အခန်း (၂၆၆၄)
Vol. 114 Ch. 2664
“ကောင်းပြီလေ၊ အဲ့ဒါဆိုရင် အကြီးအကဲကျိယောင်ကိုပဲ အလုပ်ရှုပ်အောင် လုပ်ရတော့မှာပေါ့” နန်မန်တကျွင်း အတော်လေး စိတ်ပျက်သွားခဲ့သည်။ သူသည် ဤအခွင့်အရေးကို အသုံးချလျက် ရန်ကိုင်နှင့် အစီအရင်ပညာရပ်များအကြောင်း ဆွေးနွေးလိုခြင်း ဖြစ်ပါသော်ငြား ရန်ကိုင်သည် သူ့အား ထိုကဲ့သို့ အခွင့်အရေးမျိုး မပေးခဲ့ချေ။
သို့ရာတွင် ဂိုဏ်းကာကွယ်ရေးအစီအရင်ကို တည်ဆောက်ကာ အဆင့်မြှင့်တင်ဖို့ရာ ဆိုသည်မှာ အစီအရင်ပညာရှင်တိုင်း၏ မျှော်လင့်ချက်ဖြစ်ပေသည်။
မကြာမီတွင် နန်မန်တကျွင်းသည် ရမ္မက်ရှာဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်ကြီးကို သေချာ သွားလေ့လာတော့လေ၏။
သူထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်ကိုကြည့်၍ မေးစေ့ကို ပွတ်သပ်ရင်းမှ ရေရွတ်လိုက်၏ “ဒီတော၊ ဒီဘက်မှာ ပြဿနာမရှိဘူးပေါ့”
သူခင်းကျင်းထားသည့် အစီအရင်သာ တစ်ခုခုဖြစ်နေပါက ကျိယောင်နှင့် နန်မန်တကျွင်းတို့ ဤအစီအရင်မှ တစ်ဆင့် ဤနေရာသို့ ရောက်လာစရာအကြောင်း မရှိချေ။
“ဘာပြဿနာ ဖြစ်နေလို့လဲ” ကျိယောင်က မေးလိုက်သည်။
ရှီလဲ့က ပြုံးလျက် ဖြစ်ကြောင်းကုန်စင်ကို အလျင်အမြန် ရှင်းပြလိုက်လေသည်။ ရှီလဲ့ ရှင်းပြသည်ကို နားထောင်ပြီးနောက်တွင် ကျိယောင်က တွေးတွေးဆဆဖြင့် ပြောလိုက်၏ “ဟင်းလင်းပြင်အစီအရင် အလုပ်ဖြစ်နေဖို့ နှစ်ဖက်စလုံး ကောင်းနေမှရတာဆိုတော့ ဒီဘက်ကလည်း ဘာမှမဖြစ်ဘူး။ ရေခဲနှလုံးသားတောင်ကြားကဟာလည်း ဘာမှမဖြစ်ဆိုတော့ ရှေးဟောင်းကုန်းမြေထဲကဟာက တစ်ခုခု ဖြစ်သွားလို့ပေါ့”
အိပ်မက်မက်နေသူတစ်ဦး အိပ်စက်မိန်းမောနေရာမှ အသိဝင်လာသည့်အလား ရန်ကိုင်၏ မျက်လုံးများ တောက်ပသွားပြီး ခေါင်းညိတ်ပြလိုက်လေ၏ “အဲ့လိုပဲဖြစ်ရမယ်”
ထို့နောက် တစ်ခုခုအား စဉ်းစားမိသွားပြီး အံကြိတ်ကာ ပြောလိုက်လေ၏ “အမျိုးသမီးဖုန်းက တကယ် ရက်စက်တာပဲ”
ရှေးဟောင်းကုန်းမြေထဲရှိ ဟင်းလင်းပြင်အစီအရင် အကြောင်းအရင်းမရှိဘဲ ပျက်စီးသွားစရာ အကြောင်းမရှိချေ။ လွမ်ဖုန်းမှ သူထွက်သွားပြီးနောက် တမင်တကာ ဖျက်စီးလိုက်သည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
သူတောက်လျှောက် လိုက်နှောင့်ယှတ်နေမည်ကို လွမ်ဖုန်း စိုးရိမ်သည့်အတွက်ကြောင့် ထိုကဲ့သို့ လုပ်ခဲ့ခြင်းသာ ဖြစ်ရပေလိမ့်မည်။ ထိုသို့ စဉ်းစားမိလိုက်သော် ရန်ကိုင် အံတကြိတ်ကြိတ် ဖြစ်သွားလေ၏။
