အခန်း (၂၆၆၇)
Vol. 114 Ch. 2667
ယခင်တစ်ကြိမ် ရန်ကိုင် ရွက်တစ်ထောင်ဂိုဏ်းသို့ လာခဲ့စဉ်က ထိုနေရာ၌ မိုးထိမတတ် မြင့်မားလှသော တောင်းတန်းများ၊ လှပသော ရှုခင်းများ ရှိခဲ့ပါသော်ငြား ယခုတွင်မူ အပျက်အစီးပုံကြီးကသာ အစားထိုး နေရာယူထားတော့သည်။
တောင်များမှာ ပြိုကျနေပြီး အဆောက်အဦများမှာလည်း ပျက်စီးနေခဲ့သည်။ အဆောက်အဦ မှန်သမျှ ရစရာမရှိအောင် ဖျက်စီးထားခံရသည်။ စစ်ပွဲ၏ အနိဠာရုံ မြင်ကွင်းများကို နေရာအနှံ့ မြင်တွေ့နေရသည်။ ခြောက်သွေ့နေပြီ ဖြစ်သော သွေကွက်များမှာလည်း နေရာအနှံ့တွင် ရှိနေ၏။
ထိုအပျက်အစီးပုံကြီးပေါ် ဖြတ်ပျံသန်းနေရင်းမှ ရန်ကိုင်၏ အမူအရာ တဖြည်းဖြည်း သုန်မှုန်လာခဲ့လေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပါသော်ငြား အသက်ရှင်ကျန်ရစ်သူ တစ်ဦးမှ မရှိကြောင်း တွေ့လိုက်ရသည်။ ကျေးငှက်များနှင့် သာရဲတိရစ္ဆာန်များသာ ရှိနေကြောင်း တွေ့ရှိရသည်။
ရွက်တစ်ထောင်ဂိုဏ်းမှာ တကယ်ကြီး ဖျက်စီးခံလိုက်ရခြင်း ဖြစ်သည်။ တောင်ဘက်နယ်မြေထဲ နှစ်ထောင်ပေါင်းများစွာကြာအောင် တည်တံလာခဲ့သည့် ဂိုဏ်းတစ်ဂိုဏ်းမှာ ကြယ်တာရာအစုအဝေးထဲမှ ပျောက်ကွယ်သွားခဲ့ရလေပြီ။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ အလိုလို ဒေါသထွက်လာခဲ့သည်။ သူ့စိတ်ထဲလည်း နေမထိထိုင်မထိ ဖြစ်လာခဲ့ရလေသည်။ သူ့မသိစိတ်အရသာ ဖြစ်ပါသော်ငြား ဤကိစ္စသည် သူနှင့် တစ်နည်းတစ်ဖုံ ပက်သက်နေသည်ဟု ခံစားနေခဲ့ရသည်။
သို့သော်ငြား သူမည်သို့ပင် စဉ်းစားနေစေကာမူ ရွက်တစ်ထောင်ဂိုဏ်း ဖျက်စီးခံလိုက်ရသည့် ကိစ္စသည် သူနှင့် မည်ကဲ့သို့ ပက်သက်နေမှန်း လုံးဝ အဖြေရှာမရခဲ့ချေ။ အရိပ်ပျံဓါးဂိုဏ်းကို ကိုယ်တိုင် သွားမေးမှသာလျှင် သူလိုချင်နေသည့် အဖြေကို ရလောက်ပေသည်။
ရုတ်တရက် ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်း၏ အဓိကခန်းမ တည်ရှိရာဘက်သို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် အသက်စွမ်းအင် အရှိန်အဝါအချို့ ရှိနေကြောင်း ရန်ကိုင် အာရုံခံမိသွားခဲ့သည်။
ရန်ကိုင်၏ မျက်လုံးများ လေးနက်သွားခဲ့ပြီး ထိုဘက်သို့ ချက်ချင်း ထွက်သွားလေ၏။
