွင် မြို့သခင်စံအိမ်၏ အဓိကခန်းမထဲ၌ လူတစ်ဦး တင်ပလင်ခွေထိုင်နေခဲ့လေသည်။ ထိုလူ၏ ခန္ဓာကိုယ်မှာ ဓါးတစ်စင်းနှယ် ဖြောင့်တန်းနေခဲ့ပြီး အစစ်အမှန်ပညာရှင်တစ်ဦး၏ ဟန်ပန်အမူအယာကို ပိုင်ဆိုင်ထားခဲ့လေသည်။ သူ့အရှေ့တွင်တော့ တစ်မီတာအရှည်ခန့်ရှိသည့် ဓါးတစ်ချောင်းကို ရေပြင်ညီအတိုင်း ချထားခဲ့သည်။ ဘာကြောင့်မှန်းမသိ လက်ရှိအချိန်တွင် ထိုဓါးမှာ အဆက်မပြတ် တုန်ခါနေခဲ့လေသည်။ ထို့အပြင် ရန်ကိုင်မှ ထိုလူအနားသို့ တဖြည်းဖြည်းနီးကပ်လာသည်နှင့် တစ်ပြိုင်နက် ဓါးမှာ ပိုပို၍ ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့လေသည်။

ထို့အတွက်ကြောင့် ရန်ကိုင်လည်း ထိုဓါးအား သေသေချာချာ ကြည့်ကြည့်မိလိုက်လေသည်။

အချိန်အတော်ကြာအောင် မျက်စိမှိတ်နေခဲ့သော လီချင်းယွင်သည် ထိုအခိုက်အတန့်တွင် ရုတ်တရက် မျက်လုံးပြန်ဖွင့်လာခဲ့လေသည်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်၍ ဓါးအား တည်ငြိမ်သွားအောင် ပွတ်ပေးလိုက်လေ၏။ ထိုအခါမှသာလျှင် ပြန်၍ ရှင်းပြလိုက်လေသည်။ “ဒီကျောက်စိမ်းပုံရိပ်ယောင်ဓါးက ငါတို့အရိပ်ဓါးပျံဂိုဏ်းရဲ့ အထွဋ်အမြတ် မှော်ရတနာတစ်ခုပဲ… ဂိုဏ်းချုပ်တစ်ယောက်ပဲ ဒီဓါးကို ကိုင်ခွင့်ရှိတယ်… ဒီဓါးမှာ အန္တရာယ်ကို အာရုံခံနိုင်တဲ့အစွမ်းရှိတယ်… ရန်သူက ပိုပြီးအားကောင်းလေ သူ့ရဲ့အချက်ပေးသံက ပိုကျယ်လေပဲ… ဒီဓါးရဲ့အကူအညီကြောင့်ပဲ ဒီလီ အန္တရာယ်တွေအများကြီးကို ရှောင်ရှားနိုင်ခဲ့တာ… ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒီနေ့မှာတော့ အန္တရာယ်ကို မရှောင်နိုင်တော့ဘူးနဲ့တူတယ်…”

“ဂိုဏ်းချုပ်လီ…” ရန်ကိုင်က လက်သီးဆုပ်၍ နှုတ်ဆက်ကာ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

ရန်ကိုင်နောက်တွင် ရပ်နေသော ရီကျင်းဟန်နှင့် တုရှန်းတို့မှာတော့ ထိုလူအား မီးတောက်မတတ်အကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။

“လူကြီးမင်းရဲ့နာမည်ကိုသိလို့ရမလား…” လီချင်းယွင်သည် ရန်ကိုင်ကိုကြည့်၍ ပြန်မေးလိုက်လေသည်။

“ကျုပ်က ဘာမှ ဒီလောက် အရေးပါတဲ့လူမဟုတ်ပါဘူး… ကျုပ်နာမည်ကိုပြောပြမယ်ဆိုရင်တောင် ဂိုဏ်းချုပ်လီ သိမှာမဟုတ်ဘူး…” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။

ထိုအခါ လီချင်းယွင်က ပြန်ပြောလိုက်လေသည်။ “ကျော်ကြားမှုဆိုတာ လုပ်ယူလို့ရတဲ့အရာလေ.. ဒီနေ့ပြီးသွားတာနဲ့ လူကြီးမင်းရဲ့နာမည်က တောင်ဘက်နယ်မြေမှာ ကျော်ကြားသွားတော့မှာ…”

