← Chapters

အခန်း (၂၆၅၄)

Vol. 114 Ch. 2654

အခန်း (၂၆၅၄)

Vol. 114 Ch. 2654

မြောက်ဘက်နယ်မြေ၏ တစ်ဝက်လောက်ကို ရေခဲနှင့် နှင်းထုများမှ လွှမ်းခြုံထားခဲ့သည်။ ရေခဲဓာတ်ကျင့်စဉ်များမှာ ရေခဲနှလုံးသားတောင်ကြား၏ ပင်မအုတ်မြစ် ဖြစ်သည့်အတွက်ကြောင့် ပင်းယွင်သည် ဤကဲ့သို့သော အေးစက်သည့်နေရာမျိုးကို ရွေးချယ်ကာ ဂိုဏ်းတည်ထောင်ခဲ့ခြင်း ဖြစ်ပေသည်။

ရှောင်လင်းအာသည် စတင်၍ ကျင့်ကြံနေပြီဖြစ်ပါသော်ငြား သူမမှာ ငယ်ရွယ်၍ အားနည်းသေးသဖြင့် အေးစက်သည်ဟု ခံစားရသည်မှာ သဘာဝသာဖြစ်လေသည်။

“သခင်လေးရန်… လင်းအာ တကယ်ကြီး ရေခဲနှလုံးသားတောင်ကြားထဲကို ဝင်နိုင်တာလား…” လူအိုကြီးပန်က စိုးရိမ်စိတ်မပြေသေးသည့် အမူအယာဖြင့် မေးလိုက်လေသည်။

ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြားနှင့် တစ်မျိုးတစ်ဖုံ ပတ်သက်နေရမည်မှန်း သူသိထားပါသော်ငြား လင်းအာ၏ အနာဂတ်နှင့်ပတ်သက်၍တော့ စိတ်ပူမိနေပေသေးသည်။

“စိတ်မပူနဲ့… လင်းအာ ကျိန်းသေ ရေခဲနှလုံးသားတောင်ကြားထဲကို ဝင်နိုင်လိမ့်မယ်… ဒါပေမယ့် နောက်ပိုင်း သူ ဘယ်လောက်ထိ တိုးတက်လာမလဲ ဆိုတာကတော့ သူ ဘယ်လောက်ထိကြိုးစားလဲ သူဘယ်လိုအခွင့်အရေးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာပေါ်မှာပဲ မူတည်လိမ့်မယ်…” ရန်ကိုင်က ပြုံးရင်း ပြန်ပြောလိုက်သည်။

“သူ အရမ်းကြီးတော်ဖို့တော့ မမျှော်လင့်ပါဘူး… သူ့ဘာသာသူ အေးအေးဆေးဆေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေလို့ရရင် အဆင်ပြေပြီ…” ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက်တွင် လူအိုကြီးပန်က သက်ပြင်းချ၍ ပြန်ပြောလိုက်သည်။

ယခင်က နောက်ခံအသိုင်းအဝိုင်းမျိုးစုံမှ လူပေါင်းများစွာ လာရောက်စုစည်းနေကြသည့်မြို့တွင် နေထိုင်စဉ်က လူအိုကြီးပန်သည် အခြားသူများအား ရှေးဟောင်းကုန်းမြေထဲသို့ လိုက်ပို့ပေးနေစဉ်အတောအတွင်း ရှောင်လင်းအာ၏လုံခြုံရေးကို အမြဲတစေ စိတ်ပူခဲ့ရသည်။ သို့သော်ငြား သူသာ လမ်းပြအဖြစ်မလုပ်ပါက ယနေ့အချိန်ထိ အသက်ရှင်သန်နေနိုင်လိမ့်မည် မဟုတ်ပေ။ ရှောင်လင်းအာသည်သာ ရေခဲနှလုံးသားတောင်ကြားထဲသို့ ဝင်သွားနိုင်မည်ဆိုပါက အမှန်တကယ်ကို ဝမ်းသာစရာ ဖြစ်ပေလိမ့်မည်။ ထိုသို့သာ ဖြစ်သွားမည်ဆိုလျှင် ထိုကဲ့သို့သော အမြဲတစေ တွေးပူနေရမည့် ဘဝမျိုးတွင် နေစရာလိုတော့လိမ့်မည် မဟုတ်‌ချေ။