တစ်ခဏအကြာ၌ ခန်းမတစ်ခုရှေ့သို့ ရောက်လာခဲ့လေသည်။ ယခင်က ဤနေရာတွင် ရွက်တစ်ထောင်ဂိုဏ်းကို တည်ထောင်ခဲ့သူ ဘိုးဘေး၏ ရုပ်ထု ရှိနေခဲ့ပါသော်ငြား ယခုတွင်မူ ထိုရုပ်မှာ ပျက်စီးနေခဲ့လေပြီ။ ရုပ်ထုကို ဖျက်စီးသွားသည့်လူမှာ ဓါးချက် တစ်ချက်တည်းဖြင့် ဖျက်စီးသွားခြင်း ဖြစ်သည်။ ဓါးချက်မှာ သေသပ်လှကာ ယခုထိတိုင် ရုပ်ထု ပြတ်နေသည့်နေရာ၌ ဓါးအငွေ့အသက်အချို့ ကျန်ရစ်နေခဲ့ပေသေးသည်။
ခန်းမထဲတွင် အကင်နံ့တို့ ပျံ့နေခဲ့သည်။ လူအချို့၏ ရေရွတ်စကားပြောသံများကိုပင် ရန်ကိုင် ကြားနေခဲ့ရသေးသည်။ ရန်ကိုင်သည် ရုတ်တရက် ခန်းမတံခါးကို တွန်းဖွင့်လိုက်သည်။
ခန်းမ၏ အလယ်၌ လူအချို့သည် မီးပုံဖွဲ့ကာ ထိုမီးပုံတစ်ဝိုက် ဝိုင်းထိုင်နေကြသည်။ မီးပုံပေါ်တွင်တော့ အသားကင်အချို့ ရှိနေခဲ့ သည်။ လက်ရှိအချိန်တွင် လူတိုင်းသည် အသားကင်တစ်ခုချင်းစီကို လက်တစ်ဖက်တွင်ကိုင်လျက် ကျန်လက်တစ်ဖက်တွင် ဝိုင်တစ်အိုးစီကိုင်ကာ လောကီရမ္မက်ကို အပြည့်အဝ ခံစားနေကြသည်။
ရုတ်တရက် ခန်းမတံခါး ပွင့်လာသဖြင့် သောက်စားနေကြသည့်လူအားလုံး တံခါးပေါက် ရှိရာဆီသို့ စုပြုံလှည့်ကြည့်လာကြသည်။ လူအုပ်ကြီးထဲမှ အခြားသူများထက် ပို၍ အသက်ကြီးပုံပေါက်သည့် လူက ခါးကိုမတ်လျက် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်ရင်း အော်ပြောလိုက်လေသည် “မင်းဘယ်သူလဲ”
ထိုလူများမှာ ရွက်တစ်ထောင်ဂိုဏ်းသားများ ဟုတ်မနေသဖြင့် ရန်ကိုင် အနည်းငယ် စိတ်ပျက်မိသွားခဲ့လေသည်။ သို့သော်ငြား ရွက်တစ်ထောင်ဂိုဏ်းသားများကို ဤနေရာ၌ မည်ကဲ့သို့များ တွေ့နိုင်ပါမည်နည်း။ ရွက်တစ်ထောင်ဂိုဏ်းမှ အသက်ရှင်ကျန်ရစ်ခဲ့သည့် တပည့်များ ရှိနေမည်ဆိုလျှင်ပင် ထိုတပည့်များသည် ဤနေရာသို့ ပြန်မလာတော့ဘဲ အခြားတစ်နေရာသို့ ထွက်ပြေးသွားနေလောက်ပေပြီ။
ဤနေရာတွင် စုဝေးနေကြသည့် လူများအနက် အားအကောင်းဆုံးမှာ တာအိုသခင်ပထမအဆင့်သာ ရှိသေးပြီး ကျန်လူများမှာတော့ သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။
ယခု ရွက်တစ်ထောင်ဂိုဏ်းမှာ ဖျက်စီးခံလိုက်ရပြီ ဖြစ်လေရာ ခြောက်ကပ်တိတ်ဆိတ်နေသော ဤနေရာသည် သူတို့ကဲ့သို့သော လူများ နားခိုရန်အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်လာတော့လေသည်။
ရန်ကိုင်သည် ထိုလူများနှင့် အချိန်မဖြုန်းလိုသည့် အတွက်ကြောင့် လိုရင်းကို ချက်ချင်း တန်းသွားလိုက်လေသည် “ဒီမှာ ရွက်တစ်ထောင်ဂိုဏ်းက အသက်ရှင်ကျန်ရစ်တဲ့လူ တစ်ယောက်မှ မရှိဘူးလား”