ရန်ကိုင်က ပြန်၍ပြောလိုက်လေသည်။ “ကျော်ကြားမှုဆိုတာ နောက်ဆုံးကြရင် ပျောက်ကွယ်သွားမယ့် အရာတစ်ခုပဲ… ဘဝဆိုတာလည်း တည်မြဲတာမဟုတ်ဘူး… ဒီလောကကြီးမှာ ဘယ်အရာကမှ မတည်မြဲဘူး… သိုင်းတာအိုတစ်ခုပဲ ထာဝရတည်ရှိနိုင်တာ…”

ရန်ကိုင်ပြောသွားသည့်စကားကို ကြားပြီးသည့်နောက် လီချင်းယွင်သည် ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ ရန်ကိုင်၏စကားလုံးများသည် ဆယ်ပေါင်တူကြီးဖြင့် ထုလိုက်သည့်အလား သူ့ရင်ဘတ်အား တဒုန်းဒုန်း ခုန်သွားစေခဲ့သည်။ ရန်ကိုင်၏စကားလုံးများကြောင့်ပဲ လီချင်းယွင်မှာ ဉာဏ်အလင်းပွင့်သွားတော့မလို့ ခံစားနေလိုက်ရလေသည်။ သို့သော်ငြား သေသေချာချာ ဆက်၍ တွေးနေသည့်အခိုက် ဘာမှနားမလည်နိုင်ကြောင်း တွေ့လိုက်ရပြီး မျက်မှောင်ကျုံ့မိသွားလေ၏။

ထို့နောက်တွင် လီချင်းယွင်က သက်ပြင်းယဲ့ယဲ့လေးချလျက် မှတ်ချက်ပေးလိုက်လေ၏။ “မျိုးဆက်သစ်လူငယ်ပါရမီရှင်တွေက မျိုးဆက်ဟောင်းတွေကို တစ်နေ့နေ့ကျရင် ကျော်တက်သွားလိမ့်မယ်ဆိုတာ အမှန်ပါပဲလား…”

လီချင်ယွမ်မှာ တစ်စုံတစ်ခုကြောင့် စိတ်ဓာတ်ကျသွားသည့်အလား အတော်လေးကိုမှ ညှိုးညှိုးမှိုင်မှိုင် ဖြစ်နေခဲ့သည်။ တစ်ချက်မျှ ရပ်ပြီးသည့်နောက်တွင် လီချင်းယွင်က ဆက်၍ ပြောလိုက်လေသည်။ “လူကြီးမင်းက ရွက်တစ်ထောင်ဂိုဏ်းကိုယ်စား လက်စားပြန်ချေဖို့ ရောက်လာခဲ့တာလား… အဲ့ဒါဆိုရင်တော့လည်း အဲ့ရန်ကြွေးတွေအကုန်လုံးကို ဒီမှာပဲ ရှင်းကြတာပေါ့… ဒီလီ ခင်ဗျားကို မနိုင်မှန်း သိတယ်… ဒါပေမယ့် ဒီတိုင်း သေမှာကိုတော့ ထိုင်စောင့်နေမှာမဟုတ်ဘူး…”

ရန်ကိုင်က ရီကျင်းဟန်နှင့် တုရှန်းတို့ဘက်သို့ လှည့်၍ မေးလိုက်လေ၏။ “ကျုပ် သူ့ကို သတ်ပစ်လိုက်ရမလား… ခင်ဗျားတို့ခေါင်းသာညိတ်လိုက် ကျုပ် ချက်ချင်း သူ့ကို သတ်ပစ်ပေးမယ်…”

တုရှန်းနှင့် ရီကျင်းဟန်တို့မှာ အံတင်းတင်းကြိတ်နေခဲ့သည်။ သူတို့နှစ်ဦးစလုံး၏ မျက်လုံးများမှာ သွေးရောင်ရဲနေခဲ့ပြီး အရိုးခိုက်မတတ် သတ်ဖြတ်လိုစိတ်တို့မှာလည်း သူတို့ခန္ဓာကိုယ်များဆီမှ အတိုင်းသား ဖြာထွက်နေခဲ့လေသည်။