သူ့အဖို့ ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းဖို့ရာ သိပ်မခက်လှပါသော်ငြား ဟင်းလင်းပြင်အစီအရင်အသစ်တစ်ခု ခင်းကျင်းရန်အတွက် ရှေးဟောင်းကုန်းမြေထဲ ပြန်သွားဖို့ရာ အတော့်ကိုမှ အချိန်ကြာပေလိမ့်မည်။ နောက်ပိုင်း၌ ရှေးဟောင်းကုန်းမြေဆီသို့ ထပ်သွားစရာအကြောင်းရှိသေးသည့်အတွက်ကြောင့် ဟင်းလင်းပြင်အစီအရင်တစ်ခုကို လိုလိုမယ်မယ် ခင်းကျင်းထားခဲ့ပါသော်ငြား လွမ်ဖုန်းသည် သူထွက်သွားသည်နှင့် ထိုဟင်းလင်းပြင်အစီအရင်ကို ချက်ချင်း ဖျက်စီးပစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤလောကကြီးတွင် မိန်းမတစ်ယောက်၏ စိတ်ထက် ပို၍ အဆိပ်ပြင်းသည့်အရာ မရှိတော့သည်မှာ တကယ် မှန်ပါလေလော။ လွမ်ဖုန်းသည် အပြင်ပန်းတွင်သာ သိမ်မွေ့ချင်ယောင်ဆောင်ပါသော်ငြား အတွင်းစိတ်ကမူ အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်ပေသည်။
ယခုကဲ့သို့ နောက်တစ်ကြိမ် ထပ်မဖြစ်နိုင်စေရန်အတွက် နောက်တစ်ခါ ရှေးဟောင်းကုန်းမြေထဲသို့ သွားပါက ကျောက်တုံးဝိဥာဉ်များ၏ ပိုင်နက်ထဲတွင်သာ ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းရတော့မည်ပုံပင်။
ထိုသို့ စဉ်းစားမိလိုက်သော် ရန်ကိုင်သည် ရှီလဲ့နှင့် ကျန်နှစ်ဦးဘက်သို့လှည့်၍ “ကြည့်ရတာ ခင်ဗျားတို့ကို ရှေးဟောင်းကုန်းမြေက စွန့်ပစ်သွားပြီနဲ့တူတယ်”
ရှီလဲ့နှင့်ကျန်နှစ်ဦးမှာ ခေါင်းခြောက်မတတ် စဉ်းစားနေကြပါသော်ငြား သူတို့ဘာကြောင့် ပြန်လို့မရသလဲဆိုသည်ကို နားမလည်နိုင်ကြချေ။ သို့ရာတွင် ပြန်လို့မရသည့်သဖြင့် စိတ်ပျက်သွားရမည့်အစား ပျော်ပင်ပျော်နေခဲ့သေးသည် “ကြည့်ရတာ သခင်မဖုန်းက သခင်လေးရန်ကိစ္စကို အတော်လေး အလေးအနက်ထားလို့ သခင်လေးရန် လုံလုံခြုံခြုံ ရှိနေနိုင်အောင် ကျုပ်တို့ကို သခင်လေးဘေးမှာ နေခိုင်းစေချင်တာနဲ့တူတယ်။ နတ်အရှင်ကတောင် ဒီလို ဖြစ်စေချင်နေတာဆိုတော့ ကျေးဇူးပြုပြီး မငြင်းပါနဲ့တော့ သခင်လေးရန်ရယ်” မွန်းစတားဘုရင်သုံးပါးစလုံး ပြုံးဖြီးနေခဲ့ကြလေသည်။
ရန်ကိုင်က ပြန်၍ ပြောလိုက်၏ “အခုလိုမျိုး ဖြစ်နေမှတော့ ကျုပ်လည်း ခင်ဗျားတို့ကို ဘယ်လိုလုပ်ပြီး မောင်းထုတ်နိုင်တော့မှာလဲ”
