← Chapters

အခန်း (၂၆၅၃)

Vol. 114 Ch. 2653

အခန်း (၂၆၅၃)

Vol. 114 Ch. 2653

လေမိုးကြိုးလှံသည် ရမ္မက်ရှာမဟာဧကရာဇ်မှ ချန်ထားပေးခဲ့သော မှော်ရတနာတစ်ခု ဖြစ်သည့်အတွက်ကြောင့် ကျိန်းသေကို အားကောင်းရပေလိမ့်မည်။

သို့သော်ငြား ရန်ကိုင်တွင် အဖိုးထိုက်တန်လှသော ရတနာပေါင်းများစွာ ရှိနေလေပြီ။ ထို့အတွက်ကြောင့် ဤလှံကို အရမ်းကြီး စွဲလမ်းမနေခဲ့။ နောက်နောင် ဤလှံအား အသုံးပြုနိုင်မည့် လူတစ်ယောက်နှင့် တွေ့လျှင် ပေးရမည်ဟုသာ ဆုံးဖြတ်ထားခဲ့လေသည်။

“သွား… ရေခဲနှလုံးသားတောင်ကြားကို ကူပြီးတော့ ရှင်းပေးလိုက်…” ရန်ကိုင်က မွန်းစတားဘုရင်သုံးပါးအား အမိန့်ပေးလိုက်လေသည်။

မွန်းစတားဘုရင်သုံးပါးသည် စကားတစ်ခွန်းမှပင်မပြောဘဲ ပျောက်ကွယ်သွားခဲ့လေသည်။

ရေခဲနှလုံးသားတောင်ကြားထဲတွင် အော်ဟစ်သံများ၊ တိုက်ပွဲဖြစ်သံများ ဘက်ပေါင်းစုံဆီမှ ထွက်ပေါ်လာနေခဲ့လေသည်။ မကြာမကြာ ခြောက်ခြားဖွယ်ရာ အော်ဟစ်သံများလည်း ထွက်ပေါ်နေခဲ့၏။ သို့သော်ငြား ထိုအော်ဟစ်သံများမှာ ယောကျ်ားသားများဆီမှ ထွက်ပေါ်လာသည့် အော်သံများသာ ဖြစ်ကြပေသည်။ ကြည့်ရသလောက် ရေခဲနှလုံးသားတောင်ကြားအား ကျူးကျော်လာသည့် အဖွဲ့သားများ အသတ်ခံနေရသည့်ပုံပင်။

ယခုအချိန် မြေပြင်ထက်၌ ဧကရာဇ်အဆင့်ပညာရှင်များ၏ အလောင်းသုံးဆယ်ကျော်မက ရှိနေခဲ့သည်။ အမွှေးတိုင်တစ်ချောင်းစာ အချိန်အတောအတွင်း ထိုပညာရှင်အားလုံး မရဏကမ္ဘာသို့ ရောက်သွားရလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။

ရန်ကိုင်သည် ထိုလူများ၏ သိုလှောင်လက်စွပ်များကို တစ်ကွင်းခြင်း လိုက်ကောက်နေသည်။

“သခင်လေးရန်… သခင်လေးရန်…”

ထိုအခိုက်အတန့်တွင် ဘေးဘက်ဆီမှ တစ်ယောက်ယောက်က လှမ်းအော်ဟစ်လိုက်သည်။

ရန်ကိုင်လည်း အသံကြားရာဘက်ဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “အစီအရင်ပညာရှင်နန်မန် ဒီမှာရှိနေသေးတာလား… ခင်ဗျား ကြည့်လို့ဝသွားပြီလား… ဘာလဲ ရေခဲနှလုံးသားတောင်ကြားမှာပဲ ဧည့်သည်လုပ်ဖို့ စဉ်းစားနေတာလား… ရေခဲနှလုံးသားတောင်ကြားက ယောက်ျားသားတွေကို လက်ခံတာမဟုတ်ဘူးနော်… ဒီတော့ အစီအရင်ပညာရှင်နန်မန် အခုထွက်သွားလိုက်တာ ကောင်းလိမ့်မယ်…”