တစ်ဖက်လူများ သူတို့ မည်ကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်နေရသလဲ ဆိုသည်ကို မသိမည် စိုးသည့်အတွက်ကြောင့် ရန်ကိုင်သည် သူ့အရှိန်အဝါကို အနည်းငယ် ထုတ်ပြလိုက်လေ၏။
ရန်ကိုင်၏ အရှိန်အဝါကို ခံစားမိလိုက်သော် တစ်ဖက်အဖွဲ့သားအားလုံး အထိတ်ထိတ် အလန့်လန့် ဖြစ်ကုန်ကြလေသည်။ အစောပိုင်းက ရန်ကိုင်အား လေသံမာမာဖြင့် အော်မေးခဲ့သော လူကြီး၏ အမူအရာမှာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အလျင်စလို ကုန်းထ၍ ရန်ကိုင်အား ဦးညွှတ်ရင်းမှ စိုးရိမ်တကြီးဖြင့် ပြောလိုက်၏ “မရှိပါဘူးဆရာ”
ထိုအဖြေမှာ ရန်ကိုင် မျှော်လင့်ထားသည့်အဖြေသာ ဖြစ်လေသည်။ ထို့ကြောင့် အချိန်ကုန်ခံမနေတော့ဘဲ ဘေးဘီဝဲယာကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ပြန်ထွက်လာခဲ့လေ၏။
ရန်ကိုင် ထွက်သွားပြီးသည့်အခါမှသာ သူနှင့် စကားပြောသည့်လူသည် ကျောက်ရုပ်ထု တစ်ခုနှယ် တောင့်တောင့်ကြီး ဖြစ်နေရာမှ ပြန်အသိဝင်လာခဲ့၏။ သူမသိလိုက်ခင်မှာပင် သူ့တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေကြောင်း တွေ့လိုက်ရလေသည်။ အခြားသော ကျင့်ကြံသူများသည်လည်း ထိုအခါမှ အသက်ကောင်းကောင်း ရှူရဲကြတော့လေသည်။ ရန်ကိုင်ကဲ့သို့သော ပညာရှင်တစ်ဦးသည် သူတို့၏ အသက်များကို အလွယ်လေး ချွေယူပစ်နိုင်သည် သေမင်းတစ်ပါး ဖြစ်ပေသည်။ ထိုကဲ့သို့သော ပညာရှင်များ၏ စိတ်မှာ အလွန်ကိုမှ ပြောရခက်လှကာ ခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတတ်သည်။
ထို့ကြောင့် ဖြစ်သာဖြစ်နိုင်လျှင် သူတို့အနေဖြင့် ထိုကဲ့သို့သော ပညာရှင်မျိုးနှင့် မတွေ့မိအောင် အတတ်နိုင်ဆုံး ရှောင်နေသည်မှာ အကောင်းဆုံး ဖြစ်ပေသည်။
ယခုလေးတင် သေဘေးမှ ကပ်သီလေးလွတ်လာသော အဖွဲ့လေးသည် ရန်ကိုင် ထွက်သွားပြီမှန်း သိလိုက်သည်နှင့် ခန်းမထဲ တစ်စက္ကန့်လေးပင် ထပ်မနေရဲတော့ဘဲ အမြီးကုတ်ကာ ထွက်ပြေးကြတော့လေ၏။
ခန်းမထဲမှ ထွက်လာပြီးနောက် အမည်မဲ့တောင်ကြားတစ်ခုဆီသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။ ဤတောင်ကြားကို ရန်ကိုင် သိပေသည်။ ရွက်တစ်ထောင်ဂိုဏ်းသို့ ယခင်တစ်ကြိမ် ရောက်လာစဉ်က ဤတောင်ကြားဆီသို့ လာခဲ့ဖူးပေသည်။ ဤတောင်ကြားသည် ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်များသာ ဝင်ခွင့်ရှိသော တားမြစ်နေရာတစ်ခု ဖြစ်ပေသည်။
