အခန်း (၂၆၇၅)
Vol. 114 Ch. 2675
ကောင်းကင်ထက်တွင် လူနှစ်ဦးသည် လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ပျံသန်းနေခဲ့ကြသည်။
ရှေ့မှဦးဆောင်သွားနေသည့် ရန်ကိုင်၏ သွေးချင်းနီနေသော လက်သီးမှာ တဖြည်းဖြည်း ပြန်ကောင်းလာခဲ့လေသည်။ ရန်ကိုင်မှာ အမျိုးသမီး၏ရုပ်ခွန်အားကြောင့် ကြိတ်၍ ထိတ်လန့်နေခဲ့ရသည်။ ဤအမျိုးသမီး ဘယ်ကလာသလဲဆိုသည်ကို သူမသိပေ။ ကောင်းကင်စိတ်အာရုံဖြင့် သူမအား လှမ်း၍ စစ်ဆေးကြည့်လိုက်ရာ အမျိုးသမီးသည် လက်နောက်ပစ်လျက် ပန်းခြံထဲ လမ်းလျှောက်ထွက်လာသည့်နှယ် သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာနေကြောင်း တွေ့လိုက်ရလေသည်။ သူမပုံစံသည် လုံးဝကို အေးအေးဆေးဆေးဖြစ်နေသည့် ပုံစံမျိုးပင်။
ရန်ကိုင်စိတ်ထဲ ထိတ်လန့်မိသွားသလို အသက်ပြင်းပြင်းတစ်ချက်လည်း ရှူသွင်းမိလိုက်သည်။ သူခံစားနေရသည့် ဒေါသတရားတို့မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားကုန်ကြလေပြီ။ သူ့အမူအယာမှာလည်း တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။ တစ်ဖက်လူသည် ငယ်ရွယ်ပြီး ယုတ္တိမတန်ပါသော်ငြား သူမ၏ခွန်အားမှာတော့ မေးခွန်းထုတ်စရာမလိုပေ။
သူတို့နှစ်ဦးသားကြားတွင် မည်သည့်ရန်ငြိုးရန်စမှ မရှိပေ။ ယခုမှသာလျှင် သူတို့နှစ်ဦးမှာ ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဖူးကြခြင်း ဖြစ်ပါသော်ငြား တစ်ဖက်လူသည် သူ့အား သတ်ချင်နေသဖြင့် ရန်ကိုင်လည်း ငြိမ်ခံနေ၍ မဖြစ်ပေ။
(ငါ့ကိုသတ်ချင်တယ်ဆိုမှတော့ ငါလည်း နင့်ကို သတ်ရသေးတာပေါ့… ဘယ်သူအရင်သေမလဲ ကြည့်ရသေးတာပေါ့…)
အရိပ်ဓါးပျံမြို့ဆီမှ မိုင်တစ်သောင်းအကွာခန့်တွင် ရှိနေသော အရိုင်းဆန်သည့် တောင်တန်းများဆီသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင် ရုတ်တရက်ရပ်လိုက်ကာ နောက်သို့ ပြန်လှည့်လိုက်လေသည်။
သူ့နောက်မှလိုက်လာနေသော မိန်းမငယ်လေးသည်လည်း ရန်ကိုင်နှင့် မီတာသုံးရာခန့်အကွာတွင် ရပ်လိုက်ပြီး ရန်ကိုင်အား လှောင်ပြောင်စကား ဆိုလိုက်လေသည်။ “ဒီတော့ ဒါက နင်သေချင်တဲ့နေရာပေါ့… နင့်အကြိုက်က မဆိုးဘူးပဲ…”
“ဟမ့်…” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “အရူးမ… ရုပ်ခွန်အားလေး အားကောင်းရုံနဲ့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်နေတယ် ဟုတ်လား… ကြည့်ရတာ ကောင်းကင်နဲ့မြေပြင် ဘယ်လောက်ကွာခြားလဲဆိုတာကို နင်မသိသေးဘူးပဲ…”