ဤလူသည် သူ၏အဖွဲ့သားများကို ဦးဆောင်လျက် ရွက်တစ်ထောင်ဂိုဏ်းအား ကျူးကျော်ကာ ရွက်တစ်ထောင်ဂိုဏ်းက တပည့်ပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ပစ်သွားသည့်လူ ဖြစ်ပေသည်။ မရေမတွက်နိုင်သော ရွက်တစ်ထောင်ဂိုဏ်းသားများမှာ သူ့လက်၌ ကြွေခဲ့ရသည်။ လွန်ခဲ့သောတစ်နှစ်အတွင်း သေဆုံးသွားသည့် သူတို့၏ညီအစ်ကိုများကို ပြန်တွေးလိုက်မိတိုင်း သူတို့စိတ်ထဲ စိတ်မချမ်းမမြေ့ ဖြစ်ခဲ့ရသည်။ သို့သော်ငြား လက်ရှိရန်သူမှာ သူတို့ရှေ့တွင်ထိုင်နေသည့်တိုင် ရန်ကိုင်သည် ရန်သူအား သူတို့ကိုယ်စား သတ်ပေးပါမည်ဟု ပြောနေသည့်တိုင် သူတို့အနေဖြင့် ခေါင်းအား အလွယ်တကူ မညိတ်နိုင်ခဲ့ပေ။

နှစ်ဦးစလုံးမှာ တစ်ယောက်ဘာတွေးနေသလဲဆိုသည်ကို တစ်ယောက်သိနေကြသည့်အလား ရီကျင်းဟန်က မျက်လုံးမှိတ်၍ ပြောလိုက်လေ၏။ “စီနီယာအစ်ကို…”

တုရှန်းသည် အသက်ပြင်းတစ်ချက် ရှူသွင်းလျက် ပြန်ပြောလိုက်လေ၏။ “ငါတို့ဂိုဏ်း ဖျက်ဆီးခံလိုက်ရတဲ့ ရန်ကြွေးကို ငါတို့ဘာသာငါတို့ ပြန်ယူရမယ်…”

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “အဲ့ဒါဆိုလို့ရှိရင် ခင်ဗျားတို့နှစ်ယောက် ပိုပြီး ကြိုးကြိုးစားစား ကျင့်ကြံဖို့ လိုလိမ့်မယ်နော်… ခင်ဗျားတို့ရန်သူက ဝါရင့်သမ္ဘာရင့် ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက်ပဲ…”

တုရှန်းက အံကြိတ်၍ ပြန်ပြောလိုက်သည်။ “ငါတို့က သူ့ထက်ပိုငယ်သေးတယ်…”

ငယ်ရွယ်ခြင်းသည် တုရှန်းတို့တွင် ရှိနေသည့် အကောင်းဆုံးသော အရာဖြစ်ပေသည်။

လီချင်းယွင်က ခေါင်းညိတ်လျက် တုရှန်းနှင့် ရီကျင်းဟန်တို့အား ရှုပ်ထွေးသည့်အကြည့်ဖြင့် စိုက်ကြည့်ရင်း “ဒါဆိုရင် ငါမင်းတို့ကို စောင့်နေမယ်…”

တုရှန်းသည် လီချင်းယွင်ကို လက်ညှိုးထိုး၍ “စိတ်မပူနဲ့… တစ်နေ့ကြရင် ခင်ဗျားတို့အရိပ်ဓါးပျံတစ်ဂိုဏ်းလုံးကို ကျုပ်ကိုယ်တိုင် ဖျက်ဆီးပစ်မှာ… အဲ့နေ့ရောက်လာလို့ရှိရင် ကျုပ် တုရှန်းကိုယ်တိုင် ခင်ဗျားရဲ့ခေါင်းကို ဖြတ်ပစ်မယ်…”

ထိုသို့ပြောပြီးသည့်နောက် တုရှန်းမှာ သူထမ်းပိုးထားရသည့် ဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်ရသလို ခံစားလိုက်ရလေသည်။ သို့သော်ငြား သူ့စိတ်ထဲတွင်တော့ ဒွိဟဖြစ်နေသည့် ခံစားချက်များကို ခံစားနေရလေ၏။

