← Chapters

အခန်း (၂၆၇၃)

Vol. 114 Ch. 2673

အခန်း (၂၆၇၃)

Vol. 114 Ch. 2673

ထိုစကားကိုကြားသည့်အခါ သက်လတ်ပိုင်းလူကြီးသည် လူအိုကြီးဘေးနားတွင် ဒူးထောက်နေသော အမျိုးသမီးဘက်သို့လှည့်၍ မေးမြန်းလိုက်လေသည်။ “ဂျူနီယာညီမဟွာ… ငါ့ကိုပြောပါဦး… ငါကိုယ်တိုင်သွားမယ်ဆိုလို့ရှိရင် အဲ့ကောင်ကို ငါသတ်နိုင်မှာလား…”

ထိုအမျိုးသမီးမှာ အခြားမဟုတ် ကြယ်ပျက်ပင်လယ်ထဲ၌ ရန်ကိုင်နှင့် လမ်းခွဲသွားခဲ့သည့် ဟွာချင်းစီ ဖြစ်နေခဲ့လေသည်။ သူတို့နှစ်ဦး လမ်းခွဲသွားခဲ့စဉ်က ဟွာချင်းစီသည် တာအိုသခင်တတိယအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်ခဲ့ပါသော်ငြား ကြယ်ပျက်ပင်လယ်ထဲရှိ အခွင့်အလမ်းများကြောင့် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သည်။

လက်ရှိအချိန်တွင်တော့ ဟွာချင်းစီသည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ရှိသင့်ရှိထိုက်သည့် ပုံစံမျိုးပင် ရှိမနေတော့ဘဲ ဖမ်းခံထားရသည့် အကျဉ်းသားတစ်ဦး၏ ပုံစံမျိုးသာ ပေါက်နေခဲ့လေသည်။

သက်လတ်ပိုင်းလူကြီး၏အမေးကို ကြားသော် ဟွာချင်းစီက ယဲ့ယဲ့လေးပြုံးလျက် အခြားတစ်ဖက်သို့ ခေါင်းစောင်းလိုက်လေသည်။

“ဂျူနီယာညီမဟွာ… နင်က ငါ့ကို ခက်ခဲအောင် လုပ်နေတာပဲ…” သက်လတ်ပိုင်းလူကြီးက လှောင်ပြုံးပြုံးလျက် လက်ကွက်တစ်ခုကို ဖန်တီးလိုက်လေ၏။

ချက်ချင်းဆိုသလို ဟွာချင်းစီ စူးစူးဝါးဝါး ထအော်တော့လေသည်။ အလွန်ကိုမှ မခံမရပ်နိုင်သည့် နှိပ်စက်မှုကို ခံစားနေရသည့်အလား သူမ၏မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့နေခဲ့သည်။ အေးစက်စက်ချွေးသီးချွေးပေါက်တို့မှာလည်း သူမ၏နဖူးထက် ဝေ့သီလာခဲ့ကာ တမုဟုတ်ချည်းဆိုသလို သူမတစ်ကိုယ်လုံး ချွေးစေးများဖြင့် စိုရွှဲသွားကုန်ရလေသည်။

“ဆရာ…” ဟွာချင်းစီသည် နာကျင်မှုကိုတောင့်ခံရင်း ဒူးထောက်လျက်မှ လူအိုကြီးအား ပြောလိုက်လေသည်။

လူအိုကြီးမှာတော့ မလှုပ်မယှက်သာ ရှိနေခဲ့ပြီး ဟွာချင်းစီပြောနေသည်ကို မကြားသည့်အလား ဟွာချင်းစီဘက်သို့ပင် လှည့်ကြည့်မလာခဲ့။

သက်လတ်ပိုင်းလူကြီးက ထပ်ပြောလိုက်သည်။ “ဆရာရဲ့တပည့်တစ်ယောက်က ဘယ်လိုလုပ်ပြီး အပြင်လူကို ကာကွယ်ပေးနေရဲတာလဲ… ဆရာက ကြင်နာတတ်လို့ပေါ့… မဟုတ်ရင် နင်သေနေလောက်ပြီ… နင့်အမှားတွေ နင်နားလည်အောင်လို့ နင့်အသက်ကို ချမ်းသာပေးထားတာ… အဲ့ဒါကို ခေါင်းမာချင်နေတယ်ပေါ့ ဟုတ်လား… ကြည့်ရတာ နင့်ရဲ့စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ ငါ နင့်ကို အပြစ်ပေးမှရတော့မယ်နဲ့တူတယ်…”