ဤစကားသည် အခြားသူများမှ သူ့အား ပြောလေ့ရှိသည့် စကားမျိုးဖြစ်ပြီး ရန်ကိုင်မှ ဤကဲ့သို့သော စကားမျိုးကိုသုံး၍ တစ်ဖက်လူအား ပထမဦးဆုံးအကြိမ်အဖြစ် လှောင်ပြောင်စကားပြောဖူးခြင်း ဖြစ်လေသည်။ ပုံမှန်အားဖြင့် သူ့အား ဤကဲ့သို့ ပြောခဲ့ဖူးသည့် လူအားလုံးမှာတော့ ဆိုးဆိုးရွားရွားအဆုံးသတ်များနှင့်သာ ကြုံခဲ့ကြရလေသည်။
အမျိုးသမီးက ဆက်၍ လှောင်ပြောင်လိုက်ပေသေးသည်။ “နင့်ဘာသာနင် ဖုန်းဆိုးမြေကိုပဲရွေးရွေး နေရာကောင်းကိုပဲရွေးရွေး နင် အဲ့ပစ္စည်းတွေကို သန့်စင်ရဲတယ်ဆိုမှတော့ နင့်အတွက် အလောင်းမြှုပ်စရာ မကျန်အောင်ကို ငါ နင့်ခန္ဓာကိုယ်ကို တစ်စစီလုပ်ပစ်မယ်…”
ပြောနေစဉ်အတောအတွင်း အရသာရှိလှသည့် စားကောင်းသောက်ဖွယ်ရာတစ်ခုကို ကြည့်နေသည့်အလား သူမ၏လျှာဖြင့် နှုတ်ခမ်းလေးများကို သပ်လိုက်လေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ ဘာကြောင့်မှန်းမသိ ရမ္မက်သွေးများ နိုးကြွလာခဲ့ရသည်။ ထိုလျှာနီနီလေးသည် မည်မျှပင် ခံစားလို့ကောင်းမလဲ ဆိုသည်ကို သူ့စိတ်ထဲ အလိုလိုတွေးမိသွားခဲ့လေသည်။
(ငါဘာတွေဖြစ်နေတာလဲ… ကိုယ့်ရန်သူက ကိုယ့်ရှေ့ရောက်နေတာတောင် ငါ ဘယ်လိုလုပ်ပြီး ဒီလိုစိတ်တွေ တွေးမိရတာလဲ… ကြယ်တာယာအစုအဝေးကို ရောက်ပြီးတဲ့နောက်ပိုင်း အမြဲတမ်း တစ်ကိုယ်တည်း နေနေလို့များလား…) ရန်ကိုင်သည် သူ့ကိုယ်သူ ဆူပူပြစ်တင်၍ ကျင့်စဉ်ကိုလှည့်ပတ်ကာ သူ့စိတ်အား ကြည်လင်သွားအောင် လုပ်လိုက်သည်။
“အဆင်သင့်ဖြစ်ပြီလား…” မိန်းမငယ်လေးသည် မျက်ခုံးပင့်၍ အန္တရာယ်မရှိသည့် ချိုသာသော အပြုံးကိုပြုံးရင်းမှ မေးလိုက်သည်။
ရန်ကိုင်က အော်ရယ်မောလျက် ပြန်၍ပြောလိုက်လေသည်။ “လာခဲ့လေ… ဒီသခင်လေးကိုယ်တိုင် နင့်ရဲ့မိဘ…”
ရန်ကိုင်မှာ သူ့စကားအား ဆုံးအောင်မပြောနိုင်သေးခင်မှာပင် အလွန်ပြင်းထန်သည့် အားတစ်ရပ် သူ့ဝမ်းဗိုက်အား လာရောက်ထိမှန်သည်ကို ခံစားလိုက်ရသည်။ မီတာသုံးရာခန့်အကွာတွင် ရှိနေသော မိန်းမငယ်လေးမှာ ပျောက်ချင်းမလှ ပျောက်နေခဲ့လေပြီ။ လက်ရှိအချိန်တွင် သူမ၏ သေးသွယ်သွယ်ခန္ဓာကိုယ်လေးသည် ရန်ကိုင်အနားသို့ ရောက်လာပြီး လက်သီးတစ်ချက် ပစ်သွင်းနေလေ၏။
ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ကိုယ့်ကိုယ်ကို ဖောက်ခွဲရာမှ ထွက်ပေါ်လာသည့် စွမ်းအားကို ခံစားလိုက်ရသည့်အလား ရန်ကိုင်၏ ခန္ဓာကိုယ်တွင်းတစ်ခုလုံး ဗလောင်ဆူသွားခဲ့ရသည်။ မထိန်းနိုင်တော့ဘဲ ပါးစပ်ဟ၍ သွေးတစ်ပွက်အား ထိုးအန်လိုက်ရပြီးသည့်နောက် ကြိုးပြတ်သွားသည့်စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားခဲ့လေသည်။
“ဘုန်း… ဘုန်း… ဘုန်း…”
ရန်ကိုင်သည် မြေပြင်ထက် သုံးလေးငါးကြိမ်ခန့် လွင့်စင်ထွက်သွားပြီးသည့်နောက် မီတာတစ်ထောင်ခန့်အမြင့်ရှိသော တောင်တစ်လုံးနှင့် သွားဝင်ဆောင့်လေသည်။ အလွန်ပြင်းထန်သည့်အားကြောင့် ထိုတောင်ထက် အပေါက်ကြီးတစ်ပေါက်ပင် ပေါ်လာခဲ့သေး၏။ ရန်ကိုင်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။
အမျိုးသမီးသည် သူမလက်ကို ပြန်ရုတ်သိမ်းလျက် ကျောကိုမတ်ရင်းမှ အပေါက်ဖြစ်နေသောတောင်ကို ကြည့်၍ ပြောလိုက်လေသည်။ “သွေးနားထင်ရောက်နေတဲ့ကောင်…”
သူမရှေ့မှောက်တွင် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် ရုန်းကန်ရနိုင်လေရာ ဧကရာဇ်ပထမအဆင့်သာရှိသေးသော ထိုကောင်လေးသည် မည်ကဲ့သို့များ သူမရှေ့၌ မောက်မာရဲရလေသနည်း။ ထိုကောင်သည် သေခြင်းတရားဆိုသည်မှာ ဘာလဲဆိုသည်ကို မသိခြင်းသာ ဖြစ်ရပေလိမ့်မည်။
ယခုတစ်ကြိမ်တွင် သူမသည် ကလန်အကြီးအကဲ၏ အမိန့်အရ သူမ၏ကလန်၏ ရတနာနှင့်ပတ်သက်သော သဲလွန်စများကို ရှာဖွေရန် တောင်ဘက်နယ်မြေသို့ ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ တောက်လျှောက်ရှာနေခဲ့ပါသော်ငြား မည်သည့်သဲလွန်စကိုမှမရ။ ယခု အရိပ်ဓါးပျံမြို့မှ ဖြတ်သွားစဉ် ရန်ကိုင်နှင့် အမှတ်မထင် လာဆုံမိခဲ့ခြင်း ဖြစ်လေသည်။
သာမန်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးလောက်သာဆိုလျှင်တော့ သူမအနေဖြင့် ဂရုပင်စိုက်နေလိမ့်မည် မဟုတ်ပါသော်ငြား ရန်ကိုင်သည် သူ မသန့်စင်သင့်သည့် အရာတစ်ခုကို သန့်စင်ထားခဲ့လေသည်။ သူမကလန်၏အဖွဲ့သားတစ်ဦး ဖြစ်သည်နှင့်အညီ သူမတွင် ရန်ကိုင်အား အမြစ်ပြတ်ရှင်းလင်းပစ်ရမည့် တာဝန်ရှိနေပေသည်။
သို့သော်ငြား သူမမည်သူမည်ဝါဆိုသည်ကို မသိဘဲနှင့် ဤလူသားသည် သူမအား တစ်ယောက်ချင်း စိန်ခေါ်ရဲခဲ့သည်။ သတ္တိမှာတော့ လေးစားစရာပင်။ သို့သော်ငြား သူ့အသိဉာဏ်မှာတော့ ကလေးတစ်ယောက်၏ အသိဉာဏ်လောက်သာ ရှိပေသည်။
