← Chapters

အခန်း (၂၆၅၈)

Vol. 114 Ch. 2658

အခန်း (၂၆၅၈)

Vol. 114 Ch. 2658

ရန်ကိုင်ကြုံတွေ့ခဲ့ရဖူးသော အမျိုးမျိုးသော အတွေ့အကြုံများကြောင့် ရန်ကိုင်သည် အတော်လေးကိုမှ ဗဟုသုတကြွယ်ဝသည့် လူတစ်ဦးဖြစ်သည်ဟု ပြော၍ရပါသော်ငြား လက်ရှိတွင် ရမ္မက်ရှာဂိုဏ်း၏ ရတနာဂိုထောင်ထဲ၌ ရှာတွေ့လိုက်ရသော မြောက်မြားလှစွာသော ရတနာများကြောင့် ရန်ကိုင်မှာ အမှန်တကယ်ကို မင်သက်သွားခဲ့ရပေသေးသည်။

“အဲ့မှာ ထပ်ရှိသေးတယ်…” ကျိယောင်က ညွှန်ပြလိုက်သည်။

အကုန်လုံး ကျိယောင်ညွှန်ပြနေသည့်ဘက်ဆီသို့ ကြည့်လိုက်ရာ လိုဏ်ဂူအတွင်းဘက်ဆုံးအပိုင်းတွင် ကျောက်တုံးစင်မြင့်သုံးခု ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ကျောက်တုံးစင်မြင့်တစ်ခုချင်းစီထက်တွင်တော့ အလင်းစက်ကွင်းဖြင့် လွှမ်းခြုံထားသော သေတ္တာလေးတစ်လုံးစီ ရှိနေခဲ့လေသည်။

သေတ္တာများကို ဤကဲ့သို့ ထိန်းသိမ်းထားသည်ကို ကြည့်ပါက ထိုသေတ္တာထဲတွင် ရှိနေသည့် ပစ္စည်းများသည် အလွန်တရာကိုမှ အဖိုးထိုက်တန်မှန်း သိနိုင်ပေသည်။

ရန်ကိုင်လည်း ထိုနေရာသို့ ဝမ်းသာအားရဖြင့် ပြေးသွားပြီး ရတနာဂိုထောင်အား ဖွင့်ခဲ့သည့် တံဆိပ်ပြားကိုသုံး၍ ကျောက်တုံးစင်မြင့်တစ်ခုရှေ့တွင် ရပ်ကာ ဝှေ့ယမ်းပြလိုက်သည်။ ဆန်းကြယ်သည့်အလင်းတန်းတစ်ခု တံဆိပ်ပြားဆီမှ ထွက်ပေါ်လာခဲ့ပြီး ကျောက်တုံးစင်မြင့်ပေါ်တွင် ရှိနေသော သေတ္တာအား လွှမ်းခြုံထားသည့် အလင်းစက်ကွင်းမှာလည်း ပွင့်သွားခဲ့လေသည်။

ရန်ကိုင်လည်း ကျောက်တုံးစင်မြင့်ပေါ်တွင် ရှိနေသော သေတ္တာရှည်ကြီးကို အလျင်စလို လှမ်းယူလိုက်လေသည်။

“အထဲမှာ ဘာရတနာရှိလဲ ကြည့်ကြည့်ရအောင်…” မွန်းစတားဘုရင်သုံးပါးသည် ရန်ကိုင်နားတွင် စုဝေးလာပြီး သေတ္တာအား စိတ်ဝင်တစားဖြင့် ကြည့်လိုက်ကြလေသည်။

အကုန်လုံးမှာ စိတ်ဝင်စားနေကြလေရာ မွန်းစတားဘုရင်များလည်း ချွင်းချက်မဟုတ်ကြပေ။

ရန်ကိုင်သည် သေတ္တာကို လက်ဖြင့်ကိုင်၍ အလေးချိန်ကို ချိန်ဆကြည့်လိုက်သည်။ ထို့နောက် နားမလည်နိုင်ဟန်ဖြင့် ပြောလိုက်လေ၏။ “ကြည့်ရတာ အထဲမှာ ဘာမှမရှိဘူးနဲ့တူတယ်…”

“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…” ယင်ဖေး ကြောင်သွားခဲ့လေသည်။ ရှဲ့ဝူဝေနှင့် ရှီလဲ့တို့မှာ ရန်ကိုင်ပြောသည်ကို မယုံချင်ကြ။ သို့သော်ငြား ရန်ကိုင်တွင် သူတို့အား လိမ်ညာရန် အကြောင်းပြချက်မရှိမှန်း သိကြသည်။