“ဆရာ…” ဟွာချင်းစီအသံမှာ တုန်တုန်ရီရီ ဖြစ်နေခဲ့လေသည်။ ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် အံကိုတင်းတင်းကြိတ်၍ တောင်းဆိုလိုက်လေ၏။ “ဆရာ အဲ့ဒါကို ပြန်လိုချင်နေတယ်လို့ ကျွန်မ သူ့ကို ပြောလိုက်ပါမယ်နော်… ကျေးဇူးပြုပြီး ဆရာ ရပ်လိုက်ပြီး သူ့ကို ညှာတာပေးလို့ မရဘူးလား… သူက မစဉ်းစား မဆင်ခြင်တတ်တဲ့လူ မဟုတ်ပါဘူး… တပည့်ကလည်း သူနဲ့ မိတ်ဆွေတွေပါ… တပည့် သူ့ကို ဖြောင်းဖြလို့ ရရင်ရမှာပါ ဆရာ… ကျေးဇူးပြုပြီး တပည့်ကို အခွင့်အရေးတစ်ခုလောက်ပေးပါ…”

“ရိုင်းလိုက်တာ…” ဟွာချင်းစီမှာ နှိပ်စက်ခံနေရသည့်တိုင် သူမအား သနားညှာတာပေးရန် ပြောမနေခဲ့ဘဲ အပြင်လူများအား ခွင့်လွှတ်ပေးရန် တောင်းဆိုနေခဲ့သည်ကိုမြင်သော် သက်လတ်ပိုင်းလူကြီးမှာ ဒေါသူပုန်ထသွားခဲ့ပြီး နောက်ထပ်လက်ကွက်တစ်ခု ဖန်တီးလိုက်လေရာ ဟွာချင်းစီမှာ နာကျင်မှုကြောင့် စူးစူးဝါးဝါးထအော်ကာ မြေပြင်ပေါ်၌ ပုစွန်တစ်ကောင်နှယ် ကွေးကွေးလေး ဖြစ်သွားခဲ့ရလေသည်။

ထိုအချင်းအရာကိုမြင်သော် လူအိုကြီးက သက်ပြင်းချလျက် ကူကယ်ရာမဲ့နေသည့်အမူအယာဖြင့် “မိန်းကလေးတွေက ကြီးလာတဲ့အချိန်ကြရင် အပြင်လူတွေနဲ့ တကယ်ကို သွားပေါင်းတာပါလား…”

လူအိုကြီးမှ သူ့လက်အား ဝှေ့ယမ်းလိုက်ရာ သက်လတ်ပိုင်းလူကြီးလည်း သူ့လုပ်ရပ်များကို ရပ်တန့်လိုက်လေသည်။

လူအိုကြီးသည် သူ့လက်ကိုဆန့်ထုတ်၍ ဟွာချင်းစီအား ထူမပေးရင်းမှ ပြောလိုက်သည်။ “သူ့ကြောင့်ပဲ နင် ဧကရာဇ်အဆင့်ကို ချိုးဖြတ်နိုင်ခဲ့မှန်း ဒီလူအိုကြီးသိတယ်… ဒါပေမယ့် နင့်ကို ဘယ်သူသင်ပေးခဲ့လဲ… နင့်ဘဝတစ်လျှောက်လုံး ဒီအဆင့်ထိရောက်လာအောင် ဘယ်သူက ကူညီပေးခဲ့လဲဆိုတာကို နင် မေ့လို့မရဘူး…”

“ဟုတ်ကဲ့ပါ ဆရာ… ဟုတ်ကဲ့… တပည့် လုံးဝ မေ့မှာမဟုတ်ပါဘူး…” ဟွာချင်းစီသည် အမောတကောအသက်ရှုရင်း အားနည်းဖျော့တော့သည့်လေသံဖြင့် ပြန်ပြောလိုက်သည်။

လူအိုကြီးက ခေါင်းညိတ်၍ “နင်နားလည်တာကောင်းတယ်… အခြားကိစ္စတစ်ခုခုသာဆိုရင်တော့ နင့်ကို အခွင့်အရေးပေးရင်ပေးဦးမှာ… တကယ်တော့ နင်ကိုယ်တိုင်လည်း ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီလေ… နင့်လိုတပည့်တစ်ယောက် ရထားတာကို ငါ ဘယ်လိုလုပ်ပြီး ဂုဏ်မယူပဲ နေမှာလဲ… ဒါပေမယ့် ဒီကိစ္စက အရမ်းအရေးကြီးလွန်းတယ်… ဒီကိစ္စအကြောင်းကို လူသိနည်းလေ ပိုကောင်းလေပဲ… ဒီလူအိုကြီး နင့်ကို လွှတ်ပြီးတော့ အဲ့အကြောင်း သွားစုံစမ်းခိုင်းတာ နင့်အပေါ် ယုံကြည်လို့ပဲ… ဒါပေမယ့် နင် ငါ့ကို စိတ်ပျက်အောင် လုပ်သွားတယ်…”

