အခန်း (၂၆၆၆)
Vol. 114 Ch. 2666
ရန်ကိုင်မှ သူ့အား အဆင့်မြင့် အရင်းအမြစ်ကျောက်တစ်တုံး ပေးသည့် အတွက်ကြောင့် ထိုလူမှ ရန်ကိုင်အား စေတနာဖြင့် သတိပေးလိုက်ခြင်း ဖြစ်ပေသည်။ ရန်ကိုင်မှာတော့ သူပြောလာသည့် သတင်းကိုကြားပြီး မှင်တက်နေခဲ့၏။
လွန်ခဲ့သော တစ်နှစ်ခန့်က ရန်ကိုင်သည် မွန်းစတားဘုရင်သုံးပါးကိုခေါ်၍ ရမ္မက်ရှာဂိုဏ်းကို ဖျက်စီးပစ်ခဲ့သည်။ သူရမ္မက်ရှာဂိုဏ်းကို ဖျက်စီးနေသည့် အချိန်မှာပင် ရွက်တစ်ထောင်ဂိုဏ်းသည်လည်း ဖျက်စီးခံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်း၊ ဂိုဏ်းချုပ်၏ သမီး ရီကျင်းဟန်မှ ကမ္ဘာငယ်လေးနှင့် သူမတို့ဂိုဏ်းအား ဆက်သွယ်ပေးထားသော ဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်ပေးရန် အတွက် မေပယ်မြို့တွင် သူ့ဆီမှ လာရောက်အကူအညီ တောင်းခံသည့် အတွက်ကြောင့် သူမနှင့်အတူ လိုက်သွားခဲ့ရင်း ပျောက်နေသည်မှာ ကြာပြီဖြစ်သော ချီယွဲ့တို့ကို ပြန်တွေ့ခဲ့ရသည်။
တကယ်တော့ ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်းနှင့် သည်လောက် ခင်မင်ရင်းနှီးသည်မဟုတ်။ ထို့ကြောင့် ရွက်တစ်ထောင်ဂိုဏ်းသည် ရန်ကိုင်အတွက် သိပ်၍ အဖိုးမတန်လှ။ သို့သော်ငြား ချီယွဲ့နှင့် အခြားသူများမှာ ရွက်တစ်ထောင်ဂိုဏ်းတွင် ရှိနေကြလေသည်။
ယခု ရွက်တစ်ထောင်ဂိုဏ်း ဖျက်စီးခံလိုက်ရပြီ ဖြစ်လေရာ ချီယွဲ့တို့ ဘာတွေများ ဖြစ်သွားလေပြီနည်း။
ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ ရောက်လာကြသည့် လူများသည် ရန်ကိုင်နှင့် အလွန်ရင်းနှီးကြသူများ ဖြစ်ကြသည်။ ချီယွဲ့သည် ရှန်ချင်းလော့၏ မွေးစားအမေ ဖြစ်သည့်အတွက်ကြောင့် သူ၏ ယောက္ခမဖြစ်ကာ အိုင်းအောင်ဆိုလျှင်လည်း ရွှယ့်ယွယ်၏ အဖေဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်၏ ယောက္ခထီးဖြစ်သည်။ ကွေ့ဇူ ဆိုလျှင်လည်း ထက်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲချုပ် ဖြစ်ပေသည်။ သူနှင့် သိပ်မရင်းနှီးသည့်လူဆို၍ ဓါးအဖွဲ့အစည်းခေါင်းဆောင် ကုချန်းယွင်တစ်ဦးသာ ရှိသည်။