နန်မန်တကျွင်းသည် ဖြစ်စဉ်တစ်ခုလုံးကို ဘေးမှရပ်ကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။ ရေခဲနှလုံးသားတောင်ကြားရော ရမ္မက်ရှာဂိုဏ်းရော သူ့အား မတိုက်ခိုက်ခဲ့ပေ။ ထို့အတွက်ကြောင့် နန်မန်တကျွင်းသည် ယခုအချိန်ထိ အကောင်းအတိုင်းသာ ရှိနေသေးသည်။

ရန်ကိုင်၏ သတိပေးစကားကိုကြားသော် နန်မန်တကျွင်းက အဓိပ္ပာယ်ပါပါပြုံးလျက် ပြန်ပြောလိုက်လေသည်။ “သခင်လေးရန်ကရော ယောကျ်ားတစ်ယောက် မဟုတ်ဘူးလား…”

ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ဒီသခင်‌လေးက ခင်ဗျားနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်လို့ရမှာလဲ…”

(လာပြီး အရှက်မရှိ ကြွားဝါနေသေးတယ်…) နန်မန်တကျွင်း စိတ်ထဲမှနေ၍ တွေးလိုက်သည်။ သို့သော်ငြား သူ့တွင် ထိပ်တန်းအဆင့် အစီအရင်ပညာရှင်တစ်ဦး၏ ဂုဏ်မောက်သည့်အမူအယာမျိုး ရှိမနေခဲ့ပေ။ တကယ်တော့ ရေခဲနှလုံးသားတောင်ကြား၏ အမြင်အရ နန်မန်တကျွင်းသည် ရန်ကိုင်လောက် အဖိုးမတန်ပေ။ ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြား ယနေ့ထိတိုင် တည်ရှိနေရခြင်း၏ အကြောင်းအရင်းဖြစ်ပေသည်။ နန်မန်တကျွင်းသည် သူ့လက်များကိုပွတ်ရင်းမှ ပြောလိုက်သည်။ “သခင်လေး… ကျုပ် ခင်ဗျားကို တစ်ခုလောက် မေးချင်လို့…”

“မေးမနေနဲ့… ကျုပ် ဘာမှ ပြောမှာမဟုတ်ဘူး…” ရန်ကိုင်ကမူ အေးစက်စက်အမူအယာဖြင့်သာ ပြန်ပြောလိုက်သည်။

နန်မန်တကျွင်းသည် သူ့ခေတ်သူ့အခါ၏ နာမည်ကျော်အစီအရင်ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား ရန်ကိုင်သည်လည်း သာမညလူတစ်ဦး မဟုတ်ချေ။ သူသည် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်လေသဖြင့် သူ့အဆင့်အတန်းကို အခြားသူများနှင့်လိုက်၍ တန်းညှိနေစရာမလိုပေ။ အထူးသဖြင့် ထိုလူသည် ရေခဲနှလုံးသားတောင်ကြား ယခုကဲ့သို့ ကပ်ဘေးဆိုက်ရခြင်း၏ အဓိကတရားခံတစ်ဦး ဖြစ်နေသည့်အခါမျိုးတွင်ပင်။ ရန်ကိုင် နန်မန်တကျွင်းအား တန်း၍မသတ်ပစ်လိုက်သည်ကပင်လျှင် နန်မန်တကျွင်းအတွက် ကံကောင်းနေပြီဟု ပြော၍ရပေသည်။ သို့သော်ငြား နန်မန်တကျွင်းကမူ ထိုမျှနှင့် မကျေနပ်နိုင်သေးဘဲ ရန်ကိုင်ကိုပင်လျှင် မေးခွန်းများ လာရောက်မေးမြန်းချင်နေခဲ့သည်။

“သခင်လေးရန်… အဲ့လောက် အေးစက်စက်ကြီး မလုပ်စမ်းပါနဲ့…” နန်မန်တကျွင်းက ခြောက်ကပ်ကပ် ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “ကျုပ် တစ်ခုလောက်ပဲ မေးချင်လို့… သခင်လေးရန်သာ ပြောပြပေးမယ်ဆိုလို့ရှိရင် ဒီနန်မန် အရမ်းကျေးဇူးတင်မှာ…”