“ရေခဲလမြို့တော်က ရေခဲနှလုံးသားတောင်ကြားကနေ သိပ်မဝေးဘူး… အဲ့မြို့ကို ရေခဲနှလုံးသားတောင်ကြားကပဲ အဓိကထိန်းချုပ်ထားတာ…”

တိုက်ပွဲပြီးသွားမည့်အချိန်ကို စောင့်ဆိုင်းရင်း ရန်ကိုင်သည် လူအိုကြီးပန်နှင့် စကားပြောကာ ရေခဲနှလုံးသားတောင်ကြား၏ အခြေအနေအကြောင်း ရှင်းပြပေးလိုက်လေသည်။ ရေခဲလမြို့တော်သည် ရေခဲနှလုံးသားတောင်ကြားမှ သိပ်၍မဝေးကြောင်း ကြားလိုက်ရပြီးသည့်နောက် လူအိုကြီးပန် အတော်လေးကိုမှ စိတ်သက်သာရာ ရသွားခဲ့လေသည်။

ဤသို့ဖြစ်လျှင် ရှောင်လင်းအာအနေဖြင့် သူ့အား လွမ်းသည့်အခါ၊ သူမှ ရှောင်လင်းအာကို တွေ့ချင်သည့်အခါ သူတို့နှစ်ဦး အချင်းချင်း တွေ့ဆုံရန်အတွက် သိပ်၍ ပြဿနာရှိတော့လိမ့်မည် မဟုတ်ချေ။ လူအိုကြီးပန်အနေဖြင့် ရေခဲလမြို့တော်ထဲ နေရာတစ်ခုရှာကာ ထိုနေရာတွင် သွားနေရုံဖြင့် လင်းအာကိစ္စနှင့် ပတ်သက်၍ စိတ်ပူစရာ လိုတော့လိမ့်မည်မဟုတ်။

သူတို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း အပြင်ဘက်မှ ဆူညံသံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် အမျိုးသမီးများ၏ ဝမ်းသာအားရ အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့လေသည်။

ရေခဲနှလုံးသားတောင်ကြား တိုက်ပွဲအား အနိုင်ရသွားသည့်ပုံပင်။ ယခုဆိုလျှင် တပည့်များမှာ ဝမ်းသာအားရ အောင်ပွဲခံနေကြလေပြီ။

လူခုနှစ်ထောင်ဝန်းကျင်ခန့်ဖြင့် တစ်သိန်းခန့်ရှိသော လူအုပ်ကြီးအား အနိုင်ယူနိုင်ခဲ့သည်မှာ အမှန်တကယ်ကို ကံကောင်းသွားသည်ဟု ပြော၍ရပေသည်။

“ဝီ… ဝီ… ဝီ… ဝီ…”

ထိုအခိုက်တန့်တွင် ထူးဆန်းသော တဝီဝီမြည်သံများ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာခဲ့လေသည်။ မကြာမီ အနက်ရောင်အင်းစက်တိမ်တိုက်များသည် ရေခဲနှလုံးသားတောင်ကြား၏ အမျိုးမျိုးသော နေရာများဆီမှ ရေခဲကန်ဆီသို့ ပျံသန်းလာကြလေ၏။

ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်သည် အင်းစက်ချုပ်နှောင်လက်ကောက်ကို ထုတ်၍ ဝိဉာဉ်အင်းစက်များကို ပြန်သိမ်းလိုက်လေသည်။

ယနေ့တိုက်ပွဲတွင် ဝိဉာဉ်ဝါးမျိုအင်းစက်များသည်လည်း အကြီးအကျယ် အထောက်အကူပြုခဲ့ကြသည်။ ရန်ကိုင် ရေခဲနှလုံးသားတောင်ကြားသို့ ရောက်လာစဉ်က ဝိဉာဉ်ဝါးမျိုအင်းစက်များကို နေရာအနှံ့ ဖြန့်ကျက်ထားခဲ့ကာ ရန်သူများ ကျူးကျော်လာပါက သတ်ပစ်ရန် အမိန့်ပေးထားခဲ့လေသည်။

လက်ရှိ ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ ခွန်အားအရ ဝိဉာဉ်ဝါးမျိုအင်းစက်များသည် အဆင့်မြင့်တိုက်ပွဲများထဲတွင် ရန်ကိုင်အား မကူညီပေးနိုင်ပါသော်ငြား ဤကဲ့သို့သော အုံလိုက်ကျင်းလိုက် တိုက်ခိုက်ကြသည့် တိုက်ပွဲမျိုးတွင် အလွန်ကိုမှ အသုံးဝင်ကြပေသည်။