မူလကမူ နတ်အရှင်များကို ရန်စလိုက်သလို ဖြစ်သွားမည်စိုးသည့်အတွက်ကြောင့် မွန်းစတားဘုရင်သုံးပါးကို သူ့နားတွင် ခေါ်ထားဖို့ရာ တုန့်ဆိုင်းနေမိခဲ့လေသည်။ တကယ်တော့ ထိုမွန်းစတားဘုရင်များသည် နတ်သားရဲများ၏ လက်အောက်ငယ်သားများ မဟုတ်ကြလေလော။ တစ်ဖက်လူ၏ လက်အောက်ငယ်သားများကို တစ်ဖက်လူအား အသိမပေးဘဲ လုယူထားသည်မှာ ကောင်းသည့်လုပ်ရပ်မဟုတ်ချေ။
သို့သော်ငြား သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပင်။ လွမ်ဖုန်းသည် သူ့အား ရှေးဟောင်းကုန်းမြေသို့ အလွယ်တကူ ပြန်လာ၍မရအောင် လုပ်လိုက်သဖြင့် ရန်ကိုင်မှ သူတို့၏ လက်အောက်ငယ်သားများအား ပြန်မပို့ပေးလျှင်လည်း သူတို့အနေဖြင့် သူ့အား အပြစ်တင်၍ မရတော့ချေ။
ထိုစကားကိုကြားသော် ရှဲ့ဝူဝေမှာ အပြုံးကြီးပြုံးသွားပြီး သူ့လက်နှစ်ဖက်ကိုပွတ်ရင်း “သခင်လေးရန်၊ ဒါဆိုရင် ကျုပ်တို့ ထက်ကောင်းကင်နန်းတော်ထဲ ဝင်လို့ရပြီလား။ ဒီရှဲ့ များများစားစား မတောင်းပါဘူး။ ကာကွယ်သူရာထူးလောက်ဆို အဆင်ပြေပါပြီ”
ယင်ဖေးနှင့် ရှီလဲ့တို့ စိတ်လှုပ်ရှားလာကြလေသည်။
ရန်ကိုင်က ပြုံးလျက် “ကာကွယ်သူက ခင်ဗျားတို့ သုံးယောက်လိုလူမျိုးအတွက် မသင့်တော်ဘူး။ ထက်ကောင်းကင်နန်းတာ်က တည်ထောင်တာ သိပ်မကြာသေးဘူး။ ဖွင့်ဖို့ကကြာဦးမှာ။ ဒါပေမယ့် ဖွင့်တဲ့တစ်နေ့ကျရင် ခင်ဗျားတို့ကို အဆင့်မြင့် ဧည့်အကြီးအကဲရာထူးပေးမယ်”
ရှီလဲ့နှင့်အခြားသူများ ဝမ်းသာအားရဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ရန်ကိုင်၏ စကားအသွားအလာအရ သူတို့အား သူ့လူများအဖြစ် မှတ်ယူလိုက်သည်မှာ သေချာပေသည်။ ထို့ကြောင့် နောက်ပိုင်း သူတို့အတွက် အခွင့်အရေးများ ရှိလာသည့်အခါ သူတို့အား ကျိန်းသေ မေ့လိမ့်မည် မဟုတ်ချေ။
ရှေးဟောင်းကုန်းမြေထဲရှိ အခြားသော မွန်းစတားဘုရင်များနှင့် ယှဉ်လိုက်သော် သူတို့သည် ရှေ့သို့ တစ်လှမ်း ပိုရောက်နေခဲ့လေသည်။
ဂိုဏ်းမှာ တည်ပင်မတည်ထောင်ရသေးသော်ငြား ဂိုဏ်းတွင် ဧကရာဇ်တတိယအဆင့် ပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်သော အဆင့်မြင့်ဧည့်အကြီးအကဲသုံးဦး ရှိနေခဲ့သည်။ ဤသတင်းသာ ပြန့်သွားမည်ဆိုပါက လူပေါင်းများစွာ၏ မနာလိုအားကျခြင်း ခံရမည်မှာ မလွဲမသွေ ဖြစ်သွားပေလိမ့်မည်။