အမျိုးသမီးသည် သူ့မျက်နှာထက် လာပေနေသော ရန်ကိုင်၏သွေးများကို လက်ဖြင့် သုတ်လိုက်သည်။ သို့သော်ငြား သူမလက်ပေါ်တွင် ကပ်ပေနေသော သွေးများကို မြင်ပြီးသည့်နောက် မျက်မှောင်ကျုံ့၍ ရေရွတ်လိုက်လေ၏။ “ရွှေရောင်ပါလား…”
ဤသည်မှာ သူမဘဝတွင် ရွှေရောင်သွေးကိုပိုင်ဆိုင်ထားသည့် လူသားတစ်ဦးကို ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဖူးခြင်း ဖြစ်လေသည်။ ဤရွှေရောင်သွေးထဲတွင် ပါဝင်နေသည့် အသက်စွမ်းအင်မှာ သူမကဲ့သို့သော လူတစ်ဦးအတွက်ပင် အတော်လေးကိုမှ ထိတ်လန့်စရာ ကောင်းနေခဲ့သည်။
ထို့နောက် ရွှေရောင်သွေးအား လျှာဖြင့် လျက်ကြည့်လိုက်ရာ အမျိုးသမီး၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး ရေရွတ်လိုက်လေ၏။ “နတ်ဆိုးအဆီအနှစ်… စိတ်စွမ်းအင်ပါရှိနေသေးတယ်… ထူးဆန်းလိုက်တာ…”
ဤသွေးစက်ထဲတွင် သူမနှင့် လုံးလုံးလျားလျား ဆန့်ကျင်နေသည့် အရောင်အဝါတစ်ရပ်ကို ခံစားမိလိုက်ရသည်။ တစ်ချိန်တည်းတွင်လည်း သူမနှင့် အလွန်ကိုမှ ရင်းနှီးနေသော စွမ်းအားကိုပါ ခံစားမိလိုက်ရပေသေးသည်။
ရန်ကိုင်၏ရွှေရောင်သွေးစက်သည် သူ့ကျင့်ကြံခြင်းခရီးလမ်း စတင်စဉ်က ရရှိခဲ့သော အနက်ရောင်စာအုပ်ထဲမှ အရင်းခံလာခြင်း ဖြစ်ပေသည်။ ရန်ကိုင်သည် ထိုစာအုပ်ထဲတွင် ရှိနေသော စွမ်းအားကိုသုံး၍ သူ့သွေးစက်များကို ရွှေရောင်သွေးစက်များဖြစ်အောင် သန့်စင်ခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူ၏ရွှေရောင်သွေးစက်များထဲ သိပ်သည်းလှသည့် နတ်ဆိုးအဆီအနှစ်တို့ ကိန်းအောင်းနေခြင်းပင် ဖြစ်လေသည်။ ထို့အပြင် ရန်ကိုင်သည် ရွှေနဂါး၏အမြုတေစွမ်းအားကိုလည်း သန့်စင်ခဲ့ပေသေးသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူ့သွေးစက်ထဲ မတူကွဲပြားသည့် စွမ်းအင်နှစ်မျိုး ရောနှောနေကာ အလွန်ကိုမှ အားကောင်းလှသော ပြန်လည်ကုစားနိုင်စွမ်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေသည်။
ထိုစွမ်းအင်နှစ်ခုမှာ လုံးလုံးလျားလျား ဆန့်ကျင်နေပါသော်ငြား လက်ရှိအချိန်တွင် ပြီးပြည့်စုံစွာ တစ်ခုနှင့်တစ်ခု ပေါင်းစည်းနေခဲ့လေသည်။