ဧကရာဇ်အဆင့် ပညာရှင်များ၏ ကာကွယ်ပေးမှုကိုသာ မရရှိပါက ထိုလူတစ်သိန်းလုံး ရန်ကိုင်၏ ဝိဉာဉ်ဝါးမျိုအင်းစက်များကို မည်သို့မှ ပြန်လှန်တိုက်ခိုက်နိုင်ကြလိမ့်မည် မဟုတ်ချေ။ အနက်ရောင်အင်းစက်များ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ရမ္မက်ရှာဂိုဏ်းသားအားလုံး သေဆုံးကုန်ကြရမည်မှာ မလွဲမသေပင်။

ဤကြောက်မက်ဖွယ်ရာ ဝိဉာဉ်ဝါးမျိုအင်းစက်များနှင့်တကွ ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်၏ အကာအကွယ်စွမ်းအားကိုပါ ရရှိထားသည့်အပြင် ရေခဲနှလုံးသားတောင်ကြားမှ ဧကရာဇ်အဆင့်ပညာရှင်များ၊ မွန်းစတားဘုရင်သုံးပါး၏ အကူအညီကိုပါ ထပ်ရရှိလိုက်သော် ရေခဲနှလုံးသားတောင်ကြား၏ အောင်ပွဲမှာ မလွဲမသေ ဖြစ်လာရတော့လေသည်။

“သခင်လေးရန်… သခင်လေးရန်…”

ထိုစဉ် အပြင်ဘက်ဆီမှ အသံတစ်သံ ထွက်လာခဲ့လေသည်။

“သခင်လေးရန်… သခင်လေးရန်ကို တစ်ယောက်ယောက် လာရှာနေတဲ့ပုံပဲ…” လူအိုကြီးပန်က ပြောလိုက်သည်။

“မသိချင်ယောင်ဆောင်ထားလိုက်…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် လူအိုကြီးပန်ကိုသာ ဆက်၍စကားပြောနေခဲ့လေသည်။

လူအိုကြီးပန်သည် ရန်ကိုင်၏မျက်နှာကို တစ်ချက်မျှ အကဲခတ်ကြည့်ပြီးသည့်နောက် ဘာမှထပ်မေးမနေတော့ပေ။

ခဏအကြာတွင် ရန်ကိုင်ရှေ့သို့ နန်မန်တကျွင်း ရောက်ရှိလာပြီး အလျင်စလို လက်သီးဆုပ်၍ အပြုံးကြီးပြုံးကာ ပြောလိုက်လေသည်။ “သခင်လေးရန်က ဒီရောက်နေတာကိုး…”

ကံကောင်းစွာဖြင့် ရန်ကိုင်သည် သူလာရာလမ်းတစ်လျှောက်၌ တွေ့ခဲ့ရသော ရန်သူများကို သတ်ပစ်သွားခဲ့သလို ရေခဲနှလုံးသားတောင်ကြား၏ အမျိုးသမီးတပည့် တော်တော်များများမှာလည်း ရန်ကိုင်အား မြင်တွေ့ခဲ့ရပေသည်။ ထိုကြောင့်သာမဟုတ်ပါက နန်မန်တကျွင်းသည် ရန်ကိုင်အား ဤမျှမြန်မြန် ရှာတွေ့နိုင်ခဲ့လိမ့်မည်မဟုတ်ချေ။ နန်မန်တကျွင်းသည် လမ်းတွင်တွေ့ခဲ့ရသော လူများစွာကို လျှောက်မေး၍ ကျကျန်ရစ်ခဲ့သော အလောင်းများအတိုင်း လိုက်လာလိုက်ရာ ရန်ကိုင်ရှိနေသည့်နေရာဆီသို့ အလျင်အမြန် ရောက်ရှိလာနိုင်ခဲ့ရသည်။

ရေခဲကန်သည် ယခင်က ရေခဲနှလုံးသားတောင်ကြား၏ တားမြစ်နေရာတစ်ခု ဖြစ်ခဲ့ကာ တပည့်တော်တော်များများ အလွယ်တကူမဝင်နိုင်သည့် နေရာတစ်ခုလည်း ဖြစ်ပေသည်။