အကုန်လုံး၏ရှေ့တွင်ပင် ရန်ကိုင်သည် သေတ္တာရှည်ကြီးကို ဖွင့်လိုက်လေသည်။ သူတို့ထင်ထားသကဲ့သို့ပင် သေတ္တာထဲ၌ မည်သည့်အရာမှ ရှိမနေခဲ့ပေ။

“ဒီလို အထဲမှာ ဘာမှမပါတဲ့ သေတ္တာရှည်ကြီးကို ဒီထဲမှာ ဘာဖြစ်လို့ လာထည့်ထားတာလဲ…” ယင်ဖေးက ဒေါမာန်တကြီးဖြင့် ပြောလိုက်လေသည်။

ရန်ကိုင်သည် သေတ္တာရှည်ကြီး၏ အလျားကို တစ်ချက်ကြည့်နေလိုက်သည်။ ထို့နောက် တစ်ခုခုအား စဉ်းစားမိသွားဟန်ဖြင့် မျက်မှောင်ကျုံ့လိုက်လေသည်။ တစ်ခဏအကြာတွင် သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြီး သေတ္တာထဲသို့ ထည့်ကြည့်လိုက်သည်။ ထိုအရာမှာ သေတ္တာထဲသို့ ကွက်တိကို ဝင်သွားလေသည်။

“ဒါက ဖုန်းရွှမ်သုံးခဲ့တဲ့ ဧကရာဇ်အဆင့်မှော်ရတနာမလား…” ရှဲ့ဝူဝေ မျက်ခုံးပင့်သွားခဲ့လေသည်။ ရန်ကိုင်ထုတ်ယူလိုက်သည့်အရာကို သူ ချက်ချင်းသတိပြုမိလိုက်သည်။

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်တယ်… ဒါက ဖုန်းရွှမ်သုံးခဲ့တဲ့ လေမိုးကြိုးလှံပဲ…”

“ငါ နားလည်သွားပြီ… လေမိုးကြိုးလှံကို အရင်တုန်းက ဒီမှာ သိမ်းထားတာ… ဖုန်းရွှမ်က စစ်ဖြစ်တော့မှာမလို့ ဒီအထဲကနေ ထုတ်ယူလာလိုက်တာ…” ရှဲ့ဝူဝေက ပြောလိုက်သည်။

“အဲ့လိုပဲဖြစ်လောက်တယ်… တကယ်တော့ ဒါက သူတို့ဘိုးဘေးတွေရဲ့ အမွေအနှစ်လေ… ဖုန်းရွှမ်က ရမ္မက်ရှာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုရင်တောင် ဒီဧကရာဇ်အဆင့်မှော်ရတနာကို သွားလေရာတိုင်း သယ်သွားနိုင်မှာတော့ မဟုတ်ဘူး…” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် သေတ္တာကို ပြန်ထားလိုက်လေသည်။

ဤသေတ္ထာထဲတွင် ထည့်ထားသည့်ပစ္စည်းမှာ လေမိုးကြိုးလှံမှန်း သေချာသွားခဲ့လေပြီ။ ကျန်သည့် သေတ္တာနှစ်လုံးထဲတွင် မည်ကဲ့သို့သော ရတနာမျိုး ရှိနေမလဲ ဆိုသည်ကိုတော့ ရန်ကိုင်မသိပေ။ သို့သော်ငြား ထိုသေတ္တာများထဲတွင် ရှိနေသည့် ပစ္စည်းများသည် လေမိုးကြိုးလှံအောက် တန်ဖိုးနိမ့်ကျခြင်း မရှိလောက်ပေ။

အခြားသေတ္တာနှစ်လုံးထဲ မည်ကဲ့သို့သော ရတနာမျိုး ရှိနေမလဲဆိုသည်ကို သိချင်စိတ် ပြင်းပြနေသည့်အတွက်ကြောင့် ရန်ကိုင်လည်း တုံ့ဆိုင်းမနေတော့ချေ။ ကျောက်တုံးစင်မြင့်နှစ်ခုပေါ်တွင် ရှိနေသော အစီအရင်များကို ချက်ချင်းဖယ်ရှား၍ သေတ္တာတစ်လုံးကို ကောက်ယူကာ အဖုံးဖွင့်ကြည့်လိုက်သည်။

ယင်ဖေးသည် အခြားသေတ္တာတစ်လုံးကိုယူ၍ အဖုံးဖွင့်ကြည့်လေသည်။

“ဟမ်…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။ ထို့နောက် သူ့မျက်လုံးများ တောက်ပလာခဲ့ပြီး “ဒါက…”