“ဂုဏ်ယူပါတယ် စီနီယာအစ်ကိုရန်၊ ထက်ကောင်းကင်နန်းတော် တရားဝင် ဖွင့်လှစ်တဲ့နဲ့ ကျွန်မတို့ ရေခဲနှလုံးသားတောင်ကြားကို လှမ်းအကြောင်းကြားပါဦးနော်။ ကျွန်မတို့လည်း ပွဲကို တက်ပါ့မယ်” ကျိယောင်က ရယ်သွမ်းသွေးလျက် ဝင်ပြောလိုက်လေသည်။
ရန်ကိုင် ဤနေရာတွင် အခြေချလိုက်သည့်အပေါ် ကျိယောင် အမှန်တကယ်ကို ပျော်ရွှင်နေမိသည်။ အကြောင်းမှာ ရေခဲနှလုံးသားတောင်ကြားနှင့် ရန်ကိုင်မှာ ရင်းနှီးသည့် အတွက်ကြောင့် နောက်နောင် တစ်ဦးကိုတစ်ဦး ဂရုစိုက်စောင့်ရှောက်ပေးလို့ရလေပြီ။ မြောက်ဘက်နယ်မြေရှိ မည်သည့် အင်အားစုမှ သူတို့အား လာရောက် စိန်ခေါ်ရဲတော့လိမ့်မည် မဟုတ်ပေ။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဒါပေါ့ဒါပေါ့၊ အဲ့အချိန်ရောက်လာခဲ့ရင် ရေခဲနှလုံးသားတောင်ကြားကို ကျိန်းသေ ဖိတ်ရမှာပေါ့” တစ်ချက်မျှ ရပ်ပြီးနောက် ရန်ကိုင်က ဆက်၍ ပြောလိုက်၏ “ဒါနဲ့၊ ဟိုအညံ့ခံလိုက်တဲ့ လူတွေကို စီနီယာပင်းယွင် ဘယ်လိုလုပ်ဖို့ ဆုံးဖြတ်လိုက်လဲ”
ကျိယောင်က မဲ့ပြုံးပြုံးလျက် “ဆရာလည်း အဲ့ကိစ္စနဲ့ ခေါင်းခြောက်နေရတုန်းပဲ။ အဲ့လူတွေက ရမ္မက်ရှာဂိုဏ်းကို ကူညီပေးခဲ့ကြတာဆိုပေမယ့် သူတို့ဘက်က လက်လျှော့နေပြီးတာတောင် သူတို့ အကုန်လုံးကို သတ်ပစ်လိုက်မယ်ဆိုရင် ရေခဲနှလုံးသားတောင်ကြားရဲ့ ပုံရိပ်က ထိခိုက်သွားနိုင်တယ်။ လွှတ်ပေးလိုက်မယ် ဆိုရင်လည်း ရေခဲနှလုံးသားတောင်ကြားက အနိုင်ကျင့်လွယ်တဲ့ပုံ ပေါက်နေဦးမယ်”
ရန်ကိုင်က ရယ်မောလျက် “အဲ့လိုဆိုရင် သူတို့ကို ငါ့ဆီမှာ အလုပ်လာလုပ်ခိုင်းလိုက်လေ။ ဂိုဏ်းရဲ့ ကာကွယ်ရေးအစီအရင်ကို ပြုပြင်မွမ်းမံတဲ့အချိန်ကျရင် နန်မန်တကျွင်း ကျိန်းသေ လူလိုမှာ။ ဒါပေမယ့် ရေခဲနှလုံးသားတောင်ကြားက တပည့်တွေကို သတ်သွားတဲ့ လူတွေကိုတော့ ဒီအတိုင်း လွှတ်ပေးလိုက်လို့ မရဘူးပေါ့”
ကျိယောင်က ခေါင်းညိတ်လျက် ပြန်ပြောလေ၏ “အဲ့လူတွေကိုတော့ သတ်ပစ်လိုက်ပြီ။ အခုကျန်တဲ့လူတွေက ဒီအတိုင်း အကျိုးအမြတ်လိုချင်လို့ ရမ္မက်ရှာဂိုဏ်းဘက်ကနေ ပါလာကြတဲ့ ရောပျော်တွေ။ ဒါပေမယ့် စီနီယာအစ်ကိုရန် ပြောတဲ့အကြံက မဆိုးဘူး။ အစီအရင်ပညာရှင်နန်မန် ပြန်လာတဲ့အထိ စောင့်ကြတာပေါ့။ အဲ့ကျမှ သူလူဘယ်လောက်လိုမလဲ မေးကြည့်ရမယ်”
ဤသို့ဖြင့် စကားဝိုင်းမှာ အဆုံးသတ်သွားပြီး အသီးသီး ထိုင်စောင့်နေကြတော့၏။
