အခန်း (၂၆၅၂)
Vol. 114 Ch. 2652
ပင်းယွင်နှင့် အခြားသူများ ထွက်သွားကြတော့မည်ကိုမြင်သော် လေစိမ်းတောင်ကြား၏ တောင်ကြားသခင်သည် ပါးစပ်ဟ၍ တစ်ခုခုပြောရန် ကြံလိုက်လေသည်။ သို့သော်ငြား ဆက်မပြောတော့ပဲ သူ့ပါးစပ်ကိုသာ ပြန်ပိတ်လိုက်၏။ သူ့အပေါ် ကျေးဇူးရှိခဲ့ဖူးသောလူအား ဖျက်ဆီးခြင်းဖြင့် တုံ့ပြန်ကာ ကျေးဇူးကန်းခဲ့သည့်အပေါ် သူ့ကိုယ်သူလည်း လိပ်ပြာမလုံသည့်ပုံပင်။ ထို့အတွက်ကြောင့်ပင်လျှင် ပြောရန်ကြံနေသည့်စကားများကို ဆက်မပြောတော့ခြင်း ဖြစ်လေသည်။
ယခုအချိန်မှ တစ်ခုခုသွားပြောနေ၍လည်း ဘာမှထူးလိမ့်မည်မဟုတ်မှန်း သိထားသည့်အတွက်ကြောင့်လည်း ပါပေလိမ့်မည်။
သူ အမှန်တကယ်ကို နောင်တရနေလေပြီ။ ရေခဲနှလုံးသားတောင်ကြားတွင်သာ ဤမျှအားကောင်းလှသော မဟာမိတ်များ ရှိနေမည်ဆိုပါက သူ့အနေဖြင့် ရမ္မက်ရှာဂိုဏ်းဘက်သို့ အစတည်းက ဝင်ရောက်ပူးပေါင်းခဲ့လိမ့်မည် မဟုတ်ချေ။ ယခု ရမ္မက်ရှာဂိုဏ်း၏နောင်ရေးမှာ တွေးပူစရာဖြစ်နေကာ သူကိုယ်တိုင်သည်လည်း လေစိမ်းတောင်ကြားအတွက် တွေးပူရတော့ပေလိမ့်မည်။
လေစိမ်းတောင်ကြားသခင်သည် ပြောရမည်ကို ရှက်လွန်းသည့်အတွက်ကြောင့် သွားရောက်မတောင်းပန်ရဲခဲ့ပါသော်ငြား အခြားတစ်ယောက်ကတော့ လုပ်ရဲခဲ့သည်။
“ဂျူနီယာညီမအန်း… ကျေးဇူးပြုပြီး နေပါဦး… အတိတ်တုန်းက ငါတို့ဆက်ဆံရေးကို ထောက်ထားပြီးတော့ ကျေးဇူးပြုပြီး ဒီအစ်မကြီးကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးလို့မရဘူးလား… ဒီအစ်မကြီး တကယ်ကို မှားသွားပါတယ်… ကျေးဇူးပြုပြီး ဂျူနီယာညီမအန်း ငါ့ကို ဒီတစ်ကြိမ်လောက်ပဲဖြစ်ဖြစ် ချမ်းသာပေးပါလား…” အကြီးအကဲယုမှာ ကြောက်လန့်တကြားဖြင့် အော်ဟစ်တော့လေသည်။
အစောပိုင်းကမူ ရမ္မက်ရှာဂိုဏ်းအားကိုးဖြင့် သူမသည် အန်းရို့ယွင်နှင့် ရန်ဖြစ်စကားများခဲ့ကာ အန်းရို့ယွင်အား စေတနာကို နားမလည်သည့်လူဟူ၍ ပြောဆိုပြစ်တင်ခဲ့လေသည်။ သို့သော်ငြား အခြေအနေသည် ဤကဲ့သို့ ပြောင်းလဲသွားပါလိမ့်မည်ဟု အကြီးအကဲယု မည်ကဲ့သို့များ ထင်ထားပါမည်နည်း။
အကုန်လုံးသည် အရေထူလှသော အကြီးအကဲယုအား အထင်အမြင်တသေးဖြင့် လှမ်း၍ကြည့်လိုက်ကြလေသည်။