သေတ္တာအဖုံးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အလွန်တရာကိုမှ သန့်စင်လှသော မိုးမြေစွမ်းအင်တို့ လေထဲ ပျံ့နှံ့လာခဲ့ရာ ရန်ကိုင်၏ ဧကရာဇ်ချီသည်ပင်လျှင် ထိုအရာနှင့် ပဲ့တင်ထပ်သွားခဲ့လေသည်။ ကြည့်ရသလောက် ထိုသန့်စင်သောစွမ်းအင်သည် သူ့ကျင့်ကြံခြင်းအတွက် အလွန်ကိုမှ အကျိုးရှိလှသည့်ပုံပင်။

“အရင်းအမြစ်ကျောက်တွေ…” ရှဲ့ဝူဝေက ဖြတ်ပြောလိုက်သည်။ သို့သော်ငြား မကြာမီတွင် သူ့မျက်နှာအမူအယာ မသိမသာလေး ပြောင်းလဲသွားခဲ့ပြီး “အထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက်တွေလား…”

“အထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက်…” ရှီလဲ့သည်လည်း ရန်ကိုင်လက်ထဲရှိ သေတ္တာအား စိုက်ကြည့်နေခဲ့လေသည်။

အမျိုးမျိုးသောရတနာများကို တွေ့ခဲ့သည့်တိုင် မျက်တောင်တစ်ချက်ပင် မခတ်ခဲ့သော ကျိယောင်သည်လည်း ရန်ကိုင်လက်ထဲရှိ သေတ္တာအား မသိမသာလေး လှမ်းကြည့်လာခဲ့လေသည်။

“အထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက်တွေ ဒီထဲမှာ ရှိနေလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားခဲ့ဘူး…” ရန်ကိုင်သည် ပြုံးဖြီးလျက် သေတ္တာထဲမှ အရင်းအမြစ်ကျောက်တစ်တုံးကို ထုတ်ယူလိုက်သည်။ ထိုအရာသည် လက်မအရွယ်အစားလောက်သာရှိပြီး သန့်စင်ကာ ကြည်လင်လှပေသည်။

ဤအရင်းအမြစ်ကျောက်များမှာ သာမန်အဆင့်မြင့် အရင်းအမြစ်ကျောက်များထက်ပင် ပိုသေးလေသည်။ သို့သော်ငြား ဤအရင်းအမြစ်ကျောက်များထဲ သိုလှောင်ထားသော မိုးမြေစွမ်းအင်များမှာတော့ အဆင့်မြင့်အရင်းအမြစ်ကျောက်များထဲတွင် သိုလှောင်ထားသည့် မိုးမြေစွမ်းအင်များထက် အဆပေါင်းများစွာ ပိုသာပေသည်။

ကြယ်တာရာအစုအဝေး၌ ကျင့်ကြံသူတစ်ဦးသည် ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားမည်ဆိုပါက အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်များမှာ ထိုကျင့်ကြံသူများအတွက် သိပ်၍ အသုံးမဝင်တော့ချေ။ ပုံမှန်အားဖြင့် ဧကရာဇ်အဆင့် ပညာရှင်များသည် ကျင့်ကြံရန်အတွက် အဆင့်မြင့်အရင်းအမြစ်ကျောက်များကို အသုံးပြုလေ့ရှိကြသည်။ အချို့သော အဖိုးတန်ပစ္စည်းများကို အလဲအလှယ်လုပ်သည့်နေရာမျိုးတွင်ပင် အဆင့်မြင့်အရင်းအမြစ်ကျောက်များကိုသာ အသုံးပြုကြသည်။

သို့သော်ငြား အဆင့်မြင့်အရင်းအမြစ်ကျောက်၏ အထက်တွင်တော့ ပို၍အဆင့်မြင့်သည့် အထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက်ဟု ခေါ်သည့် အရင်းအမြစ်ကျောက်တစ်မျိုး ရှိပေသည်။

အဆင့်မြင့်အရင်းအမြစ်ကျောက်များနှင့် ယှဉ်လိုက်သော် အထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက်များမှာ ဖီးနစ်ငှက်မွေးတမျှ ရှားပါးလှပေသည်။

ထိပ်တန်းအဆင့် အရင်းအမြစ်ကျောက်တွင်း တစ်ခုလုံးတွင်ပင် အထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက် တစ်ခုနှစ်ခုကိုတွေ့ရန် ခဲယဉ်းလွန်းလှသည်။ အထွဋ်အထိပ်အရင်းအမြစ်ကျောက် တစ်ခုချင်းစီတိုင်းသည် ကောင်းကင်၏အလိုဆန္ဒမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။

