← Chapters

အခန်း (၂၆၇၁)

Vol. 114 Ch. 2671

အခန်း (၂၆၇၁)

Vol. 114 Ch. 2671

ဓါးအစီအရင်မှ ဓါးအလင်းတန်းတို့ ပြိုးပြိုးပြက်ပြက် လင်းလက်လာခဲ့ပြီး ထိုဓါးအလင်းတန်းသည် မြို့ဂိတ်ပေါက်၏ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။

တုရှန်းမှာ ထိုတိုက်ခိုက်မှုအား ရှောင်တိမ်းနိုင်ခဲ့ခြင်းမရှိကာ ဓါးအလင်းတန်း၏လွှမ်းခြုံခြင်း ခံလိုက်ရလေသည်။ ချက်ချင်းဆိုသလို တုရှန်းတစ်ကိုယ်လုံး တစ်စစီဖြစ်သွားခဲ့လေ၏။

“ဟမ့်… သွေးနားထင်ရောက်နေတဲ့ကောင်…” သူတို့၏ပူးပေါက်တိုက်ကွက်အောက်ဝယ် တုရှန်း တစ်စစီဖြစ်သွားသည်ကိုမြင်သော် အရိပ်ဓါးပျံဂိုဏ်း၏ ခေါင်းဆောင်တပည့်က အထင်အမြင်တသေးဖြင့် အော်ရယ်မောလိုက်လေသည်။ တုရှန်းမှ သူ့ဆီသို့ မဆင်မခြင် ပြေးဝင်လာနေသည်ကို မြင်သည့်အခါ တုရှန်းတွင် ဝှက်ဖဲတစ်ခုခု ရှိလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား သူထင်ထားသလို ဖြစ်မနေခဲ့ဘဲ တုရှန်းသည် ကိုယ့်ကိုယ်ကို လာအသေခံနေခြင်းသာဖြစ်မှန်း တွေ့လိုက်ရလေသည်။

သို့သော်ငြား သူနိုင်သွားပြီဟု ထင်နေစဉ်မှာပင် တစ်ခုခုမှားယွင်းနေမှန်း သတိပြုမိသွားခဲ့လေသည်။ တစ်စစီပျက်စီးသွားသော တုရှန်းဆီမှ မည်သည့်သွေးမှ ထွက်မလာကြောင်းကို မြင်လိုက်ရသည့်အခါ ခေါင်းဆောင်တပည့် မျက်လုံးပြူးသွားခဲ့ပြီး အလွန်ကိုမှ မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်လေ၏။ “ရုပ်သေးရုပ်လား…”

သူ့ဆီသို့ မဆင်မခြင် ပြေးဝင်လာခဲ့သော ကိုယ့်သေတွင်းကိုယ်လာတူးသည့် တုရှန်းသည် လူအစစ်မဟုတ်ဘဲ ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်နေခဲ့လေသည်။

ထိုရုပ်သေးရုပ်ကို ဖန်တီးထားသည့် ပုံစံမှာ အလွန်တရာကိုမှ အသက်ဝင်လွန်းလှသဖြင့် တကယ့်တုရှန်းအစစ်နှင့်ပင် ခေါင်းဆောင်တပည့် အထင်မှားခဲ့ရလေသည်။

“ပေါက်ကွဲလိုက်စမ်း…” ရုတ်တရက် မြေအောက်ဘက်ဆီမှ တိုးလျလျ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

တစ်စစီ ဖျက်ဆီးထားခံရသော တုရှန်း၏ ရုပ်သေးရုပ်အပိုင်းအစများသည် ရုတ်တရက်ဆိုသလို ပြိုးပြိုးပြက်ပြက် လင်းလက်တောက်ပလာခဲ့လေသည်။

အလွန်တရာကိုမှ အန္တရာယ်များလှသော အရှိန်အဝါတစ်ရပ်သည် ဆူနာမီလှိုင်းလုံးနှယ် အကုန်လုံးအား လွှမ်းခြုံသွားခဲ့လေ၏။

အရှိန်အဝါကို ခံစားမိလိုက်သည့်အခိုက် အရိပ်ဓါးပျံဂိုဏ်းမှ တပည့်များ၏အမူအယာများ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ထအော်ကြလေ၏။ “ပြေးကြပေတော့…”

ထိုသို့အော်ပြီးသည့်နောက်တွင် တပည့်များသည် ဓါးစိတ်ဆန္ဒကို ထုတ်လွှတ်၍ သူတို့၏ခန္ဓာကိုယ်အသီးသီးကို ကာကွယ်ရန်ကြိုးစားလိုက်ကြသည်။ ထို့နောက် အထိတ်ထိတ် အလန့်လန့်ဖြင့် နောက်သို့ အလျင်စလို ဆုတ်လိုက်ကြလေ၏။