ဟွာချင်းစီ၏မျက်လုံးထဲ လိပ်ပြာမလုံသည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့လေသည်။

သူမ၏ဝိဉာဉ်အမှတ်အသားကို ရန်ကိုင်မှ ယူသွားခဲ့ပြီး သူမကိုယ်တိုင်သည်လည်း ကမ္ဘာငယ်လေးထဲတွင် ပိတ်လှောင်ထားခံရသည်မှာ သူမ မည်သို့မှ ခုခံနိုင်သည့် အရာတစ်ခု မဟုတ်ပါသော်ငြား သူမဆရာပေးသည့် တာဝန်အား ကျေပွန်စွာ မထမ်းဆောင်နိုင်ခဲ့သည်မှာတော့ အမှန်တရားဖြစ်ပေသည်။ ရန်ကိုင်သည် သူမ၏လွတ်လပ်ခွင့်ကို ပြန်ပေးခဲ့သည့်တိုင် ရန်ကိုင်၏ သူမအပေါ် ကြင်နာမှုကိုထောက်ထား၍ ဖြစ်ကြောင်းကုန်စင်ကို သူမဆရာအား ပြန်မပြောခဲ့ပေ။ တစ်ဖက်လူ၏စေတနာကို ရန်ကြွေးဖြင့် တုံ့ပြန်၍မှ မဖြစ်လေပဲ။ ထို့အတွက်ကြောင့် သူမ၏ဇစ်မြစ်ကိုဖုံးကွယ်၍ ကြယ်ဝိဉာဉ်နန်းတော်သို့ မည်သည့်အခါမှ ပြန်မသွားရန် ဆုံးဖြတ်ခဲ့လေသည်။

သို့သော်ငြား သူမဆရာသည် သူမအကြောင်းကို စုံစမ်းရန်အတွက် သူမ၏စီနီယာအစ်ကိုဝူမင်ကို ရွက်တစ်ထောင်ဂိုဏ်းဆီသို့ စေလွှတ်လိုက်မည်ဟု မထင်ထားခဲ့ပေ။ ဝူမင်သည် သူမအား ပြန်လည်ဖမ်းဆီးသွားရုံမက ရွက်တစ်ထောင်ဂိုဏ်းကိုပင်လျှင် ဖျက်ဆီးပစ်ခဲ့သည်။ ထို့နောက်တွင် သူမအပေါ်၌ ပညာရပ်တစ်ခုခုအား ထုတ်သုံးသွားခဲ့လေသည်။ ထိုပညာရပ် ထုတ်သုံးခံလိုက်ရပြီးသည့်နောက်ပိုင်း သူမဆရာအား မည်ကဲ့သို့သော အကြောင်းအရာများအား ထုတ်ပြောခဲ့သလဲဆိုသည်ကိုပင် မမှတ်မိတော့ချေ။ သို့သော်ငြား ရွက်တစ်ထောင်ဂိုဏ်း ပျက်စီးသွားရသည်မှာ သူမကြောင့်မှန်းတော့ သိနေခဲ့သည်။ ထိုအရာမှာ ရန်ကိုင်ကို မျှားခေါ်ရန် သူမဆရာ၏ ထောင်ချောက်တစ်ခုလည်း ဖြစ်နေသည်။

အကြောင်းမှာ ရွက်တစ်ထောင်ဂိုဏ်းတွင် ရန်ကိုင်တန်ဖိုးထားရသည့် လူအချို့ ရှိနေသည့် အတွက်ကြောင့်ပင်။ ထိုလူများကိုသာ ဖမ်းဆီးထားပါက ရန်ကိုင် ကျိန်းသေ လူလုံးထွက်ပြလာလိမ့်မည်ဟု သူတို့ယုံကြည်နေကြလေသည်။

သူတို့ထင်ထားသည့်အတိုင်းပင် ရန်ကိုင်သည် အမှန်တကယ် အရိပ်ဓါးပျံမြို့၌ ပေါ်လာခဲ့လေသည်။