ကောလဟာလများအရ အထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက်များကို အသုံးပြုနိုင်သည့် နည်းလမ်းအမျိုးမျိုးရှိကြသည်။ သို့သော်ငြား ကျင့်ကြံသူအများစု အသုံးပြုကြသည့် နည်းလမ်းမှာ အဆင့်တစ်ဆို့သည့် အတားအဆီးများကို ချိုးဖြတ်ရာတွင်ပင်ဖြစ်လေသည်။ ကျင့်ကြံသူတစ်ဦးသည်သာ ကျင့်ကြံနေရင်း အဆင့်တစ်ဆို့အတားအဆီးနှင့် ကြုံတွေ့ရမည်ဆိုပါက အထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက်တစ်တုံးကို အကူပစ္စည်းအဖြစ် အသုံးချနိုင်ပေသည်။ အထွဋ်အထိပ်အဆင့်အရင်းအမြစ်ကျောက်သည် ဆေးလုံးများကဲ့သို့ မည်သည့်ဘေးထွက်ဆိုးကျိုးကိုမှ မဖြစ်စေပေ။

ကြယ်တာရာအစုအဝေးတွင် နှစ်ပေါင်း ထောင်နှင့်ချီအောင် ကျင့်ကြံခဲ့ကြပါသော်ငြား အဆင့်မတက်နိုင်ကြဘဲ အဆင့်တစ်ဆို့အတားအဆီးနှင့် ကြုံနေရသည့် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ ရှိကြပေသည်။ ထိုဧကရာဇ်အဆင့်ပညာရှင်များသည် နောက်တစ်ဆင့်သို့ တက်နိုင်ရန်အတွက် ဒဏ္ဍာရီလာ အထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက်များကို အမြဲတစေ ရှာဖွေနေကြလေသည်။

သို့သော်ငြား အထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက်တစ်တုံးကို ရှာဖွေရန် ထိုမျှလွယ်ကူမည်လား။ ထို့အတွက်ကြောင့် ကျင့်ကြံသူပေါင်းများစွာမှာ အထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက်များကို လိုက်လံရှာဖွေကြပါသော်ငြား လက်ဗလာဖြင့်သာ အချိန်ကုန်ခဲ့ရလေသည်။

ယခု ရမ္မက်ရှာဂိုဏ်း၏ ရတနာဂိုထောင်ထဲတွင် အထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက်များ ထည့်ထားသည့် သေတ္တာတစ်လုံး ရှိနေခဲ့လေသည်။ ဤသေတ္တာထဲတွင် အထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက် ခုနှစ်တုံးခန့် ရှိနေလေ၏။

“တကယ့်ကို ရတနာကောင်းတစ်ခုပဲ… ဒါပေမယ့် နှမြောစရာပါပဲ… ” ရှီလဲ့က ခေါင်းတခါခါဖြင့် ပြောလိုက်သည်။

ထိုစကားကိုကြားသော် အခြားသောမွန်းစတားဘုရင်နှစ်ပါးကလည်း ပြောလိုက်လေ၏။ “ဟုတ်တယ်… တကယ်နှမြောစရာပဲ…”

အထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက်များမှာ အဆင့်တစ်ဆို့အတားအဆီးများကို ချိုးဖြတ်ရာတွင် အသုံးဝင်ပါသော်ငြား သူတို့သုံးဦးစလုံးသည် အထွဋ်အထိပ်အဆင့်သို့ ရောက်နေကြပြီဟု ပြော၍ရပေသည်။ တစ်နည်းဆိုရသော် အထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက်များသည် သူတို့အား မည်သည့်အကူအညီမှ မပေးနိုင်ကြတော့ပေ။

သူတို့အနေဖြင့် လက်ရှိအဆင့်ကို ကျော်လွန်လိုပါက နတ်သားရဲအမြုတေတစ်ခုအား ရယူနိုင်မှသာလျှင် ဖြစ်နိုင်ပေတော့မည်။ သို့မှသာ ဝေးကွာနေပြီဖြစ်သော သူတို့ဘိုးဘေးများ၏ သွေးမျိုးဆက်ကို နိုးထနိုင်ကာ နတ်သားရဲတစ်ကောင်အဖြစ် အသွင်ပြောင်းနိုင်ပေလိမ့်မည်။