ပုံမှန်အားဖြင့် အနက်ရောင်စာအုပ်ထဲမှ ရန်ကိုင်ရရှိလာခဲ့သော နတ်ဆိုးအဆီအနှစ်သည် ရွှေနဂါး၏အမြုတေစွမ်းအားကို မည်သို့မှ မခုခံနိုင်ပေ။ သို့သော်ငြား ရန်ကိုင်သည် သူ့ကိုယ်ထဲတွင် ချိတ်ပိတ်ထားသော သန့်စင်လှသည့် ရှေးဟောင်းနတ်ဆိုးချီအား တစ်ကြိမ်မက ချိတ်ဖွင့်ပြီးသွားသည့်နောက်တွင် ရွှေနဂါးအမြုတေစွမ်းအားနှင့် နတ်ဆိုးအဆီအနှစ်စွမ်းအားတို့မှာ မျှခြေအခြေအနေတို့ ရောက်ရှိသွားခဲ့ကြလေသည်။
မိုးခြိမ်းမတတ် ပေါက်ကွဲသံနှင့်အတူ အပေါက်ဖြစ်နေသောတောင်ဆီမှ အလင်းတန်းတစ်ခု ပျံထွက်လာခဲ့လေသည်။ မကြာမီ ထိုအလင်းတန်းသည် ရန်ကိုင်အသွင်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်မလေးရှေ့၌ ပြန်ရပ်လိုက်လေ၏။
ကောင်မလေး အံ့အားသင့်သွားခဲ့ပြီး ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်လိုက်လေသည်။ သူမ၏လက်သီးချက် ခံလိုက်ရပြီးသည့်နောက် ရန်ကိုင်သည် မသေလျှင်ပင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလိမ့်မည်ဟု ထင်နေခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား တစ်ဖက်လူသည် ယခုကဲ့သို့ လှုပ်ရှားနိုင်လိမ့်ဦးမည်ဟု မထင်ထားခဲ့ချေ။ ထို့အပြင် ရန်ကိုင်ပုံစံမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့်ပုံမပေါ်ဘဲ အကောင်းတိုင်း ရှိနေသေးသည့် ပုံစံမျိုးသာ ပေါက်နေခဲ့လေသည်။ လက်ရှိအချိန်တွင် သူ့ခန္ဓာကိုယ်မှ ဧကရာဇ်ချီများ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်နေခဲ့ပြီး သူ့မျက်လုံးမှာလည်း ကြောက်မက်ဖွယ်ရာအလင်းတို့ဖြင့် တလက်လက်တောက်ပနေခဲ့လေသည်။
“တကယ်နာတယ်…” ရန်ကိုင်က မျက်နှာကြီးမဲ့လျက် ငြီးတွားလိုက်သည်။ ထို့နောက် အံကြိတ်၍ အော်ပြောလိုက်လေသည်။ “ကောင်မလေး… ငါ နင့်ကို အထင်သေးမိသွားတာပဲ… ဒါပေမယ့် ငါ့ဘက်ကလည်း နင့်ကို လက်ဆောင်ပြန်မပေးရင် မသင့်တော်ရာ ကျသွားမှာပေါ့… ဒီတော့… ရော့… ငါ့လက်သီးချက်ကို ခံလိုက်စမ်း…”
ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အချိန်မရွေးပေါက်ကွဲထွက်တော့မည့် မီးတောင်ရှင်တစ်လုံးနှယ် သူ့အရှိန်အဝါအားလုံးကို သူ့လက်သီးထိပ်တွင် စုဝေးစေလိုက်လေသည်။ လေဟာနယ်နိယာမစွမ်းအားတို့ လှုပ်ခတ်သွားခဲ့ပြီး ရန်ကိုင်သည် အမျိုးသမီး၏ရှေ့တည့်တည့်တွင် ပြန်ပေါ်လာကာ သူမရင်ဘတ်တည့်တည့်သို့ လက်သီးဖြင့် ထိုးချလိုက်လေသည်။