“နို့နံ့တောင်မစင်သေးတဲ့ ကောင်လေးတစ်ကောင်က ငါ့ရတနာကို လာခိုးယူသွားတာ ငါ ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ… ချင်းစီ… အဲ့အကြောင်းကို ဆက်တွေးမနေနဲ့တော့… ဒီကိစ္စပြီးသွားရင် ကြယ်ဝိဉာဉ်နန်းတော်ကို ဒီလူအိုကြီးနဲ့ ပြန်လိုက်ခဲ့ပြီး အဲ့မှာ နင့်အမှားကို နင်ပြန်ဆင်ခြင်နေပေတော့…” လူအိုကြီးက လက်ဝှေ့ယမ်း၍ ပြောလိုက်လေသည်။ သူ့လေသံမှာ ခပ်ပြတ်ပြတ်သာ ဖြစ်ပါသော်ငြား စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များကို သူ့မျက်လုံးထဲ အထင်းသား မြင်နေခဲ့ရသည်။

လွန်ခဲ့သောတစ်နှစ်ခန့်က ဝူမင်သည် ဟွာချင်းစီအား ကြယ်ဝိဉာဉ်နန်းတော်သို့ ပြန်ခေါ်လာခဲ့ပြီး လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်သုံး၍ ဟွာချင်းစီအား လျှို့ဝှက်ချက်များကို ထုတ်ပြောပြခိုင်းခဲ့သည်။ ပျောက်ဆုံးသွားသောရတနာကို မည်သူပိုင်ဆိုင်ထားသလဲ ဆိုသည်ကို သိခဲ့ရရုံမက ထိုလူတွင်လည်း သီးခြားကမ္ဘာငယ်လေးတစ်ခုအား သယ်ဆောင်ထားသည့် သိုလှောင်ရေးရတနာတစ်ခု ရှိနေကြောင်းကိုပါ ထပ်မံကြားသိခဲ့ရသည်။

သိုလှောင်ရေးရတနာသက်သက်သာဆိုလျှင်တော့ ကိစ္စမရှိပေ။ တကယ်တော့ လေဟာနယ်တာအိုကိုသာ မကျင့်ကြံထားပါက ထိုသိုလှောင်ရေးရတနာကို အလွယ်တကူ အသုံးပြုနိုင်လိမ့်မည်မှ မဟုတ်လေပဲ။

သို့သော်ငြား တကယ့်အဓိကအချက်မှာ ထိုသိုလှောင်ရေးရတနာထဲတွင် ရှိနေသော အဖိုးတန်ရတနာများပင်။ သူ့အား အမှန်တကယ်ကို စိတ်ဝင်စားသွားစေခဲ့သည်မှာ ထိုသိုလှောင်ရေးရတနာထဲ၌ ရှိနေသော အပင်နှစ်ပင်ပင်။ တစ်ပင်သည် အလွန်တရာကိုမှ ကြွယ်ဝလှသော အသက်စွမ်းအင်များနှင့် ပြည့်နေပြီး အခြားတစ်ပင်မှာတော့ ရွှေရောင်နှင့်ငွေရောင် တောက်နေခဲ့လေသည်။

ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်သည်နှင့်အညီ ဤလူအိုကြီးသည် အားကောင်းလှသော ဧကရာဇ်တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားခဲ့ပြီး နှစ်ထောင်ပေါင်းများစွာကြာအောင် အသက်ရှင်လာခဲ့သည့် အတွက်ကြောင့် လူတော်တော်များများမသိသည့် လျှို့ဝှက်ချက်များကို သိနေခဲ့ရလေသည်။ သစ်ပင်နှစ်ပင်၏ ပုံစံကို ကြားသိရပြီးသည့်နောက် ထိုနှစ်ပင်အနက် တစ်ပင်မှာ ဒဏ္ဍာရီလာ အင်မော်တယ်သစ်ပင်မှန်း ဤလူအိုကြီး လုံးဝ သေချာသွားတော့လေသည်။