ထိုရုတ်တရက် ကြားလိုက်ရသည့် သတင်းဆိုးကြောင် ရန်ကိုင် မျက်နှာပျက်သွားခဲ့ပြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သူ့ရှေ့တွင်ရှိနေသည့် လူကို မမှိတ်မသုံ စိုက်ကြည့်ရင်းမှ ပြန်မေးလိုက်လေသည် “မင်းငါ့ကို လိမ်နေတာလား”
ထိုလူမှာ အစောပိုင်းက ရန်ကိုင်အား သိပ်ဂရုမစိုက်ခဲ့။ ယခု ရန်ကိုင်ဆီမှ ဖြာထွက်လာသည့် အရှိန်အဝါကို ခံစားမိလိုက်သော် သူ့အမူအရာမှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေတော့သည် “ဧကရာဇ်အဆင့်”
သူ့အား အဆင့်မြင့်အရင်းအမြစ်ကျောက်တစ်တုံး ပေး၍ လမ်းလာမေးသည့် လူငယ်လေးသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤကဲ့သို့ ဖြစ်မည်မှန်းသာသိခဲ့လျှင် သူ့စကားကို သေချာစဉ်းစားဆင်ခြင်၍ ပြောခဲ့ပေသည်။
ရန်ကိုင်၏ သတ်ဖြတ်လိုစိတ်သည် အေးစက်စက် လက်အေးကြီးတစ်ဖက်နှယ် သူ့အား ရစ်သိုင်းလာခဲ့ရာ ထိုလူ၏ နဖူးထက် ချွေးအေးများ ဝေ့သီလာခဲ့ပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြန်၍ ပြောလိုက်လေသည် “ဆ...ဆ...ဆရာ၊ ကျုပ် လိမ်နေတာ မဟုတ်ပါဘူး။ ရွက်တစ်ထောင်ဂိုဏ်း တကယ်ကြီး ဖျက်စီးခံလိုက်ရတာပါ။ ဆရာ မယုံရင် လိုက်မေးကြည့်လို့ရပါတယ်။ အဲ့အကြောင်းကို တောင်ဘက်နယ်မြေတစ်ခုလုံး သိပါတယ်”
“အပိုတွေ” ရန်ကိုင်က ရုတ်တရက် ထအော်လျက် ထိုလူကို လည်ပင်းမှဆွဲကိုင်ကာ လေပေါ်သို့ မြှောက်လိုက်လေသည်။
တောင်ဘက်နယ်မြေထဲတွင် ဂိုဏ်းငယ်လေးများ မရေမတွက်နိုင်အောင် ရှိနေလေရာ ဒုတိယအဆင့်သာသာ ရှိသော ဂိုဏ်းငယ်လေးတစ်ဂိုဏ်း ဖျက်စီးခံလိုက်ရသည့် အကြောင်းကို တောင်ဘက်နယ်မြေတစ်ခုလုံး မည်ကဲ့သို့များ သိနေရသနည်း။ နာမည်ကြီးသည့် ရမ္မက်ရှာဂိုဏ်းကဲ့သို့ ဂိုဏ်းတစ်ဂိုဏ်း ဖျက်စီးခံလိုက်ရသည့် အကြောင်းကို နယ်မြေကြီးတစ်ခုလုံး သိနေလျှင်တော့ မပြောလိုသေး။ သို့သော်ငြား ယခု ဖျက်စီးခံလိုက်ရသည့်ဂိုဏ်းမှာ ဂိုဏ်းငယ်လေး တစ်ဂိုဏ်းသာ ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ရွက်တစ်ထောင်ဂိုဏ်း ဖျက်စီးခံလိုက်ရသည့် အဖြစ်အပျက်သည် ပင်လယ်ထဲသို့ ခဲတစ်လုံးကျသွားသလိုသာ ဖြစ်ပြီး မည်သည့် လှိုင်းဂယက်ကိုမှ မဖြစ်စေခဲ့ပေ။