ထိုအကြောင်းကြောင့်သာမဟုတ်ပါက သူတို့အနေဖြင့် သူတို့၏ခွန်အားအရ ရန်ကိုင်အမိန့်ပေးသည်ကို မည်ကဲ့သို့များ နာခံနေပါမည်နည်း။

မွန်းစတားဘုရင်များ ဘာကြောင့် နှမြောစရာပဲဟု ပြောသလဲဆိုသည်ကို ရန်ကိုင်သည်လည်း နားလည်ပေသည်။ သို့သော်ငြား မည်သည့်မှတ်ချက်မှ သွားမပေးခဲ့ချေ။ ထို့အစား ကျောက်တုံးသေတ္တာကိုသိမ်း၍သာ ယင်ဖေးဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “အဲ့သေတ္တာထဲမှာ ဘာရှိလဲ…”

ယင်ဖေးက မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ကျင့်စဉ်တစ်ခုပဲ…”

ပြောပြီးသည့်နောက် သေတ္တာကို ရန်ကိုင်ဆီသို့ ပေးလိုက်လေ၏။

ရန်ကိုင်လည်း သေတ္တာထဲရှိ ပစ္စည်းကို ကြည့်ကြည့်လိုက်ပြီးသည့်နောက် သူ့အမူအယာ ရုတ်ချည်း အတွေးနက်သွားခဲ့ပြီး လေသံတိုးတိုးဖြင့် ရေရွတ်လိုက်လေသည်။ “ရမ္မက်ရှာကျင့်စဉ်…”

ဤသည်မှာ ရမ္မက်ရှာဂိုဏ်း၏ အစစ်အမှန်အုတ်မြစ်တစ်ခု ဖြစ်ကာ ရမ္မက်ရှာမဟာဧကရာဇ်၏ အကြီးကျယ်ဆုံးသော အောင်မြင်မှုတစ်ခုလည်း ဖြစ်ပေသည်။ ဤကျင့်စဉ်ကို ကျင့်ကြံပါက ပို၍ ရမ္မက်ပြင်းပြလေ ကျင့်ကြံသည့်နှုန်း ပိုမြန်လေပင်။ ရမ္မက်ရှာကျင့်စဉ်၏ ပစ်မှတ်မှာတော့ ဆိုးရွားသည့် အဆုံးသတ်နှင့်သာ ကြုံတွေ့ရပေသည်။

အကြောင်းမှာ ရမ္မက်ရှာကျင့်စဉ်၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားမည်ဆိုပါက လွှမ်းမိုးခံလိုက်ရသည့်လူသည် ရမ္မက်တရားလက်မှ မည်သို့မှ ရုန်းထွက်နိုင်တော့လိမ့်မည် မဟုတ်သည့် အတွက်ကြောင့်ပင်။ ကျင့်ကြံခြင်းကို တိုးတက်အောင် မလုပ်နိုင်တော့ရုံသာလျှင်မဟုတ် ရမ္မက်ရှာကျင့်စဉ်ကို ကျင့်ကြံထားသော ကျင့်ကြံသူ၏ ထိန်းချုပ်မှုအောက်သို့လည်း အကြွင်းမဲ့ ရောက်ရှိသွားရပေလိမ့်မည်။

ဖုန်းရှီသည် ရေခဲနှလုံးသားတောင်ကြားမှ ကျိယုအား ချစ်ကြိုက်ခဲ့ပေသည်။ သို့သော်ငြား တကယ်ချစ်ကြိုက်ခဲ့ခြင်းမဟုတ်ဘဲ သူ၏မူလရည်ရွယ်ချက်မှာ ကျိယုအား သူ့အပေါ် ချစ်ခင်စုံမက်လာအောင်လုပ်၍ သူ့ကျင့်ကြံခြင်းအတွက် သူမအား အသုံးချရန်သာ ဖြစ်လေသည်။ သူသာ ကျိယုအား အောင်အောင်မြင်မြင် လက်ထပ်သွားနိုင်မည်ဆိုပါက ကျိယု၏ဘဝမှာ ဖုန်းရှီ၏ ကိုယ်ပိုင်အစေခံတစ်ဦးသဖွယ်သာ ဖြစ်သွားရပေလိမ့်မည်။ သူမအနေဖြင့် တစ်ဘဝလုံး ဧကရာဇ်အဆင့်ဆိုသည်ကို ရောက်ရှိနိုင်တော့လိမ့်မည် မဟုတ်ချေ။

ရမ္မက်ရှာကျင့်စဉ်သည် ကောင်းလည်းကောင်းသလို မကောင်းလည်းမကောင်းပေ။ ဤကျင့်စဉ်မှာ အလွန်တရာကိုမှ ထူးခြားလှပါသော်ငြား ရန်ကိုင်ကတော့ အလွန်ကိုမှ အထင်သေးလှသည်။