“ဂိုဏ်းချုပ်ရီက မသေသေးဘူး…” လီချင်းယွင်က ဖြည်းဖြည်းချင်းပြောလိုက်သည်။

“ဘာ…” ရီကျင်းဟန်နှင့် တုရှန်းတို့နှစ်ဦးစလုံး ထိုစကားကိုကြားပြီးသည့်နောက် အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ရီကျင်းဟန်မှာ စိတ်လှုပ်ရှားလာခဲ့ပြီး ပြန်၍မေးလိုက်လေသည်။ “ရှင် တကယ်ပြောနေတာလား…”

လီချင်းယွင်က ခေါင်းညိတ်ပြလိုက်သည်။ “ဂိုဏ်းချုပ်ရီက အခု အရိပ်ဓါးပျံဂိုဏ်းထဲမှာ ရှိနေတယ်… မင်းတို့ သူ့ကို သွားတွေ့ချင်လို့ရှိရင် အချိန်မရွေး သွားတွေ့လို့ရတယ်…”

ထိုစကားကိုကြားပြီးသည့်နောက် ရီကျင်းဟန်ကြောင်သွားခဲ့လေ၏။ တစ်ခဏကြာပြီးသည့်နောက် သူမ၏ပါးပြင်တစ်လျှောက် မျက်ရည်များ ပိုးပိုးပေါက်ပေါက် စီးကျလာတော့လေသည်။ တုရှန်းမှာမူ ရီကျင်းဟန်အား ပွေ့ဖက်၍ နှစ်သိမ့်ပေးလိုက်လေသည်။ နှစ်သိမ့်ပေးနေရင်းမှ လီချင်းယွင်ဘက်သို့လှည့်၍ အေးစက်စက်မျက်နှာထားဖြင့် မေးလိုက်လေသည်။ “ခင်ဗျား ဘာလို့ အခုလိုတွေ လုပ်နေရတာလဲ…”

လီချင်းယွင်က မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်သည်။ “ရှင်းရှင်းပြောရရင် ငါတို့ဂိုဏ်းနဲ့ မင်းတို့ဂိုဏ်းကြားမှာ ဘာရန်ငြိုးရန်စမှ ရှိတာမဟုတ်ဘူး… ရွက်တစ်ထောင်ဂိုဏ်းကို ဖျက်ဆီးပစ်တယ်ဆိုတာလည်း ငါတို့ လုပ်ချင်လို့လုပ်ရတာမဟုတ်ဘူး… အခြားတစ်ယောက်က လုပ်ခိုင်းလို့ လုပ်ပေးရတာ… အခု သူလိုချင်တာကို ရသွားပြီဆိုတော့ အဲ့လူက ဂိုဏ်းချုပ်ရီ အသက်ရှင်ရှင် မရှင်ရှင် ဂရုမစိုက်တော့ဘူး….”

“ခင်ဗျား ဘာပြောချင်နေတာလဲ…” တုရှန်း နားမလည်နိုင် ဖြစ်သွားခဲ့သည်။

ရန်ကိုင်က ထိုစဉ် ဝင်၍မေးခွန်းထုတ်လိုက်လေသည်။ “ဒိတော့ နောက်ကွယ်မှာ အခြားတစ်ယောက် ရှိနေတာပေါ့… အဲ့လူက ဘယ်သူလဲ… ကြယ်ဝိဉာဉ်နန်းတော်လား…”

လီချင်းယွင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး သူ့ပါးစပ်ကိုသာ ပိတ်နေလိုက်လေသည်။

လီချင်းယွင်၏အမူအယာအရ ထိုလူအား လီချင်းယွင် အတော်လေးကိုမှကြောက်မှန်း ရန်ကိုင်ပြောနိုင်သည်။ ထို့အတွက်ကြောင့် ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “တစ်ယောက်ယောက်က သူလိုချင်တာ ရသွားပြီလို့ ခင်ဗျားပြောတယ်နော်… အဲ့လူက ဘာလိုချင်နေတာလဲ…”

လီချင်းယွင်သည် ခေါင်းသာခါလိုက်ပြီး ပြန်မဖြေခဲ့ပေ။

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီသခင်လေး အရမ်းသဘောကောင်းလွန်းတယ်လို့ ဂိုဏ်းချုပ်လီထင်နေတာလား… အရိပ်ဓါးပျံဂိုဏ်းလောက်ကိုတော့ ဒီသခင်လေးရဲ့ လက်တစ်ချက် ဝှေ့ယမ်းပစ်လိုက်ရုံနဲ့တင် တစ်ခါတည်း ဖျက်ဆီးပစ်လို့ရတယ်နော်…”