အပြင်ဘက်မှ ကြည့်လိုက်မည်ဆိုပါက တောင်ကြားသည် ရိုးရိုးတောင်ကြား တစ်ခုနှင့် တူပါသော်ငြား တကယ့်တကယ်တွင် တောင်ကြားတစ်ခုလုံးကို ပုံရိပ်ယောင်အစီအရင် တစ်ခုမှ လွှမ်းခြုံထားခဲ့ခြင်း ဖြစ်သည်။ ဤတောင်ကြားလေးထဲတွင်မူ ကမ္ဘာငယ်လေးနှင့် ဆက်သွယ်ထားသော ဟင်းလင်းပြင်အစီအရင်တစ်ခု ရှိနေခဲ့လေသည်။
ထိုကမ္ဘာငယ်လေး၏ အမည်မှာတော့ ဧကရာဇ်တောင်ကြားဟု အမည်တွင်ပေသည်။
ဤတောင်ကြားထဲတွင် တိုက်ပွဲ ဖြစ်ခဲ့သည့်ပုံပင်။ တိုက်ပွဲ ဖြစ်သွားသည့် အရိပ်ယောင်များကို နေရာအနှံ့တွင် တွေ့နေရသည်။ ခြောက်ကပ်နေသော သွေးများ၊ ပြန့်ကျဲနေသော အရိုးများ နေရာအနှံ့တွင် ရှိနေခဲ့သည်။ ရွက်တစ်ထောင်ဂိုဏ်း တိုက်ခိုက်ခံရစဉ်က လူပေါင်းများစွာ သေသွားခဲ့သည့်ပုံပင်။
ရန်ကိုင်သည် တောင်ကြားအလယ်တွင် ရှိနေသော ဟင်းလင်းပြင်အစီအရင်ကို သေချာ သွားစစ်ဆေးကြည့်လေသည်။ ဟင်းလင်းပြင်အစီအရင်ကို ဖျက်စီးသွားသည့်လူမှာ အတော့်ကိုမှ အလျင်လိုနေသည့်ပုံပင်။
ထိုအချက်ကို ရှာတွေ့ပြီးနောက် ဤဟင်းလင်းပြင်အစီအရင်ကို ဖျက်စီးသွားသည့်လူမှာ ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ် ရီဟန်မှန်း ရန်ကိုင် ခန့်မှန်းမိသွားတော့လေသည်။
ရီဟန်သာဆိုလျှင်တော့ သူ့အတွက် သတင်းကောင်းပင်။ အကြောင်းမှာ အသက်ရှင်နေသေးသည့် ရွက်တစ်ထောင်ဂိုဏ်းသားအချို့ ဧကရာဇ်တောင်ကြားထဲ၌ ရှိနေနိုင်သည့် အတွက်ကြောင့်ပင်။
သူ့ဂိုဏ်း ဖျက်စီးခံရတော့မည်မှန်း သိလိုက်သည့်နောက် ရီဟန်သည် သူ့တပည့်နှင့် ဆွေမျိုးများကို ဧကရာဇ်တောင်ကြားထဲသို့ ပိုပြီး သူတို့အသက်ကို ကယ်နိုင်ရန်အတွက် ဟင်းလင်းပြင်အစီအရင်ကို ဖျက်စီးပစ်ခဲ့ပေလိမ့်မည်။
အလျင်စလို ဖျက်စီးထားခံရသည့် ဟင်းလင်းပြင်အစီအရင်သည် ရန်ကိုင်၏ ခန့်မှန်းချက်ကို အကောင်းဆုံး သက်သေထူနေလေသည်။
ထို့သို့ စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင်သည် မွန်းစတားဘုရ်ငအား အမိန့်ပေးလိုက်၏ “မွန်းစတားဘုရင်၊ ဒီနေရာကို တစ်ချက် စောင့်ကြည့်ထား”