သို့သော်ငြား အသက်ဆုံးရှုံးရမည်ထက်စာသော် မျက်နှာပျက်ရသည်မှာ ပို၍ပင်ကောင်းသည်ဟု ပြော၍ရသည်။ သူမအနေဖြင့် မျက်နှာပျက်ရမည်ဆိုလျှင်ပင် အသက်သာရှင်နိုင်မည်ဆိုပါက ဘာကိုမှ ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။
ထိုသို့ပင်ဖြစ်လင့်ကစား အန်းရို့ယွင်ကမူ အကြီးအကဲယုအား တစ်ချက်ကလေးမျှပင် ဂရုစိုက်မနေတော့ချေ။ အကြီးအကဲယုသည် ယခင်က ရေခဲနှလုံးသားတောင်ကြားဆီသို့ ဧည့်သည်တစ်ဦးအနေဖြင့် လာရောက်ခဲ့သလို အန်းရို့ယွင်နှင့်လည်း ရင်းနှီးခဲ့ပါသော်ငြား အကြီးအကဲယုမှ ရမ္မက်ရှာဂိုဏ်းနှင့် ပူးပေါင်းလိုက်သည့်အချိန်မှစ၍ အန်းရို့ယွင်နှင့် ထာဝရရန်သူ ဖြစ်သွားခဲ့လေသည်။
ထို့အတွက်ကြောင့် အကြီးအကဲယု၏ တောင်းဆိုအော်ဟစ်သံများကို ကြားနေသည့်တိုင် အန်းရို့ယွင်မှာမူ မသိကျေးကျွန်သာ ပြုထားခဲ့သည်။ ပြန်၍ပင် ပြောမနေတော့ဘဲ ပင်းယွင်၏အမိန့်အောက်တွင် တောင်ကြားဆီသို့သာ ပြေးထွက်သွားလေ၏။
“ဂျူနီယာညီမအန်း…” အကြီးအကဲယု၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ပျာယီးပျာယာဖြင့် လှမ်း၍အော်ခေါ်လိုက်သည်။ သို့သော်ငြား အချည်းနှီးသည်သာ။
အန်းရို့ယွင်အား တောင်းဆို၍ရလိမ့်မည်မဟုတ်မှန်း သိလိုက်သော် အကြီးအကဲယုမှာ ရန်ကိုင်ဘက်သို့လှည့်၍ မချိပြုံးပြုံး၍ တောင်းပန်လိုက်လေသည်။ “မောင်လေး… အစ်မက ရမ္မက်ရှာဂိုဏ်းကလူ မဟုတ်ပါဘူး… အစ်မ အခု ကိုယ့်အမှားကိုယ်သိပါပြီ… နောက်တစ်ကြိမ် ရေခဲနှလုံးသားတောင်ကြားကို အခုလိုမျိုး လာပြဿနာမရှာတော့ပါဘူး… အခုလုပ်ရပ်နဲ့ပတ်သက်ပြီးတော့လည်း အရမ်းကို နောင်တရနေပါပြီ… ဒါကြောင့် မောင်လေး ဒီတစ်ကြိမ်လောက်ပဲဖြစ်ဖြစ် သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးလိုက်လို့မရဘူးလား… အစ်မ တကယ်ကို တောင်းပန်ပါတယ်…” ပြောပြီးသည့်နောက် မျက်ရည်ရွဲလဲအမူအယာဖြင့် နှုတ်ခမ်းလေးကို တင်းတင်းကိုက်ရင်း ရန်ကိုင်အား လှမ်း၍ ကြည့်လိုက်လေသည်။
ယခု ရောက်ရှိလာသည့် မွန်းစတားဘုရင်သုံးပါးမှာ ရန်ကိုင်၏အမိန့်ကို နာခံနေကြောင်း သူမသတိထားမိပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ကိုသာ ဖျောင်းဖျနိုင်မည်ဆိုပါက သူမအနေဖြင့် ကျိန်းသေ အသက်ရှင်နိုင်ပေလိမ့်မည်။