နန်မန်တကျွင်း၏ ဒေါသထွက်နေခဲ့သော အမူအယာမှာ ပျောက်ချင်းမလှ ပျောက်နေခဲ့ပြီး တလေးတစား ဖားယားသည့်အမူအယာက အစားထိုးတည်ရှိနေခဲ့သည်။ အစီအရင်ပညာရှင်တစ်ဦး၏ ရှိသင့်ရှိထိုက်သည့် ဟန်ပန်မျိုးကို မည်သည့်နေရာတွင်မှ မတွေ့ရ။ အကြောင်းစုံကို မသိထားသည့်လူသာဆိုလျှင် ဤအစီအရင်ပညာရှင်ကြီးသည် လူဖားလူယားတစ်ယောက်ဟုပင် ထင်မိသွားကြသည်အထိပင်။

“သခင်လေးရန်…. ဘာဖြစ်လို့ အမှန်အတိုင်း ကျုပ်ကို မပြောခဲ့တာလဲ… အဲ့အစီအရင်က သခင်လေးရန်ရဲ့ အပိုင်မှန်းသာ သိခဲ့မယ်ဆိုရင် စီနီယာပင်းယွင်ကိုတောင် သွားပြောမနေခဲ့ပါဘူး…” နန်မန်တကျွင်းသည် ပြုံး၍ ပြောလိုက်လေသည်။ သို့သော်ငြား သူ့ရင်ထဲတွင်မူ ခါးသက်သက် ခံစားနေခဲ့ရသည်။

ရန်ကိုင်ဆီမှ ထွက်လာပြီးသည့်နောက် ပင်းယွင်အား သွားရှာကာ ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်အကြောင်း မေးမြန်းခဲ့လေသည်။ သို့သော်ငြား ပင်းယွင်သည် ရန်သူများကို ရှင်းလင်းပစ်နေသည့်အတွက်ကြောင့် နန်မန်တကျွင်းမှာ ပင်းယွင်အား သွားမနှောင့်ယှက်ရဲသေးဘဲ အကုန်လုံးပြီးသွားသည်အထိ ထိုင်စောင့်နေခဲ့ရသည်။ နောက်ဆုံးမှသာ ပင်းယွင်အား သွားမေးကြည့်တော့လေ၏။ အကြောင်းမှန်အစုံကို သိလိုက်ရပြီးသည့်နောက် နန်မန်တကျွင်း မင်သက်သွားခဲ့လေသည်။

ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်သည် ရေခဲနှလုံးသားတောင်ကြား၏ အစီအရင်မဟုတ်ဘဲ လွန်ခဲ့သောတစ်လခန့်က ထိုအစီအရင်ကို ရန်ကိုင်မှ ရေခဲနှလုံးသားတောင်ကြားဆီသို့ ပေးခဲ့ခြင်းဖြစ်ကြောင်း သိခဲ့ရသည်။ ထို့အတွက်ကြောင့် သူမတို့အနေဖြင့် ဤအစီအရင်အကြောင်းကို အစီအရင်ပညာရှင်နန်မန်တကျွင်းဆီ ထုတ်ပြော၍ မသင့်တော်ဟု ပင်းယွင်မှ ပြန်ပြောခဲ့လေသည်။ အကြောင်းစုံကို သိလိုပါက ရန်ကိုင်ကိုသာ သွားမေးသင့်သည်ဟုလည်း ပြောခဲ့သည်။

နန်မန်တကျွင်း လုံးဝကို မင်သက်သွားရလေသည်။

ထိုအခါမှသာလျှင် ရန်ကိုင် သူမထွက်သွားခင် နောက်ဆုံးပြောခဲ့သည့် စကားလုံးများ၏ အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်သွားတော့သည်။

ထိုစဉ်က ရန်ကိုင်သည် အလွန်ကိုမှ ဂုဏ်မောက်ကာ မာနကြီးသည်ဟု ထင်ခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်သည် ထိုအစီအရင်၏ ပိုင်ရှင် ဖြစ်နေလိမ့်မည်ဟု မည်ကဲ့သို့များ ထင်ထားခဲ့ပါမည်နည်း။ ရန်ကိုင်သည် နန်မန်တကျွင်းမှ သူ့ဆီ လေးဘက်ထောက်၍ ပြန်လာမည့်အချိန်ကို အေးအေးဆေးဆေး ထိုင်စာင့်နေခြင်းသာ ဖြစ်လေသည်။