အင်မော်တယ်သစ်ပင်ကိုသာ သန့်စင်နိုင်မည်ဆိုပါက ဒဏ္ဍာရီလာ မဖျက်ဆီးနိုင်သော အင်မော်တယ်ခန္ဓာကိုယ်ကို ရရှိလိမ့်မည်ဟု ကောလဟာလများ ရှိကြလေသည်။ ထိုကောလဟာလများသည် မည်သည့်ကျင့်ကြံသူကိုမဆို အရူးတစ်ပိုင်း ဖြစ်သွားအောင် လုပ်နိုင်ပေသည်။ လူအိုကြီးမှာ အတော်လေးကိုမှ အိုမင်းနေပြီဖြစ်လေရာ သေရတော့မည့်အချိန်နှင့် သိပ်မဝေးတော့ချေ။ သူ့၌ နောက်တစ်ဆင့်သို့ ထပ်မံချိုးဖြတ်နိုင်မည့် အခွင့်အရေးလည်း မရှိတော့‌။ သို့သော်ငြား ယခုကဲ့သို့ အခွင့်အရေးတစ်ရပ်သည် သူ့ရှေ့တည့်တည့်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။ သူသာ အင်မော်တယ်သစ်ပင်ကို သန့်စင်နိုင်မည်ဆိုပါက မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်လိမ့်မည်ဖြစ်ကာ လမင်းမဟာဧကရာဇ်နှင့် အဆင့်တူတွင် ရပ်တည်နိုင်ပေလိမ့်မည်။

ရွှေရောင်နှင့်ငွေရောင် ရောယှက်နေသော သစ်ပင်ကိုမူ ထိုသစ်ပင် ဘာသစ်ပင်မှန်း အကြမ်းဖျင်း ခန့်မှန်းမိပါသော်ငြား မသေချာသေးပေ။ မည်သို့ပင်ဖြစ်နေစေကာမူ ထိုသစ်ပင်နှစ်ပင်စလုံးသည် မည်သူမဆို လိုချင်တောင့်တသည့် အရာများ ဖြစ်ကြသည်။ သို့သော်ငြား ထိုကဲ့သို့သော အဖိုးတန်ရတနာတစ်ခုမှာ လူငယ်လေးတစ်ဦး၏လက်ထဲတွင် ရှိနေသည်မှာ အလွန်တရာကိုမှ မယုံကြည်နိုင်စရာ ကောင်းလှပေသည်။ သူတို့သည်သာ ထိုလူငယ်လေးအား သတ်ပစ်လိုက်မည်ဆိုပါက ထိုလူငယ်လေးပိုင်ဆိုင်သည့် ရတနာအားလုံးမှာ သူတို့အပိုင် ဖြစ်လာပေလိမ့်မည်။ အင်မော်တယ်သစ်ပင်ကို သန့်စင်ပြီးသည့်နောက် သူမသွားနိုင်သည့်နေရာဆိုသည်မှာ ရှိတော့လိမ့်မည် မဟုတ်ချေ။

လူအိုကြီးမှာတော့ ထိုလျှို့ဝှက်ချက်ကို သူ၏အနီးကပ်တပည့်ဖြစ်သော ဝူမင်ကိုပင်လျှင် မပြောပြခဲ့ပေ။ ဝူမင်ကမူ သူ့ဆရာသည် ပျောက်ဆုံးသွားခဲ့သော ရတနာတစ်ခုကို ပြန်ယူရန် ကြိုးစားနေသည်ဟုသာ ထင်နေခဲ့ပြီး သူ့ဆရာ၏ အခြားသောအစီအစဉ်များကို မသိခဲ့ရပေ။

ဟွာချင်းစီ၏ဆရာမှာ ဤကဲ့သို့သာ ပြောနေသော်ငြား ယခုကိစ္စအားလုံးပြီးသွားသည့်နောက် ဟွာချင်းစီကိုပါ ရှင်းပစ်ရန် ကြံစည်ထားသည်ကို မည်သူမျှ မသိကြပေ။

သူမ မည်သို့ပင်ပြောနေစေကာမူ အသုံးဝင်လိမ့်မည်မဟုတ်မှန်း သိလိုက်သည့်နောက် ဟွာချင်းစီ၏အမူအယာ ညှိုးကျသွားခဲ့လေသည်။

ဝူမင်ကမူ ထိုမြင်ကွင်းကိုကြည့်ရင်း လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။ “ဂျူနီယာညီမဟွာ… နင် အဲ့ကောင်ကို ကြိုက်သွားတယ်လို့တော့ ငါ့ကို လာမပြောနဲ့နော်…”

ဟွာချင်းစီသည် ဝူမင်ကို စိုက်ကြည့်လျက် အံကြိတ်ကာ ပြန်ပြောလိုက်လေ၏။ “မဟုတ်တရုတ်တွေ လာပြောမနေနဲ့…”

“ခွေးမ နင်ငါ့ကို ပြန်ပြောရဲတယ်လား…” ဝူမင်၏မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး နောက်ထပ်လက်ကွက်တစ်ခု ဖန်တီးရန် လုပ်လိုက်လေသည်။