ထို့ကြောင့်ပင်လျှင် သူ့ရှေ့ရှိလူသူ့အား လိမ်နေသည်ဟု ရန်ကိုင် ခံစားနေရခြင်းပင်။
ရန်ကိုင်မှ လည်ပင်းဆွဲညစ်ထားသဖြင့် ထိုလူမှာ အသက်ရှူရ မွန်းကြပ်လာခဲ့၏။
“သခင်လေးရန်” ယင်ဖေးက ဘေးအပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေရင်းမှ ရန်ကိုင်အား သတိပေးလိုက်လေသည်။
ထိုအခါမှသာ ရန်ကိုင် ပြန်အသိဝင်လာခဲ့ပြီး သူစိတ်လွတ်သွားမှန်း သတိထားမိလိုက်ကာ သူ့ရှေ့ရှိလူကို ပြန်လွှတ်ပေးလိုက်လေသည်။ ထို့နောက် အေးစက်စက် လေသံဖြင့် ပြောလိုက်လေ၏ “မင်းသိထားသမျှ ငါ့ကို မြန်မြန်ပြောပြ။ မင်းပြောတာအမှန်ဆိုရင် ငါမင်းကို ဘာမှလုပ်မှာ မဟုတ်ဘူး”
ထိုလူမှာ အမောတကော အသက်ရှူရင်း အတန်ကြာသည်အထိ ချောင်းတဟွတ်ဟွတ် ဆိုးနေခဲ့သည်။ အတော်လေးကိုမှ မသက်မသာ ဖြစ်နေသည့်တိုင် ထိုလူမှာ တစ်ချက်ကလေးပင် မကျေမနပ်မဖြစ်ရဲ၊ ကြောက်ကြောက်လန့်လန့်ဖြင့်သာ ပြန်၍ မေးလိုက်လေ၏ “ဆရာ၊ ဘာသိချင်တာလဲ”
သူ့ရှေ့တွင် ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်၏ စိတ်သည် ခုတစ်မျိုး၊ တော်ကြာတစ်မျိုး ဖြစ်နေလေရာ သူ့အနေဖြင့် တစ်ဖက်လူ ဘာတွေးနေသလဲဆိုသည်ကို ခန့်မှန်းပြီး သူထင်ရာကို စွတ်မပြောရဲခဲ့ပေ။
“ရွက်တစ်ထောင်ဂိုဏ်းကို ဘယ်သူဖျက်စီးပစ်လိုက်တာလဲ” ရန်ကိုင်က မေးလိုက်သည်။
“အရိပ်ပျံဓါးဂိုဏ်းက ဖျက်စီးလိုက်တယ်လို့တော့ ကြားတာပဲ”
“အရိပ်ပျံဓါးဂိုဏ်း” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုဂိုဏ်းနာမည်ကို တစ်နေရာရာ၌ သူကြားဖူးနေသည့်ပုံပင်။
သေချာစဉ်းစားကြည့်ပြီးသည့်နောက်တွင် ဥတုလေးမျိုးနယ်မြေထဲ၌ အရိပ်ပျံဓါးဂိုဏ်းမှ တပည့်နှစ်ဦးနှင့် တွေ့ခဲ့ကြောင်းကို ပြန်သတိရလိုက်သည်။ ရန်ကိုင် သိထားသလောက် အရိပ်ပျံဓါးသည် ဤမျှအားကောင်းသည့် အင်အားစုတစ်ခုမဟုတ်ချေ။
“အရိပ်ပျံဓါးဂိုဏ်း ရွက်တစ်ထောင်ဂိုဏ်းကို ဘာလို့ တိုက်ခိုက်ခဲ့တာလဲ” ရန်ကိုင်က မေးလိုက်လေသည် “အဲ့ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ ဘယ်လိုရန်ငြိုးရန်စတွေ ရှိနေတာလဲ”
ထိုလူက အလျင်စလို ပြန်ပြောလိုက်၏ “ဘာရန်ငြိုးရန်စမှ ရှိတာမဟုတ်ပါဘူး။ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ရတနာတွေကြောင့်ပဲ ဒီစစ်ပွဲစခဲ့ရတာပါ”