ဤကျင့်စဉ်သည် ပြင်ပအရာများအပေါ် အလွန်တရာကိုမှ မှီခိုလွန်းပြီး သိုင်းတာအို၏ စစ်မှန်သော အထွဋ်အထိပ်သို့ ရောက်ရှိအောင် မလုပ်ဆောင်နိုင်ဟု ရန်ကိုင် အမြဲတစေ ခံစားရသည်။ ဤကဲ့သို့သော ချို့ယွင်းချက်ရှိနေသည့် ကျင့်စဉ်မျိုးဖြင့် ရမ္မက်ရှာမဟာဧကရာဇ် မဟာဧကရာဇ်တစ်ပါး မည်ကဲ့သို့ ဖြစ်လာနိုင်သလဲဆိုသည်ကို ရန်ကိုင် လုံးဝ မစဉ်းစားတတ်ခဲ့ချေ။

ရန်ကိုင်သည် သေတ္တာကို ပြန်ပိတ်လိုက်ပြီး အားလုံးဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “လိုက်ပတ်ကြည့်ကြည့်နော်… မင်းတို့ကြိုက်တာ တစ်ခုခုတွေ့ရင် ယူသာယူလိုက်…”

မွန်းစတားဘုရင်သုံးဦးစလုံး စိတ်လှုပ်ရှားစွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။ ထို့နောက် ပြုံးဖြီးလျက် လက်သီးဆုပ်ကာ ပြိုင်တူပြောလိုက်လေသည်။ “ဒါဆို ကျုပ်တို့ ရှက်မနေတော့ပါဘူးနော်…”

ဤကဲ့သို့သော ရတနာပေါင်းများစွာ ပြည့်နှက်နေသည့် နေရာတစ်ခုသို့ ရောက်လာပြီးမှဖြင့် လက်ဗလာဖြင့် ပြန်သွားဖို့ရာ မဖြစ်နိုင်တော့ချေ။ ဤနေရာတွင် မွန်းစတားဘုရင်သုံးပါးကိုပင်လျှင် စိတ်လှုပ်ရှားသွားစေနိုင်သော အဖိုးတန်ရတနာပေါင်းများစွာ ရှိနေခဲ့သည်။

ရန်ကိုင်ဆီမှ ခွင့်ပြုချက်ရပြီးသည့်နောက်တွင် မွန်းစတားဘုရင်သုံးပါးသည် ရည်ရွယ်ချက်ကိုယ်စီနှင့် အလျင်အမြန် ထွက်သွားကြလေသည်။

ရန်ကိုင်သည် ကျိယောင်ဘက်သို့လည်း လှည့်၍ပြောလိုက်လေသည်။ “နင်လည်း လိုချင်တာရှိရင် သွားယူလေ…”

ကျိယောင်က ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “မလိုဘူး… ရေခဲနှလုံးသားတောင်ကြား ဒီကပ်ဘေးကိုကျော်လွှားနိုင်ခဲ့တာ နင့်ကျေးဇူးကြောင့်ပဲ… ဒီတော့ ငါ ဘာမှ ထပ်ယူနေတော့မှာမဟုတ်ဘူး…”

“အဲ့ဒါဆိုလည်း နင့်သဘောပဲ…” ကျိယောင်အကြောင်း ရန်ကိုင် အတော်လေးသိသည်ဟု ပြော၍ရသည်။ သူမကိုယ်တိုင် စိတ်ဆုံးဖြတ်ပြီးမှဖြင့် သူမအား သွားပြောနေ၍လည်း အသုံးဝင်လိမ့်မည်မဟုတ်မှန်း သိနေခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် လေကုန်ခံမနေတော့ဘဲ ရတနာဂိုထောင်အတွင်းသာ လျှောက်ပတ်ကြည့်၍ ရမ္မက်ရှာဂိုဏ်းမှ စုဆောင်းထားသော အဖိုးတန်ရတနာများကို သူ၏ ကမ္ဘာငယ်လေးထဲသို့ ထည့်သိမ်းနေခဲ့လေသည်။

တစ်ခဏကြာပြီးသည့်နောက်တွင် ရတနာဂိုထောင်ထဲတွင် ရှိနေသော အဖိုးတန်ရတနာများ တစ်ဝက်မက လျော့ကျသွားခဲ့ရလေသည်။

