ကူညီကြပါဦး
Vol. 40 Ch. 764
အနှီသခင်မလေးလည်း အတော်လေး ခံပြင်းနေရှာလောက်သည်ဟု ရှဲ့ဖင်းကန်းတွေးမိ၏။ သူ့ခမျာ အမှုဖွင့်ချင်တာတောင် မလုပ်ရဲ။ လက်စားပြန်ချေဖို့ကျပြန်တော့လည်း သူ့လောက် သတ္တိရှိမည့်ပုံမပေါ်ပေ။
တခြားဟာတွေ ထည့်မစဉ်းစားလျှင်တောင် မိန်းကလေးတစ်ယောက်ရဲ့ အိပ်ခန်းထဲကို ညည့်နက်သန်းခေါင်း ခိုးကြောင်ခိုးဝှက် ဝင်လာရဲတယ်ဆိုကတည်းက… သာမန်လူတစ်ယောက်ဟုတ်မည့်ပုံမပေါ်။ သူ့ရှေ့မှာ ဒီလို သခင်မလေးရှိနေမှတော့ သူမအား ဘာမှမလုပ်ပဲ နေမည်မဟုတ်ချေ။
ဒါကြောင့်, သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ သူမကို ရှောင်ရုံကလွဲပြီး ရှိမနေပေ။
တကယ်တော့ သုန့်ယိယွင် သူ့ကို စကားပြောချင်နေခဲ့သည်။
နောက်သုံးရက်နေလျှင် သူမ ထွက်သွားရတော့မည်။ သူမသာ ထွက်သွားပြီဆိုလျှင် ဒီတသက် သူနဲ့ထပ်ဆုံနိုင်မယ့်အခွင့်အရေး ရှိလာတော့မည်မဟုတ်ပေ။
ထိုအကြောင်းကို စဉ်းစားလိုက်သည်နှင့် သုန့်ယိယွင်ရဲ့ နှလုံးသားထဲ တင်းကျပ်လာရကာ အဆင်ပြေမနေတော့။ “အစ်ကိုရှဲ့, ဘယ်တော့ လက်ထပ်မှာလဲ…”
“မသိဘူး” ရှဲ့ဖင်းကန်းလည်း နတ်ဘုရားအား သူ့ကို ဘယ်တော့များမှ မိန်းမတစ်ယောက်ပေးမှာလဲဟု သွားမေးချင်နေသည်။
“နောက်သုံးနှစ်နေလို့ အစ်ကိုရှဲ့လည်း လက်မထပ်ရသေးဘူး, နောက်ပြီး ကျွန်မအသက်ကြီးနေတာကိုလည်း စိတ်ထဲမထားဘူးဆိုရင်.. ကျွန်မတို့အိမ်ကိုလာပြီး… တောင်းရမ်းလို့ရမလား..” သုန့်ယိယွင်တစ်ယောက် သူမရဲ့ ရှိရှိသမျှ အင်အား အကုန်သုံးလိုက်ရသလိုပင် ခံစားလိုက်ရသည်။
သူမရဲ့ အသက်ရှုသံမှာ ရပ်လုမတတ်။ မျက်လုံးတို့က ရှဲ့ဖင်းကန်းကိုသာ မမှိတ်သုန်မှုန် စိုက်ကြည့်နေခဲ့ပြီး တခြားနေရာကို အကြည့်လွှဲသွားခြင်းမရှိခဲ့။
ရှဲ့ဖင်းကန်း မှင်တက်သွားရသည်။
ဒီမိန်းကလေး ဘာပြောလိုက်တာလဲ?
နောက်သုံးနှစ်နေလို့မှ လက်မထပ်ရသေးရင်….
မဖြစ်နိုင်တာ! သုံးနှစ်နေတာတောင် မိန်းမတစ်ယောက် မရသေးဘဲနေမလား?
ဒါပေမဲ့…
ရှဲ့ဖင်းကန်း သူ့ရှေ့မှာ ရှိနေတဲ့သခင်မလေးကို ကြည့်လိုက်၏။ သူမလည်း သိပ်တော့မဆိုးလှ။ သူမရဲ့ မျက်လုံး၊ မျက်ခုံးတို့က သိမ်မွေ့သည်။ သို့သော် သူမရဲ့ ခန္ဓာကိုယ်က အနည်းငယ် ပိန်နေကာ လုံးဝန်းဖွံ့ဖြိုးမှုမရှိသေးသလို အရပ်လည်း သိပ်ပြီး မရှည်သေး။ လေတစ်ချက်တိုက်ရုံနဲ့ လဲသွားနိုင်လောက်သည်။ ညှင်းပန်းနှိပ်စက်မှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိမည်မထင်။
သို့သော်ငြား ဘာမှ မရှိတာထက်တော့ ပိုကောင်းသေးသည်။ ဒါတင်မက သခင်မလေးမှာ ကောင်းတဲ့အချက် တချို့ရှိ၏။
နေ့ခင်းကြောင်တောင်ကြီး၌ သူ့ဆီလာပြီး လက်ထက်ဖို့အကြောင်းကို မေးရဲလေရာ သူမမှာ သတ္တိရှိတာကို ပြနေလေသည်။
ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်ကာ “ကောင်းပြီလေ”
သူ့အတွက် မိန်းမတစ်ယောက်ရဖို့က တကယ် ခက်ခဲသည်။
မေးမြန်းစုံစမ်းဖို့ အတွက် ရောက်လာတတ်ကြတဲ့ အောင်သွယ်တော်များစွာ ရှိကြပေမဲ့ သူတို့အားလုံးက လိမ္မာပါးနပ်ကြသည်။