အကြီးအကဲယုမှာ မငယ်လှတော့ပါသော်ငြား သူမ၏ရုပ်ရည်ကို သေချာထိန်းသိမ်းထားသည့်အတွက်ကြောင့် အသက်သုံးဆယ်အရွယ်လောက်သာ ရှိသေးသည်ဟု ထင်မှတ်ရပေသည်။ သူမ၏ ကျော့ရှင်းလှသည့် ဟန်ပန်အမူအယာနှင့် ပေါင်းလိုက်သော် အကြီးအကဲယုသည် ယောက်ျားပေါင်းများစွာတို့ကို ဆွဲဆောင်ဖျားယောင်းနိုင်သည့် အလှတရားကို ပိုင်ဆိုင်ထားပေသည်။
သို့သော်ငြား ရန်ကိုင်ကမူ အထင်အမြင်တသေးဖြင့်သာ ပြန်၍ပြောလိုက်သည်။ “ခင်ဗျားလိုဖားအိုကြီးကများ ငန်းသားစားချင်နေသေးတယ်… ရွံဖို့ကောင်းလိုက်တာ… သူ့ကိုသတ်ပစ်လိုက်ပေတော့… ကြည့်ရတာ မျက်စိစပါးမွှေးစူးတယ်…”
ထိုစကားကိုကြားသော် အကြီးအကဲယု၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်သည် ဤမျှအသည်းမာ၍ ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ အခြေအနေမဟန်တော့မှန်း သိလိုက်သော် အကြီးအကဲယုသည် ထိတ်လန့်တကြားအော်ဟစ်ရင်း စွမ်းအားကုန်သုံး၍ ထွက်ပြေးရန် ကြိုးစားလိုက်လေသည်။
အကြီးအကဲယုမှာ မြန်ပါသော်ငြား ယင်ဖေးမှာ ပို၍မြန်လေသည်။ မိုးပြာရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားခဲ့ပြီး ယင်ဖေးသည် အကြီးအကဲယု၏ရှေ့၌ ပေါ်လာခဲ့သည်။ ထို့နောက် သူ့လက်ချောင်းများသည် ဓါးသွားသဖွယ် အကြီးအကဲယု၏ ရင်ဘတ်တည့်တည့်သို့ တိုးဝင်သွားခဲ့လေ၏။
အကြီးအကဲယုမှ ဧကရာဇ်ချီကိုသုံး၍ ဖန်တီးထားခဲ့သော အကာအကွယ်သည် ယင်ဖေး၏ ဓါးသွားများနှယ် ထက်ရှလှသော လက်ချောင်းများအောက်တွင် စက္ကူဖြူတစ်ရွက်နှယ် အလွန်တရာကိုမှ ကြေမွလွယ်နေခဲ့လေသည်။ ထို့နောက်တွင် တဒုန်းဒုန်းခုန်နေသော နှလုံးတစ်ခု ယင်ဖေး၏လက်ထဲ၌ ပေါ်လာခဲ့လေသည်။
ထို့နောက်တွင် ယင်ဖေးသည် နှလုံးကိုချေမွ၍ အကြီးအကဲယုအား မြေပြင်ပေါ်သို့ ဆောင့်ကန်ချလိုက်သည်။
“သတ်ကြမယ်…” ယခုတစ်ကြိမ်တွင် ရန်ကိုင်လည်း မည်သည့်အမိန့်မှ ပေးစရာမလိုတော့ပေ။ မွန်းစတားဘုရင်နှစ်ပါးဖြစ်ကြသော ရှီလဲ့နှင့် ရှဲ့ဝူဝေတို့သည် သူတို့ဘာသာ ရမ္မက်ရှာဂိုဏ်း၏ ဧကရာဇ်အဆင့်ကျင့်ကြံသူများဆီသို့ ပြေးဝင်သွားကြလေသည်။
မွန်းစတားဘုရင်သုံးပါးသည် သိုးအုပ်ထဲခုန်ဝင်သွားသည့် ကျားသုံးကောင်နှယ် ရမ္မက်ရှာဂိုဏ်းမှလူများအား တရစပ်ကို သတ်ဖြတ်ပစ်ကြတော့လေသည်။ မွန်းစတားဘုရင်များ ပြေးဝင်လာတိုင်း မည်သူမျှ မခုခံနိုင်ခဲ့ကြ။ မည်သူမျှလည်း မလွတ်မြောက်နိုင်ခဲ့ကြ။ ယင်ဖေး၏ အလွန်တရာမြန်ဆန်လှသည့် အမြန်နှုန်းအောက်ဝယ် လွတ်မြောက်ဖို့ဆိုသည်မှာ ထိုလူများ အိပ်မက်မက်နေရုံသာ တတ်နိုင်ပေလိမ့်မည်။
