← Chapters

အခန်း (၂၆၇၄)

Vol. 114 Ch. 2674

အခန်း (၂၆၇၄)

Vol. 114 Ch. 2674

တစ်ခဏမျှ ငေးကြောင်ကြောင် ဖြစ်နေပြီးသည့်နောက် ယင်ဖေးက ပြန်မေးလိုက်လေသည်။ “ဘယ်စကားလဲ…”

သူဘာပြောလိုက်မိ၍များ အမျိုးသမီးသည် ယခုကဲ့သို့ ဒေါသထွက်သွားရသလဲ ဆိုသည်ကို ယင်ဖေး နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။ သို့သော်ငြား ယင်ဖေးမှာ အလွန်တရာကိုမှ သွေးပျက်ကြောက်လန့်သွားခြင်းတော့ မဟုတ်ချေ။ ရှေးဟောင်းကုန်းမြေ၏ မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးအနက် တစ်ပါးအပါအဝင် ဖြစ်သည်နှင့်အညီ သူ့ရှေ့တွင်ရှိနေသော ကောင်မလေးမှာ အံ့အားသင့်ဖွယ်ရာခွန်အားကို ပိုင်ဆိုင်ထားသည့်တိုင် သူကိုယ်တိုင်ကလည်း ရင်ဆိုင်ရလွယ်ကူသည့် လူတစ်ဦးဖြစ်၍လော။

တကယ်တမ်းသာ ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင် ယင်ဖေး သူမအား ကြောက်နေလိမ့်မည် မဟုတ်ပေ။

တစ်ချိန်တည်းတွင်လည်း အမျိုးသမီး၏ကျင့်ကြံခြင်းကို သိရလေအောင် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ တစ်ဖက်လူအား စစ်ဆေးကြည့်လိုက်လေသည်။

ရန်ကိုင်လည်း ထိုကဲ့သို့လုပ်ကြည့်လိုက်သည်။ သို့သော်ငြား သူတို့၏ ကောင်းကင်စိတ်အာရုံနှစ်ခုစလုံးမှာ သူတို့ရှေ့တည့်တည့်၌ ရှိနေသော အမျိုးသမီးအား စစ်ဆေးကြည့်နေပါသည့်တိုင် မည်သည့်အရာကို အာရုံခံမရခဲ့ပေ။ သူမ၏ကျင့်ကြံခြင်းကိုမဆိုထားနှင့် သူမ သူတို့ရှေ့တွင် ရှိနေသည်ဟူသော အချက်ကိုပင်လျှင် အာရုံခံ၍မရ။

ထိုကဲ့သို့ဖြစ်ရသည့် အကြောင်းအရင်း နှစ်ချက်ရှိပေသည်။ ပထမတစ်ချက်မှာ ဤအမျိုးသမီး၏ ကျင့်ကြံခြင်းသည် ယင်ဖေးနှင့် ရန်ကိုင်တို့ထက် အများကြီး ပိုမြင့်မားသည့် အတွက်ကြောင့်သာ။ ဒုတိယအချက်မှာ သူမသည် အခြားလူများ သူမအား အာရုံခံ၍ မရစေနိုင်သည့် မှော်ရတနာတစ်ခုကို အသုံးပြုထားခြင်း ဖြစ်ပေသည်။

ပထမတစ်ချက်မှာ သိပ်၍မဖြစ်နိုင်လှ။ ယင်ဖေးမှာ ဧကရာဇ်တတိယအဆင့်နှင့်ပင် ယှဉ်နိုင်သည့် မွန်းစတားဘုရင်တစ်ပါးဖြစ်နေသည် မဟုတ်ပေလော။ သူ့ထက်ပိုအားကောင်းသည့်လူဆို၍ နတ်အရှင်များနှင့် မဟာဧကရာဇ်များသာ ရှိကြတော့သည်။ သို့သော်ငြား ဤကောင်မလေး၏အသက်သည် ထိုကဲ့သို့သော အဆင့်မျိုးကို ရောက်နေဖို့ရာ အလွန်ကိုမှ ငယ်ရွယ်လွန်းနေပေသေးသည်။ ထို့အတွက်ကြောင့် သူမသည် အခြားလူများ သူမအား အာရုံမခံရအောင် လုပ်ထားသည့် မှော်ရတနာတစ်မျိုးမျိုးအား အသုံးပြုထားခြင်းသာ ဖြစ်ရပေလိမ့်မည်။