“ဘုန်း…”

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ မျက်စိကျိန်းမတတ် လင်းလက်တောက်ပလှသော အဖြူရောင်စွမ်းအင်စက်လုံးကြီးတစ်လုံး ထွက်ပေါ်လာခဲ့ပြီး မီတာတစ်ထောင်ဝန်းကျင်အား လွှမ်းခြုံသွားခဲ့လေသည်။ ပြင်းထန်လှသည့် စွမ်းအင်လှိုင်းများကြောင့် လေပြင်းများပင် တဝုန်းဝုန်း တိုက်ခတ်လာခဲ့သည်။

ထိုစွမ်းအင်လှိုင်းများကြားဝယ် အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်ပေါ်လာခဲ့ပါသော်ငြား ထိုအသံမှာ ရုတ်ချည်း ရပ်တန့်သွားခဲ့လေသည်။ ထိုစွမ်းအင်စက်လုံး လွှမ်းခြုံခြင်း ခံလိုက်ရသည့် လူအားလုံးနီးပါး သေဆုံးကုန်ကြရလေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အဝေးတစ်နေရာမှ ရပ်ကြည့်နေသည့် လူအားလုံး ကြောက်ကြောက်လန့်လန့် ဖြစ်နေကြလေသည်။

အချိန်တခဏမျှ ကြာပြီးသည့်နောက်တွင် စွမ်းအင်လုံးကြီးမှာ ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီး ဖုန်များလည်း ရှင်းလင်းသွားခဲ့လေသည်။

လက်ရှိအချိန်တွင် အရိပ်ဓါးပျံမြို့၏ မြို့ဂိတ်ပေါက်၌ မီတာပေါင်းများစွာနက်၍ မီတာထောင်ပေါင်းများစွာကျယ်ဝန်းသော တွင်းပေါက်ကြီးတစ်ပေါက် ရှိနေခဲ့လေသည်။ ရုပ်သေးရုပ်၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုကြောင့် မြို့နံရံပေါင်းများစွာ ပျက်စီးသွားခဲ့ကြရပြီး အဆောက်အဦးများစွာလည်း ပြိုကျကုန်ရလေသည်။ တွင်းပေါက်ကြီးထဲတွင် တစ်စစီဖြစ်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများကိုလည်း မြင်တွေ့နေရသည်။

ထိုအခါမှသာလျှင် တုရှန်းနှင့် ရီကျင်းဟန်တို့အား တင်းတင်းကြပ်ကြပ် ရစ်ပတ်ချုပ်နှောင်၍ သူတို့အား ကာကွယ်ပေးထားခဲ့သော စပါးအုံးရုပ်သေးရုပ် ခေါင်းပြန်မော့လာခဲ့ပြီး ၎င်း၏ နီရဲတောက်နေသော လျှာကို တစ်လစ်တစ်လစ် ထုတ်ရင်းမှ ရီကျင်းဟန်တို့အား ရစ်ပတ်ထားသည်ကို တဖြည်းဖြည်း ဖြေလျှော့ပေးလိုက်လေသည်။

ရီကျင်းဟန်နှင့် တုရှန်းတို့နှစ်ဦးစလုံးမှာတော့ စပါးအုံးမြွေကြီး၏ ကာကွယ်ပေးမှုကြောင့် အကောင်းအတိုင်းသာ ရှိနေကြလေသည်။

မည်းတူးချိတ်နေသော မီးကျွမ်းထားခံရသည့်မြေပြင်ထက် လူတစ်ဦး ကုန်းထလာခဲ့လေသည်။ ထိုလူမှာ အရိပ်ပျံဓါးဂိုဏ်း၏ ခေါင်းဆောင်တပည့်သာ ဖြစ်လေသည်။ တုရှန်းနှင့် ရီကျင်းဟန်တို့အား ရင်ဆိုင်လာသည့် အဖွဲ့အနက် သူသည် အားအကောင်းဆုံးဖြစ်သလို အန္တရာယ်ကိုလည်း ပထမဦးစွာ ခံစားမိလိုက်သူ ဖြစ်သည့်အတွက်ကြောင့် သူ့ကိုယ်သူ အချိန်မီကာကွယ်၍ နောက်ပြန်ဆုတ်နိုင်ခဲ့ကာ သေဘေးမှ လွတ်သွားခဲ့ရလေသည်။