ရန်ကိုင်၏စိတ်ထဲ အတွေးတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး အလျင်အမြန် ခန့်မှန်းလိုက်၏ “ကောင်းကင်အဆင့်ရုပ်သေးရုပ်တွေကြောင့်လား”
ကောင်းကင်အဆင့်ရုပ်သေးရုပ်များသည် ရွက်တစ်ထောင်ဂိုဏ်း၏ ပင်မအမွေအနှစ်များ ဖြစ်ကြသည်။ ရွက်တစ်ထောင်ဂိုဏ်း၏ အမွေအနှစ်များ အကောင်းအတိုင်း ရှိနေစဉ်က ၎င်း၏ ဘိုးဘေးများသည် ရုပ်သေးရုပ်တာအိုတွင် အလွန်ကိုမှ အဆင့်မြင့်မြင့် ကျွမ်းကျင်ခဲ့ကာ ကောင်းကင်အဆင့်ရုပ်သေးရုပ်များစွာကို ဖန်တီးခဲ့ပေသည်။ သူတို့ ဖန်တီးခဲ့သော ကောင်းကင်အဆင့် ရုပ်သေးရုပ် တစ်ရုပ်ချင်းစီတိုင်းသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနှင့် ယှဉ်နိုင်ပေသည်။
ရွက်တစ်ထောင်ဂိုဏ်း ဘုန်းမီးနေလတောက်ပစဉ်က တောင်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်ခဲ့ကာ ကြယ်တာရာအစုအဝေးတွင်လည်း အလွန်ကိုမှ ကျော်ကြားခဲ့လေသည်။ သို့ရာတွင် အမွေအနှစ်များကို ဆုံးရှုံးသွားလိုက်ရပြီးနောက် ရွက်တစ်ထောင်ဂိုဏ်း၏ မျိုးဆက်များမှာ တစ်ဆက်ထက်တစ်ဆက် နိမ့်ကျလာခဲ့လေရာ ရွက်တစ်ထောင်ဂိုဏ်းသည် ပထမတန်းစား အင်အားစုမှ တတိယအဆင့် အင်အားစုထိသို့ ကျဆင်းသွားခဲ့ရလေသည်။
ကံကောင်းစွာဖြင့် ရန်ကိုင်သည် ပျက်စီးနေသည့် ဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်ပေးခဲ့ကာ ရွက်တစ်ထောင်ဂိုဏ်း၏ ၎င်းတို့၏ ပျောက်ဆုံးနေသော အမွေအနှစ်များကို ပြန်ရအောင် ကူညီပေးခဲ့လေသည်။ လျို့ယန်၏ လက်ရှိ ခန္ဓာကိုယ်ကိုကိုလည်း ရွက်တစ်ထောင်ဂိုဏ်း၏ တားမြစ်နေရာဖြစ်သော ကမ္ဘာငယ်လေးထဲမှ ရလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်သာ မဟုတ်လျှင် လျှို့ယန်သည် ယခုအချိန်ထိ ရုပ်ခန္ဓာတစ်ခုကို ပိုင်ဆိုင်ထားနိုင်ဦးလိမ့်မည် မဟုတ်ချေ။
ရန်ကိုင်မှ ကောင်းကင်အဆင့် ရုပ်သေးရုပ်အကြောင်း ပြောလာသော် ထိုလူက ခေါင်းညိတ်ပြလိုက်လေ၏ “ဟုတ်တယ်။ ဆရာလည်း ရွက်တစ်ထောင်ဂိုဏ်းရဲ့ ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေအကြောင်း သိနေတာပဲ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ရွက်တစ်ထောင်ဂိုဏ်းက သူတို့ရဲ့ အမွေအနှစ်တွေကို အကြောင်းအရင်းတစ်ခုကြောင့် ပြန်ထိန်းချုပ်လာနိုင်တယ်။ အရိပ်ပျံဓါးဂိုဏ်းက အဲ့အမွေအနှစ်တွေကို စိတ်ဝင်စားလို့ ရွက်တစ်ထောင်ဂိုဏ်းကို စစ်ပွဲစခဲ့တာ”