အလောင်းပေါင်းများစွာတို့သည် ကောင်းကင်ထက်မှ တစ်ခုပြီးတစ်ခု ပြုတ်ကျလာခဲ့ကြကာ သွေးများလည်း နေရာအနှံ့ စွန်းထင်းနေတော့လေသည်။ ထိုခြောက်ခြားဖွယ်ရာမြင်ကွင်းနှင့်အတူ သိပ်သည်းလှသည့် သတ်ဖြတ်လိုစိတ်တို့မှာလည်း နေရာအနှံ့ ပြန့်နှံ့နေခဲ့လေ၏။
အသက်ဆယ်ရှိုက်စာသာ ကြာပါသေးသော်ငြား ဧကရာဇ်အဆင့်ပညာရှင်ဆယ့်လေးဦးစလုံး သေဆုံးသွားကုန်ကြလေပြီ။
ရည်ရွယ်ချက်ရှိရှိပဲလားတော့ မသိလေရ မွန်းစတားဘုရင်သုံးပါးသည် ဖုန်းရွှမ်အား လုံးဝ မတိုက်ခိုက်ခဲ့ကြချေ။ အခြားသော ဧကရာဇ်အဆင့် ပညာရှင်အားလုံး သေသွားခဲ့ပါသော်ငြား ဖုန်းရွှမ်ကမူ အကောင်းအတိုင်း ရှိနေသေးသည်။ ဖုန်းရွှမ်ကိုယ်တိုင်ကလည်း မွန်းစတားဘုရင်များအား သွားရောက်မနှောင့်ယှက်ခဲ့ပဲ ထိုမြင်ကွင်းကိုသာ အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။
အကုန်လုံးသေဆုံးသွားပြီးသည့်နောက် ဖုန်းရွှမ် သက်ပြင်းချလိုက်သည်။ သူ့မျက်နှာသည် ယခင်ကနှင့်စာလျှင် အများကြီးပို၍ အိုစာသွားခဲ့လေပြီ။
ရမ္မက်ရှာဂိုဏ်းမှာ အမှန်တကယ်ကို ဒုက္ခရောက်ခဲ့လေပြီ။
ရမ္မက်ရှာမဟာဧကရာဇ်မှ တည်ထောင်ခဲ့ပြီး မြောက်ဘက်နယ်မြေတွင် နှစ်ပေါင်းသောင်းနှင့်ချီတိုင် တည်ရှိလာခဲ့သော ရမ္မက်ရှာဂိုဏ်းသည် ရေခဲနှလုံးသားတောင်ကြားကြောင့် ဒုက္ခမရောက်ခဲ့ရဘဲ ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူငယ်လေးတစ်ဦးကြောင့် ဒုက္ခလှလှနှင့် တွေ့ခဲ့ရသည်။
ဖုန်းရွှမ် မည်သို့ပင်တွေးနေစေကာမူ ဤလူငယ်လေးသည် ဘာကြောင့်များ ရမ္မက်ရှာဂိုဏ်း၏ အိပ်မက်ဆိုးဖြစ်နေရသလဲ ဆိုသည်ကို လုံးဝ နားမလည်ခဲ့ချေ။
ရန်ကိုင် စပေါ်လာစဉ်က ရမ္မက်ရှာဂိုဏ်းနှင့် ရေခဲနှလုံးသားတောင်ကြားမှ မင်္ဂလာပွဲကို ဝင်ဖျက်ခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်သည် သူ့သားကို သတ်ပစ်ခဲ့ပြီး ယခုဆိုလျှင်လည်း ရမ္မက်ရှာဂိုဏ်းသည် သူ့ကြောင့်ပင်လျှင် ပျက်စီးရတော့မည့်နှယ် ဖြစ်နေခဲ့လေသည်။
“နောက်ဆုံးတစ်ယောက်ကို ဘယ်သူလိုချင်လဲ…” ရှီလဲ့သည် ဖုန်းရွှမ်ကို စိုက်ကြည့်ရင်းမှ မေးလိုက်လေသည်။