ရန်ကိုင်ပြန်ပြောမည်ကို စောင့်မနေတော့ဘဲ နန်မန်တကျွင်းက လေသံကိုနှိမ့်၍ တိုးတိုးလေး ပြောလိုက်လေ၏။ “သခင်လေးရန်… အဲ့မွန်းစတားဘုရင်သုံးပါးက အရှေ့ဘက်နယ်မြေက လာတာမလား…”

နန်မန်တကျွင်းမှ ထိုကဲ့သို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏မျက်လုံးများ အေးစက်သွားခဲ့ပြီး နန်မန်တကျွင်းအား ခက်ထန်သည့်အကြည့်ဖြင့် ကြည့်လျက် သတိပေးလိုက်လေသည်။ “ခင်ဗျား ဒီအသက်အရွယ်ကြီးနဲ့ စကားကို မဆင်မခြင် မပြောသင့်ဘူးဆိုတာ မသိတာလား… နောက်ပိုင်းကြ ခင်ဗျား ကိုယ်ပြောတဲ့စကားကို သေချာသတိထားရင် ကောင်းလိမ့်မယ်…”

ရှီလဲ့နှင့် အခြားသောမွန်းစတားဘုရင်နှစ်ပါးကို ရှေးဟောင်းကုန်းမြေမှ ရန်ကိုင်ခေါ်လာခဲ့ခြင်း ဖြစ်ပေသည်။ ခေါ်လာသည့် မွန်းစတားဘုရင်အရေအတွက်မှာ သုံးပါးသာ ရှိပါသော်ငြား မွန်းစတားဘုရင်များ ရှေးဟောင်းတောအုပ်ထဲမှ ထွက်လာသည့်အကြောင်းသာ ပြန့်သွားမည်ဆိုပါက လူသားမျိုးနွယ်စုဝင်ပညာရှင်များ၏ ဆန့်ကျင်ခြင်းကို ခံရနိုင်ပေသည်။ အထူးသဖြင့် ထိုမွန်းစတားဘုရင်များသည် ရှေးဟောင်းကုန်းမြေမှ မွန်းစတားဘုရင်များ ဖြစ်နေသည့်အခါတွင်ပင်။

အချို့သောသူများဆိုလျှင် ရှေးဟောင်းကုန်းမြေထဲရှိ မွန်းစတားမျိုးနွယ်စုဝင်များသည် ပျင်း၍များ လူသားပိုင်နက်ထဲသို့ ရောက်လာ၍ ပြဿနာလာရှာနေသလားဟု တွေးမိကြနိုင်ပေသည်။ ထိုသို့ဖြစ်လာသည့်အခါ ရန်ကိုင်အတွက် ပြဿနာတက်နိုင်၏။

“သူတို့ တကယ်ကြီး အဲ့နေရာကလာတာပေါ့…” နန်မန်တကျွင်းကမူ ရန်ကိုင်၏သတိပေးချက်ကို မကြားချင်ယောင်ဆောင်လျက် လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “စိတ်မပူပါနဲ့ သခင်လေးရန်… ဒီကိစ္စက ခင်ဗျားနဲ့ကျုပ်ကြားက ကိစ္စပဲ… ဒီနန်မန် ဘယ်သူ့ကိုမှ လျှောက်ပြောမှာမဟုတ်ဘူး…”

“ဟမ့်…” ရန်ကိုင်သည် နန်မန်တကျွင်းအား အထင်အမြင်တသေးဖြင့်သာ ကြည့်လိုက်လေသည်။ နန်မန်တကျွင်းအား တစ်ခါတည်း နှုတ်ပိတ်ပစ်လိုက်လျှင် ကောင်းလေမလားဟုပင် တွေးနေလေ၏။