ဟွာချင်းစီ၏ခန္ဓာကိုယ်ထဲ နှလုံးချုံ့အင်းစက် ထည့်သွင်းထားခဲ့လေသည်။ ထို့အတွက်ကြောင့် သူမ၏အသက်သည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေလေရာ ဟွာချင်းစီမှ သူ့အား ယခုကဲ့သို့ မချေမငံ ပြန်ပြောလာသည်ကို ဝူမင်အနေဖြင့် မည်ကဲ့သို့များ သည်းခံနိုင်ပါမည်နည်း။

“တော်လောက်ပြီ…” လူအိုကြီးက သူ့လက်ကိုဆန့်၍ ဝူမင်က လှမ်းတားလိုက်လေသည်။ “လေလံပွဲကိုသွားပြီး အကုန်လုံးကို ပြင်ဆင်ထားလိုက်တော့… အခုကိစ္စမှာ နည်းနည်းလေးမှ အမှားခံလို့မဖြစ်ဘူး…”

သူ့ကဲ့သို့သော လူအိုကြီးတစ်ဦးသည်ပင်လျှင် လေဟာနယ်တာအိုအား ကျွမ်းကျင်ထားသည့် လူတစ်ဦးနှင့် ရင်ဆိုင်ရာ၌ အနည်းငယ်မျှပင်လျှင် သတိလက်လွတ် မဖြစ်ရဲပေ။ ယင်လဲ့ရှန်းသည်ပင်လျှင် ရန်ကိုင်နှင့် တိုက်ခိုက်နိုင်ရန်အတွက် ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်လှောင်ပစ်သည့် အစီအရင်တစ်ခုကို ခင်းကျင်းခဲ့ရလေရာ သူ့ကဲ့သို့သော အတွေ့အကြုံကြွယ်ဝသည့် လူအိုကြီးတစ်ဦးသည် မည်ကဲ့သို့များ ထိုအကြောင်းကိုမသိဘဲ နေမည်နည်း။ ရန်ကိုင်နှင့်ရင်ဆိုင်ရာတွင် သူတို့ဘက်က အနည်းငယ်လေးသာ ချွတ်ချော်သွားခဲ့မည်ဆိုပါက တစ်ဖက်လူအား ထွက်ပြေးရန် အခွင့်အရေးပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ သူသည် ရန်ကိုင်တန်ဖိုးထားရသည့်လူများကို ဓါးစာခံအဖြစ် ဖမ်းထားခဲ့ပါသော်ငြား အဆုံးစွန်သောအခြေအနေတွင် ရန်ကိုင်သည် ထိုလူများကို ပစ်မထားခဲ့ပါဟု မည်သူကများ ပြောနိုင်ပါမည်နည်း။

ဝူမင်သည် လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်၍ ဟွာချင်းစီအား အေးစက်စက်စိုက်ကြည့်ရင်း တွေးလိုက်သည်။ (အခုတော့ နေနှင့်ဦးပေါ့ကွာ… ဒီကိစ္စပြီးသွားတော့မှ ဆရာ့ဆီကနေ ခွင့်ပြုချက်တောင်းပြီး ငါနင့်ကို ကောင်းကောင်းလုပ်ပြမယ်…)

ဝူမင်ထွက်သွားပြီးသည့်နောက်တွင် လူအိုကြီးသည် ဟွာချင်းစီကို နှစ်သိမ့်ပေးလိုက်လေ၏။ “နင့်စီနီယာအစ်ကိုက အခုလိုမျိုး အမြဲတမ်းစိတ်ဆတ်တာ… သူ့ကို သွားအပြစ်တင်မနေနဲ့…”

သူမစိတ်ထဲ ခါးသက်သက်ဖြစ်နေပါသော်ငြား ဟွာချင်းစီမှာ ပြန်မပြောရဲခဲ့ပေ။ သူမ၏ လက်ရှိအခြေအနေသည် ဆရာတပည့် ရှိသင့်ရှိထိုက်သည့် ပုံစံမျိုးမဟုတ်ခဲ့။ စီနီယာအစ်ကိုနှင့် ဂျူနီယာညီမ ရှိသင့်ရှိထိုက်သည့် ပုံစံမျိုးလည်း ဟုတ်မနေခဲ့ချေ။ သူမဆရာသည် သူမအား သူခိုးတစ်ယောက်နှယ် သဘောထားပြီး သူမ၏စီနီယာအစ်ကိုမှာတော့ သူမအား အလွန်ကိုမှ မုန်းတီးနေခဲ့သည်။ သူမဘာလုပ်ရမည်နည်း။ သူမ မည်သည့်နေရာသို့ သွားရမည်နည်း။ ဟွာချင်းစီမှာ ဧကရာဇ်အဆင့်သို့ ရောက်ရှိလာခဲ့ပါသော်ငြား ဦးတည်ရာလမ်းကြောင်း ပျောက်နေခဲ့ရလေသည်။