ရှေးဟောင်းကုန်းမြေ၏ မွန်းစတားဘုရင်များ ဖြစ်သည်နှင့်အညီ ရှီလဲ့နှင့် အခြားသူများတွင် ကိုယ်ပိုင်မာနတရား ရှိပေသည်။ အစောပိုင်းက သူတို့၏ရန်သူများကို အတူပူးပေါင်း၍ သတ်ဖြတ်ခဲ့ရခြင်းမှာ ရန်သူအရေအတွက်သည် သူတို့ထက် အများကြီး ပိုများနေသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ယခု ရန်သူတစ်ဦးတည်းသာ ရှိတော့သည်ဖြစ်လေရာ သူတို့အနေဖြင့် အတူပူးပေါင်း၍ တိုက်ခိုက်နေစရာ မလိုတော့ချေ။
ဤလူအား မည်သူမှ သွားတိုက်ခိုက်မလဲဆိုသည်ကို ဆုံးဖြတ်ရသည်မှာ ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်နေခဲ့သည်။
ဤအခိုက်အတန့်သည် ရန်ကိုင်ရှေ့၌ သူတို့ကိုယ်သူတို့ သက်သေပြနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်မှန်း မွန်းစတားဘုရင်သုံးဦးစလုံး သိနေကြလေသည်။ ထို့အတွက်ကြောင့် ဤကဲ့သို့ ရွှေရောင်အခွင့်အရေးကြီးကို မည်သူမျှ လက်မလွှတ်ချင်ကြပေ။
“ငါသွားမယ်…” ရှဲ့ဝူဝေက ချက်ချင်းပြောလိုက်သည်။ မွန်းစတားချီလှိုင်းများနှင့်အတူ ဧရာမကင်းမြီးကောက်ပုံရိပ်ကြီးတစ်ခု သူ့နောက်ဘက်တွင် ပေါ်လာခဲ့လေသည်။ ထိုကင်းမြီးကောက်ကြီးသည် အစိမ်းရောင်တလက်လက် တောက်ပနေခဲ့ပြီး ၎င်း၏ အလွန်တရာကိုမှ အဆိပ်ပြင်းထန်လှသော အမြီးကို ဝှေ့ယမ်းနေခဲ့သည်။
“မင်းဘာလို့သွားမှာလဲ…” ယင်ဖေးသည် ရှဲ့ဝူဝေအား လှမ်း၍ကြည့်လိုက်သည်။
“အဲ့ဒါဆို မင်းသွားချင်လို့လာ…” ရှဲ့ဝူဝေက အေးစက်စက်အမူအယာဖြင့် ပြန်မေးလိုက်သည်။
“ဘာလို့မသွားရမှာလဲ…” ယင်ဖေးက မျက်ခုံးပင့်လျက် လှုပ်ရှားရန် ပြင်နေသည့်အလား ရှေ့သို့ တစ်လှမ်းတိုးလိုက်လေသည်။
“ငါသွားမယ်ဆိုရင်ရော…” ရှီလဲ့က ပြုံးဖြီးလိုက်လေသည်။
“မင်းက ဘာတွေ လာဝင်ရှုပ်ချင်နေတာလဲ…” ယင်ဖေးနှင့် ရှဲ့ဝူဝေတို့နှစ်ဦးစလုံး ရှီလဲ့အား ကြည့်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ဖုန်းရွှမ်သည် ရုတ်တရက် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အရှိန်အဝါကို ထုတ်လွှတ်လာခဲ့သည်။ သူ၏ ဧကရာဇ်တတိယအဆင့် ကျင့်ကြံခြင်းမှာ အပြည့်အဝ ထွက်ပေါ်လာခဲ့လေပြီ။ ထို့နောက် ဧကရာဇ်ချီကို လေမိုးကြိုးလှံထဲသို့ ထည့်သွင်းလိုက်ရာ လေမိုးကြိုးလှံသည် တလက်လက်တောက်ပလာခဲ့ပြီး ခရမ်းရောင်မိုးကြိုးသွားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
“သေလိုက်ပေတော့…” ထို့နောက်တွင် ဖုန်းရွှမ်သည် မာန်သွင်းအော်ဟစ်၍ ရန်ကိုင်ဆီသို့ ပြေးဝင်သွားကာ သူ့လှံဖြင့် စိုက်ချလိုက်လေသည်။