နန်မန်တကျွင်း၏လုပ်ရပ်မှာ တဇွတ်ထိုးနိုင်ပါသော်ငြား သူသည် သေသေချာချာ စဉ်းစားပြီးမှ လုပ်လိုက်ခြင်းဖြစ်လေသည်။ ရန်ကိုင်၏သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်သည်နှင့် တစ်ပြိုင်နက် သူစိတ်ထဲ ကြိတ်၍ အံ့အားသင့်သွားခဲ့ပြီး အလျင်စလို ပြန်၍တောင်းဆိုလိုက်လေ၏။ “စိတ်မပူပါနဲ့ သခင်လေးရန်… ဒီနန်မန်က သူတို့တွေကို စိတ်ဝင်စားတာမဟုတ်ဘူး… အဲ့နေရာမှာရှိတဲ့ သဘာဝအစီအရင်တွေကိုပဲ စိတ်ဝင်စားတာ… ဒီနန်မန်ကိုယ်တိုင် အဲ့နေရာကိုသွားပြီးတော့ အဲ့အစီအရင်တွေကို တစ်ကြိမ်မက စစ်ဆေးခဲ့ဖူးတယ်… ဒါပေမယ့် ဒီနန်မန်ရဲ့ခွန်အားက အရမ်းနိမ့်နေတော့ အထဲကို အရမ်းကြီးဝင်မသွားခဲ့ဘူး… အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒီနန်မန် တော်တော်လေးကို နောင်တရနေတာ… ဒါပေမယ့် အခု သခင်လေးရန်ကို ကြည့်ရတာ ဟိုဆရာသုံးပါးနဲ့ တော်တော်လေး ဆက်ဆံရေးကောင်းတဲ့ပုံပဲ… ဒီတော့ သခင်လေးရန်များ…”

“ခင်ဗျား ဘာတွေလာပြောနေတာလဲ… ခင်ဗျားပြောတာတွေ ကျုပ် ဘာမှနားမလည်ဘူး… အဲ့အကြောင်းတွေလည်း ထပ်လာပြီးပြောမနေနဲ့… နားငြီးတယ်…” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ဖြတ်ပြောလိုက်လေသည်။

နန်မန်တကျွင်းစကားအား ဆုံးအောင် နားမထောင်ရသေးပါသော်ငြား တစ်ဖက်လူ ဘာပြောချင်နေသလဲဆိုသည်ကို ရန်ကိုင် ရိပ်စားမိနေလေပြီ။ နန်မန်တကျွင်းသည် ရန်ကိုင်နှင့် မွန်းစတားဘုရင်သုံးပါးကြားရှိ ဆက်ဆံရေးကို အခွင့်ကောင်းယူ၍ ရှေးဟောင်းတောအုပ်ထဲသို့ ဝင်ကာ ထိုနေရာတွင် ရှိနေသော သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် အစီအရင်များကို လေ့လာလိုခြင်းပင်။

တကယ်တော့ နန်မန်တကျွင်းသည် အစီအရင်များကို ရူးသွပ်သည့် အစီအရင်ပညာရှင်တစ်ဦးပင် မဟုတ်လေလော။ ထို့အတွက်ကြောင့် အခြားသူများ စိတ်မဝင်စားလောက်သည့် အရာမျိုး ဖြစ်လင့်ကစား နန်မန်တကျွင်းကမူ ထို သဘာဝအတိုင်းဖြစ်ပေါ်နေသည့် အစီအရင်များကို အလွန်ကိုမှ စိတ်ဝင်စားနေမိလေသည်။

နန်မန်တကျွင်းသည် ပါးစပ်ဟ၍ တစ်ခုခုပြောရန် လုပ်လိုက်ပါသော်ငြား နောက်ဆုံးတွင်တော့ သက်ပြင်းအမောကြီးချ၍သာ ပါးစပ်ပြန်ပိတ်နေလိုက်သည်။ နောက်နောင်တွင်လည်း အခွင့်အရေးအများကြီး ရှိနေပါသေးသည်ဟု တွေးရင်းဖြင့်သာ သူ့ကိုယ်သူ ဖြေသိမ့်နေရတော့သည်။

ထို့နောက်တွင် နန်မန်တကျွင်းသည် ခေါင်းကိုညိတ်၍ ထပ်ပြောလိုက်လေသည်။ “သခင်လေးရန်က အဲ့အကြောင်းကို မပြောချင်မှတော့ ဒီနန်မန်လည်း ထပ်မမေးတော့ပါဘူး… ဒါပေမယ့် သခင်လေးရန် အကူအညီကိုလိုတဲ့ အခြားကိစ္စတစ်ခုတော့ ရှိသေးတယ်… ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်ကိစ္စပဲ…”

“အိုး…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ “အစီအရင်ပညာရှင်နန်မန်က ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်အကြောင်းကို သိတာလား…”