နန်မန်တကျွင်းမှာ သူ့လုပ်ရပ်နှင့်ပတ်သက်၍ အတော်လေးကိုမှ နောင်တရမိသွားသလို ရူးလည်းရူးချင်မိသွားခဲ့သည်။ သူသည် နာမည်ကျော် အစီအရင်ပညာရှင်တစ်ဦး ဖြစ်လေသည်။ သူ၏နောက်ခံမှာ အားမကောင်းသလို သူ၏ကျင့်ကြံခြင်းမှာလည်း အလွန်တရာကိုမှ မြင့်မားလှခြင်း မရှိပါသော်ငြား လူပေါင်းများစွာသည် သူ့အား လေးစားကြသည်။ ဧကရာဇ်တတိယအဆင့် ပညာရှင်များသည်ပင်လျှင် သူ့အပေါ် ဖော်ရွေကြပေသည်။ တကယ်တော့ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို မလိုအပ်သလို အစီအရင်များကို ခင်းကျင်းစရာမလိုသည့် ဂိုဏ်းမှ မရှိလေပဲ။

ယခုမူ သူ့ခမျာ အတော်လေးကိုမှ ရှက်ရွံ့မိပါသော်ငြား မျက်နှာပူပူဖြင့်သာ ရန်ကိုင်အား လာရောက်တောင်းဆိုရတော့လေသည်။ ရှေးဟောင်းကုန်းမြေကိစ္စနှင့် ပတ်သက်၍ တစ်ကြိမ် အရှက်ကွဲခံရပြီးလေပြီ။ သို့သော်ငြား ယခုကဲ့သို့ ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်နှင့် ပတ်သက်၍ နောက်တစ်ကြိမ် ထပ်၍ အရှက်ကွဲခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

(ငါ ဘာဖြစ်လို့ ဒီလောက်တောင် ဈေးပေါနေရတာလဲ…) နန်မန်တကျွင်းသည် သူ့ကိုယ်သူ ပြန်၍ပင် အထင်သေးမိသွားလေသည်။

သေချာစဉ်စားလိုက်ပြန်သည့်အခါတွင်လည်း သူ့တွင် ရွေးချယ်စရာမရှိကြောင်း တွေ့လိုက်ရလေသည်။ သူ့ကိုယ်သူ နှိမ့်ချကျိုးနွံရမည်ဆိုလျှင်ပင် ဤမျှရှားပါးလှသည့် ရတနာတစ်ခု၏ ဆွဲဆောင်မှုကို မည်သို့မှ မခုခံနိုင်ခဲ့ပေ။ ရန်ကိုင် သူ့အပေါ် မည်သို့ပင် ခက်ခဲအောင် လုပ်နေစေကာမူ သူ့အနေဖြင့် မာနတရားကို ခဝါချ၍ ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်အား လေ့လာခွင့်ရအောင် ကြိုးစားအားထုတ်ရပေလိမ့်မည်။

“ကျုပ် ခင်ဗျားကို သိလို့လား…” ရန်ကိုင်သည် မျက်နှာသေဖြင့် နန်မန်တကျွင်းအား အထင်အမြင်တသေးဖြင့် စိုက်ကြည့်လိုက်လေသည်။

နန်မန်တကျွင်းက ပြုံးလျက် “တစ်ကြိမ်တွေ့ရင် သူစိမ်းတဲ့… နှစ်ကြိမ်တွေ့ရင် အသိအကျွမ်းတဲ့… သုံးကြိမ်တွေ့ရင် မိတ်ဆွေတဲ့…”

“မလိုဘူး…” ရန်ကိုင်က ပြုံးလျက် “ကြယ်တာရာအစုအဝေးတစ်ခုလုံးမှာ နာမည်ကျော်ကြားနေတဲ့ အစီအရင်ပညာရှင်နန်မန်တကျွင်းလို ထိပ်သီးအစီအရင်ပညာရှင်တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ဖို့ ဒီသခင်လေးက ဘယ်လိုလုပ်ပြီး ထိုက်တန်ပါ့မလဲ…”