ရှီလဲ့နှင့် အခြားသူများမှာ ငြင်းခုန်နေရန် အချိန်မရတော့ချေ။ ဖုန်းရွှမ် ရုတ်တရက်တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် သုံးဦးစလုံး တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။ ယင်ဖေးသည် အမြန်ဆုံးပင်ဖြစ်လေသည်။ ချက်ချင်းပဲ ဖုန်းရွှမ်ဆီသို့ ခုန်ဝင်သွားလေ၏။ ထို့နောက် စူးရှသည့် အော်မြည်သံနှင့်အတူ သူ၏လက်များကို သိမ်းငှက်လက်သည်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဖုန်းရွှမ်၏ လှုပ်ရှားမှုများကို ပိတ်ဆို့ရန် ကြိုးစားတော့လေသည်။
တစ်ချိန်တည်းတွင် ရှီလဲ့နှင့် ရှဲ့ဝူဝေတို့သည် ကြောက်မက်ဖွယ်ရာမွန်းစတားချီများကို သိပ်သည်းစေလျက် ဖုန်းရွှမ်အား ဘယ်နှင့်ညာမှ ပိတ်ကာ တိုက်ခိုက်လိုက်ကြသည်။
“ဘုန်း… ဘုန်း… ဘုန်း…”
ပေါက်ကွဲသံများနှင့်အတူ ဧကရာဇ်ချီနှင့် မွန်းစတားချီလှိုင်းတို့ အဘက်ဘက်သို့ ပျံ့နှံ့လာကြလေသည်။ ခရမ်းရောင်မိုးကြိုးသွားသည် အရာအားလုံးအား ဖျက်ဆီးနိုင်သည့် အစွမ်းကို သယ်ဆောင်လျက် မွန်းစတားဘုရင်သုံးပါးကို ပြန်လှန်တိုက်ခိုက်နေခဲ့သည်။
ယင်ဖေးမှာ တစ်ချက်အော်ငြီးလျက် ဒယီးဒယိုင်ဖြင့် နောက်သို့ ဆုတ်သွားခဲ့ရသည်။ သူ့လက်များမှာ သွေးချင်းနီနေခဲ့ကာ သူ့လက်ချောင်းအချို့ဆိုလျှင် ကွဲပင်ကွဲနေပြီး အချို့နေရာများမှာလည်း မီးစွဲလောင်နေခဲ့လေသည်။
ရှဲ့ဝူဝေမှာလည်း သွေးတစ်ပွက် ထိုးအန်ရကာ သူ့မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့ရသည်။ သူ့နောက်ဘက်တွင်ရှိနေသော ကင်းမြီးကောက်ပုံရိပ်ကြီးသည်ပင်လျှင် လျင်မြန်စွာ ပျက်စီးသွားခဲ့လေသည်။
အားလုံးထဲတွင် အမာကျောဆုံး ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသော ရှီလဲ့မှာမူ မီတာပေါင်းများစွာအကွာသို့ လွင့်စင်ထွက်သွားခဲ့ရလေ၏။ သူ့ကိုယ်သူ ဟန်ချက်ပြန်ထိန်းနိုင်ရန် အတော်လေးကြာအောင် အချိန်ယူလိုက်ရလေသည်။
မွန်းစတားဘုရင်သုံးပါးမှာ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပါသော်ငြား ဖုန်းရွှမ်ကြောင့်ပင်လျှင် ပြန်လည်ဒဏ်ရာရရှိသွားခဲ့ကြသည်။
“ရွှစ်… ရွှစ်… ရွှစ်…”