နန်မန်တကျွင်းသည် ပင်းယွင်နှင့်အခြားသူများ ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်အား အသုံးပြုခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ သို့သော်ငြား ရန်ကိုင်သည် လွန်ခဲ့သော ထောင်နှင့်သောင်းနှင့်ချီခန့်က တည်ရှိခဲ့သော လိပ်နက်ဂိုဏ်း၏ ပင်မအမွေအနှစ်ဖြစ်သည့် ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်ကို နန်မန်တကျွင်းမှ သတိပြုမိသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိပ်တန်းအစီအရင်ပညာရှင်ဆိုသည့်အတိုင်းပင် နန်မန်တကျွင်းသည် အစီအရင်များနှင့် ပတ်သက်လာသော် အလွန်ကိုမှ အမြင်စူးရှပေသည်။

“သခင်လေးရန်က နောက်တတ်တာပဲနော်… ဒီနန်မန်က အစီအရင်နဲ့ပတ်သက်လာရင် ဆရာတစ်ယောက်ဆိုတာကို သခင်လေးရန် မေ့နေတာလား…” နန်မန်တကျွင်းက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။ “ဒီလောက် နာမည်ကျော်တဲ့အစီအရင်တစ်ခု ကိုယ့်ရှေ့မှာ ရောက်နေတာကို သတိမပြုမိဘူးဆိုရင် ဒီနန်မန် မျက်စိကန်းနေလို့ပဲ ဖြစ်ရလိမ့်မယ်…”

“ဒီတော့ ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်နဲ့ ပတ်သက်ပြီး ဘာသိချင်တာလဲ… အဲ့အစီအရင်ကို ဘယ်လိုခင်းကျင်းရမလဲ သိချင်နေတာလား…” ရန်ကိုင်က ပြန်မေးလိုက်သည်။

နန်မန်တကျွင်းသည် သူ့လက်ကိုပွတ်သပ်ရင်းမှ ရှက်ရှက်ဖြင့် ပြောလိုက်လေသည်။ “သိခွင့်ရမယ်ဆိုရင်တော့ သိချင်တာပေါ့… ပြီးတော့ အစီအရင်ကိုလည်း…”

“ဟမ့်…” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်လေ၏။ “စဉ်းတောင်မစဉ်းစားနဲ့…”

နန်မန်တကျွင်း ကြောင်သွားခဲ့လေသည်။ “ဘာလို့လဲ…”

“ဘာလို့လဲတွေ လာမေးမနေနဲ့… မေ့သာမေ့ထားလိုက်ပေတော့…” ရန်ကိုင်က လက်ဝှေ့ယမ်းပြလိုက်သည်။

နန်မန်တကျွင်းက ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “သိပ်ပြီးဂုဏ်မောက်မနေနဲ့ သခင်လေးရန်… စီနီယာပင်းယွင်က ကြင်နာတတ်ပြီးသား… ဒီတော့ ကျုပ်သာ ရိုးရိုးသားသားနဲ့ သွားတောင်းဆိုမယ်ဆိုရင် ကျုပ်ရဲ့တောင်းဆိုချက်ကို စီနီယာပင်းယွင် ငြင်းလောက်မှာမဟုတ်ဘူး…”

အစောပိုင်းက ရန်ကိုင်နှင့် စကားပြောခဲ့ရခြင်းမှာ နန်မန်တကျွင်းသည် သူ့လုပ်ရပ်နှင့်ပတ်သက်၍ ရှက်မိသလို ရန်ကိုင်ကိုယ်တိုင်နှင့်လည်း ဆက်ဆံရေးတစ်ခု တည်ဆောက်ထားလိုသည့်အတွက်ကြောင့် ဖြစ်ပေသည်။ သူသည် ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်ကိုသာ လေ့လာချင်ပါသော်ငြား ရန်ကိုင်ကမူ အပြင်းအထန် ငြင်းဆိုနေခဲ့လေသည်။