“အဲ့ဒါပဲလား” ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။
ထိုလူက ခါးသက်စွာပြုံးလျက် “ဒီလောကကြီးက အကျိုးအမြတ်တွေနဲ့ လည်ပတ်နေတာလေ။ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ခေါင်းဆောင်က တာအိုသခင်တတိယ အဆင့်ပဲ ရှိသေးပေမယ့် သူ့မှာ ကောင်းကင်အဆင့်ရုပ်သေးရုပ်တွေ ရှိနေတော့ အခြားလူတွေက သူတို့ကို မျက်စိမကျဘဲ ဘယ်နေတော့မလဲ”
သူပြောသည်မှာလည်း မှန်ပေသည်။ ရွက်တစ်ထောင်ဂိုဏ်းတွင်သာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ရှိနေမည်ဆိုပါက သူတို့အနေဖြင့် ယခုကဲ့သို့ ကြုံခဲ့ရလိမ့်မည် မဟုတ်လောက်ပါသော်ငြား ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ ရီဟန်မှာ တာအိုသခင် တတိယအဆင့်သာ ရှိနေပေသည်။ ထို့အတွက်ကြောင့် သူသည် ဧကရာဇ်အဆင့်နှင့် ယှဉ်ပြိုင်နိုင်သော ကောင်းကင်အဆင့်ရုပ်သေးရုပ်များနှင့် မထိုက်တန်ဟု အခြားသူများ ထင်ချင်လည်းထင်စရာပင်။
တစ်ခဏမျှစဉ်းစားနေပြီးနောက် ရန်ကိုင်က အေးစက်စက် လေသံဖြင့် မေးလိုက်၏ “ရွက်တစ်ထောင်ဂိုဏ်းမှာ ကောင်းကင်အဆင့်ရုပ်သေးရုပ် ဆယ်ရုပ်ကျော်ရှိတယ်။ တစ်ရုပ်ချင်းစီတိုင်းက ဧကရာဇ်အဆင့်နဲ့ ယှဉ်နိုင်တယ်။ အဲ့ဒါကို အရိပ်ပျံဓါးဂိုဏ်းက ရွက်တစ်ထောင်ဂိုဏ်းကို ဘယ်လိုလုပ်ပြီး ဒီလောက် အလွယ်တကူ အနိုင်ယူနိုင်ရတာလဲ”
လျို့ယန်တွင် ကောင်းကင်အဆင့်ရုပ်သေးရုပ် ဖြစ်သော ကျားဖြူ ရှိနေသည့် အတွက်ကြောင့် ကောင်းကင်အဆင့်ရုပ်သေးရုပ်တစ်ရုပ် မည်မျှ အားကောင်းသလဲ ဆိုသည်ကို ရန်ကိုင်သိပေသည်။ အရိပ်ပျံဓါးဂိုဏ်းမှာ အားကောင်းပါသော်ငြား ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းတော့ မဟုတ်၊ ထိုသို့ဖြစ်လေရာ ရွက်တစ်ထောင်ဂိုဏ်းမှာ မည်ကဲ့သို့များ အပြီးတိုင် ဖျက်စီးခံလိုက်ရလေသနည်း။