နန်မန်တကျွင်းက ပုပ်သိုးသိုးမျက်နှာဖြင့် “သခင်လေးရန် အဲ့လောက်ကြီးလည်း လုပ်နေစရာမလိုပါဘူး… ဒီနန်မန်က အစီအရင်ပညာတွေအကြောင်း နည်းနည်းပါးပါးပဲ သိတာပါ… ကိုယ့်ကိုယ်ကို အစီအရင်ပညာရှင်တစ်ယောက်လို့ မခေါ်ရဲသေးပါဘူး… သခင်လေးရန် ကျေးဇူးပြုပြီး ကျုပ်ကို အဲ့လောက်မမြှောက်စမ်းပါနဲ့…”

လက်ရှိအချိန်တွင် ရန်ကိုင်မှ သူ့အပေါ် ချီးကျူးနေသည်ကို နန်မန်တကျွင်းအနေဖြင့် သွား၍ ဂုဏ်မောက်နေ၍မဖြစ်ချေ။

ရတနာများသည် လူများကို မျက်စိကန်းစေသည် ဆိုသည့်အတိုင်း သူ့အနေဖြင့် ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်အား မရသေးခင်အချိန်အထိ ရန်ကိုင်ရှေ့၌ ကျိုးကျိုးနွံနွံဖြင့် ပြုမူရပေလိမ့်မည်။ သူ့စိတ်ထဲ မကျေနပ်နေလျှင်ပင် ထိုကဲ့သို့ ကျိန်းသေကို လုပ်ရပေလိမ့်မည်။

ရန်ကိုင်သည် နန်မန်တကျွင်းအား လျစ်လျူရှုထားလိုက်ပြီး လူအိုကြီးပန်နှင့်သာ ဆက်၍ စကားပြောနေလေသည်။

လူအိုကြီးပန်မှာ ဘာဖြစ်လို့ဖြစ်နေမှန်း မသိသော်ငြား အစီအရင်ပညာရှင်နန်မန်ဟု ခေါ်သည့်လူသည် ရန်ကိုင်ဆီမှ တစ်ခုခု လိုအပ်နေမှန်း သိနေခဲ့လေသည်။ ဤကဲ့သို့သော ကိစ္စမျိုးတွင် သူ့အနေဖြင့် ဝင်ပါရန် မသင့်သဖြင့် လူအိုကြီးပန်လည်း မသိချင်ယောင်သာ ဆောင်၍ ရန်ကိုင်နှင့်သာ ဆက်၍ စကားပြောနေလေသည်။

ရန်ကိုင်၏လုပ်ပုံသည် နန်မန်တကျွင်းအား အမှန်တကယ်ကို ဒေါသထွက်သွားစေခဲ့လေသည်။ သို့သော်ငြား အခြေအနေမှာ သူ့ဘက် အလေးမသာသည့်အတွက်ကြောင့် သူ့ဒေါသကို မျိုသိပ်ထားရုံသာ တတ်နိုင်ခဲ့ပြီး အားတင်းပြုံး၍သာ ရန်ကိုင် သူ့အပေါ် မျက်နှာသာပေးလာပါစေဟုသာ ဆုတောင်းနေရလေသည်။

လူအိုကြီးပန်နှင့် ရန်ကိုင်တို့ ပြောနေသည်ကို နားထောင်နေပြီးသည့်နောက် နန်မန်တကျွင်းမှာ အကြောင်းအရာတချို့ကို တဖြည်းဖြည်း နားလည်သွားခဲ့ပြီး ရှောင်လင်းအာကိုကြည့်၍ “ကလေးမလေး… နင့်နာမည်ဘယ်လိုခေါ်လဲ…” နန်မန်တကျွင်းက ကြင်နာစွာ မေးလိုက်သည်။

ရှောင်လင်းအာသည် နန်မန်တကျွင်းကိုကြည့်လျက် သူမ၏နာမည်ကို ပြန်ပြောလိုက်လေသည်။

နန်မန်တကျွင်းက ပြုံးလျက် “လင်းအာက ဉာဏ်ကောင်းပြီးတော့ ချစ်ဖို့ကောင်းတာပဲ… ရိုးလည်းရိုးသားသေးတယ်… ကြည့်ရတာ ဒီနေ့ ငါတို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ရတာ ရေစက်ပါတယ်နဲ့တူတယ်… လာ လာ လာ… အဖိုးတို့ ပထမဦးဆုံးအကြိမ် တွေ့ဆုံကြတာအတွက် ဒီအဖိုး လင်းအာကို လက်ဆောင်တစ်ခုပေးမယ်…”