(သူ့ကိုယ်သူ ဘာမှတ်နေလဲမသိဘူး… မဆိုင်တဲ့နေရာတွေ လာလာပြီး စွက်ဖက်လွန်းတယ်…) ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်ကို ရေခဲနှလုံးသားတောင်ကြားမှလူများ အသုံးပြုသွားသည့်အတွက်‌ကြောင့် သူ့အနေဖြင့် ထိုအစီအရင်ကို လေ့လာလိုသော် ရန်ကိုင်မှ သူ့အား ဝင်ရောက်ကူညီပေးစေလိုသည့် ရည်ရွယ်ချက်ဖြင့် ရန်ကိုင်ဆီမှ ခွင့်ပြုချက်တောင်းခဲ့ခြင်း ဖြစ်ပါသော်ငြား ရန်ကိုင်ကမူ သူ့အား မကူညီပေးသည့်အပြင်ကိုမှ သူ့ကိုပင်လျှင် ဆန့်ကျင်ဘက်ပြုနေခဲ့လေသည်။

အလွန်တရာကိုမှ ဆန်းကြယ်လှသော နှစ်ပေါင်းများစွာကြာအောင် ပျောက်ဆုံးနေသည့် အစီအရင်တစ်ခုသည် လက်ရှိတွင် သူ့ရှေ့တည့်တည့်၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်ဖြစ်လေရာ နန်မန်တကျွင်းအနေဖြင့် ထိုအစီအရင်ကိုသာ လေ့လာခွင့်မရခဲ့ပါက စားဝင်အိပ်ပျော်နိုင်လိမ့်မည်မဟုတ်ချေ။

“အိုး… ခင်ဗျားလည်း ဒေါသထွက်တတ်တာလား…” ရန်ကိုင်သည် နန်မန်တကျွင်းအား ညစ်ကျယ်ကျယ်ပြုံး၍ ကြည့်လိုက်သည်။

“ဟမ့်… ဒီနန်မန် မင်းနဲ့ဆက်စကားပြောမနေတော့ဘူး… ငါ့ဘာသာငါပဲ စီနီယာပင်းယွင်နဲ့ သွားတွေ့လိုက်တော့မယ်…” နန်မန်တကျွင်းသည် သူ့အင်္ကျီလက်စကို ဝှေ့ယမ်းလျက် လှည့်ထွက်သွားရန် ပြင်လိုက်လေသည်။

ရန်ကိုင်က နှာခေါင်းရှုံ့လိုက်လေသည်။ “သွား သွား… နောက်မှ ကျုပ်ဆီ လေးဘက်ထောက်ပြီး လာမတောင်းပန်နဲ့နော်…”

(တစ္ဆေသရဲတစ်ကောင်ပဲ မင်းကို လာတောင်းပန်လိမ့်မယ်…) နန်မန်တကျွင်းသည် စိတ်ထဲမှနေ၍ ပြောလိုက်သည်။ သို့သော်ငြား ရှေးဟောင်းကုန်းမြေအကြောင်း စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင်အား ပြန်အော်ပြောချင်စိတ်များကို ချုပ်တည်းထားလိုက်လေသည်။ နန်မန်တကျွင်းသည် ရှေးဟောင်းကုန်းမြေထဲတွင်ရှိနေသည့် အစီအရင်များနှင့်ပတ်သက်၍ တကယ်ကို စိတ်ဝင်စားနေမိပေသေးသည်။ ရန်ကိုင်မှသာ သူ့အား ထောက်ခံပေးမည်ဆိုပါက ထိုနေရာရှိ အစီအရင်များကို မွန်းစတားမျိုးနွယ်စုဝင်များအား ကြောက်စရာမလိုဘဲ သွားရောက်လေ့လာနိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ အစီအရင်ပညာရပ်များအပေါ် သူ၏နားလည်မှုသည်ပင်လျှင် နောက်တစ်ဆင့်သို့ တက်သွားနိုင်၏။

သို့သော်ငြား ဤလူငယ်လေးမှာ အလွန်ကိုမှ ပြောရဆိုရခက်လှသဖြင့် နန်မန်တကျွင်းမှာလည်း ထိုကိစ္စနှင့်ပတ်သက်၍ အခက်တွေ့နေရလေသည်။

နန်မန်တကျွင်း ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ၏ ကောင်းကင်စိတ်အာရုံကိုဖြန့်ကျက်၍ ရေခဲနှလုံးသားတောင်ကြား၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။