ထိုလူက ခြောက်ကပ်ကပ်ရယ်မောလျက် “အဲ့ဒါတော့ ကျုပ်လည်း မပြောတတ်ဘူး။ ကျုပ်လည်း အဲ့အချက်နဲ့ ပက်သက်ပြီး ထူးဆန်းတယ်လို့ ခံစားနေရတာ။ ကြည့်ရတာ ရွက်တစ်ထောင်ဂိုဏ်းက ရုပ်သေးရုပ်တွေက ပြောသလောက် အားကောင်းမလို့ နေမှာပေါ့”
သူ့အနေဖြင့် ဤကဲ့သို့ တွေးသည်မှာလည်း တွေးချင်စရာပင်။ ရွက်တစ်ထောင်ဂိုဏ်း၌ ကောင်းကင်အဆင့် ရုပ်သေးရုပ်များ ရှိနေပါသော်ငြား ယင်းတို့ကို ထိန်းချုပ်နေသူမှာ တာအိုသခင်အဆင့်သာ ရှိသေးသည့်အတွက်ကြောင့် ကောင်းကင်အဆင့်ရုပ်သေးရုပ်များ၏ ခွန်အားအပြည့်အဝကို ထုတ်မသုံးနိုင်သည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။ သို့သော်ငြား ဤကိစ္စသည် ထင်ထားသလောက် မရိုးရှင်းဟု ရန်ကိုင်စိတ်ထဲ ခံစားနေခဲ့ရသည်။
“ရွက်တစ်ထောင်ဂိုဏ်းရဲ့ တပည့်တွေ ဘာဖြစ်သွားလဲ” ရန်ကိုင်က မေးလိုက်သည်။
“အချို့က သေသွားတယ်။ အချို့ကတော့ ထွက်ပြေးသွားတယ်။ ဒါပေမယ့် အသက်ရှင်တဲ့လူ များများစားစားရှိမယ်လို့တော့ ကျုပ်မထင်ဘူး။ အချို့ကတော့ အဖမ်းခံလိုက်ရတယ်။ အဖမ်းခံလိုက်ရတဲ့ လူတွေထဲမှာ အဆင့်နိမ့် ကြယ်စီရင်စုကနေ တက်လာတဲ့ ကြယ်သခင်တစ်ယောက်တောင် ပါတယ်လို့ ကျုပ်ကြားတယ်”
“မင်းတကယ် ပြောနေတာလား” ရန်ကိုင်၏ မျက်လုံးများ ဖျတ်ဖျတ် လက်သွားခဲ့သည်။
ထိုလူက မဲ့ရယ်ရယ်လျက် “ကျုပ်ဆရာ့ကို မလိမ်ရဲပါဘူးဗျာ။ ကြယ်တာရာအစုအဝေးမှာ အဆင့်နိမ့်ကြယ်စီရင်စုကနေ ရောက်လာတဲ့ လူတွေအများကြီးရှိပေမယ့် အနည်းစုလောက်ပဲ ကြယ်သခင်တွေ ဖြစ်ကြတာလေ။ သူတို့ မိထားတဲ့အထဲမှာ ကြယ်သခင် တစ်ယောက်ပါတယ် ဆိုတဲ့အကြောင်းကို အရိပ်ပျံဓါးဂိုဏ်း ကိုယ်တိုင်ကကို လူသိရှင်ကြား ထုတ်ပြောထားတာ။ ဒါကြောင့်ပဲ ရွက်တစ်ထောင်ဂိုဏ်း ဖျက်စီးခံရတဲ့ အကြောင်းကို တောင်ဘက်နယ်မြေတစ်ခုလုံး သိနေရတာ”
“သူတို့ဘာလို့ ဒီသတင်းကို လိုက်ဖြန့်နေတာလဲ” ရန်ကိုင်၏ အမူအရာ ထူးဆန်းသွားလေ၏။ သူ့စိတ်မှာတော့ အတော်လေး တည်ငြိမ်သွားခဲ့လေပြီ။
ဤလူပြောနေသည့် ကြယ်သခင်ဆိုသည့်လူသည် အိုင်းအောင်သာ ဖြစ်ရပေလိမ့်မည်။
အိုင်းအောင် အဆင်ပြေနေသည့်အတွက်ကြောင့် ချီယွဲ့နှင့် အခြားသူများလည်း အဆင်ပြေလောက်ပေသည်။ သို့သော်ငြား ဤသည်မှာ ရန်ကိုင် မျှော်လင့်ထားသည့် အရာသာ ဖြစ်လေသည်။ အိုင်းအောင် အဆင်ပြေနေသော်ငြား ချီယွဲ့တို့ ဒုက္ခ ရောက်နေသည်မှာလည်း ဖြစ်နိုင်ပေသည်။