ထိုလက်သီးချက်ကိုသာ မရှောင်တိမ်းနိုင်ပါက သူမ၏ စနေနှစ်ခိုင်မှာတော့ ကျိန်းသေကို စုတ်ပြတ်ထွက်ကုန်ပေလိမ့်မည်။ ရန်ကိုင်မှာ သူမအား အသားယူရန် ကြိုးစားနေခြင်းမဟုတ်။ သို့သော်ငြား သူမ၏ကိုယ်လုံးကိုယ်ပေါက်မှာ အတော်လေးကိုမှ သေးငယ်လှသဖြင့် ရန်ကိုင်၏လက်သီးချက်သည် သူမ၏ရင်ဘတ်တည့်တည့်ကိုသာ ထိမှန်သွားနိုင်တော့သည်။
သေရေးရှင်ရေးအခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အခါတွင် ရန်ကိုင်သည် သူ၏ရန်သူမှာ မိန်းမဖြစ်နေပါစေ ဂရုစိုက်နေတော့လိမ့်မည် မဟုတ်ချေ။ သူမသည် အလွန်တရာကိုမှ လှပသည့် မိန်းမချောလေးတစ်ဦး ဖြစ်နေလျှင်ပင် သူ့အား သတ်ချင်နေသည့် လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်ကလည်း တစ်ဖက်လူအား ပြန်၍ ရှင်းပစ်ရပေလိမ့်မည်။
ရန်ကိုင်သည် ဓာတ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီကိုပါ ထုတ်သုံးလျက် သူ့လက်သီးချက်ကို အားဖြည့်ပေးလိုက်လေသည်။
ရန်ကိုင်၏လက်သီးချက်အောက်ဝယ် ဟင်းလင်းပြင်သည်ပင်လျှင် အက်ကွဲကုန်ကြသည်။ ရန်ကိုင်၏လက်သီးချက်မှာ သာမန်လက်သီးချက်တစ်ချက်သာမဟုတ်တော့။ သူနားလည်တတ်ကျွမ်းထားသည့် သိုင်းတာအိုအပေါ် ထိုးထွင်းသိမြင်မှုများကို စုဝေးထားသည့် စွမ်းအင်တစ်မျိုးသာ ဖြစ်တော့သည့်အလား။
ရန်ကိုင်၏လက်သီးချက်ကိုမြင်သော် မိန်းမငယ်လေးမှာ အံ့အားသင့်သွားသည့်အလား အနည်းငယ် မျက်လုံးမှေးစင်းသွားခဲ့သည်။ ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူသားတစ်ဦးဖြစ်သည့် ရန်ကိုင်သည် ဤမျှပြင်းထန်လှသည့် စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားသည့်ပုံပင်။ သွေးစက်ထဲရှိ အသက်စွမ်းအင်များနှင့်ပါ ပေါင်းလိုက်သော် ရန်ကိုင်သည် အလွန်တရာကိုမှ အားကောင်းလှသော ခန္ဓာသန့်စင်ခြင်းပညာရပ်တစ်ခုခုကို ကျင့်ကြံထားလိမ့်မည်ဟု အမျိုးသမီး သံသယရှိသွားခဲ့သည်။ ထို့ကြောင့်သာမဟုတ်ပါက ရန်ကိုင်၏ရုပ်ခွန်အားမှာ ဘာကြောင့်များ ဤမျှအားကောင်းနေရပါမည်နည်း။
တစ်ချိန်တည်းတွင်လည်း သူ့ကိုယ်သူ အသက်ပိုကြီးသည့် စီနီယာတစ်ဦးဟန် လုပ်ပြနေသော ရန်ကိုင်ကိုကြည့်ရင်း သူမစိတ်ထဲ ကြိတ်၍လှောင်ပြောင်နေမိခဲ့လေသည်။ သူမ၏ရုပ်ရည်မှာ ငယ်ရွယ်သည့်ပုံပေါက်နေပါသော်ငြား တကယ့်တကယ်တွင် သူမသည် အနည်းဆုံး နှစ်ရာနှင့်ချီကာ အသက်ရှင်လာခဲ့သော မွန်းစတားအိုကြီးတစ်ကောင် ဖြစ်ပေသည်။