(ဒီကောင်မလေးရဲ့နောက်ခံက မရိုးရှင်းဘူးပဲ…) ရန်ကိုင် တွေးလိုက်လေသည်။

“ရှင်နောက်တစ်ကြိမ်ထပ်ပြောရင် သိလိမ့်မယ်…” အမျိုးသမီးသည် လှောင်ပြုံးသာ ပြုံးလိုက်ပြီး ယင်ဖေး၏အမေးအား တိုက်ရိုက်ပြန်မဖြေခဲ့ပေ။ ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “နင့်နာမည်ကို ဘယ်လိုခေါ်လဲ…”

ထိုအမျိုးသမီးမှာ ရန်ကိုင်၏နာမည်ကို မရမက သိချင်နေခဲ့လေသည်။

ရန်ကိုင် ပြန်မဖြေရသေးခင်မှာပင် အမျိုးသမီးက ရုတ်တရက် လက်ဝှေ့ယမ်း၍ ပြောလိုက်လေ၏။ “ထားလိုက်တော့ ထားလိုက်တော့… နင် ပြန်ဖြေနေစရာ မလိုတော့ဘူး…”

“ခင်ဗျား ကျုပ်ကို လာနောက်နေတာလား…” ရန်ကိုင်၏နဖူးထက် သွေးကြောကြီးများ ထောင်တက်လာတော့လေသည်။ ဤကောင်မလေးမှာ ခေါင်းရော ကောင်းရဲ့လားဟု တွေးမိသွားရသည်အထိပင်။ အကြောင်းအရှင်းမရှိ သူတို့လမ်းကိုလာပိတ်ပြီး သူ့နာမည်အား အရူးတစ်ယောက်နှယ် မရမက မေးခဲ့သည်။ ယခုတွင်လည်း သူ့နာမည်ကို သိစရာမလိုတော့ဟု ပြောနေပြန်လေသည်။ အမျိုးသမီး၏လုပ်ရပ်ကြောင့် ရန်ကိုင်မှာ အမှန်တကယ်ကို ဒေါသထွက်လာရတော့သည်။

အမျိုးသမီးက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။ “နင့်ကိုနောက်လို့ ဒီဘုရင်မအတွက် ဘာအကျိုးရှိမှာမို့လို့လဲ…”

ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “ဒီဘုရင်မလို့ ပြောနေရအောင် ခင်ဗျားက ဘယ်သူမို့လို့လဲ…”

ရန်ကိုင်သည် မောက်မာဝံ့ကြွားသည့် လူများစွာကို မြင်ခဲ့ဖူးသော်ငြား ယခုမိန်းကလေးကဲ့သို့ မောက်မာဝံ့ကြွားလွန်းသည့် လူမျိုးကိုတော့ မတွေ့ခဲ့ဖူးချေ။ သူမအား မောက်မာသည်ဟုပင် ပြော၍မရတော့။ ဤကောင်မလေးသည် အလွန်တရာကိုမှ မောက်မာလွန်းနေရာ မည်သူ့ကိုမှ မျက်လုံးထဲမထည့်သည့်အဆင့်သို့ ရောက်နေခဲ့လေပြီ။

“နင့်အသက်ကို လိုချင်တဲ့လူလေ…” အမျိုးသမီးက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။

ရန်ကိုင် ကြောင်သွားခဲ့လေသည်။ “ခင်ဗျား ကျုပ်ကို သတ်ချင်တာလား… ကျုပ်တို့ အခုမှ ပထမဦးဆုံးအကြိမ် တွေ့ဖူးတာလေ… ခင်ဗျားနဲ့ကျုပ်ကြားမှာ ဘာရန်ငြိုးရန်စတွေ ရှိနေလို့လဲ…”

အမျိုးသမီးက အလေးအနက်အမူအယာဖြင့် မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်သည်။ “ငါတို့ အခုမှ ပထမဦးဆုံးအကြိမ် တွေ့ဖူးတာမှန်တယ်… ဒါပေမယ့် နင့်မှာ နင်မပိုင်ဆိုင်သင့်တဲ့ အရာတစ်ခု ရှိနေတယ်… နင် လုံးဝ မသန့်စင်သင့်တဲ့ အရာတစ်ခုပဲ… ဒါပေမယ့် နင်က အဲ့ဒါကို သန့်စင်ထားတယ်ဆိုမှတော့ နင်သေရတော့မှာပေါ့…”