“ဘာလို့လဲဆိုတော့ နောက်တစ်လနေရင် အရိပ်ပျံဓါးဂိုဏ်းက လေလံပွဲတစ်ခု ကျင်းပတော့မှာလေ။ အဲ့လေးလံပွဲမှာ ကောင်းကင်အဆင့်ရုပ်သေးရုပ်တွေနဲ့ ကြယ်သခင်ကို လေလံတင်မယ်ဆိုတဲ့အကြောင်းကို လူများများ သိစေချင်နေတာ”
“ကြယ်သခင်ကိုလည်း လေလံတင်လို့ရတာလား” ရန်ကိုင် ကြောင်သွားခဲ့သည်။
ထိုလူက ခြောက်ကပ်ကပ်ရယ်မောလျက် “ရတာပေါ့ ဆရာရဲ့။ အဲ့ကြယ်သခင်ရဲ့ ကိုယ်ထဲမှာ အကောင်းအတိုင်းရှိနေတဲ့ ကြယ်အမြူတေတစ်ခုရှိနေတာလေ။ ဒီတော့ သက်ဆိုင်ရာ ပညာရပ်တစ်ခုခုကို တတ်ထားမယ်ဆိုရင် အဲ့ကြယ်အမြူတေကို ထုတ်ယူပြီး အခြားတစ်ယောက်ဆီ ပြန်လွှဲပေးလို့ရတယ်။ ဒါကြောင့် ကြယ်သခင်တွေကို လူတော်တော်များများက စိတ်ဝင်စားကြတာ”
ကြည့်ရသလောက် ယင်လဲ့ရှန် ပြောသည်မှာ မှန်နေသည့်ပုံပင်။
ပြီးပြည့်စုံသည် ကြယ်အမြူတေတစ်ခုသည် ကျင့်ကြံရာတွင် အရေးပါသည် ကဏ္ဍမှ ဝင်ရောက်ကူညီပေးနိုင်ပေသည်။ ထို့အတွက်ကြောင့် အိုင်အောင်အနေဖြင့် လတ်တလော အသက်အန္တရာယ် မရှိသေးချေ။ သို့သော်ငြား ချီယွဲ့နှင့် အခြားသူများကိုတော့ စိတ်ပူရပေဦးမည်။
“နောက်တစ်လ၊ အရိပ်ဓါးပျံမြို့...” ရန်ကိုင် ရေရွတ်လိုက်သည်။
ရွက်တစ်ထောင်ဂိုဏ်း ဖျက်စီးခံလိုက်ရသည်မှာ တစ်နှစ်ပင် ကြာနေပြီ ဖြစ်သည့် အတွက်ကြောင့် ရန်ကိုင်အနေဖြင့် မည်မျှပင် စိတ်ပူနေစေကာမူ လောနေ၍ မရတော့ဘဲ စိတ်အေးအေးဖြင့် စောင့်ရုံသာ တတ်နိုင်တော့ပေသည်။
“နောက်ဆုံးမေးခွန်း၊ ရွက်တစ်ထောင်ဂိုဏ်းနဲ့ အရိပ်ဓါးပျံမြို့က ဘယ်မှာရှိတာလဲ” ရန်ကိုင်က မေးလိုက်သည်။
ထိုလူမှာ ရန်ကိုင်၏ အမေးကို မဖြေရဲဘဲမနေရဲသဖြင့် ချက်ချင်းပဲ လမ်းညွှန်ပြလိုက်လေ၏။
ထို့နောက်တွင် ရန်ကိုင်သည် ယင်ဖေးနှင့်အတူ လျှပ်စီးတန်းမျှ ပျံထွက်သွားခဲ့လေသည်။ ရန်ကိုင်တို့ ထွက်သွားသည့်အခါမှသာ ထိုလူငယ်လေးသည် အသက်ရဲရဲ ရှူဝံ့တော့သည်။ ရန်ကိုင်ရှေ့၌ ရှိနေစဉ်အတောအတွင်း သူ့ကိုယ်သူ မီးခဲဖုဖင်ခုထိုင်နေသည့်နှယ် ခံစားနေခဲ့ရသည်။ ယခုမှသာလျှင်လည်း သူ့တစ်ကိုယ်လုံးသည် ရေထဲကျသွားသည့် အလား ချွေးများဖြင့် စိုရွှဲနေကြောင်း တွေ့ရှိလိုက်ရလေသည်။