“လွယ်လွယ်ကူကူမသေသွားခဲ့တဲ့အပေါ် နင်နောင်တရသွားအောင် ငါလုပ်ပေးမယ်…” အမျိုးသမီးက ပြောလိုက်သည်။ မိန်းမငယ်လေးမှာ ရန်ကိုင်၏လက်သီးချက် သူမဆီသို့ တိုးဝင်လာနေသည်ကို မြင်ပါသော်ငြား ရှောင်မည့်အရိပ်အယောင်မပြဘဲ သူမ၏လက်ဝါးဖြင့် ပြန်ရိုက်ချလိုက်သည်။ သူမ၏ သေးသွယ်သွယ် လက်ဝါးလေးမှာ အလွန်တရာကိုမှ ကောင်းမွန်လှသော ကျောက်စိမ်းသားတစ်ခုကို အနုစိတ်ထိုးထွင်းထားသည့်အလား သွယ်လျတောက်ပြောင်နေခဲ့သည်။
လက်သီးနှင့်လက်ဝါး ထိပ်တိုက်တွေ့သွားခဲ့သည်။ အမျိုးသမီးကတော့ တုတ်တုတ်ပင်မလှုပ်။ သူမ၏အဝတ်အစားများသာ တဖျတ်ဖျတ် လွင့်ခါသွားခဲ့ရလေသည်။ ရန်ကိုင်၏ အလွန်တရာအားကောင်းလှသော လက်သီးချက်သည် သူမအတွက်မူ လေပြင်းလေညင်းတစ်ခုသာ ဖြစ်သည့်အလား။
အမျိုးသမီးသည် လှောင်ပြုံးပြုံးရင်း ရပ်မြဲရပ်နေခဲ့သည်။
“ငါ့လခွမ်း…” ရန်ကိုင်သည် ရုပ်ခွန်အားခြင်း ယှဉ်ပြိုင်ရာတွင် အခြားသူများထက် အမြဲလိုလို ပို၍ အားကောင်းလေ့ရှိပါသော်ငြား ယခုအချိန်တွင်တော့ လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ရလေသည်။ လက်ရှိအမှန်တရားသည် သူ့အတွက် လက်ခံနိုင်ရန် အတော်ကိုမှ ခဲယဉ်းလွန်းနေခဲ့သည်။
ဤကောင်မလေး၏ ရုပ်ခွန်အားမှာ အလွန်တရာကိုမှ အားကောင်းလှမှန်း သိပါသော်ငြား ဤအတိုင်းအတာထိ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူမ၏ခွန်အားမှာ သူလုံးဝမယှဉ်ပြိုင်နိုင်သည့် ပုံစံမျိုးကို ဖြစ်နေခဲ့သည်။
“အခု ငါ့အလှည့်…” မိန်းမငယ်လေးမှာ ယဲ့ယဲ့လေးပြုံးလျက် ဆည်းလည်းသံတမျှ ချိုသာလှသည့်အသံမျိုးဖြင့် ရယ်သွမ်းသွေးလိုက်လေသည်။ သို့သော်ငြား သူမ၏အသံသည် ရန်ကိုင်အတွက်မူ သေမင်းဆင့်ခေါ်သံအလား ခြောက်ခြားဖွယ်ကောင်းလှလေသည်။ ရန်ကိုင်၏လက်သီးချက်ကို ရပ်တန့်ခဲ့သော ကောင်မလေး၏လက်ဝါးသည် လက်သီးအသွင်သို့ဆုပ်လျက် ရန်ကိုင်၏လက်သီးချက်ကို ဆုပ်ကိုင်ထားလိုက်သည်။ ရန်ကိုင်မှာ သူ့လက်ကို ပြန်ဆွဲယူလိုက်ပါသော်ငြား မည်သို့မှ ဆွဲယူ၍မရကြောင်း တွေ့လိုက်ရလေသည်။
ထို့နောက်တွင် မိန်းမငယ်လေးသည် အားနေသော သူမ၏လက်တစ်ဖက်ကို လေးကိုင်းအား ဆွဲလိုက်သည့်နှယ် နောက်သို့ ဖြည်းဖြည်းချင်း ဆွဲယူလိုက်သည်။ သူမ၏ခါးမှာလည်း ရှေ့သို့ အနည်းငယ်ကိုင်းသွားခဲ့လေရာ သူမဝတ်ဆင်ထားသည့် မိုးပြာရောင်ဝတ်စုံမှာ ဖောင်းကြွနေသော သူမ၏စနေနှစ်ခိုင်ကိုပင်လျှင် မဖုံးဖိနိုင်ဖြစ်သွားခဲ့ရသည်။