လီချင်းယွင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “အရိပ်ဓါးပျံဂိုဏ်းနဲ့ကျုပ်က ပွန်းရုပ်သာသာပဲ…. လူကြီးမင်း ဘာဖြစ်လို့ ကျုပ်ကို ဒီလောက်တောင် ခက်ခဲအောင် လုပ်ချင်နေရတာလဲ… လူကြီးမင်းမေးတာကို မဖြေရင် အရိပ်ဓါးပျံဂိုဏ်းကို ဖျက်ဆီးပစ်မယ်လို့ ပြောတယ်… ဒါပေမယ့် လူကြီးမင်းမေးတာကိုဖြေလိုက်ရင်လဲ ဟိုဘက်က ကျုပ်နဲ့ အရိပ်ဓါးပျံဂိုဏ်းကို ဖျက်ဆီးပစ်မှာ… ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်မှာ ရွေးစရာလှမ်းမှမရှိတာ…”

ရန်ကိုင်က ဆက်၍ပြောလိုက်သည်။ “ကြည့်ရတာ ဂိုဏ်းချုပ်လီကို ကြိုးကိုင်ချယ်လှယ်နေတဲ့ နောက်ကွယ်ကလူက မရိုးရှင်းဘူးနဲ့တူတယ်… မဟုတ်ရင် ဂိုဏ်းချုပ်လီ ဒီလောက် ကြောက်နေစရာ အကြောင်းမရှိဘူး…”

လီချင်းယွင်က ခေါင်းခါလျက် “လူကြီးမင်း ထပ်မေးနေစရာ မလိုပါဘူး…”

ရန်ကိုင်က နှာခေါင်းရှုံ့လိုက်လေသည်။ “ကောင်းပြီလေ… ဂိုဏ်းချုပ်လီက အခုလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောနေတယ်မှတော့ ကျုပ်ကို ဂိုဏ်းချုပ်လီကို ထပ်ပြီး ခက်ခဲအောင် လုပ်မနေတော့ပါဘူး… ဂိုဏ်းချုပ်လီဖြေလို့ရမယ့် မေးခွန်းကိုပဲ မေးပါတော့မယ်… ဂိုဏ်းချုပ်လီ ရွက်တစ်ထောင်ဂိုဏ်းကနေ ဖမ်းလာတဲ့ ကြယ်သခင်က ဘယ်မှာလဲ…”

ထိုမေးခွန်းကို လီချင်းယွင် ပြန်ဖြေလာခဲ့သည်။ “သိပြီးသားကို လူကြီးမင်း ဘာဖြစ်လို့ မေးနေချင်သေးရတာလဲ… အခုကိစ္စမှာ ကျုပ်တို့အရိပ်ဓါးပျံဂိုဏ်းက ထိုးကျွေးခံလိုက်ရတဲ့ ငါးစာသက်သက်ပဲ… ဖမ်းလာတဲ့လူတွေနဲ့ ရတနာအကုန်လုံးက ကျုပ်တို့လက်ထဲမှာ ရှိနေတာမဟုတ်ဘူး…”

ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ အစောကြီးတည်းက ယခုကဲ့သို့ ဖြစ်လိမ့်မည်မှန်း ခန့်မှန်းထားခဲ့ပြီး ဖြစ်ပါသော်ငြား တကယ်တမ်း ကြားလိုက်ရချိန် သူ့စိတ်ထဲ စိတ်ပျက်မိသွားခဲ့ရသည်။

အိုင်းအောင်သည်သာ အရိပ်ဓါးပျံမြို့ထဲ အကျဉ်းချခံထားရသည်ဆိုပါက ရန်ကိုင်အနေဖြင့် သူ့အား ချက်ချင်းသွားကယ်ပေးနိုင်ပေသည်။ သို့သော်ငြား ပြဿနာမှာ အိုင်းအောင် ဤနေရာ၌ ရှိမနေခြင်းပင်။ လီချင်းယွင်ကိုယ်တိုင်သည်လည်း အိုင်းအောင် မည်သည့်နေရာ၌ အကျဉ်းချခံထားရသည်ကို မသိလောက်ချေ။