ရန်ကိုင် စိတ်မပျော်မရွှင်ဖြစ်နေမှန်း သိနေသည့်အတွက် ယင်ဖေးမှာ ရန်ကိုင်အား မည်သည့် မေးခွန်းမှ သွားမမေးရဲခဲ့ပေ။ သို့သော်ငြား သူ့စိတ်ထဲတွင်တော့ တစ်ယောက်ယောက် ပြဿနာတက်တော့လိမ့်မည်ဟု ကြိတ်၍ ခံစားနေခဲ့ရလေသည်။
ရန်ကိုင်သည် ရမ္မက်ရှာဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးတစ်ဂိုဏ်းကိုပင် ဖျက်စီးရဲခဲ့လေရာ အရိပ်ပျံဓါးဂိုဏ်းလောက်ကိုတော့ ပြောနေစရာပင် မလိုတော့ချေ။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် ယင်ဖေးက ပြောလိုက်လေ၏ “သခင်လေးရန်၊ ကျုပ်ပဲ ခံစားနေရတာလားတော့ မသိပေမယ့် ဒီကိစ္စက နည်းနည်း ထူးဆန်းနေသလိုပဲနော်”
ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်။ ကျုပ်လည်း အဲ့အတိုင်းပဲ ခံစားနေရတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ခင်ဗျား ဘယ်လိုထင်လဲ”
ဘေးမှရပ်ကြည့်သူများသည် အခြေအနေတစ်ရပ်ကို အကောင်းဆုံး မြင်နိုင်သည်ဟု ပြောကြသည်မှာ အလကားမဟုတ်။ အစောပိုင်းက ရန်ကိုင်သည် ချီယွဲ့တို့အပေါ် အလွန်ကိုမှ စိတ်ပူနေသည့်အတွက်ကြောင့် ဟာပေါက်များကို သေချာမစဉ်းစားမိခဲ့။ ယခု သေချာပြန်စဉ်းစားကြည့်လိုက်သည့်အခါမှ အစောပိုင်းကလူ ပြောသွားသည့် ကိစ္စနဲ့ ပက်သက်၍ ဟာကွက်များ ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။
ယခု ယင်ဖေးကပါ ထပ်ပြောလာသော် သူထင်နေသည်မှာ အမှန်ဖြစ်ကြောင်း ရန်ကိုင် ပို၍ သေချာသွားတော့လေသည်။
ယင်ဖေးက ပြန်ပြောလိုက်၏ “ရွက်တစ်ထောင်ဂိုဏ်းက လွန်ခဲ့တဲ့ တစ်နှစ်တည်းက ဖျက်စီးခံလိုက်ရတာဆိုရင် သူတို့ဘာလို့ လေလံပွဲကို ချက်ချင်း မကျင်းပခဲ့တာလဲ။ လေလံပွဲကို ကျင်းပတာက အမြတ်ရဖို့ဆိုရင် လေလံပွဲကို အစောကြီးကတည်းက မြန်မြန် ကျင်းပခဲ့ရမှာလေ။ ဘာလို့ ဒီလောက်အချိန်အကြာကြီး သတင်း ထိုင်ဖြန့်နေတာလဲ။ အခု သူတို့ လုပ်နေတဲ့ပုံက ဒီသတင်းကို လူတစ်ယောက်ဆီ မရောက်ရောက်အောင် လုပ်နေတဲ့ ပုံစံမျိုး ပေါက်နေတယ်။ သူတို့ ရောက်စေချင်တဲ့လူဆီ မရောက်မှာစိုးလို့ လေလံပွဲကို တမင်တကာ အချိန်ဆွဲဆန့်ထားသလိုပဲ”