“ဘုန်း…” လေးကိုင်းကို အဆုံးထိဆွဲတင်၍ မြားကို ပစ်လွှတ်လိုက်သည့်အလား ကောင်မလေး၏လက်သီးချက်သည် ကြောက်မက်ဖွယ်ရာအဖျက်စွမ်းအင်တို့ကို သယ်ဆောင်လျက် ရန်ကိုင်တည့်တည့်သို့ ထိုးချလိုက်သည်။
ထိုလက်သီးချက်ကိုကြည့်ရင်း ရန်ကိုင်မှာ လုံးဝကို ပျာယာခတ်သွားခဲ့ပြီး အားနေသည့် လက်တစ်ဖက်ဖြင့် ကမန်းကတန်း ပြန်လည်ခုခံခဲ့လိုက်ရသည်။
ပေါက်ကွဲသံများနှင့်အတူ ရန်ကိုင်၏ အော်ငြီးတွားသံတို့ ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင်ဖန်တီးထားသည့် ဓာတ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီမှာ လုံးဝပျက်စီးသွားခဲ့ရပြီး သူကိုယ်တိုင်သည်လည်း နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရသည်။ ရန်ကိုင်၏လက်သီးတစ်ခုလုံးမှာလည်း အရိုးကျိုးသွားသည့်အလား ကွေးထွက်သွားခဲ့ပြီး သွေးချင်းနီသွားခဲ့ရသည်။ သူ့လက်ရှိအသားများသည်ပင်လျှင် စုတ်ပြဲထွက်ကုန်ရကာ အရိုးများပင်လျှင် ငေါငေါကြီးပြူးထွက်နေလေ၏။
သူ့ရင်တစ်ခုလုံးမှာလည်း ဗလောင်ဆူခဲ့ရပြီး သွေးများ အပွက်ပွက် ထိုးအန်လိုက်ရလေသည်။ သို့သော်ငြား အောက်ကျမခံလိုသည့်အတွက်ကြောင့် ခေါင်းမော့၍ ခက်ခက်ခဲခဲဖြင့် ပြန်၍ပြောလိုက်လေ၏။ “ဒီလောက်ပဲလား…”
“တကယ်လား…” မိန်းမငယ်လေးက ယဲ့ယဲ့လေးပြုံးလျက် ရန်ကိုင်အား လှောင်ပြုံးပြုံးကာ စိုက်ကြည့်လိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း သူမကိုယ်သူမ တွေးလိုက်လေ၏။ (တကယ်ကို သနားစရာကောင်းလိုက်တဲ့လူသားပါလား… ကိုယ့်အကြောင်းကိုယ်မသိဘဲ သေရတော့မှာကိုတောင် ဂုဏ်ကမောက်ချင်နေသေးတယ်…)
“ထပ်လာစမ်း…” ရန်ကိုင်က ဒေါမာန်တကြီးဖြင့် အော်ဟစ်၍ သူ့ခွန်အားကို နောက်တစ်ကြိမ် စုစည်းလိုက်လေသည်။ အမျိုးသမီးပြန်မဖြေနိုင်သေးခင်မှာပင် ရန်ကိုင်သည် သူ့လက်သီးချက်ကို ထိုးချလိုက်လေပြီ။
(တကယ်ကြီး နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ချင်နေတာလား…) အမျိုးသမီး မျက်မှောင်ကျုံ့သွားခဲ့သည်။
ဤသည်မှာ သူမထင်ထားသလို မဟုတ်ပေ။ သူမ၏လက်သီးချက်ကြောင့် ခေါင်းချောင်သွား၍များ ဤကောင် အရူးတစ်ယောက်လို့ ပြုမူနေရခြင်းလား သူမလည်း မပြောတတ်တော့ချေ။