“ဘယ်လို…” ရန်ကိုင် ကြောင်တောင်တောင် ဖြစ်သွားခဲ့လေသည်။

“နင့်အရိုးတွေအကုန်လုံးကို ချိုးပစ်ပြီးသွားရင် နင်သိလာလိမ့်မယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် အမျိုးသမီးသည် ရန်ကိုင်တည့်တည့်သို့ ထိုးချလိုက်လေသည်။ အမျိုးသမီးမှာ သာမန်ကာလျှံကာ ကောက်ထိုးလိုက်ခြင်းသာ ဖြစ်ပါသော်ငြား လက်သီးချက်ထဲတွင် ပါလာသည့် စွမ်းအားကို ခံစားမိလိုက်သည့်နောက် ရန်ကိုင်၏အမူအယာမှာတော့ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။

ထိုလက်သီးချက်ကြောင့် ဟင်းလင်းပြင်သည်ပင်လျှင် ကွဲအက်သွားခဲ့ရာ ကြောက်မက်ဖွယ်ရာ စွမ်းအင်အရှိန်အဟုန်တို့မှာ ရန်ကိုင်ဆီသို့ တိုးဝင်လာပြီး သူ့အား တစ်စစီဖြစ်အောင်လုပ်ရန် ကြိုးစားကြတော့လေသည်။

အစောပိုင်းက အမျိုးသမီးမှ ယင်ဖေးအား ထိုးချလိုက်စဉ် သူမ၏စွမ်းအားများများစားစားကို ရန်ကိုင် မခံစားမိခဲ့။ ဤကောင်မလေးသည် အသက်အရွယ်နှင့်မလိုက်အောင် အလွန်တရာကိုမှ အားကောင်းလှသည်ဟုသာ ခံစားမိခဲ့ရသည်။ သို့သော်ငြား ယခု ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ရသည့်အခါတွင်တော့ ဤကောင်မလေးကို အထင်သေးမိနေသေးမှန်း နားလည်သွားခဲ့လေသည်။

ဤကဲ့သို့သောစွမ်းအားမျိုးသည် မိန်းမငယ်လေးတစ်ဦး ပိုင်ဆိုင်သင့်သည့် စွမ်းအားမျိုး မဟုတ်ချေ။ မွန်းစတားဘုရင်ရှီလဲ့မှ သူ၏ မွန်းစတားအသွင်ပုံစံဖြင့် ဤကဲ့သို့သော စွမ်းအားမျိုးကို ထုတ်လွှတ်လာပါက ရန်ကိုင်အနေဖြင့် အံ့အားသင့်နေလိမ့်မည် မဟုတ်ပါသော်ငြား ထိုကဲ့သို့သောစွမ်းအားကို ထုတ်လွှတ်လာသည့်လူမှာ ဆယ့်ခုနှစ်နှစ် ဆယ့်ရှစ်နှစ်လောက်သာ ရှိသေးသည့် မိန်းမငယ်လေးတစ်ဦး ဖြစ်နေသည်ဆိုသော အချက်ကိုတော့ ရန်ကိုင် အမှန်တကယ်ကို မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

ရန်ကိုင်မှာ အလွန်တရာကိုမှ ထိတ်လန့်အံ့အားသင့်နေမိသလို ဤလောကကြီးတွင် ပါရမီရှင်ပေါင်းများစွာ ရှိနေသေးပါလားဟုလည်း တွေးမိသွားလေသည်။ ဘယ်ကမှန်းမသိ ရုတ်တရက်ကြီး ထွက်ပေါ်လာသော ဤကောင်မလေးသည် ရန်ကိုင်အား ဤလောကကြီးထဲတွင် မည်ကဲ့သို့သော ပါရမီရှင်များ ပုန်းကွယ်နေသေးသလဲဟု တွေးမိသွားရသည်အထိ အံ့အားသင့်သွားအောင် လုပ်နိုင်ခဲ့ပေသည်။

“သခင်လေးရန် သတိထား…” ယင်ဖေး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်တည်းတွင် သူ့လက်ကို ဆန့်ထုတ်၍ အမျိုးသမီး၏လက်သီးကို လှမ်းဖမ်းရန် ကြိုးစားလိုက်လေသည်။

“အသုံးမဝင်ဘူး…” ရန်ကိုင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး သူ့ခွန်အားအကုန်အစင်ကို လက်သီးထဲသို့ထည့်၍ တစ်ဖက်လူ၏လက်သီးချက်အား ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။