ကံကောင်းစွာဖြင့် ဤနေရာသည် ကျင့်ကြံရန်အတွက် အလွန်ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်သည့်အတွက်ကြောင့် သူတို့အနေဖြင့် နန်မန်တကျွင်း ပြန်လာမည်ကို ထိုင်စောင့်ရင်း အေးအေးဆေးဆေး ကျင့်ကြံနိုင်ကြပေသည်။
နှစ်ရက်ကြာပြီးသည့်နောက်တွင် နန်မန်တကျွင်း ပြန်ရောက်လာခဲ့သည်။ သူ့ပုံမှာ အတော့်ကိုမှ ပင်ပန်းနွမ်းနယ်နေသည့်ပုံပင်။ ရောက်သည်နှင့် လိုအပ်သည့် ပစ္စည်း စာရင်းကို ရန်ကိုင်ဆီသို့ ပေးလိုက်၏။ ရန်ကိုင်သည် လိုအပ်သည့် ပစ္စည်းများကို စစ်ဆေး၍ သိုလှောင်လက်စွပ်များထဲထည့်ကာ အသင့်ပြင်ပေးထားလိုက်လေသည်။
ကျိယောင်သည်လည်း ရေခဲနှလုံးသားတောင်ကြားဆီသို့ ပြန်၍ အညံ့ခံလိုက်သည့် ကျင့်ကြံသူများကို အလုပ်သမားအဖြစ် ကူခိုင်းရန် သွားပြန်ခေါ်လေ၏။ ထိုသို့ဖြင့် ထက်ကောင်းကင်နန်းတော်သည် စတင်၍ အသက်ဝင်လာတော့လေသည်။ တိတ်ဆိတ်မှုတို့နေရာ၌ ဆူညံသံများက အစားထို ဝင်ရောက်လာလေ၏။
အချိန်ကြာလာသည့်နောက် ရမ္မက်ရှာဂိုဏ်းနေရာကို အပိုင်သိမ်း၍ ထက်ကောင်းကင်နန်းတော်ကို တည်ထောင်ခဲ့သည့်လူမှာ ရန်ကိုင်မှန်း လူတိုင်း သိလာကြတော့သည်။ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များလည်း ရန်ကိုင် ဂိုဏ်းအသစ်တည်ထောင်ရာတွင် လာရောက် ကူညီကြလေသည်။
ထိုလူများမှ စောင့်ကြည့်နေသည့်အတွက်ကြောင့် အညံ့ခံလုပ်သားများမှာ ရေသာမခိုရဲကြတော့ချေ။ ရေခဲနှလုံးသားတောင်ကြားကိုယ်တိုင်ကလည်း သူတို့သည်သာ ထက်ကောင်းကင်နန်းတော်၏ ဂိုဏ်းကာကွယ်ရေးအစီအရင် တည်ဆောက်ရာ၌ သေချာအားစိုက်၍ ကူညီပေးမည်ဆိုပါက သူတို့၏ ယခင်ပြစ်မှုများကို ကြေအေးပေးကာ ပြန်လွှတ်ပေးမည်ဟု ပြောထားခဲ့လေသည်။
ထို့အတွက်ကြောင့် လူတိုင်းမှာ တက်တက်ကြွကြွဖြင့် အလုပ်လုပ်ကြတော့သည်။
ထက်ကောင်းကင်နန်းတော်အား စိတ်ဝင်စားလာကြသော လေလွင့်ကျင့်ကြံသူများသည် ထက်ကောင်းကင်နန်းတော်ထဲသို့ မည်ကဲ့သို့ ဝင်ရမလဲ ဆိုသည်နှင့် ပက်သက်၍ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များကို စတင် မေးမြန်းကြည့်ကြတော့လေသည်။
တကယ်တော့ ဤနေရာသည် ယခင်က ရမ္မက်ရှာဂိုဏ်း၏ ဠာနချုပ် ဖြစ်ခဲ့လေရာ အရည်အချင်းသာ မရှိပါက မည်သူကများ ဤနေရာကို အပိုင်ယူရဲမည်နည်း။ ထို့အပြင် ထိုလေလွင့်ကျင့်ကြံသူများသည် တစ်ယောက်စကားတစ်ယောက်နားမှ ထက်ကောင်းကင်နန်းတော်၏ အဆင့်မြင့်ဧည့်အကြီးအကဲသုံးဦးသည် ဧကရာဇ်တတိယအဆင့်များနှင့် ယှဉ်ပြိုင်နိုင်သော ခွန်အားကို ပိုင်ဆိုင်ထားကြောင်း ကြားသိသွားခဲ့လေသည်။