သူ မတ်တပ်ထရပ်လာစဉ်မှာပင် သူ့အား ကာကွယ်ပေးထားသော အလင်းမှာလည်း ရုတ်ချည်း မှိန်ကျသွားခဲ့ရလေသည်။

ထို့နောက် မော့ကြည့်လိုက်လေရာ တုရှန်းနှင့် အကြည့်ချင်းဆုံသွားလေသည်။

အကြည့်ချင်းဆုံသွားသည့်အခိုက် အရိပ်ဓါးပျံဂိုဏ်း၏ တပည့်သည် ဒေါမာန်တကြီးဖြင့် အော်ဟစ်တော့လေ၏။ “မင်း သောက်ကျင့်မကောင်းတဲ့ကောင်…”

သူ့ဓါးဖြင့် တုရှန်းအား ချိန်ရွယ်ရန် လုပ်လိုက်သည့်အခိုက် သူ့တစ်ကိုယ်လုံး အလွန်တရာကိုမှ နာကျင်လာခဲ့ရလေ၏။ ထိုနာကျင်မှုကြောင့် သူ့မျက်နှာတစ်ပြင်လုံး စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်သွားခဲ့ရလေသည်။

တုရှန်း၏ရုပ်သေးရုပ် ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်ခြင်းသည် အလွန်တရာကိုမှ ပြင်းထန်သည့် စွမ်းအားကို ဖြစ်ပေါ်လာစေခဲ့သည်။ ရုပ်သေးရုပ်၏ပေါက်ကွဲမှုသည် တာအိုသခင်အထွဋ်အထိပ်အဆင့် ပညာရှင်တစ်ဦး ကိုယ့်ကိုယ်ကိုဖောက်ခွဲရာမှ ထွက်ပေါ်လာသည့် ပြင်းအားနှင့် ညီမျှပေသည်။ ထို့အတွက်ကြောင့် အနီးအနားတွင်ရှိနေသော အရိပ်ဓါးပျံဂိုဏ်းမှ တပည့်အားလုံး ပေါက်ကွဲမှုထဲ အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့ရပြီး သူတို့၏ခေါင်းဆောင်ဖြစ်သူမှာတော့ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားကာ မသေရုံတမယ် ဖြစ်သွားခဲ့ရသည်။

တုရှန်း၏မျက်လုံးများ ရဲတက်လာခဲ့ပြီး အံကိုတင်းတင်းကြိတ်၍ “မင်းတို့အရိပ်ဓါးပျံဂိုဏ်း ငါတို့ရွက်တစ်ထောင်ဂိုဏ်းကို လုပ်ခဲ့တာနဲ့ ယှဉ်လိုက်ရင် ဒါက ဘာမှမဟုတ်သေးဘူး… ဒါ အခုမှ အတိုးပြန်တောင်းရုံပဲ ရှိသေးတယ်…”

သူ့ဂိုဏ်းအား ဖျက်ဆီးသွားသည့်လူများနှင့် တုရှန်း မည်သို့မှ မကျေအေးပေးနိုင်ပေ။ အရိပ်ဓါးပျံဂိုဏ်းသည် တစ်စုံတစ်ဦး၏တွန်းအား‌ပေးခြင်း ခံရသည့်အတွက်ကြောင့် ရွက်တစ်ထောင်ဂိုဏ်းအား ဖျက်ဆီးခဲ့သည်ဖြစ်ပါစေ သူတို့သည် တုရှန်း မည်သို့မှ ခွင့်လွှတ်ပေးနိုင်မည်မဟုတ်သည့် လူသတ်သမားများ ဖြစ်ကြပေသည်။

ပြောစရာရှိသည်ကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် တုရှန်းသည် တပည့်ခေါင်းဆောင်ကို အဆုံးသတ်ပေးရန်အတွက် သူ့လက်ကိုမြှောက်၍ တပည့်ခေါင်းဆောင်၏ ခေါင်းတည့်တည့်သို့ ရိုက်ချလိုက်လေသည်။

“ရိုင်းလိုက်တဲ့ဂျူနီယာ… ဒါက အရိပ်ဓါးပျံမြို့ကွ… မင်း ဘယ်လိုလုပ်ပြီး ဒီမှာ လူသတ်ရဲတာလဲ…”

‌ဒေါသတကြီးအော်ဟစ်သံနှင့်အတူ လူအိုကြီးတစ်ဦး ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး တုရှန်းအား လှမ်းဖမ်းရန် ကြိုးစားလိုက်လေသည်။

ထိုလူအိုကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဧကရာဇ်ဖိအားတစ်ရပ်သည်လည်း အဘက်ဘက်သို့ ပျံ့နှံ့လာခဲ့ရာ တုရှန်းမှာ ထိုဖိအားအောက်ဝယ် တုတ်တုတ်မျှမလှုပ်နိုင် ဖြစ်သွားခဲ့ရလေသည်။

“ဧကရာဇ်အဆင့်…” တုရှန်း၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ သူ၏လုပ်ရပ်သည် ထိုကဲ့သို့သော ပညာရှင်တစ်ဦးအောင် မထွက် ထွက်လာအောင် တွန်းအားပေးခဲ့မိပြီမှန်း နားလည်လိုက်သည်။ သို့သော်ငြား ထိုလူသည် အရိပ်ဓါးပျံဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ဟန်မတူ။ ထိုကြောင့် ထိုလူ၏လုပ်ရပ်မှာ အရိပ်ဓါးပျံဂိုဏ်းနှင့် ဆက်ဆံရေးတစ်ခု ထူထောင်လိုသည့်အတွက်ကြောင့် ယခုကဲ့သို့ သူ့အား ဝင်ရောက်ဖိနှိပ်လာခြင်း ဖြစ်လောက်ပေသည်။

“ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဒီလောက်တောင်သွေးဆာနေလို့ရှိရင် ကြီးလာတဲ့အခါကြ ဘယ်လိုတောင်ဖြစ်မလဲမသိဘူး… ကြည့်ရတာ မင်းရဲ့သတ်ဖြတ်လိုစိတ် လျော့သွားအောင် ဒီလူအိုကြီး ကောင်းကောင်း သင်ပေးရမယ်နဲ့တူတယ်…”

ထိုသို့ပြောနေရင်းမှ လူအိုကြီးသည် သူ့လက်ဖြင့် တုရှန်း၏ခေါင်းကို လှမ်းကိုင်လိုက်လေသည်။

ဘေးပတ်ဝန်းကျင်ဆီမှ အခြားသော လူပေါင်းများစွာမှာလည်း အနားတွင်ရပ်နေသော ရီကျင်းဟန်ဆီသို့ တဟုန်ထိုး ပြေးဝင်လာကြလေသည်။

ယခင်က ရွက်တစ်ထောင်ဂိုဏ်းသည် မည်သူမျှ သိပ်မသိကြသော ဂိုဏ်းငယ်လေးတစ်ဂိုဏ်းသာ ဖြစ်ခဲ့ပါသော်ငြား အရိပ်ဓါးပျံဂိုဏ်းကြောင့် လူသိများ ကျော်ကြားလာခဲ့ရသည်။

ရုပ်သေးရုပ်တာအိုသည် လူတိုင်းစိတ်ဝင်စားသည့် တာအိုမျိုး မဟုတ်ကြချေ။ ထို့အတွက်ကြောင့် လူအများ၏အာရုံစိုက်မှု မရခဲ့ခြင်း ဖြစ်လေသည်။

သို့သော်ငြား ယနေ့ တုရှန်းနှင့် ရီကျင်းဟန်တို့ အသုံးပြုသွားသည့် ရုပ်သေးရုပ်ပညာရပ်များကို မြင်ပြီးသည့်နောက် ပုန်းကွယ်နေသည့် ဧကရာဇ်အဆင့်ပညာရှင်များမှာ ရုပ်သေးရုပ်ပညာရှင်များကို ထပ်၍ အထင်မသေးရဲကြတော့ချေ။ ရွက်တစ်ထောင်ဂိုဏ်း၏ အသက်ရှင်ကျန်ရစ်သူနှစ်ဦးသည် ရုပ်သေးရုပ်အချို့ကို အားကိုးလျက် အရိပ်ဓါးပျံမြို့ထဲတွင် ရှိနေသော အရိပ်ဓါးပျံဂိုဏ်းမှ တပည့်များစွာကို သတ်ပစ်ခဲ့လေသည်။ သူတို့သည်သာ ထိုကဲ့သို့အဖိုးတန်ပညာရပ်များကို ရလိုက်မည်ဆိုပါက သူတို့ဂိုဏ်း၏အင်အားကို ကျိန်းသေမြှင့်တင်နိုင်ပေလိမ့်မည်။

ရုတ်ချည်းဆိုသလို ရီကျင်းဟန်နှင့် တုရှန်းတို့သည် လူအများ၏အမြင်တွင် အရသာရှိသည့် စားကောင်းသောက်ဖွယ်ရာများ ဖြစ်လာကြတော့လေသည်။