ရန်ကိုင်သည် သူ့အထင်ဟုတ်မဟုတ် ဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်၍ ဧကရာဇ်တောင်ကြားထဲကို သွားကြည့်ချင်နေမိသည်။ ယင်ဖေးလည်း ခေါင်းညိတ်၍ ချက်ချင်း တစ်နေရာတွင် သွားပုန်းနေလိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်းလျက် ဟင်းလင်းပြင်အစီအရင်ပေါ် စုပုံနေသော ကျောက်စကျောက်န၊ အုတ်ကျိုးအုတ်ပဲ့များကို ဖယ်ရှားပစ်လိုက်လေသည်။ ထို့နောက် ဟင်းလင်းပြင်အစီအရင်ကို အောက်ခြေကို စစ်ဆေးကြည့်လေ၏။
ယခင်တစ်ကြိမ်က ရွက်တစ်ထောင်ဂိုဏ်း၏ ဟင်းလင်းပြင်အစီအရင်ကို ရန်ကိုင်မှ ပြင်ပေးခဲ့ခြင်း ဖြစ်သည်။ ဟင်းလင်းပြင်အစီအရင်မှာ နောက်တစ်ကြိမ် ထပ်မံ ပျက်စီးသွားခဲ့ပါသော်ငြား တစ်ကြိမ်ပြင်ဖူးထားသည့် အတွေ့အကြုံ ရှိနေသည့်အတွက် နောက်တစ်ကြိမ် ထပ်ပြင်ဖို့ရာ ရန်ကိုင်အတွက် သိပ်မခက်လှတော့ပေ။
လေဟာနယ်နိယာမစွမ်းအားများ လှုပ်ရှားလာခဲ့ပြီး ရန်ကိုင် အနီးတစ်ဝိုက်ရှိ လေထုမှာ စတင် တဝီဝီ မြည်လာခဲ့သည်။ မကြာမီ ဟင်းလင်းပြင်တစ်ခုလုံး စတင် တွန့်လိမ်လာတော့လေသည်။ တစ်ချိန်တည်းတွင် ဟင်းလင်းပြင်အတွင်းပိုင်းဆီမှ ဆန်းကြယ်သော စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး ရန်ကိုင်နှင့် အခြားသော ဟင်းလင်းပြင်တစ်ခုကြားရှိ ပျက်စီးနေသည့် ဆက်သွယ်ကို စတင်၍ ပြင်ဆင်တော့၏။
ဝှစ်...
မကြာမီ အနက်ရောင်ဝင်ပေါက်တစ်ခု ပွင့်လာခဲ့လေသည်။ ဟင်းလင်းပြင်လိုဏ်ခေါင်းပင်...
ရန်ကိုင်သည် လေဟာနယ်နိယာမစွမ်းအားများကို ထိန်းချုပ်၍ ဟင်းလင်းပြင်လိုဏ်ခေါင်းကို တည်ငြိမ်အောင်ထိန်းထားရင်းမှ လှမ်းအော်ပြောလိုက်၏ “မွန်းစတားဘုရင်၊ လာခဲ့ပေတော့”
ယင်ဖေး ရန်ကိုင်ဘေးနားတွင် ရုတ်တရက် ပြန်ပေါ်လာပြီး သူ့ရှေ့တွင် ရှိနေသော လေဟာနယ်လိုဏ်ခေါင်းကို အံ့ဩတကြီးဖြင့် ကြည့်လိုက်လေသည်။
သူ့ကဲ့သို့ အားကောင်းလှသည့် လူတစ်ဦးသည်ပင်လျှင် ဤကဲ့သို့သော အရာမျိုးကို အထင်မသေးရဲချေ။ အကြောင်းမှာ သူသာ ထိုထဲပိတ်မိသွားပါက ဟင်းလင်းပြင်ထဲ လမ်းပျောက်သွားကာ မည်သည့်အခါမှ ပြန်ထွက်လာနိုင်တော့လိမ့်မည် မဟုတ်သည့် အတွက်ကြောင့် ဖြစ်ပေသည်။
ရန်ကိုင်သည် သူ့လက်ကိုဝှေ့ရမ်းလျက် ယင်ဖေးအား ဧကရာဇ်ချီဖြင့် လွှမ်းခြုံကာ ဟင်းလင်းပြင်လိုဏ်ခေါင်းထဲသို့ ခုန်ဝင်သွားလေသည်။ တစ်ခဏအကြာ၌ ရန်ကိုင်နှင့် ယင်ဖေးသည် ဧကရာဇ်တောင်ကြားထဲရှိ ဟင်းလင်းပြင်အစီအရင်အပေါ်တွင် ပြန်ပေါ်လာခဲ့လေသည်။