တစ်ယောက်ယောက်သည် အရိပ်ဓါးပျံဂိုဏ်းကို အသုံးချလျက် လေလံပွဲဟူသောအရာကို ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်က မေးလိုက်လေသည်။ “အဲ့ကြယ်သခင်အပြင် အခြား ဘယ်သူတွေကိုရော ခင်ျားတို့ ထပ်ဖမ်းသွားသေးလဲ…”

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် လီချင်းယွင်က ပြန်ပြောလိုက်သည်။ “အဆင့်နိမ့်ကြယ်စီရင်စုကလာတဲ့ ကျင့်ကြံသူအချို့ကိုတော့ ဖမ်းခဲ့သေးတယ်… ဒါပေမယ့် အဲ့လူတွေက ကြယ်သခင်လောက် အရေးမပါဘူး…”

“သူတို့ အခု အခြေအနေဘယ်လိုရှိလဲ… အသက်ရှင်နေသေးတာလား…” ရန်ကိုင်သည် သူ့ခံစားချက်များကို အတတ်နိုင်ဆုံးချုပ်တည်းရင်းမှ မေးလိုက်လေသည်။

လီချင်းယွင်က ခေါင်းခါလိုက်သည်။ “အဲ့ဒါတော့ ကျုပ်မသိဘူး…”

ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး မေးခွန်းအချို့ ထပ်မေးလိုက်သည်။ “နောက်ဆုံးမေးခွန်း… ဒီနောက်ကွယ်ကလူက ဘယ်သူလဲ…”

လီချင်းယွင်က ခေါင်းခါလိုက်သည်။ “ကျုပ်မသိဘူး…”

အရိပ်ဓါးပျံမြို့ထဲရှိ တစ်ခုသောနေရာတွင် ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် လူအိုကြီးတစ်ဦးမှာ တင်ပလင်ခွေ ထိုင်နေခဲ့လေသည်။ ဤလူအိုကြီးမှာ အလွန်ကိုမှ အိုမင်းနေလေရာ အချိန်မရွေး သေတော့မည့်ပုံ ပေါက်နေခဲ့လေသည်။ သို့သော်ငြား သူ့ရုပ်ရည်မှာ ထိုကဲ့သို့ဖြစ်နေသည့်တိုင် သူ၏အသက်စွမ်းအင်မှာတော့ အလွန်တရာကိုမှ အားကောင်းနေသေးပြီး သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာလည်း ဧကရာဇ်တတိယအဆင့်သို့ ရောက်နေခဲ့လေသည်။

ထိုလူအိုကြီး၏ဘေးနားတွင်တော့ လှပစွာ ဝတ်စားထားသည့် အမျိုးသမီးတစ်ဦး မြေပြင်ပေါ်၌ ဒူးထောက်နေခဲ့လေသည်။ သူမ၏ဆံပင်များမှာ ဖွာကြဲလန်နေခဲ့ပြီး မျက်နှာမှာလည်း ဖြူဖတ်ဖြူလျော်ဖြစ်နေကာ မျက်လုံးများမှာလည်း အသက်မဲ့သလို ဖြစ်နေခဲ့လေသည်။

မကြာမကြာ နာကျင်မှုကြောင့်လား မသိရ အမျိုးသမီး၏မျက်နှာ တစ်ချက်တစ်ချက် ရှုံ့မဲ့သွားလေ၏။

“ရှပ်… ရှပ်… ရှပ်…”

ခြေသံတို့ ထွက်ပေါ်လာခဲ့ပြီး မကြာမီတွင် တံခါးခေါက်သံ ထွက်လာခဲ့လေသည်။

“ဝင်လာခဲ့…” လူအိုကြီးက အော်ပြောလိုက်သည်။

အခန်းတံခါး ဖွင့်သွားပြီးနောက် သက်လတ်ပိုင်းလူကြီးတစ်ဦး ဝင်လာခဲ့လေသည်။ လူအိုကြီး၏ဘေးနားတွင် ဒူးထောက်နေသော အမျိုးသမီးအား တစ်ချက် ဝေ့ကြည့်လိုက်ပြီးသည့်နောက် အလျင်အမြန် အကြည့်လွှဲဖယ်၍ လူအိုကြီးအား လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေသည်။ “ဆရာ….”