ထိုကဲ့သို့သော ခွန်အားမြင့်မားသည့် လူများကို ပိုင်ဆိုင်ထားကြလေရာ ထက်ကောင်းကင်နန်းတော်၏ အနာဂတ်သည် ကျိန်းသေကို တောက်ပလာပေလိမ့်မည်။ ထက်ကောင်းကင်နန်းတော်သာ စတင် ဖွင့်လှစ်မည်ဆိုပါက ကြယ်တာရာအစုအဝေးထဲ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ကျိန်းသေ ဖြစ်လာပေလိမ့်မည်။
သူတို့သည်သာ ထိုကဲ့သို့သော ဂိုဏ်းထဲသို့ ဝင်နိုင်မည်ဆိုပါက သူတို့၏ ဘဝကြီးမှာ လုံးဝကို အဆင်ပြေသွားပေလိမ့်မည်။
ကံမကောင်းစွာဖြင့် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များမှာ ထက်ကောင်းကင်နန်းတော်အကြောင်း သိမထားကြသဖြင့် ထိုလူများအားလုံး စိတ်ပျက်သွားကုန်ကြရလေသည်။
ထက်ကောင်းကင်နန်းတော်ထဲရှိ အမြင့်ဆုံးသောတောင်များအနက်မှ တစ်လုံးပေါ်ရှိ နန်းတော်ထဲတွင်... ဤနေရာသည် ယခင်က ဖုန်းရွှမ်နေခဲ့သော နေရာဖြစ်ပေသည်။
ရန်ကိုင်သည် အရင်းအမြစ်ကျောက်များကို ဘေးနားတွင်ပုံထားလျက် တင်ပျဉ်ခွေထိုင် ကျင့်ကြံနေခဲ့သည်။ ရန်ကိုင်မှ သူ့ကျင့်စဉ်ကို လှည့်ပတ်၍ ကျင့်ကြံနေသည်နှင့် အဆင့်မြင့် အရင်းအမြစ်ကျောက်များ တစ်တုံးပြီးတစ်တုံး အမှုန်ဖြစ်ကုန်ပြီး စွမ်းအင်များအသွင်သို့ ပြောင်းကာ ရန်ကိုင်၏ ကိုယ်ထဲသို့ စီးဝင်သွားကုန်ကြလေ၏။
ရှေးဟောင်းကုန်းမြေထဲ၌ ရှီဟွော့နှင့် တိုက်ခိုက်ခဲ့ပြီးသည့် အချိန်မှစ၍ ရန်ကိုင်သည် ပိုမိုအားကောင်းလာနိုင်ရန် အလျင်လိုလာတော့သည်။
သူသည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်ကြပါသော်ငြား ပြိုင်ဘက်ကင်းသည့် အဆင့်ထိတော့ မရောက်သေးချေ။ ထို့အပြင် သူ့ခွန်အား တိုးတက်လာသည်နှင့် သူရင်ဆိုင်ရသည့် ရန်သူများမှာ ပိုပို၍ အားကောင်းလာကြမည်ဖြစ်လေရာ သူ့အနေဖြင့် ရှီဟွော့နှင့် ရင်ဆိုင်ရစဉ်ကကဲ့သို့ ကူကယ်ရာမမဲ့လိုပါက သူ့ကျင့်ကြံခြင်းကို မြန်မြန် တိုးတက်အောင် လုပ်ရပေလိမ့်မည်။
သို့သော်ငြား ရှေးဟောင်းကုန်းမြေထဲမှ ထွက်လာပြီးပြီးချင်း ရေခဲနှလုံးသားတောင်ကြား ဒုက္ခရောက်နေသည့် ကိစ္စနှင့် လာတိုးသဖြင့် ကောင်းကောင်း ကျင့်ကြံခွင့်မရခဲ့ချေ။ ယခုမှသာ အားလပ်ချိန်လေးရသဖြင့် ကျင့်ကြံနေခြင်း ဖြစ်ပေသည်။