“သူများကို ပညာသင်ပေးမယ်ပြောနေရအောင် ခင်ဗျားက ဘာကောင်မို့လို့လဲ…” အေးစက်စက်နှာခေါင်းရှုံ့သံနှင့်အတူ ဧကရာဇ်ချီစွမ်းအင်လှိုင်းတို့သည် ပင်လယ်ထဲမှ ရေနဂါးတစ်ကောင် ထိုးထွက်လာသည့်အလား လူအိုကြီးဆီသို့ တိုးဝင်သွားခဲ့လေသည်။

အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သော် လူအိုကြီး ရင်တဒုန်းဒုန်း ခုန်သွားခဲ့ပြီး တုရှန်းအပေါ် ဆက်၍ အာရုံစိုက်မနေတော့ဘဲ သူ့ကိုယ်သူ ကမန်းကတန်း ခုခံလိုက်ရလေသည်။

“ဘုန်း…”

ပေါက်ကွဲသံနှင့်အတူ လူအိုကြီး နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားခဲ့လေသည်။ သူ့မျက်နှာမှာလည်း ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့ပြီး ကိုယ်တွင်းတစ်ခုလုံး ဗြောင်းဆန်သွားခဲ့ရလေသည်။ ကံမကောင်းစွာဖြင့် သွေးမအန်မိအောင်တော့ ထိန်းထားနိုင်ခဲ့လေသည်။ လူအိုကြီးသည် တိုက်ခိုက်မှုထွက်ပေါ်လာရာဘက်ဆီသို့ အထိတ်တလန့်ဖြင့် လှမ်းကြည့်ရင်း လေသံတိုးတိုးဖြင့် အော်ပြောလိုက်လေသည်။ “လူကြီးမင်းက ဘယ်သူလဲ…”

ရန်ကိုင်ကမူ ပြန်မဖြေခဲ့ဘဲ ရီကျင်းဟန်ရှိနေသည့် အနီးတစ်ဝိုက်ဆီသို့သာ လက်ဝါးချက်များ တရစပ် ရိုက်ထုတ်လိုက်လေသည်။

ထိုလက်ဝါးချက်များ ထွက်ပေါ်လာသော် ရီကျင်းဟန်ဆီသို့ ပုန်းလျှိုးကွယ်လျှိုးဖြင့် တိုးကပ်လာနေကြသော လူပေါင်းများစွာ သုန်သုန်မှုန်မှုန်အမူအယာများဖြင့် ရုပ်လုံးပေါ်လာကြလေသည်။

လူအိုကြီး၏ဖိနှိပ်မှု မရှိတော့သည့်အတွက်ကြောင့် တုရှန်းမှာလည်း ပြန်လည်လှုပ်ရှား၍ ရလာကာ အရိပ်ဓါးပျံဂိုဏ်း၏ နောက်ဆုံးအသက်ရှင်ကျန်ရစ်သော တပည့်ခေါင်းဆောင်ကို လက်ဝါးချက်တစ်ချက် ရိုက်ထုတ်လျက် အဆုံးသတ်ပေးလိုက်လေသည်။ ထို့နောက် ကောင်းကင်ပေါ်သို့ မော့၍ အသံကုန်အော်ဟစ်လိုက်လေသည်။

ရန်ကိုင်သည် ဝင်ရောက်လှုပ်ရှားလာကြသော ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးချင်းစီကို စိုက်ကြည့်လျက် မေးလိုက်လေသည်။ “ခင်ဗျားတို့ထဲက ဘယ်သူက အရိပ်ဓါးပျံဂိုဏ်းရဲ့ ဂိုဏ်းချုပ်လဲ…”

မည်သူမျှ ပြန်မဖြေခဲ့ကြ။ အကုန်လုံး တိတ်နေခဲ့ကြလေသည်။

ရီကျင်းဟန်သည် ရန်ကိုင်ဆီသို့လျှောက်လာပြီး တိုးတိုးလေးပြောလိုက်လေ၏။ “အဲ့လူက ဒီမှာမရှိဘူး…”

အရိပ်ဓါးပျံဂိုဏ်း ရွက်တစ်ထောင်ဂိုဏ်းကို ကျူးကျော်လာစဉ်က ရီကျင်းဟန်သည်လည်း လီချင်းယွင်အား အဝေးမှ မြင်တွေ့ခဲ့ရပေသည်။ ထို့အတွက်ကြောင့် ဤနေရာတွင် အရိပ်ဓါးပျံဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော လီချင်းယွင် ရှိမနေမှန်း ပြောနိုင်ခြင်း ဖြစ်လေ၏။