ထိုနေရာတစ်ဝိုက်တွင် မည်သူမှ ရှိမနေခဲ့ချေ။ ရောက်လာပြီးနောက် မြေပြင်အား စစ်ဆေးကြည့်လိုက်ရာ ရန်ကိုင်၏ မျက်လုံးများ တောက်ပသွားခဲ့လေသည်။
မြေပြင်ပေါ်၌ ခြောက်နေပြီဖြစ်သော သွေးကွက်အချို့နှင့် ခြေရာများကို အတိုင်းသာ တွေ့နေခဲ့ရသည်။
ယင်ဖေးသည် နှာခေါင်းတရှုံ့ရှုံ့လုပ်လျက် အလျင်အမြန် ပြောလိုက်၏ “ဒီမှာ လူတွေ အများကြီး ရှိနေတယ် သခင်လေးရန်”
မွန်းစတားဘုရင်တစ်ပါး ဖြစ်သည့်အတွက်ကြောင့် ယင်ဖေး၏ အနံ့ခံအာရုံမှာ အမှန်တကယ်ကို ကောင်းမွန်လှပေသည်။
ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီး တစ်ခုသောဘက်သို့လှည့်၍ ပြောလိုက်၏ “အဲ့ဘက်မှာ”
ထို့ဘက်တွင် တောင်ကြားတစ်ခုနှင့် လိုဏ်ဂူများစွာရှိကြောင်း ရန်ကိုင် ပြန်သတိရသွားခဲ့သည်။ ထိုနေရာတွင်ပင် အလောင်းရုပ်သေးရုပ်နှင့် သူတွေ့ခဲ့ရခြင်း ဖြစ်သည်။ ရွက်တစ်ထောင်ဂိုဏ်း၏ အသက်ရှင်ကျန်ရစ်နေသော တပည့်များသည်သာ ဤနေရာသို့ ထွက်ပြေးလာမည်ဆိုပါက ထိုနေရာတွင်သာ သွားနေကြပေလိမ့်မည်။
ထို့ကြောင့် ရန်ကိုင်တို့နှစ်ဦး တောင်ကြားဆီသို့ ပျံသန်းလာခဲ့ကြလေသည်။
ဧကရာဇ်တောင်ကြားမှာ သိပ်မကြီးလှသော်ငြား မိုးမြေစွမ်းအင်မှာတော့ အတော်လေးကို သိပ်သည်းပေသည်။ ထို့ကြောင့် ဤနေရာသည် အတိတ်အခါက ရွက်တစ်ထောင်ဂိုဏ်း၏ အုတ်မြစ် ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။
အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့နှစ်ဦးသည် တောင်ကြားပေါ်ရှိ ကောင်းကင်ထက်ဆီသို့ ရောက်လာခဲ့ကြလေသည်။ ရန်ကိုင်သည် ပုန်းလျှို့ကွယ်လျှိုး လုပ်မနေခဲ့ဘဲ အကုန်လုံး ခံစားမိနိုင်စေရန် သူ့အရှိန်အဝါကို တမင်တကာ ထုတ်လွှတ်ပြထားလိုက်သည်။
တောင်ကြားဆီမှ ကျွတ်ကျွတ်ညံသများ ထွက်ပေါ်လာပြီး ကျင့်ကြံခြင်းအမျိုးမျိုးကို ပိုင်ဆိုင်ထားသည့်လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြကာ အကုန်လုံးသည် ရန်ကိုင်အား ဖြူဖတ်ဖြူလျော် မျက်နှာများဖြင့် လှမ်းကြည့်လာကြလေသည်။
သူတို့ ဤနေရာသို့ ရောက်လာပြီးချိန်မှစ၍ ဤနေရာသို့ လူသူအရောက်အပေါက် မရှိခဲ့သည်မှာ တစ်နှစ်ကျော် ရှိသွားခဲ့လေပြီ။ ဤနေရာသည် သူတို့အတွက် အလွန်ကိုမှ လုံခြုံသည့် နေရာတစ်ခု ဖြစ်သည်ဟု ထင်ထားခဲ့ပါသော်ငြား ယနေ့တွင် တစ်စုံတစ်ဦးသည် ဤနေရာဆီသို့ ရောက်ရှိလာခဲ့ကြလေသည်။