တစ်ချိန်တည်းတွင် မွန်းစတားဘုရင်သုံးဦးမှာလည်း အသီးသီး ပြန်ရောက်လာခဲ့ကြသည်။

မွန်းစတားဘုရင်သုံးပါးမှာ အခြားသော မည်သည့်ပစ္စည်း များများစားစားကိုမှ မယူခဲ့ချေ။ သူတို့ယူခဲ့သည်မှာ ဆေးလုံးများပြည့်နေသည့် ကျောက်စိမ်းပုလင်းအချို့နှင့် ဧကရာဇ်မှော်ရတနာတစ်ခုစီသာ ဖြစ်လေသည်။

မွန်းစတားမျိုးနွယ်စုဝင်များသည် ဆေးပညာကို မကျင့်ကြံကြ။ ထို့အတွက်ကြောင့် ရှေးဟောင်းကုန်းမြေထဲ ဆေးပင်ပေါင်းများစွာ ရှိနေသည့်တိုင် ထိုအဖိုးတန်ရတနာများသည် သူတို့အတွက် ကောင်းကောင်း အသုံးမတည့်နိုင် ဖြစ်ကြရသည်။ သူတို့အနေဖြင့် ဆေးပင်များကို ဆေးလုံးအဖြစ် ဖော်စပ်ကာ မစားသုံးနိုင်ကြပဲ အစိမ်းလိုက်သာ ဝါးစားကြရသည်။ ထို့အတွက်ကြောင့် ဆေးပင်များ၏ အာနိသင်မှာ သိသိသာသာကို လျော့ကျရလေသည်။

ယခု ဤနေရာတွင် ဆေးလုံးပေါင်းများစွာ ရှိနေသည့်အတွက်ကြောင့် မွန်းစတားဘုရင်များသည် သူတို့အတွက် အသုံးပြုနိုင်ရန်အတွက် ဆေးလုံးအချို့ကို ယူသွားရခြင်း ဖြစ်ပေသည်။

ဧကရာဇ်အဆင့် မှော်ရတနာများမှာမူ သူတို့အနေဖြင့် တစ်ခုစီယူသည်မှာ သဘာဝသာဖြစ်ပေသည်။ လက်ရှိအချိန်တွင် မိမိရွေးချယ်ထားသော လက်နက်အသီးသီးကိုကိုင်ရင်း သုံးဦးစလုံး ပြုံးဖြီးနေခဲ့ကြလေသည်။

“တော်ပြီလား…” ရန်ကိုင်က ပြုံး၍မေးလိုက်သည်။ “အခြားပစ္စည်းတွေ အများကြီး ရှိသေးတယ်နော်…”

“တော်ပြီ တော်ပြီ…” ယင်ဖေးက ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “အခြားပစ္စည်းတွေ‌ အများကြီး ရှိနေသေးပေမယ့် အဲ့ဒါတွေက ကျုပ်တို့အတွက် သိပ်အသုံးမဝင်ဘူး…. ဒီလောက်နဲ့ဆို လုံလောက်ပြီ…”

ရှဲ့ဝူဝေနှင့် ရှီလဲ့တို့မှာလည်း အသီးသီး ခေါင်းညိတ်လိုက်ကြသည်။

ရန်ကိုင်သည် မည်သည့်အပိုစကားမှ ဆက်ပြောမနေခဲ့ဘဲ လုပ်စရာရှိသည့်အလုပ်ကိုသာ ဆက်လုပ်နေခဲ့လေသည်။

အမွှေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက်တွင် ရတနာဂိုထောင်တစ်ခုလုံး ပြောင်သလင်းခါသွားခဲ့ပြီး ရတနာဂိုထောင်ထဲတွင် ရှိနေသည့် ပစ္စည်းအားလုံးမှာ ရန်ကိုင်၏ ကမ္ဘာငယ်လေးထဲသို့ ရောက်ရှိလာခဲ့ကြရသည်။

ထိုမျှများပြားလှသော အဖိုးတန်ရတနာများ ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သာ ဂိုဏ်းတစ်ခုတည်ထောင်မည်ဆိုပါက အရင်းအမြစ်များသည် သူ့အတွက် ပြဿနာတစ်ခု ဖြစ်တော့လိမ့်မည် မဟုတ်ချေ။

“ငါ အခုမှပဲ စဉ်းစားမိတော့တယ်…” ကျိယောင်က မျက်မှောင်ကျုံ့လျက် “ဒီအထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက်တွေကြောင့်ပဲ ယောင်ကျိုး ဧကရာဇ်တတိယအဆင့်ကို ချိုးဖြတ်သွားနိုင်တာ ဖြစ်လောက်တယ်…”