တိုက်ပွဲရလဒ်များမှာ သူထင်ထားသည်နှင့် အတူတူလောက်သာ ဖြစ်ပေသည်။ ရမ္မက်ရှာဂိုဏ်း၏ ဧကရာဇ်အဆင့်ပညာရှင် အယောက်သုံးဆယ်ကျော်စလုံး အသတ်ခံလိုက်ရသည်။ ရှီလဲ့နှင့် ရှဲ့ဝူဝေတို့နှစ်ဦးသည် အတူပူးပေါင်း၍ ကျူးကျော်လာသည့် လူတစ်သောင်းကျော်ကို သတ်ပစ်ခဲ့သည်။ အသက်ရှင်ကျန်ရစ်နေသည့် လူများစွာ ရှိနေပါသော်ငြား ထိုလူများသည် သိုးထိန်းမရှိတော့သည့် သိုးအုပ်ကြီးနှယ် ဖြစ်နေခဲ့ကြကာ ဆက်လက်၍ တိုက်ခိုက်လိုစိတ်မရှိကြတော့ချေ။

ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများ ရောက်လာကြသည့်အခါ တိုက်ပွဲမှာ တစ်ဖက်သတ် ဖြစ်သွားကြတော့သည်။

လက်ရှိအချိန်တွင် ရေခဲနှလုံးသားတောင်ကြားသည် အရှုပ်ထုပ်များကို ရှင်းပစ်နေလေရာ တိုက်ပွဲမှာ မကြာခင်တွင် လုံးဝကို အပြီးသတ်သွားပေတော့မည်။

ထို့နောက်တွင် ရန်ကိုင်သည် ရေခဲကန်ရှိရာသို့ ပျံသန်းသွားလေ၏။ ထိုသို့ပျံသန်းသွားနေစဉ် အတောအတွင်း လမ်း၌ တွေ့သမျှ ရန်သူအားလုံးကို တစ်ယောက်မကျန် သတ်ပစ်ခဲ့လေသည်။

တစ်ခဏကြာပြီးသည့်နောက်တွင် ရေခဲနှလုံးသားတောင်ကြား၏ တားမြစ်နေရာဖြစ်ခဲ့ဖူးသော ရေခဲကန်ဆီသို့ ရောက်လာခဲ့လေသည်။ ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက်တွင် လေချွန်သံပေးလိုက်လေသည်။

ဘေးတစ်ဖက်တစ်ချက်တွင် ရှိနေသော ကျောက်တုံးဆီမှ လူအိုကြီးနှင့် မိန်းမငယ်လေးတစ်ဦးတို့ ထွက်လာကြသည်။ ရန်ကိုင်ရောက်လာသည်ကို မြင်သည့်အခါ နှစ်ဦးစလုံး ဝမ်းသာအားရဖြင့် နှုတ်ဆက်လိုက်ကြလေသည်။

ထိုနှစ်ဦးမှာ အခြားမဟုတ် ရန်ကိုင်မှ ရေခဲနှလုံးသားတောင်ကြားဆီသို့ ခေါ်လာခဲ့သည့် လူအိုကြီးပန်နှင့် သူ့မြေးမလေးသာ ဖြစ်ပေသည်။

“ဝီ… ဝီ… ဝီ…”

တဝီဝီမြည်သံများ လေထဲထွက်ပေါ်လာခဲ့သည်။ ထိုနှစ်ဦးပေါ်လာသည်နှင့် တစ်ပြိုင်နက် ရာနှင့်ချီသော အင်းစက်အုပ်တစ်အုပ်သည်လည်း ရန်ကိုင်ဆီသို့ ပျံသန်းလာခဲ့လေ၏။

ဝိဉာဉ်ဝါးမျိုအင်းစက်များပင် ဖြစ်လေသည်။ ရန်ကိုင်သည် အင်းစက်ချုပ်နှောင်လက်ကောက်ကို ထုတ်၍ ဝိဉာဉ်ဝါးမျိုအင်းစက်များကို ပြန်သိမ်းလိုက်ပြီးသည့်နောက် လူအိုကြီးပန်နှင့် ရှောင်လင်းအာဘက်သို့လှည့်၍ ပြုံးကာမေးလိုက်လေ၏။ “ဘယ်သူမှ ရောက်မလာဘူးမလား…”

လူအိုကြီးပန်က ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “ဘယ်သူမှရောက်မလာခဲ့ပါဘူး…”