ကောင်းကင်ထက် ဧရာမလက်သီးအရိပ်ကြီးနှစ်ရိပ် ထိပ်တိုက်တွေ့ဆုံသွားရာမှ ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ ယင်ဖေးသည် ငြီးတွားရင်းမှ နောက်သို့ မီတာပေါင်းများစွာ ဆုတ်လိုက်ရလေသည်။ သူ့လက်တစ်ခုလုံး တဆတ်ဆတ်တုန်ရီနေခဲ့ပြီး သူ့လက်မှာ အနည်းငယ် ကွေးသွားခဲ့လေသည်။ ရန်ကိုင်သည်လည်း သူ့ရင်တစ်ခုလုံး ဗလောင်ဆူသွားသလို ခံစားနေရကာ သူ့လက်ရှိ အသားများမှာလည်း စုတ်ပြတ်ပေါက်ပြဲနေခဲ့လေသည်။

နှစ်ဦး အတူပူးပေါင်းခဲ့သည့်တိုင် တစ်ဖက်လူအား ရပ်တန့်နိုင်ခဲ့ခြင်း မရှိချေ။

အမျိုးသမီးမှာ လက်သီးတစ်ချက် ထိုးပြီးသည့်နောက် တစ်ချက်ကလေးမှပင် ရပ်မနေခဲ့ဘဲ ရန်ကိုင်ဦးခေါင်းတည့်တည့်သို့ နောက်ထပ်လက်သီးတစ်ချက် ပစ်သွင်းလာခဲ့လေသည်။ သူမပုံစံကိုကြည့်ရသလောက် ယခုတစ်ကြိမ် လက်သီးဖြင့် ရန်ကိုင်၏အသက်ကို အပြီးတိုင် ချွေယူပစ်ချင်နေသည့်ပုံပင်။ သူမ၏လှုပ်ရှားမှုများမှာ အလွန်တရာကိုမှ ရက်စက်ပါသော်ငြား သူမ၏အမူအယာမှာ ရှေးဟောင်းကန်ရေပြင်တစ်ခုနှယ် တည်ငြိမ်နေကာ သူမဆီမှ မည်သည့်သတ်ဖြတ်လိုစိတ်မှ ဖြာထွက်နေခြင်း မရှိခဲ့ပေ။ အလွန်တရာကိုမှ မြင်ရခဲလှသည့်ပုံစံမျိုးပင်။

ထိုသို့ပင်ဖြစ်လင့်ကစား ဤကောင်မလေးသည် ရန်ကိုင်အား မသတ်ချင်ပါဟု ထင်နေလျှင် မှားသွားပေလိမ့်မည်။ သားသတ်သမားတစ်ယောက်မှ သိုးတစ်ကောင်အား သတ်ပစ်သည့်အခါ သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်ပါ၍လော။

အားကောင်းလှသည့် စွမ်းအင်ဝဲကတော့ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့လေရာ ရီကျင်းဟန်နှင့် တုရှန်းတို့မှာ အထိတ်တလန့်အော်ဟစ်ရင်း အမျိုးသမီး၏ လက်သီးတည့်တည့်ဆီသို့ အလိုလို ဆွဲခေါ်သွားခံရလေ၏။

အမျိုးသမီးမှာ သူတို့နှစ်ဦးအား တမင်သက်သက် ပစ်မှတ်ထားနေခြင်း မဟုတ်ပါသော်ငြား သူမ၏ကျင့်ကြံခြင်းမှာ သူတို့ထက် အဆပေါင်းများစွာ ပိုမိုမြင့်မားနေသည့်အတွက်ကြောင့် သူမ၏လက်သီးချက်ကို ထုတ်လွှတ်လိုက်သည့်အခါ အနီးအနား၌ရှိနေသော မဆိုင်သည့်လူများသည်ပါ ဆွဲထည့်ခံလိုက်ရခြင်း ဖြစ်ပေသည်။

တုရှန်းနှင့် ရီကျင်းဟန်တို့နှစ်ဦးစလုံးမှာ သူတို့၏အရင်းအမြစ်ချီကို မလှည့်ပတ်နိုင်ကြတော့ဘဲ သူတို့ မည်သို့ပင် ရုန်းကန်နေစေကာမူ ဤစွမ်းအင်ဝဲကတော့မှ ရုန်းထွက်နိုင်ခြင်းမရှိကြောင်း တွေ့လိုက်ရလေသည်။

သူတို့၏ခန္ဓာကိုယ်များ ထိုပန်းရောင်လက်သီးလေးနှင့် သွားထိကာ တစ်စစီ ဖြစ်ခါနီး၌ နောက်ထပ်လက်သီးတစ်လုံးသည် သူတို့အနောက်ဘက်မှ ဖြတ်ကျော်သွားခဲ့ပြီး ထိုပန်းရောင်လက်သီးနှင့် သွားရောက် ထိပ်တိုက်တွေ့လေသည်။ ထိုလက်သီးချက်ကိုမူ ငါးရောင်ခြယ်အလင်းတို့မှ လွှမ်းခြုံထားခဲ့လေသည်။