ပြောပြီးသည့်နောက်တွင် နန်မန်တကျွင်း၏လက်ထဲ ပစ္စည်းတစ်ခု ပေါ်လာခဲ့လေသည်။ ထိုအရာမှာ ကျောက်စိမ်းပြားတစ်ခုနှင့် ဆင်တူလေ၏။ သို့သော်ငြား ထိုကျောက်စိမ်းပြားမှာ ကျောက်စိမ်းအရောင်မရှိ။ ဝါကျင့်ကျင့်အရောင်သာ ပေါက်နေခဲ့သည်။

ထိုတံဆိပ်ပြားကို ထုတ်ယူပြီးသည့်နောက်တွင် နန်မန်တကျွင်းသည် ထိုအရာကို ရှောင်လင်းအာ၏လည်ပင်းတွင် ချိတ်ဆွဲပေးလိုက်လေသည်။

ရန်ကိုင်သည် ထိုကျောက်စိမ်းပြားကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးသည့်နောက် ချက်ချင်း မျက်ခုံးပင့်သွားခဲ့သည်။ ရန်ကိုင်နှင့်စကားပြောနေသော လူအိုကြီးပန်မှာ အကြီးအကျယ် ထိတ်လန့်သွားခဲ့ပြီး ကပျာကယာဖြင့် ပြန်ပြောလိုက်လေသည်။ “အစီအရင်ပညာရှင်… ကျုပ်တို့ ဒီလက်ဆောင်ကို လက်မခံနိုင်ပါဘူး… ဒါက အရမ်းအဖိုးတန်လွန်းတယ်… လင်းအာ ဒီလက်ဆောင်ကို ယူလို့ လုံးဝမဖြစ်ဘူး…”

သူ့အနေဖြင့် ကျောက်စိမ်းပြားမှာ မည်ကဲ့သို့သော ပစ္စည်းဖြစ်သလဲ ဆိုသည်ကို မသိပါသော်ငြား နန်မန်တကျွင်းသည် ပေါပေါပဲပဲအရာတစ်ခုကို ပေးလိမ့်မည်မဟုတ်မှန်း သိနေခဲ့လေသည်။

နန်မန်တကျွင်းက ရယ်သွမ်းသွေးလျက် “ခင်ဗျား အခုလိုတွေ လုပ်နေစရာမလိုပါဘူး… ခင်ဗျားက သခင်လေးရန်ကို သိနေတယ်ဆိုမှတော့ ဒီလူအိုကြီးရဲ့ မိတ်ဆွေပဲပေါ့… အခု ငါတို့ ပထမဦးဆုံးအကြိမ် တွေ့ဖူးတာလေ… ဒီတော့ ဘာလက်ဆောင်မှ မပြင်ဆင်လာခဲ့ရတော့ ဒါလေးကိုပဲ ပေးလို့ရတယ်…”

လူအိုကြီးပန်မှာ တစ်ခုခုပြောချင်ဟန်ဖြင့် သူ့ပါးစပ်ကို ဟလိုက်ပါသော်ငြား မည်ကဲ့သို့ ငြင်းလို့ငြင်းရမှန်း မသိခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်ဘက်သို့သာ ကူကယ်ရာမဲ့စွာဖြင့် လှမ်း၍ကြည့်လိုက်ရသည်။

သူနှင့် နန်မန်တကျွင်းတို့သည် တစ်ဦးနှင့်တစ်ဦး မသိကြသည့် သူစိမ်းများ ဖြစ်ကြပေသည်။ ထို့အတွက်ကြောင့် နန်မန်တကျွင်းအနေဖြင့် ရှောင်လင်းအာအား ဤမျှ အဖိုးတန်သော ပစ္စည်းတစ်ခု ပေးလာသည်မှာ လက်သင့်ခံနိုင်သည့် အရာမျိုးမဟုတ်ချေ။ နန်မန်တကျွင်းသည် ဤနည်းလမ်းကိုသုံး၍ ရန်ကိုင်ဆီမှ မျက်နှာသာလိုချင်နေဟန်တူပေသည်။ ရန်ကိုင်သည်ကသာ ဤကိစ္စနှင့်ပတ်သက်၍ ဝင်ရောက်ဖြေရှင်းနိုင်တော့ပေသည်။

“အစီအရင်ပညာရှင်က အစီအရင်ပြားတစ်ခုကို ပေးပစ်ရလောက်အောင် ရက်ရောလွန်းနေတာပဲ…” ရန်ကိုင်က ပြောလိုက်လေသည်။