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “သူက ငကြောက်လား…”

ရန်ကိုင်လည်း သိချင်မိလာလေပြီ။ အရိပ်ဓါးပျံဂိုဏ်း၏ တပည့်များစွာ သူ့မြေသူယာတွင် အသတ်ခံနေရသည့်တိုင် သူတို့၏ဂိုဏ်းချုပ်မှာ ဘာကြောင့် လူလုံးထွက်မပြလာရသနည်း။ ဤအခြေအနေသည် သူမျှော်လင့်ထားသည်နှင့် ကွာခြားနေခဲ့လေသည်။

“ကောင်လေး… မင်းက ဘယ်သူလဲ…” လူအိုကြီးက ထပ်၍မေးလိုက်သည်။ လူအိုကြီးမှာ ရန်ကိုင်၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားခဲ့ရသည်။ ယခု သူ့အမေးကို ရန်ကိုင်မှ လျစ်လျူရှုထားနေသည်ကိုမြင်သော် လူအိုကြီးမှာ ဒေါသထွက်လာရတော့လေ၏။

ရန်ကိုင်မှာ အရိပ်ဓါးပျံဂိုဏ်းချုပ်ကို မတွေ့ရသည့်အတွက်ကြောင့် အစောကြီးကတည်းက မကျေမနပ်ဖြစ်နေလေရာ လူအိုကြီးမှ ထပ်၍ ပူညံပူညံလုပ်လာနေသည်ကိုမြင်သော် လူအိုကြီးအား စူးရဲစွာ စိုက်ကြည့်လျက် “သက်ကြားအိုကြီး… ခင်ဗျားဘာသာခင်ဗျား အိမ်မှာပြန်လှဲနေလိုက်ပါလား… ဒီအသက်အရွယ်ကြီးနဲ့ ဟိုပြေးဒီပြေး လျှောက်လုပ်နေလို့ရှိရင် အခန့်မသင့်ပဲ အသက်ထွက်သွားတတ်တယ်နော်…”

“ရိုင်းလိုက်တာ…” လူအိုကြီး ဒေါသူပုန်ထသွားခဲ့လေသည်။ တကယ်တော့ သူကိုယ်တိုင်သည်လည်း ဂိုဏ်းချုပ်တစ်ဦးဖြစ်နေဆဲ။ ထို့အတွက်ကြောင့် ဘယ်ကမှန်းမသိရသော လူငယ်လေးတစ်ဦးမှ သူ့အား အရှက်ခွဲလာသည်ကိုမြင်သော် လူအိုကြီးမှာ အတော်လေးကိုမှ ဒေါသထွက်သွားရသည်။ ရန်ကိုင်၏ခွန်အားကြောင့်သာ မဟုတ်ပါက အကြီးအကဲများအား မည်ကဲ့သို့ လေးစားရမလဲ ဆိုသည်ကို သိသွားလေအောင် သင်ခန်းစာကောင်းကောင်း ပေးပစ်လိုက်ပေပြီ။

“မင်းက ဘယ်သူ့တပည့်လဲ… အကြီးအကဲတွေကို လေးစားရမယ်ဆိုတာကို မင်းဆရာက သင်ပေးမထားဘူးလား….” သက်လတ်ပိုင်းလူကြီးတစ်ဦးက မျက်မှောင်ကျုံ့လျက် ဝင်မေးလိုက်လေသည်။

ရန်ကိုင်က ပြုံးဖြီးလျက် ပြန်၍လှောင်ပြောင်လိုက်လေသည်။ “ဘာလဲ… အကြီးအကဲတွေကို ဘယ်လိုလေးစားရမလဲဆိုတာကို ခင်ဗျားက ကျုပ်ကို သင်ပေးချင်နေတာလား…”

သက်လတ်ပိုင်းလူကြီးက ပြန်ပြောလိုက်လေ၏။ “ကောင်လေး… မောက်မာတယ်ဆိုတာ ကောင်းတဲ့အရာမဟုတ်ဘူးကွ… ဒီလောကကြီးမှာ တစ်တောင်ထက်ပိုမြင့်တဲ့ နောက်တစ်တောင်ရှိတယ်ဆိုတာကို မင်းမသိတာလား…”