အခြေအနေမဟန်တော့မှန်း သိလိုက်သည့်အတွက်ကြောင့် ရန်ကိုင်သည် ဒေါသထွက်ထွက်ဖြင့် ဧကရာဇ်ချီစွမ်းအင်အားလုံးကို အရူးအမူးထုတ်လွှတ်၍ ဓာတ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီကိုပါ ထပ်မံထုတ်သုံးလိုက်လေသည်။

“ဘုန်း…”

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ရန်ကိုင် နောက်သို့ လွင့်စင်ထွက်လာခဲ့သည်။ ရန်ကိုင်၏လက်မောင်းရိုးတစ်ခုလုံး သွင်သွင်ကျိုးသွားခဲ့ရာ အရိုးများပင်လျှင် သူ့လက်မောင်းအပြင်ဘက်သို့ ငေါထွက်လာနေခဲ့လေသည်။ သို့သော်ငြား လက်သီးနှစ်ဖက်လုံး ထိပ်တိုက်တွေ့သွားရာမှ ထွက်ပေါ်လာသည့် ပေါက်ကွဲစွမ်းအားသည် ရီကျင်းဟန်နှင့် တုရှန်းတို့အား ဘေးတစ်ဖက်စီသို့ အောင်မြင်စွာ လွင့်စင်ထွက်သွားအောင် လုပ်နိုင်ခဲ့လေသည်။

ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများသည် ရန်ကိုင်၏အဝတ်စများကို တစ်စစီ စုတ်ပြဲထွက်သွားစေခဲ့သလို ရန်ကိုင်တို့၏ အနောက်ဘက်တွင် ရှိနေသော မြို့သခင်စံအိမ်သည်ပင်လျှင် တမုဟုတ်ချည်း ပြိုကျသွားခဲ့ရလေသည်။ ထို့အတွက်ကြောင့် မြို့သခင်စံအိမ်ထဲ နေနေကြသော အရိပ်ဓါးပျံဂိုဏ်းမှာ တပည့်များမှာမူ သေလျှင်သေ မသေလျှင် ဆိုးဆိုးရွားရွား ဒဏ်ရာရကုန်ကြတော့သည်။

“ခွေးရူးမ…” ရန်ကိုင်သည် အမျိုးသမီးအား စူးရဲစွာ စိုက်ကြည့်နေခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် ကောင်မလေး မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်နောက်သို့ ချက်ချင်းပြေးမလိုက်ခဲ့ပေ။ ထို့အစား သွေးချင်းနီနေသော ရန်ကိုင်၏ လက်ကို ကြည့်၍ ယဲ့ယဲ့လေးသာ ပြုံးလိုက်လေ၏။

“သခင်လေးရန်…” ယင်ဖေး ရန်ကိုင်ဘေးနားသို့ အလျင်စလို ပြေးလာခဲ့လေသည်။ သတ်ဖြတ်လိုစိတ်တို့သည် သူ့မျက်လုံးမှ အထင်းသား ထွက်ပေါ်နေခဲ့သည်။

ယခုတစ်ကြိမ် ရန်ကိုင်နောက်သို့ လိုက်လာရခြင်းမှာ ရန်ကိုင်အား ကာကွယ်ပေးနိုင်ရန်အတွက် ဖြစ်ပေသည်။ တကယ်တော့ ရန်ကိုင်သည် အလွန်ကိုမှ အရေးကြီးသည့်လူတစ်ဦး မဟုတ်ပေလော။ ရန်ကိုင်သည်သာ တစ်ခုခုဖြစ်သွားခဲ့မည်ဆိုပါက ရှေးဟောင်းကုန်းမြေထဲတွင် ရှိနေသော မွန်းစတားဘုရင်အားလုံး ယင်ဖေးအား ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။

သို့သော်ငြား တစ်စုံတစ်ဦးသည် သူ့ရှေ့တည့်တည့်တွင်ပင် ရန်ကိုင်အား ဒဏ်ရာရသွားအောင် လုပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရှဲ့ဝူဝေနှင့် ရှီလဲ့တို့သာ ဤအကြောင်းကြားမည်ဆိုပါက ငြိမ်ငြိမ်ထိုင်နေနိုင်ကြတော့လိမ့်မည်မဟုတ်ဘဲ သူ့အား ကျိန်းသေ အပြစ်တင်တော့ပေလိမ့်မည်။