“ကောင်လေး… မင်းနာမည်ဘယ်လိုခေါ်လဲ…”

မြို့သခင်စံအိမ်အပြင်ဘက်၌ ရန်ကိုင် မြို့သခင်စံအိမ်ထဲမှ ပြန်ထွက်လာသော် တစ်စုံတစ်ဦး၏ ဖြတ်တားခြင်း ခံလိုက်ရသည်။

သူတို့အား တားလိုက်သည့်လူမှာ မိန်းမငယ်လေးတစ်ဦးသာ ဖြစ်လေသည်။ ထိုကောင်မလေးသည် အသက် ဆယ့်ခုနှစ်နှစ် ဆယ့်ရှစ်နှစ်လောက်သာ ရှိမည့်ပုံပေါက်၏။ သူမပုံမှာ သေးသွယ်သွယ်ဖြစ်ကာ မိုးပြာရောင်အဝတ်အစားကို ဝတ်ဆင်ထားခဲ့သည်။ ကောင်မလေးမှာ အရပ်မရှည်လှပါသော်ငြား သူမ၏အမို့အမောက်အရှိုက်အဝန်းများမှာ အရွယ်နှင့်မှမလိုက် အလွန်ကိုမှ ထွားကြိုင်းလှသည်။ ထိုအမျိုးသမီးသည် ကိုယ်လုံးကိုယ်ပေါက်လှရုံသာမဟုတ် ရုပ်လည်းချောကာ ရဲစွမ်းသတ္တိရှိသည့် အငွေ့အသက်ကိုလည်း ပိုင်ဆိုင်ထားပေသည်။

လက်ရှိအချိန်တွင် အမျိုးသမီးသည် ရန်ကိုင်ရှေ့တွင်ရပ်လျက် ရန်ကိုင်အား စီနီယာတစ်ဦး၏ပုံစံအတိုင်း ကြည့်နေခဲ့သည်။

ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ဘေးဘီဝဲယာအား တစ်ချက် လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် သူ့ကိုယ်သူလက်ညှိုးထိုး၍ ပြန်မေးလိုက်လေသည်။ “ခင်ဗျား ကျုပ်ကို ပြောနေတာလား…”

ဤအမျိုးသမီးကို သူမသိပေ။ မြို့ထဲသို့ဝင်လာစဉ်က ဤအမျိုးသမီးအား သတိမပြုမိခဲ့။ ထို့အတွက်ကြောင့် သူ့လမ်းကိုလာပိတ်၍ ဤအမျိုးသမီး ဘာလုပ်ချင်နေသလဲဆိုသည်ကို သူမသိပေ။

အမျိုးသမီးက မျက်မှောင်ကျုံ့၍ “ရှင့်မပြောလို့ ဘယ်သူ့ပြောရမှာလဲ…”

“ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် သိလို့လား…” ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

အမျိုးသမီးမှာတော့ စိတ်ရှည်သည့်ပုံစံမျိုးမပေါက်။ ရန်ကိုင်မှ သူမမေးခွန်းအား တိုက်ရိုက်ပြန်မဖြေဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေသည်ကိုမြင်သော် ချက်ချင်း ထအော်ပြောတော့လေ၏။ “ငါမေးတာကိုပဲဖြေ… ဘာအပိုတွေ လာပြန်မေးနေတာလဲ…”

ရန်ကိုင်မျက်ခုံးပင့်သွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “ခင်ဗျားမေးတိုင်း ဖြေပေးလိုက်လို့ရှိရင် ကျုပ်က ရူးရာကျသွားမှာပေါ့…”

ဤအမျိုးသမီးမှာ အလွန်ကိုမှ ယုတ္တိမတန်အောင် ပြုမူနေခဲ့သည်။ သူ့လမ်းကိုလာပိတ်သည့်အပြင် သူ့ကိုလည်း မချေမငံပြောနေခဲ့သေးသည်။ ထို့အတွက်ကြောင့် စမြင်စဉ်ကတည်းက ရန်ကိုင်မှာ ဤအမျိုးသမီးမှာ သိပ်၍ကြည့်မရတော့ချေ။

ယင်ဖေးက ပြုံးဖြီးလျက် ပြန်ပြောလိုက်လေသည်။ “သခင်လေးရန်က ရုပ်လည်းချောတယ်… ပါရမီလည်းရှိတဲ့ လူအများကြားက နဂါးတစ်ကောင်ဆိုတော့ တစ်ယောက်ယောက်က သခင်လေးရန်ကို မြင်မြင်ချင်းကြိုက်သွားတာ…”