ထိုအဖြစ်အပျက်သည် အသက်ရှင်ကျန်ရစ်နေသော ရွက်တစ်ထောင်ဂိုဏ်းသားများကို ထိတ်လန့်ကြောက်ရွံ့သွားစေခဲ့လေသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ရွက်တစ်ထောင်ဂိုဏ်းသားများစွာ အသတ်ခံလိုက်ရသည့် မြင်ကွင်းကို သူတို့အားလုံး ကွက်ကွက်ကွင်းကွင်း မှတ်မိနေပေသေးသည်။ ယခုတစ်ကြိမ် သူတို့ကော သေဆုံးသွားသည့် တပည့်များအတိုင်း အဖြစ်ကြရတော့မည်လား။
လူနှစ်ဦးသည် အကြီးဆုံးလိုဏ်ဂူထဲမှ ထွက်လာခဲ့ကြလေသည်။
“စီနီယာအစ်မရီ၊ စီနီယာအစ်ကိုတု”
ရွက်တစ်ထောင်ဂိုဏ်းသားများသည် ထိုနှစ်ဦးအား တလေးတစားဖြင့် ဦးညွှတ်လိုက်ကြလေသည်။
ရီကျင်းဟန်နှင့် တုရှန်းတို့ ပေါ်လာသည့်အခါတွင်၊ အခြားသော တပည့်များကဲ့သို့ ဖြစ်မနေဘဲ ပြုံးရွှင်နေကြလေသည်။ အကြောင်းမှာ ရီဟန်မှ သူတို့အား ဧကရာဇ်တောင်ကြားထဲသို့ ပိုလိုက်စဉ်က၊ တစ်နေ့ ဤထဲသို့ လူများ ရောက်လာသော် ထိုလူသည် ရန်ကိုင်သာ ဖြစ်လိမ့်မည်ဟု ပြောခဲ့သည့်အတွက်ကြောင့်ပင်။
ထို့အတွက်ကြောင့် ဧကရာဇ်တောင်ကြားထဲသို့ အပြင်လူများ ဝင်လာသည်ကို အာရုံခံမိလိုက်သော်၊ ရန်ကိုင် ရောက်လာပြီမှန်း သူတို့ သိလိုက်ခြင်းပင်။
ယခု လူကိုယ်တိုင် မြင်ပြီးသည့်နောက် သူတို့ ထင်ထားသကဲ့သို့ပင်၊ ရန်ကိုင် ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်ကို ပေါ်လာသည့်ကိစ္စသည် လွန်ခဲ့သော တစ်နှစ်ကျော်အတွင်း သူတို့ကြားခဲ့ရသည့် သတင်းများအနက် အကောင်းဆုံးသတင်း ဖြစ်ပေသည်။
“သခင်လေးရန်...” ရီကျင်းဟန်မှာ စကားပင် မပြောရသေးသော်ငြား မျက်ရည်များသည် သူမ၏ ပါးပြင်တစ်လျှောက် ပိုးပိုးပေါက်ပေါက် စီးကျနေခဲ့လေပြီ။
ယခင်တစ်ကြိမ် ရန်ကိုင်အား တွေ့ခဲ့စဉ်က ရွက်တစ်ထောင်ဂိုဏ်းသည် သူတို့၏ ဘိုးဘေးအမွေအနှစ်ကို ပြန်လည်ရရှိခဲ့သည့် အတွက်ကြောင့် တက်တက်ကြွကြွဖြင့် ရှိနေကြလေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် ရွက်တစ်ထောင်ဂိုဏ်းမှာ လုံးဝကို ပြောင်းလဲသွားကာ သူတို့ပိုင်ဆိုင်ထားသည့် အရာမှန်သမျှကို ဆုံးရှုံးလိုက်ရလေ၏။ ရန်ကိုင်ကို မြင်လိုက်သည့်အခါ ရီကျင်းဟန်သည် သူမအဖေကို ပြန်သတိရသွား၏။ ယခုသူမအဖေ သေလားရှင်လား မသိရသေး။ ထို့ကြောင့် ဝမ်းနည်းတကြီး ငိုချလိုက်ခြင်း ဖြစ်ပေသည်။