လူအိုကြီး မျက်လုံးပွင့်လာခဲ့ပြီး ထိုလူကာ ကြည့်ကာ ပြန်မေးလိုက်လေသည်။ “အခြေအနေဘယ်လိုရှိလဲ…”

သက်လတ်ပိုင်းလူကြီးက ပြန်၍ပြောလိုက်လေသည်။ “ငါးစာကို လာဟပ်ပါပြီ…”

ထိုစကားကိုထွက်လာသည်နှင့်တစ်ပြိုင်နက် လူအိုကြီး၏ဘေးနားတွင် ဒူးထောက်နေသော အမျိုးသမီး၏ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ အခြားတစ်ဖက်တွင်တော့ လူအိုကြီး၏ မျက်လုံးများမှာ တလက်လက် တောက်ပသွားခဲ့ပြီး ပြုံးဖြီးလျက် “ကောင်းတယ် ကောင်းတယ်… အရမ်းကောင်းတယ်… ဒီလူအိုကြီး ပြင်ဆင်ထားရတာတွေအကုန်လုံး အချည်းနှီး ဖြစ်မသွားဘူးပဲ… နောက်ဆုံးတော့ အချိန်ရောက်လာပြီပေါ့…”

သက်လတ်ပိုင်းလူကြီးက ပြန်မေးလိုက်လေသည်။ “ဆရာ… အဲ့ကောင်လေးက ဧကရာဇ်ပထမအဆင့်ပဲဟာကို ဘာဖြစ်လို့ တပည့်ကို တာဝန်မယူခိုင်းလိုက်တာလဲ… တပည့်ထင်တာဆိုရင်တော့ အဲ့လောက်ကျင့်ကြံခြင်းလေးနဲ့ သူဘာမှ လုပ်နိုင်လောက်မှာမဟုတ်ဘူး…”

လူအိုကြီးက ယဲ့ယဲ့လေးပြုံးလျက် ခေါင်းခါရင်းမှ ပြန်ပြောလိုက်သည်။ “အဲ့ကောင်လေးကို သွားအထင်မသေးနဲ့ကွ… အဲ့ကောင်က လေဟာနယ်တာအိုကို ကျွမ်းကျင်တယ်… သူ့ကျင့်ကြံခြင်းက ဧကရာဇ်ပထမအဆင့်ပဲ ရှိသေးတယ်ဆိုပေမယ့် ငါတို့သာ မပြင်ဆင်ထားရင် ငါကိုယ်တိုင်တောင် သူ့ကို အမိဖမ်းနိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး…”

သက်လတ်ပိုင်းလူကြီးမှာတော့ ဆရာသည် ထိုလူငယ်လေးအား အလွန်ကိုမှ အထင်ကြီးနေခြင်း ဖြစ်သည်ဟုသာ အထင်ရောက်လျက် လူအိုကြီးပြောသည့်စကားလုံးများကို အရေးမစိုက်ခဲ့ပေ။ သူသည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးဖြစ်ပြီး တစ်ဖက်ရန်သူမှာတော့ ဧကရာဇ်ပထမအဆင့်သာ ဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ သူ့အနေဖြင့် ထိုလူငယ်လေးအား ဘာကြောင့်များ အလွယ်တကူ အနိုင်မယူနိုင်စရာအကြောင်း ရှိမည်နည်း။ သူ့ဆရာ ချဲ့ကားပြောနေခြင်း ဖြစ်ပေသည်။

လူအိုကြီးမှာတော့ သူ့တပည့် ဘာတွေးနေသလဲ ဆိုသည်ကို သိသည့်အလား သူ့ဘေးနားတွင် ဒူးထောက်နေသည့် အမျိုးသမီးကိုကြည့်၍ မေးလိုက်သည်။ “မင်းရဲ့ဂျူနီယာညီမချင်းစီက သူတို့နဲ့အကြာကြီး ရှိနေခဲ့တာ… ဒီတော့ အဲ့ကောင်လေး ဘယ်လောက်အားကောင်းလဲဆိုတာကို သူကောင်းကောင်းသိတယ်… မင်းမယုံရင် သူ့ကိုမေးကြည့်လိုက်…”

All Chapters