“သူတို့ကိုကာကွယ်ထား…” ရန်ကိုင်သည် ရီကျင်းဟန်နှင့်တုရှန်းတို့အား ယင်ဖေးဆီသို့ ပစ်ပေးလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်လေသည်။

ယခုတစ်ကြိမ်အဖြစ်အပျက်သည် မြို့ထဲတွင်ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ထို့အတွက်ကြောင့် ဘက်ပေါင်းများစွာမှ ဧကရာဇ်အဆင့်ပညာရှင်များ ထွက်ပေါ်လာခဲ့ပြီး ခပ်လှမ်းလှမ်းမှ အခြေအနေကို အကဲခတ်ကြတော့လေ၏။ ယခုတစ်ကြိမ် ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်သည့်လူမှာ ရန်ကိုင်သာဖြစ်မှန်း သိသွားသလို ရန်ကိုင်ကိုယ်တိုင်လည်း ဒဏ်ရာရနေကြောင်း တွေ့လိုက်ရသည့်နောက် အကုန်လုံး ဝမ်းသာအားရ ဖြစ်သွားကုန်ကြလေသည်။

အကြောင်းမှာ မြို့ဂိတ်ပေါက်၌ ရန်ကိုင်လုပ်သွားသည့်ပုံစံကို မည်သူမျှ ကြည့်မရသည့်အတွက်ကြောင့်ပင်။ ထို့အတွက်ကြောင့် ရန်ကိုင်ဒဏ်ရာရသွားသည်ကိုမြင်သော် အကုန်လုံး ဝမ်းသာအားရ ဖြစ်နေကြလေသည်။ အထူးသဖြင့် ရန်ကိုင်မှ လှောင်ပြောင်အရှက်ခွဲခဲ့သည့် လူအိုကြီးနှင့် သက်လတ်ပိုင်းလူကြီးပင်။

သို့သော်ငြား သူတို့အား ဇဝေဇဝါဖြစ်သွားစေသည်မှာ ကောင်မလေး၏ဇစ်မြစ်ပင်။ ကောင်မလေးမှာ ငယ်ရွယ်နုပျိုနေပါသော်ငြား ရန်ကိုင်ကဲ့သို့သော လူတစ်ဦးအား ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့လေသည်။

“တိုက်ချင်တယ်ဆိုရင် အပြင်မှာတိုက်ကြမယ်…” ထရပ်ပြီးသည့်နောက်တွင် ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ ထို့နောက် မြို့ပြင်ဘက်သို့ ပျံထွက်သွားလေသည်။

လက်ရှိအချိန်တွင် သူတို့သည် အရိပ်ဓါးပျံမြို့၌ ရှိနေခြင်းဖြစ်လေသည်။ ဤကောင်မလေး၏စွမ်းအားအရ သူတို့သာ တကယ်ကြီးတိုက်ခိုက်မည်ဆိုပါက အရိပ်ဓါးပျံမြို့တစ်ခုလုံး စိစိညက်ညက်ကြေသွားနိုင်ကာ မြို့ထဲတွင်ရှိနေသော မဆိုင်သူ အပြစ်မဲ့သူအားလုံး သေကြေကုန်ကြရပေလိမ့်မည်။ ထို့အပြင် ရန်ကိုင်သည် လူပေါင်းများစွာရှေ့မှောက်၌ သူ၏အစစ်အမှန်ခွန်အားကို ထုတ်မပြချင်ပေ။

“ကောင်းပြီလေ… ငါလည်း အနည်းဆုံးတော့ နင်ဘယ်မှာသေချင်လဲဆိုတာကို ရွေးခွင့်ပေးရသေးတာပေါ့…” ကောင်မလေးက ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်နောက်သို့ လိုက်သွားလေ၏။

“သခင်လေးရန်…” ယင်ဖေး၏အမူအယာ သုန်မှုန်သွားခဲ့ပြီး ရန်ကိုင်နောက်သို့ပြေးလိုက်ရန် လုပ်တော့သည်။

သို့သော်ငြား ထိုအခိုက်အတန့်တွင် အဝေးတစ်နေရာဆီမှ ရန်ကိုင်၏အသံ ထွက်ပေါ်လာခဲ့လေသည်။ “ကျုပ်နောက်ကို လိုက်မလာနဲ့… အခြားသူတွေကိုလည်း အနီးကပ်မလာစေနဲ့… မိန်းကလေးတစ်ယောက်ပဲဟာကို ဒီသခင်လေး မနိုင်စရာလား…”