ထိုသို့ပြောနေရင်းမှ ရန်ကိုင်လက်ထဲတွင်ရှိနေသော အင်းစက်ချုပ်နှောင်လက်ကောက်အား အကြောက်မပြယ်သေးသည့်အမူအယာဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။

ထိုအနက်ရောင်အင်းစက်များ မည်ကဲ့သို့သောအင်းစက်များ ဖြစ်သလဲ ဆိုသည်ကို သူမသိပါသော်ငြား အင်းစက်တစ်ကောင်ချင်းစီတိုင်းသည် သူ့အား အလွန်တရာကိုမှ တုန်လှုပ်ခြောက်ခြားစေခဲ့လေသည်။ ရန်ကိုင်သည် သူတို့အား စောင့်ကြပ်ကာကွယ်နိုင်ရန်အတွက် ထိုအင်းစက်များကို ထားရစ်ခဲ့သည့်အတွက်ကြောင့် အင်းစက်များ၏ စွမ်းရည်အပေါ် ယုံကြည်ချက်ရှိသည့်အတွက်ကြောင့်သာ ဖြစ်လိမ့်မည်မှန်း လူအိုကြီးပန် သိနေခဲ့သည်။

ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ ကာကွယ်ပေးမှုကို ရရှိထားသဖြင့် ရန်ကိုင်လည်း ထိုနှစ်ဦး၏လုံခြုံရေးကို စိတ်ပူနေစရာ မလိုတော့ချေ။ ရာနှင့်ချီသော အင်းစက်အုပ်ကြီးသည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံခြင်းကိုပင်လျှင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေသည်။ လက်ရှိဆိုလျှင် ရမ္မက်ရှာဂိုဏ်း၏ ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံးမှာ သေကုန်ကြပြီဖြစ်လေသည်။ ထို့အတွက်ကြောင့် တစ်ယောက်ယောက် လူအိုကြီးပန်နှင့် သူ့မြေးမလေးကို ရှာတွေ့သွားမည်ဆိုလျှင်ပင် အင်းစက်များ၏သတ်ဖြတ်ခြင်းသာ ခံရပေလိမ့်မည်။

“သခင်လေးရန်… အပြင်မှာ တိုက်ပွဲတွေအများကြီး ဖြစ်နေတာ သခင်လေးရန် သွားကူစရာ မလိုဘူးလား… လင်းအာနဲ့ကျုပ် ဒီမှာပဲ ပုန်းနေလိုက်လို့ရတယ်… သခင်လေးရန် ကျုပ်တို့ကို ဒီလောက်စိတ်ပူနေစရာမလိုဘူး…” ရေခဲနှလုံးသားတောင်ကြားအား စိုးရိမ်တကြီးဖြင့် ကြည့်ရင်းပြောလိုက်လေသည်။ လူအိုကြီးပန်သည် ဤနေရာတွင် တစ်ချိန်လုံး ပုန်းအောင်းနေခဲ့ပါသော်ငြား အပြင်ဘက်တွင် ဖြစ်နေသော တိုက်ပွဲသံများ၊ အော်ဟစ်သံများကို ကြားနေရပေသေးသည်။

ရန်ကိုင်က ပြုံး၍ ခေါင်းခါရင်းမှ ပြန်ပြောလိုက်သည်။ “မလိုဘူး… တိုက်ပွဲက မကြာခင်ပြီးတော့မှာ…”

ထို့နောက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လင်းအာ၏ခေါင်းလေးကို ပုတ်၍ ပြုံးကာ ပြောလိုက်လေ၏။ “ဒီနေရာကိုကြိုက်လား… အခုကနေစပြီး ဒီနေရာက လင်းအာရဲ့ဂိုဏ်း ဖြစ်တော့မှာနော်…”

လင်းအာက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လျက် ပြန်ပြောလိုက်၏။ “ကြိုက်တယ်… ဒါပေမယ့် နည်းနည်းအေးတယ်…”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ဒါက ရေခဲနှလုံးသားတောင်ကြားလေ… ဒီတော့ အေးမှာပေါ့… စိတ်မပူနဲ့… တဖြည်းဖြည်းနှင့် အသားကျသွားလိမ့်မယ်…”

All Chapters