ရန်ကိုင်က ခေါင်းညိတ်ထောက်ခံလိုက်သည်။ “ဖြစ်နိုင်တယ်…”

ယခင်က ယောင်ကျိုးသည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်ခဲ့လေသည်။ သို့သော်ငြား စစ်ပွဲမစခင်အတောအတွင်း ရုတ်တရက်ကြီးဆိုသလို ဧကရာဇ်တတိယအဆင့်သို့ ရောက်သွားခဲ့သည်။ သူ့အနေဖြင့် စစ်ပွဲဖြစ်ခါနီးမှ ဧကရာဇ်တတိယအဆင့်သို့ ဗြုန်းစားကြီး ရောက်သွားရသည့် အကြောင်းကိုပြောပါဆိုလျှင် ဤအထွဋ်အထိပ်အဆင့် အရင်းအမြစ်ကျောက်များမှာ ဖြစ်နိုင်ချေအရှိဆုံးပင်။

ကျိယောင်က ရယ်သွမ်းသွေးလျက် “အခုမှတွေးမိလို့လည်း ဘာမှအသုံးမဝင်တော့ဘူး… သူက သေသွားပြီပဲဟာကို…”

“ဟုတ်တယ်… သွားကြရအောင်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် အားလုံးကို ဦးဆောင်၍ လာရာလမ်းကြောင်းအတိုင်း ပြန်ထွက်လာခဲ့လိုက်လေသည်။

လိုဏ်ဂူထဲမှ ပြန်ထွက်လာပြီးသည့်နောက်တွင် တောင်ကမ်းပါးမှာ နောက်တစ်ကြိမ် ပြန်ပိတ်သွားခဲ့သည်။ ရန်ကိုင်သည် တံဆိပ်ပြားကိုထုတ်၍ အစီအရင်ကို ပုံမှန်အတိုင်းဖြစ်အောင် ပြန်လုပ်လိုက်သည်။

ထို့နောက်တွင် ရန်ကိုင်သည် အခြားသူများဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “ငါ ဒီမှာ ဟင်းလင်းပြင်အစီအရင်တစ်ခုလောက် ခင်းကျင်းမလို့… မင်းတို့ လုပ်စရာရှိတာ သွားလုပ်နေကြလေ…”

မွန်းစတားဘုရင်သုံးဦးစလုံး ခေါင်းအသီးသီး ညိတ်လိုက်ကြပြီး ထွက်သွားကြလေ၏။

ကျိယောင်က မေးခွန်းထုတ်လိုက်လေသည်။ “နင် ရေခဲနှလုံးသားတောင်ကြားနဲ့ ရမ္မက်ရှာဂိုဏ်းကို ဆက်သွယ်မလို့လား…”

ရန်ကိုင်က ခေါင်းညိတ်၍ ရှင်းပြလိုက်သည်။ “ဟုတ်တယ်… ဒါမျိုး တိုက်ရိုက်ဆက်သွယ်ထားလိုက်မယ်ဆိုရင် နောက်ပိုင်း သွားရလာရ ပိုပြီး အဆင်ပြေသွားလိမ့်မယ်လေ…”

ရန်ကိုင်သည် ဤနေရာတွင် အခြေချရန် ဆုံးဖြတ်ထားသဖြင့် နောက်ပိုင်းတွင် ရေခဲနှလုံးသားတောင်ကြားသို့ မကြာခဏ သွားဖြစ်လာဖြစ်ပေလိမ့်မည်။ ရေခဲနှလုံးသားတောင်ကြားထဲတွင် သူကိုယ်တိုင် ခင်းကျင်းထားသည့် ဟင်းလင်းပြင်အစီအရင်တစ်ခု ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဤနေရာတွင် နောက်ထပ်ဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်း၍ ရေခဲနှလုံးသားတောင်ကြားနှင့် ခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်သို့ ဆက်သွယ်လိုက်ရုံသာ ရှိတော့လေသည်။

ယခင်က ရန်ကိုင်သည် ကြယ်တာရာအစုအဝေးထဲတွင် သူအခြေချနိုင်မည့် နေရာတစ်ခုကို ရှာမတွေ့ခဲ့ချေ။ သူ အခြေချမည့် နေရာနှင့် ပတ်သက်၍လည်း တစ်ခါမှပင် မစဉ်းစားခဲ့။ ယခုမူ အစီအစဉ်များ ချထားပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ဟင်းလင်းပြင်အစီအရင်များသည် အလွန်တရာကိုမှ အသုံးဝင်သည့်အရာများ ဖြစ်လာကြရပေတော့မည်။

All Chapters