ရန်ကိုင်၏မျက်လုံးများထဲ ဒေါသရိပ်တို့ကို ခံစားမိလိုက်သော် ယင်ဖေး ချက်ချင်း ရပ်တန့်သွားခဲ့လေသည်။ ရန်ကိုင်ဒေါသထွက်နေသည်မှာလည်း အထူးအဆန်းတော့မဟုတ်။ မည်သူမဆို ယခုကဲ့သို့ အကြောင်းအရင်းမရှိ ရန်စခံလိုက်ရမည်ဆိုပါက ဒေါသထွက်မိမည်သာ။

သို့သော်ငြား ရန်ကိုင်၏အမိန့်သည် သူ့အား ကျဉ်းထဲကျပ်ထဲသို့ ရောက်သွားစေခဲ့လေသည်။ ရန်ကိုင်နောက်သို့လိုက်မသွားခဲ့ပါက ရန်ကိုင်တစ်ခုခုဖြစ်သွားမည်ကို အမှန်တကယ်ကြောက်မိသလို ရန်ကိုင်၏အမိန့်ကို မနာခံဘဲ သူထင်ရာလုပ်လိုက်ပါက ရန်ကိုင် သူ့အပေါ် မကျေမနပ်ဖြစ်သွားမည်ကိုလည်း ကြောက်နေရပေသည်။

သူတုံ့ဆိုင်းနေစဉ်မှာပင် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာသည် ထိုစိတ်လှုပ်ရှားဖွယ်ရာ ပွဲကြီးပွဲကောင်းကို လက်မလွှတ်ချင်သည့်အလား ရန်ကိုင်နောက်သို့ပြေးလိုက်ရန် လုပ်ကြတော့လေသည်။

ထိုအချင်းအရာကိုမြင်သော် ယင်ဖေးက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် သူ၏မွန်းစတားချီကို ထုတ်လွှတ်လိုက်လေသည်။

“ဟူး…”

“မွန်းစတားဘုရင်တစ်ကောင်လား…”

ယင်ဖေး၏အရှိန်အဝါကို ခံစားမိလိုက်သည့်အခိုက် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြပြီး အကုန်လုံးမှာ ကျောက်ရုပ်ဖြစ်သွားကြသည့်အလား တောင့်တောင့်ကြီးဖြစ်ကုန်ကြလေသည်။

ဤနေရာတွင်ရှိနေသည့် လူအများစုမှာ ဧကရာဇ်ပထမအဆင့်များသာ ဖြစ်ကြသည့်အတွက်ကြောင့် မြို့ထဲ၌ မွန်းစတားဘုရင်တစ်ပါး ရုတ်တရက်ပေါ်လာသည်ကို မြင်သည့်အခါ အကုန်လုံး ကြောက်ကြောက်လန့်လန့် ဖြစ်သွားကြသည်မှာ သဘာဝသာ ဖြစ်ပေသည်။ မွန်းစတားဘုရင်များသည် ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်ကြသည့်လူများ မဟုတ်ကြလေလော။ ထိုကဲ့သို့ပညာရှင်တစ်ဦးသာ စိတ်လွတ်ပြီး လူလိုက်သတ်နေမည်ဆိုပါက အရိပ်ဓါးပျံမြို့ထဲ၌ ရှိနေသော မည်သူမျှ သူ့အား တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

“သေချင်တဲ့ကောင် ရှေ့ဆက်တိုးလိုက်…” ယင်ဖေးသည် လူအုပ်ကြီးအား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ ယင်ဖေး၏အကြည့် သူတို့အပေါ်သို့ ကျရောက်လာချိန် ဧကရာဇ်အဆင့်ပညာရှင်များ ထိတ်လန့်သွားကုန်ကြပြီး အသံတစ်သံပင် မထွက်ရဲကြတော့ချေ။

ရန်ကိုင်နှင့် ရန်ငြိုးရန်စရှိကြသည့် ဧကရာဇ်အဆင့်ပညာရှင်များမှာတော့ ပို၍ပင် ကြောက်လန့်နေကြလေသည်။ အစောပိုင်းက မြို့ဂိတ်ပေါက်တွင် ရှိနေစဉ် ဤမွန်းစတားဘုရင်သည် ရန်ကိုင်အနားတွင် ရှိနေခြင်း ဖြစ်ပေသည်။ သို့သော်ငြား သူသည် ရန်ကိုင်အနောက်တွင် ရပ်နေသည့်အတွက်ကြောင့် ရန်ကိုင်၏အစေခံတစ်ဦး ဖြစ်မည်ဟုသာ လူတော်တော်များများ မှတ်ယူခဲ့ကြလေသည်။ ယခုမှသာလျှင် မွန်းစတားဘုရင်သည် ရန်ကိုင် မောက်မာဝံ့ကြွားနေရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်မှန်း လူတိုင်းနားလည်သွားကြတော့သည်။