“ဘုန်း…”

ယင်ဖေး စကားအား ဆုံးအောင်မပြောရသေးခင်မှာပင် လက်သီးတစ်လုံးသည် သူ့ပါးပြင်တည့်တည့်ဆီသို့ တိုးဝင်လာလေ၏။ ယင်ဖေးသည် အလွန်တရာကိုမှ မြန်ဆန်လှသည့် အမြန်နှုန်းအား ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် ကပ်သီးလေး ရှောင်နိုင်သွားသည့် အတွက်ကြောင့်သာမဟုတ်ပါက ထိုလက်သီးမှာ သူ့ပါးပြင်တည့်တည့်သို့ ထိမှန်ပြီးသွားလေပြီ။

ထိုလက်သီးချက်ကို မြင်ပြီးသည့်နောက် ရန်ကိုင်နှင့် ယင်ဖေးတို့နှစ်ဦးစလုံး၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြသည်။

ထိုလက်သီးချက်နောက်တွင် လိုက်ပါလာသည့်စွမ်းအားမှာ အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။ လက်သီးချက်၏စွမ်းအားကြောင့် ဟင်းလင်းပြင်သည်ပင်လျှင် တုန်ခါသွားခဲ့ရလေသည်။ သို့သော်ငြား အမျိုးသမီးကိုကြည့်ရသလောက်တော့ ခွန်အားများများစားစား သုံးသွားသည့်ပုံမပေါ်။ သူမပုံစံမှာ အလွန်ကိုမှ အေးအေးဆေးဆေး ဖြစ်နေခဲ့လေသည်။

ထိုအချင်းအရာကိုမြင်လိုက်သော် ယင်ဖေး၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး သူ့ရင်ထဲ ကြောက်စိတ်တို့ ထွက်ပေါ်လာခဲ့သည်။

သူသည် အလွန်ကိုမှ မြင့်မားလှသော ခွန်အားကို ပိုင်ဆိုင်ထားသည့် မွန်းစတားဘုရင်တစ်ဦး ဖြစ်ပါသော်ငြား ထိုလက်သီးချက်ဖြင့်သာ အထိုးခံလိုက်ရမည်ဆိုပါက မသေလျှင်ပင် ကျိန်းသေဒဏ်ရာရသွားလိမ့်မည်မှန်းတော့ သိနေခဲ့သည်။

အသက် ဆယ့်ခုနှစ်နှစ် ဆယ့်ရှစ်နှစ်လောက်သာ ရှိသေးသည့် အမျိုးသမီးတစ်ဦး ဤမျှ ကြောက်မက်ဖွယ်ရာကောင်းလှသော ခွန်အားအား ပိုင်ဆိုင်ထားသည်ဆိုသောအချက်မှာ အမှန်တကယ်ကို မယုံကြည်နိုင်စရာကောင်းလှသည်။

“မွန်းစတားဘုရင်တစ်ကောင်ကများ ရာရာစစ လာပြောရဲတယ်… ရှင်နောက်တစ်ကြိမ် အဲ့စကားကို ထပ်ပြောရဲ ပြောကြည့်… ကျွန်မ ရှင့်အသက်ကို ချက်ချင်း နှုတ်ယူပစ်မယ်…” ထိုကောင်မလေးသည် ယင်ဖေးအား စူးရဲစွာစိုက်ကြည့်ရင်း သတိပေးလိုက်လေသည်။

အမျိုးသမီး ထပ်ပြောလာသည့် စကားကို ကြားပြီးသည့်နောက် ယင်ဖေးမှာ လိပ်ပြာလွင့်လုမတတ် ကြောက်လန့်သွားခဲ့လေသည်။

သူသည် ရန်ကိုင်ဘေးနားတွင် ရှိနေစဉ်အတောအတွင်း သူ့အရှိန်အဝါကို အပြည့်အဝ ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်လေသည်။ သာမန်ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် သူ မည်သူမည်ဝါဖြစ်သလဲ သူမည်မျှ အားကောင်းသလဲဆိုသည်ကို အာရုံခံနိုင်လောက်လိမ့်မည်မဟုတ်။ သို့သော်ငြား ဤအမျိုးသမီးမှာမူ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင်လျှင် သူသည် မွန်းစတားဘုရင်တစ်ပါးဖြစ်ကြောင်း သိသွားခဲ့လေသည်။

All Chapters