ရန်ကိုင်သည် အနန္တဓါးကိုဆွဲထုတ်လျက် သက်လတ်ပိုင်းလူကြီးအား ဓါးဖြင့်ချိန်ရင်းမှ ပြောလိုက်လေသည်။ “ခင်ဗျားမကျေနပ်ရင် ကျုပ်ကိုလာတိုက်လေ… တစ်တောင်ထက် တစ်တောင် ပိုမြင့်တယ်ဆိုတာကို ဒီသခင်လေး ခင်ဗျားကို သင်ပေးရသေးတာပေါ့…”

သက်လတ်ပိုင်းလူကြီးက အံကြိတ်၍ ပြန်ပြောလိုက်သည်။ “အရူးကောင်…”

အခြားသောဧကရာဇ်အဆင့်ပညာရှင်များလည်း ခေါင်းတခါခါ ဖြစ်နေကြလေသည်။ ဤလူငယ်လေးသည် ကြည့်မရသည့်လူကို ကိုက်ရန် ကြိုးစားနေသည့် ခွေးရူးတစ်ကောင် ဖြစ်နေသည်ဟုသာ ထင်နေကြလေသည်။ သူတို့မသိသည်မှာတော့ ရန်ကိုင်သည် ဤနေရာကို ပြဿနာရှာရန် ရည်ရွယ်ချက်ဖြင့် ရောက်လာသည်ဟူသော အချက်ပင်။ ရန်ကိုင်မှာ ဤနေရာတစ်ခုလုံးအား ကယောက်ကယက်မဖြစ်သွားအောင် လုပ်မိမည်ကို စိုးရိမ်နေခဲ့ရသည်။ သို့သော်ငြား တစ်စုံတစ်ဦးသည် ငါးစာကို လာချိတ်နေသဖြင့် ရန်ကိုင်လည်း ရပ်တန့်ရန် မစဉ်းတော့ပေ။

သို့သော်ငြား သူမြင်ချင်နေသည့် ဂိုဏ်းချုပ်မှာတော့ ယခုအချိန်ထိတိုင် ပေါ်မလာသေးသဖြင့် ရန်ကိုင်မှာ အတော်လေးကိုမှ စိတ်ညစ်နေခဲ့ရသည်။ ထို့နောက်တွင် အနန္တဓါးကိုပြန်သိမ်းလျက် ပြောလိုက်လေ၏။ “ကြည့်ရတာ ခင်ဗျားတို့အားလုံးက လေလုံးထွားတတ်တဲ့ကောင်တွေပဲ… တကယ်တမ်းကြတော့ ဘာမှလည်း မလုပ်တတ်ဘူး… အဲ့လိုဆိုမှတော့ ကျုပ်မျက်စိရှေ့ကနေ ထွက်သွားလိုက်ပေတော့… ဒီသခင်လေးရဲ့အချိန်တွေကို လာဖြုန်းမနေနဲ့…”

ရန်ကိုင်သည် ရီကျင်းဟန်နှင့် တုရှန်းတို့အား အချက်ပြလိုက်လေသည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ မြို့သခင်စံအိမ်ရှိနေသည့်ဘက်ဆီသို့ လှမ်းကြည့်ကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေ၏။ “ဂိုဏ်းချုပ်လီက လူကိုယ်တိုင်ထွက်မတွေ့ချင်မှတော့ ဒီသခင်လေးကိုယ်တိုင်ပဲ လာလည်ရတော့မှာပေါ့…”

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ရီကျင်းဟန်နှင့် တုရှန်းတို့ကို ဦးဆောင်ကာ မြို့သခင်စံအိမ်ဘက်ဆီသို့ ထွက်သွားလေသည်။

ဧကရာဇ်အဆင့်ပညာရှင်များသည် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ရန်ကိုင် ဘာလုပ်ချင်နေသလဲဆိုသည်ကို နားလည်ပါသော်ငြား သူတို့စိတ်ထဲ ပိုပို၍ ဇဝေဇဝါ ဖြစ်လာရလေသည်။ သူတို့စိတ်ထဲတွင်လည်း ရွက်တစ်ထောင်ဂိုဏ်း၏ အသက်ရှင်ကျန်ရစ်သော တပည့်နှစ်ဦးသည် ဤကဲ့သို့အားကောင်းလှသော ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးကို မည်သည့်နေရာမှ ခေါ်လာသလဲဆိုသည်ကိုလည်း တွေးနေမိကြလေသည်။ ကြည့်ရသလောက် ယခုတစ်ကြိမ်တွင် အရိပ်ဓါးပျံဂိုဏ်း ပြဿနာအကြီးကြီး တက်တော့မည့်ပုံပင်။ အရိပ်ဓါးပျံဂိုဏ်းသည်သာ ပြဿနာတက်သွားမည်ဆိုပါက လေလံပွဲကိုရော အချိန်မီ ကျင်းပနိုင်ဦးမည်လား။