ရန်ကိုင်အား ဒေါသထွက်ထွက်ဖြင့် သွားမတိုက်ခိုက်ခဲ့မိသည်မှာ တကယ်ကံကောင်းသွားသည်ဟု ပြော၍ရပေသည်။ ထိုသို့သာမဟုတ်ပါက ယခုအချိန်လောက်ဆိုလျှင် သူတို့အားလုံး ယမမင်းနှင့် ပြေးတွေ့နေရလောက်ပေပြီ။

“ငါ့လခွမ်းကွာ…” ထိုအဖြစ်အပျက်ကို တစ်နေရာမှ စောင့်ကြည့်နေသော ဝူမင်သည် ယင်ဖေးအား မျက်မှောင်ကျုံ့ကာ ကြည့်ရင်းမှ ပြောလိုက်လေ၏။ “ဘယ်လိုလုပ်ပြီး ဒီမှာ မွန်းစတားဘုရင်တစ်ကောင် ပေါ်လာရတာလဲ…”

ယခုတစ်ကြိမ် အရိပ်ဓါးပျံမြို့၏ လေလံပွဲ၏ ပစ်မှတ်မှာ ရန်ကိုင်ဖြစ်ပေသည်။ ရန်ကိုင်တစ်ယောက်တည်းသာဆိုလျှင်တော့ သူ့ဆရာ၏အကြံအစည် လုံးဝ အလုပ်ဖြစ်လိမ့်မည်ဟု ဝူမင် အပြည့်အဝ ယုံကြည်ပေသည်။ သို့သော်ငြား အားကောင်းလှသော မွန်းစတားဘုရင်တစ်ပါး ရုတ်တရက် ထွက်ပေါ်လာသည့်ကိစ္စသည် သူတို့၏ အစီအစဉ်အားလုံးကို ကဖျက်ကယက် လုပ်ပေတော့မည်။

တစ်ခဏမျှ အူကြောင်ကြောင်ဖြင့် ရပ်ကြည့်နေပြီးသည့်နောက်တွင် ဝူမင်သည် ယခုအကြောင်းအရာကို သူ့ဆရာကို ပြန်လည်တင်ပြရန် အလျင်စလို လှည့်ထွက်သွားလေသည်။ သို့မှသာလျှင် သူ့ဆရာအနေဖြင့် လိုရမယ်ရ အစီအစဉ်အသစ်များ ထပ်မံချနိုင်ပေလိမ့်မည်။

မွန်းစတားဘုရင်ကဲ့သို့သော တည်ရှိမှုမျိုးကို သူတို့အနေဖြင့် လုံးဝ လျစ်လျူရှုထား၍ မဖြစ်ချေ။

“ဒီကဆရာ…” ရီကျင်းဟန်နှင့် တုရှန်းတို့မှာလည်း မင်သက်နေခဲ့ကြလေသည်။

သူတို့ ယင်ဖေးအား သိလာခဲ့သည်မှာ ရက်အတော်ကြာနေပြီဖြစ်ပါသော်ငြား ရန်ကိုင်၏ သက်တော်စောင့်သဖွယ် သူ့အနားတွင် အမြဲလိုလိုရှိနေသည့်လူသည် မွန်းစတားဘုရင်တစ်ပါး ဖြစ်နေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ကြပေ။

ယခုမှသာလျှင် ရန်ကိုင် အရိပ်ဓါးပျံမြို့ထဲသို့ တစ်ကိုယ်တည်း ဘာကြောင့် ဝင်လာရဲသလဲဆိုသည်ကို သူတို့နားလည်သွားကြရတော့သည်။ ရန်ကိုင်၏အားကိုးရာသည် သူ့ကိုယ်ပိုင်ခွန်အားမဟုတ်ဘဲ ဤမွန်းစတားဘုရင်ဖြစ်နေသည်ကိုး။

မွန်းစတားဘုရင်တစ်ပါး၏ အကူအညီ ရှိနေပြီဖြစ်လေရာ သူ့အနေဖြင့် ဘာကိုများ စိတ်ပူနေစရာ လိုပါဦးမည်နည်း။

All Chapters