နောက်ဆုံးထွက်သက်ကို ရှူရှိုက်ရသွားသည့်အလား ခရမ်းရောင်မိုးကြိုးသွားမှာ ခဏမျှ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီးသည့်နောက် ပျောက်ကွယ်သွားခဲ့လေသည်။
ဖုန်းရွှမ်သည် လေမိုးကြိုးလှံကို ကိုင်စွဲရင်း ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လျက် ရန်ကိုင်နှင့် ဆယ်မီတာခန့်အကွာတွင် ရပ်နေခဲ့သည်။
သူနှင့် ရန်ကိုင်ကြား ကွာခြားနေသော ထိုဆယ်မီတာအကွာလေးသည် ဖုန်းရွှမ်မှ လုံးဝ ဖြတ်ကျော်မရသည့် အကွာအဝေးတစ်ခု ဖြစ်နေသည့်အလား။
ရန်ကိုင်သည်လည်း တစ်ချက်ကလေးမျှပင် မလှုပ်ဘဲ ဖုန်းရွှမ်ကိုသာ အေးစက်စက်အကြည့်ဖြင့် မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။
“ခွေးကောင်လေး… ငါ တစ္ဆေဖြစ်သွားမယ်ဆိုရင်တောင် မင်းကို မရ ရအောင် လိုက်ခြောက်နေမှာ…” ဖုန်းရွှမ်သည် အံကို တင်းတင်းကြိတ်လိုက်သည်။ ထို့နောက် သူ့ပါးစပ်မှ သွေးများ စီးကျလာလေ၏။
တစ်ခဏကြာပြီးသည့်နောက် ဖုန်းရွှမ်၏ ဧကရာဇ်တတိယအဆင့် ကျင့်ကြံခြင်းမှာ လျင်မြန်စွာ အားနည်းလာခဲ့ကာ သူ၏ အနက်ရောင်ဆံပင်များမှာလည်း မျက်တောင်တစ်ခတ်အတွင်း မီးခိုးရောင်အဖြစ် ပြောင်းလဲသွားကုန်ကြလေသည်။
ဖုန်းရွှမ်သည် မွန်းစတားဘုရင်သုံးပါးအား ဒဏ်ရာရသွားအောင် တွန်းအားပေးနိုင်ခဲ့ပါသော်ငြား သူကိုယ်တိုင်သည်လည်း ဒဏ်ရာကြီးကြီးမားမား ရသွားခဲ့ရလေသည်။
“အဲ့ဒါဆိုရင် ခင်ဗျားမှာ တစ္ဆေဖြစ်နိုင်ချေ ရှိမရှိ ကြည့်ရသေးတာပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကိုဆန့်ထုတ်၍ အနက်ရောင်အလံတိုင်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအနက်ရောင်အလံတိုင်သည် မှုန်ကုပ်ကုပ်ဖြင့် ခြောက်ခြားဖွယ်ရာကောင်းလှပြီး ကျောချမ်းစရာအော်မြည်သံများမှာလည်း ၎င်းဆီမှ ထွက်ပေါ်နေခဲ့လေသည်။
ဤသည်မှာ မရဏငရဲခန်းအလံတိုင်ပင် ဖြစ်လေသည်။
ဤသည်မှာ မရဏဂိုဏ်း၏ အကြီးအကဲဟွာဖေးချန် သေဆုံးသွားပြီးနောက် ကျကျန်ရစ်ခဲ့သည့် ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုဖြစ်ကာ တစ်ဖက်ရန်သူများ၏ ဝိဉာဉ်ကို ဝါးမျိုပစ်နိုင်ပေသည်။
ရန်ကိုင်သည် မရဏငရဲခန်းအလံတိုင်ကို မြှောက်၍ ပြောလိုက်လေ၏။ “ခင်ဗျားသေသွားတာနဲ့ ဒီသခင်လေး ခင်ဗျားရဲ့ ဝိဉာဉ်ကို ဒီအလံတိုင်ထဲထည့်သိမ်းထားမှာ… ဟဲ ဟဲ… ဧကရာဇ်တတိယအဆင့်တစ်ယောက်ရဲ့ ဝိဉာဉ်ကတော့ ဒီအလံတိုင်ရဲ့ ပင်မဝိဉာဉ်ဖြစ်ဖို့ ထိုက်တန်ပါတယ်လေ…”