တုရှန်းနှင့် ရီကျင်းဟန်တို့ အသုံးပြုသွားသည့် ရုပ်သေးရုပ်ပညာရပ်ကို မြင်ပြီးသည့်နောက် ထိုဧကရာဇ်အဆင့်ပညာရှင်များမှာ လေလံတင်မည့် ကောင်းကင်အဆင့်ရုပ်သေးရုပ်များကို အလွန်တရာကိုမှ စိတ်ဝင်စားလာကြလေသည်။ ယခုဆိုလျှင် အကုန်လုံးသည် ကောင်းကင်အဆင့်ရုပ်သေးရုပ် တစ်ရုပ်နှစ်ရုပ် အရဝယ်သွားဖို့ပင် စဉ်းစားနေကြလေပြီ။

ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဖို့ရာ မလွယ်ကူလှပေ။ ထို့အတွက်ကြောင့် အဆင်သင့်ပြုလုပ်ထားသော ဧကရာဇ်အဆင့်ရုပ်သေးရုပ်တစ်ရုပ်ကို အရင်းအမြစ်ကျောက်အချို့ပေး၍ ဝယ်ယူနိုင်မည်ဆိုပါက တကယ်ကိုတန်သည်ဟု ပြော၍ရသည်။

တစ်ခဏတာဆိုသလို ထိုပညာရှင်များမှာ ရန်ကိုင်ကြောင့်သာ လေလံပွဲပျက်စီးသွားပါက ဆုံးရှုံးသွားရမည့် သူတို့၏ တစ်ကိုယ်ရေတစ်ကာယ အကျိုးအမြတ်များကို တွေးရင်း စိတ်လေးလံသွားကုန်ကြလေသည်။ သို့သော်ငြား သေချာထပ်စဉ်းစားကြည့်လိုက်ပြန်သည့် အခါတွင်လည်း ထိုအရာမှာ သူတို့ကိစ္စမဟုတ်ကြောင်း တွေးလိုက်ရလေသည်။ သူတို့သည် ဤကိစ္စတွင် ဝင်ပါရန် စိတ်မဝင်စားပေ။ သူတို့အများစု လုပ်မည့်အရာမှာ ဘေးမှရပ်ကြည့်ခြင်းသာ ဖြစ်ပေသည်။

မြို့သခင်စံအိမ်ရှေ့တွင် အရိပ်ဓါးပျံဂိုဏ်းမှ တပည့်တစ်အုပ်သည် တုန်တုန်ရီရီဖြင့် မတ်တပ်ရပ်နေကြလေသည်။ မကြာမီတွင် ကြောက်မက်ဖွယ်ရာရန်သူတစ်ဦးအား ရင်ဆိုင်ရတော့မည်မှန်း သိနေကြသည့်အတွက်ကြောင့် အကုန်လုံး၏မျက်နှာများမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေကြသည်။

မြို့ဂိတ်ပေါက်ရှိတိုက်ပွဲတွင် သူတို့ဂိုဏ်းမှ အဖွဲ့သားများစွာ သေဆုံးသွားခဲ့ရသည်။ တစ်ဖက်ရန်သူမှ သူတို့၏ပိုင်နက်ထဲသို့လာ၍ ပြဿနာရှာနေသည့်အတွက်ကြောင့် ဂိုဏ်းချုပ်ကိုယ်တိုင်ထွက်လာပြီး သင်ခန်းစာပေးတော့လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား ဂိုဏ်းချုပ်ဆီမှ သူတို့ပြန်ရလိုက်သည်မှာ တိတ်ဆိတ်မှုသာ ဖြစ်လေသည်။

ရန်ကိုင်တို့အဖွဲ့ မြို့သခင်စံအိမ်ဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း တိုးလာနေသည်ကိုကြည့်ရင်း ထိုလူများ၏နဖူးထက် ချွေးသီးချွေးပေါက်များ ဝေ့သီလာကြတော့လေသည်။

သူတို့အား ဖြတ်သန်းတိုက်ခတ်သွားသော လေညင်းများထဲတွင်ပင် သိပ်သည်းလှသည့် သတ်ဖြတ်လိုစိတ်တို့ ပါဝင်နေသည့်အလား လေပြင်းတစ်ချက် ဖြတ်တိုက်သွားသည့်အခိုက် အကုန်လုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြလေသည်။

All Chapters