သူတို့သမီးအပေါ် အင်မတန်ကိုမှ ချစ်မြတ်နိုးကြသည့် မိသားစုများမှာ သေအောင် ရိုက်သတ်ခံရမည်ကို စိုးရိမ်ပြီး သူနဲ့ မပေးစားချင်ကြ။ သမီးဖြစ်သူကို သိပ်ပြီး မချစ်တဲ့သူတွေကသာ လူလွှတ်ပြီး သူတို့မိသားစုနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့ စောင့်ဆိုင်းနေကြတာပင်။
သူတို့တောင်မှ သူတို့သမီးကို မချစ်ဘူးဆိုလျှင် သူလည်း ဒီမင်္ဂလာပွဲကို မလိုချင်ပါချေ။
ဘယ်အချိန် သူ့လည်ပင်းကို ဓားနဲ့လာထောက်မလဲဆိုတာ ဘယ်သူမှ သိနိုင်တာမဟုတ်ပေ။
ဒါကြောင့် လမ်းဆုံးဖြစ်နေလေသည်။
ဒါ့အပြင် တော်ဝင်မင်းဆရာကလည်း သူ့ကို မိန်းမ
မယူသင့်ကြောင်း, သူ့ဇနီးကို နှိပ်စက်ရာရောက်လိမ့်မည်ဖြစ်ကြောင်းကိုလည်း ပြောထားဖူးသည်။
ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်သည်နှင့် သူက
“ငါ မလုပ်နိုင်ဘူး.. ငါရဲ့ကံတရားက ကြမ်းတမ်းလွန်းတယ်၊ မင်းလို သခင်မလေးတစ်ယောက် သေချာပေါက် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး၊ မင်းလည်း ရုပ်ဆိုးတဲ့သူမှ မဟုတ်တာ.. တခြားတစ်ယောက်နဲ့ပဲ လက်ထက်ပါလား”
“ကျွန်မ ဂရုမစိုက်ဘူး!'’ သုန့်ယိယွင်သည် ပြတင်းပေါက်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ “အစ်ကိုရှဲ့၊ တကယ်လို့ ကျွန်မဘဝကို ဂရုမစိုက်ဘူးဆိုရင် ရှင် ကျွန်မကို လက်ထပ်မှာလား၊ ကျွန်-ကျွန်မမှာ တကယ်.. နောက်လူတစ်ယောက်မရှိလို့ပါ”
ရှဲ့ဖင်းကန်းတစ်ယောက် သူ့နဖူးအား ပွတ်ရင်း အနည်းငယ် ခေါင်းနောက်လာသလိုပင် ခံစားနေရလေပြီ။
သူမက နူးနူးညံ့ညံ့ သခင်မလေးတစ်ယောက်။
အခုလိုမျိုး ပြောလာတော့ ဘယ်သူက ခံနိုင်ရည်ရှိတော့မှာလဲ?
“မင်းသာ သေသွားရင်၊ ဘယ်လိုလုပ်ပြီး ငါ့ဇနီးဖြစ်လာနိုင်တော့မှာလဲ...မင်းမှာ တခြားယောကျာ်းရှိရှိ မရှိရှိ၊ အရေးမကြီးဘူး။ အဓိကက ငါမှ ဝိဉာဉ်နဲ့ လက်ထပ်လို့မရတာ ဟုတ်တယ်မလား။ ဒါပေါ့, မင်းသေသွားလည်း ငါ နောက်အိမ်ထောင်ထပ်ပြုလို့ရတာပဲဟာ၊ ဒါပေမဲ့ မင်းကို ဘာအကြောင်းပြချက်မှမရှိဘဲ ဒုက္ခမပေးချင်ဘူး၊ ကောင်းပြီလေ ရာသီဥတုက ပူနေတာ၊ ဒီမှာနေပြီး ပေါက်တတ်
ကရတွေ ပြေမနေနဲ့တော့ ငါလည်း လုပ်စရာတွေရှိသေးတယ်!”
ထိုသို့ပြောပြီးနောက် ရှဲ့ဖင်းကန်း ထွက်သွားရန် ပြင်လိုက်လေသည်။
သုန့်ယိယွင်ခမျာ သူ့ကို ကြည့်နေရင်း စိတ်သောက ရောက်နေရသည်။ သူ့ကို အော်ခေါ်လိုက်ချင်ပေမဲ့လည်း မလုပ်နိုင်ခဲ့။
သူမ စိတ်သောကရောက်နေခိုက် အရှေ့ဘက်က မြင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားလေသည်။
“ အို့၊ သွားပြီ! ဒုတိယသခင်မလေး၊ မြင်း လန့်သွားပြီ!” မြင်းလှည်းမောင်းသမားက အော်ပြောလိုက်ပေမဲ့ သူက မြင်းလှည်းရဲ့ အပြင်ဘက်မှာ ရပ်နေခဲ့တာဖြစ်၏။ မျက်စိတစ်မှိတ်စာအတွင်း၌ သုန့်ယိ
ယွင်မှာ လန့်နေတဲ့မြင်းရဲ့ ဆွဲခေါ်သွားခြင်းကို ခံရလေသည်။
မြင်းလှည်းမောင်းသမားသည် ရှဲ့ဖင်းကန်းဆီ ပြေးသွားကာ “သခင်လေး၊ ကျွန်တော်တို့ရဲ့ ဒုတိယသခင်မလေးကို ကယ်ပါဦး!”
•••••