နန်မန်တကျွင်း၏မျက်လုံးများ တောက်ပသွားခဲ့သည်။ “သခင်လေးရန်က ဒါဘာမှန်းသိတာလား…”

ရန်ကိုင် ဤပစ္စည်း၏တန်ဖိုးအား မသိမည်ကို နန်မန်တကျွင်း အမှန်တကယ်ကို စိတ်ပူမိပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် သဲလွန်စအချို့ ပေးခဲ့သေးသည်။ သို့သော်ငြား သူ့အနေဖြင့် ရန်ကိုင်၏အမြင်စူးရှမှုကို အထင်သေးမိသွားသည့်ပုံပင်။

“ဘာ… အစီအရင်ပြား ဟုတ်လား…” လူအိုကြီးပန်မှာ အလွန်တရာကိုမှ ထိတ်လန့်သွားတော့သည်။

ပထမဦးဆုံးတွေ့ဆုံမှုအတွက် ပေးသည့်လက်ဆောင်မှာ အစီအရင်ပြားနေဖြစ်နေပါက အလွန်တရာကိုမှ အဖိုးတန်လွန်းသည်ဟု ပြော၍ရသည်။

အစီအရင်ပြားထဲတွင် အစီအရင်ပညာရှင်များမှ ထည့်သွင်းထားသည့် အစီအရင်များ ရှိနေကြလေသည်။ ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ အစီအရင်ပြားကိုထုတ်၍ ထိုအစီအရင်ပြားထဲတွင် ရှိနေသည့် အစီအရင်ကို တမုဟုတ်ချည်း အသက်သွင်းပစ်နိုင်လေသည်။ လူအိုကြီးသည် ရှေးဟောင်းကုန်းမြေ၏ အစွန်အဖျားပိုင်းတွင် အချိန်အတော်ကြာအောင် နေလာခဲ့သည့်အတွက်ကြောင့် လူပေါင်းများစွာနှင့် တွေ့ဆုံဖူးပေသည်။ ထို့အတွက်ကြောင့် အစီအရင်ပြားအကြောင်း သိနေခြင်းဖြစ်လေသည်။

“ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး… ဒီနန်မန် ဒါကို အားယားနေတဲ့အချိန်တုန်းက ဒီတိုင်း အပျင်းပြေ ဖန်တီးထားတာ… ငါ့အတွက် ဘာမှ သိပ်အသုံးမဝင်ဘူး… ဒီတော့ ဒီလိုလက်ဆောင်လေးကိုတော့ ငြင်းမနေပါနဲ့…” နန်မန်တကျွင်းက ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။

ရန်ကိုင်သည် စကားတစ်ခွန်းမှမပြောဘဲ အစီအရင်ပြားကိုသာ လှမ်းယူစစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် ခေါင်းညိတ်၍ “မဆိုးဘူးပဲ… ဒါနဲ့ဆိုရင် တာအိုသခင်တတိယအဆင့် ပညာရှင်တစ်ယောက်လောက်ကို အမွှေးတိုင်တစ်ချောင်းစာလောက် ထိန်းထားလို့ရတယ်… တာအိုသခင်တတိယအဆင့်အောက်က ကျင့်ကြံသူတွေဆိုရင်တော့ ဒီအစီအရင်ထဲရောက်သွားတာနဲ့ တစ်ခါတည်း တန်းသေပြီပဲ…”

ယခုတစ်ကြိမ်တွင်တော့ နန်မန်တကျွင်း အံ့အားသင့်ရမည့် အလှည့်ပင်။ ရန်ကိုင်အား သေသေချာချာစိုက်ကြည့်လျက် မှတ်ချက်ပေးလိုက်လေ၏။ “သခင်လေးရန်က တကယ်ကို အမြင်စူးရှတာပဲ…”

ဘေးဘက်တွင်ရပ်၍ နားထောင်နေသည့် လူအိုကြီးပန်မှာတော့ သက်ပြင်းရှိုက်သွားခဲ့ပြီး တုန်တုန်ရီရီလေသံဖြင့် “တာအိုသခင်တတိယအဆင့်အောက်မှာ ရှိတဲ့ ဘယ်သူမဆို ဒီအစီအရင်ထဲရောက်တာနဲ့ သေသွားမယ်…”

All Chapters