ရန်ကိုင် ကျင့်ကြံနေမှန်း သိကြသည့်အတွက်ကြောင့် ရှီလဲ့နှင့် အခြားသူများလည်း ရန်ကိုင်အား လာမနှောင့်ယှတ်ခဲ့ကြပေ။
နှစ်ရက်ကြာပြီးသည့်နောက်တွင် ထက်ကောင်းကင်နန်းတော်၏ ဂိုဏ်းကာကွယ်ရေး အစီအရင်မှာ ခင်းကျင်းလို့ ပြီးသွားခဲ့လေသည်။ ရေခဲနှလုံးသားတောင်ကြားသည်လည်း ဖမ်းထားသည့် ကျင့်ကြံသူများကို ပြောထားသည့်အတိုင်း ပြန်လွှတ်ပေးလိုက်၏။
ဤသို့ဖြင့် ထက်ကောင်းကင်နန်းတော်မှာ တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
နန်မန်တကျွင်းသည် သူမည်ကဲ့သို့ ကြိုးစားခဲ့ထားကြောင်းကို အားတက်သရောဖြင့် ရန်ကိုင်အား လာရောက်တင်ပြရန် လုပ်ခဲ့ပါသော်ငြား တောင်အပြင်ဘက်၌ စောင့်နေသော ယင်ဖေး၏ တားဆီးခြင်း ခံလိုက်ရလေသည်။ သူဘက်မှ မည်သို့ပင် ပြောနေစေကာမူ ယင်ဖေးအား ရန်ကိုင်အား ထွက်လာအောင် သွားပြောပေးအောင် မဖြောင်းဖျနိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် နန်မန်တကျွင်းလည်း စိတ်ဓါတ်ကျကျဖြင့်သာ ဟင်းလင်းပြင်အစီအရင်ကို သွားရောက်လေ့လာနေရတော့သည်။
ထိုအချိန်အတောအတွင်း ကျိယောင်သည် ရန်ကိုင်ဆီသို့ တစ်ကြိမ်မက လာလည်ခဲ့ပါသော်ငြား ရန်ကိုင်နှင့် တစ်ခါမှ တွေ့ခွင့်မရခဲ့ပေ။
တံခါးပိတ်ကျင့်စဉ် ဝင်သွားသည့်အချိန်မှစ၍ ရန်ကိုင်သည် အပြင်လောကကြီးနှင့် ပြတ်တောက်သွားခဲ့ရာ မွန်းစတားဘုရင်သုံးဦးသည်ပင်လျှင် ရန်ကိုင် မည်သည့်အချိန် ထွက်လာမည်မှန်း မသိကြချေ။
သို့သော်ငြား ဧကရာဇ်အဆင့် ကျင့်ကြံသူများ တစ်ကြိမ် တံခါးပိတ်ကျင့်စဉ်ဝင်လျှင် နှစ်ပေါင်းများစွာကြာတတ်မှန်း သိထားသည့်အတွက်ကြောင့် မွန်းစတားဘုရင်သုံးဦးမှာ ရန်ကိုင်နှင့် ပက်သက်၍ ဘာမှစိတ်မပူခဲ့ချေ။
သုံးဦးသည် ရန်ကိုင် တံခါးပိတ်ကျင့်ကြံနေသည့် နန်းတော်အပြင်ဘက်တွင် အလှည့်ကျ စောင့်ကြပ်နေကြလေသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့ရာ တစ်နှစ်ကြာပြီးသည့်နောက်တါင် တစ်ချိန်ကုန် တိတ်ဆိတ်နေခဲ့သော နန်းတော်ထဲ လှုပ်ရှားသံများ ထွက်လာခဲ့လေသည်။
နန်းတော်အပြင်ဘက်တွင် စောင့်ကြပ်နေသော ယင်ဖေး ချက်ချင်း မျက်လုံးပွင့်လာပြီး နန်းတော်ထဲသို့ လှမ်းကြည့်လိုက်လေ၏။ မကြာမီ ဝမ်းသာအားရဖြင့် ထရပ်၍ အချက်ပေးသံ ပြုလိုက်လေသည်။
တစ်ခဏကြာပြီးသည့်နောက် ရှီလဲ့နှင့် ရှဲ့ဝူဝေတို့ အဝေးမှ ပျံသန်းလာကြလေ၏။