“ဖူး…” ထိုစကားကိုကြားပြီးသည့်နောက် ဖုန်းရွှမ်မှာ ဆက်၍ ထိန်းမထားနိုင်တော့ဘဲ သွေးတစ်ပွက် ထိုးအန်လိုက်ရလေ၏။ သူ့သွေးစက်များထဲ အသားစ အသားနများပင်လျှင် ပါလာခဲ့လေသည်။
ရန်ကိုင်တွင် ဤကဲ့သို့သော ယုတ်ညံ့သည့် မှော်ရတနာတစ်ခု ရှိနေသည့်အတွက်ကြောင့် ဖုန်းရွှမ်အနေဖြင့် သေသွားမည်ဆိုလျှင်ပင် တစ္ဆေတစ်ကောင် ဖြစ်လာနိုင်တော့လိမ့်မည်မဟုတ်။ သူ၏ဝိဉာဉ်သည် ရန်ကိုင်၏ အလံတိုင်ထဲသို့ ရောက်သွားကာ ရန်ကိုင်၏ ခိုင်းဖော်ခိုင်းဖက် ဝိဉာဉ်ရုပ်သေးရုပ်တစ်ခုသာ ဖြစ်လာရပေတော့မည်။
နောက်ဆုံးသွေးတစ်ပွက်ကို အန်ထုတ်ပြီးသွားချိန် ဖုန်းရွှမ်၏မျက်လုံးများ မှိန်ကျသွားခဲ့ပြီး သူ၏အသက်စွမ်းအင်မှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့လေသည်။ တစ်ချက်မျှ တုန်တက်သွားပြီးသည့်နောက် ဖုန်းရွှမ်သည် ကောင်းကင်ထက်မှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။
ရန်ကိုင်ကမူ ဖုန်းရွှမ်ကိုသာ အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။ သို့သော်ငြား ဖုန်းရွှမ်၏ဝိဉာဉ်ကို မရဏငရဲခန်းအလံတိုင်ထဲသို့ သွားမထည့်ခဲ့ပေ။ တကယ်တော့ သူသည် ဤမှော်ရတနာကို သန့်မှ မသန့်စင်ရသေးလေဘဲ။ ထို့အပြင် ဝိဉာဉ်များကို ဤမှော်ရတနာကို မည်ကဲ့သို့ ထည့်သွင်းရမလဲဆိုသည်ကို သူမသိသေးပေ။
ဖုန်းရွှမ်၏ခန္ဓာကိုယ် မြေပြင်ပေါ်သို့ မရောက်သေးခင်မှာပင် ရန်ကိုင်သည် သူ၏ ဧကရာဇ်ချီကို အသုံးပြုလျက် ဖုန်းရွှမ်၏အလောင်းတည့်တည့်ဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေရာ ဖုန်းရွှမ်၏ ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ပေါက်ကွဲထွက်သွားခဲ့ရလေသည်။
ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကိုဆန့်ထုတ်၍ လေမိုးကြိုးလှံကို သိမ်းယူလိုက်လေသည်။
“အဲ့ကောင်က တကယ်ကို အံ့ဩစရာပဲ…” ယခုမှသာလျှင် ယင်ဖေးနှင့် အခြားနှစ်ဦးမှာ အကြောက်မပြယ်သေးသည့် အမူအယာဖြင့် ရန်ကိုင်နားသို့ ကပ်လာကြလေသည်။
“သူကြမ်းနေတာမဟုတ်ဘူး… ဒီပစ္စည်းကကို ကြောက်ဖို့ကောင်းနေတာ…” ရန်ကိုင်သည် လေမိုးကြိုးလှံအား အနည်းငယ်မျှ ဝှေ့ယမ်းကြည့်ပြီးသည့်နောက် သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။