အကန်းလို့ထင်နေတာလား
Vol. 40 Ch. 765
ရှဲ့ဖင်းကန်း သူမအား ကျိန်းသေပေါက် ကယ်တင်မည်ပေ။
သူ့မြင်းပေါ် ချက်ချင်းတက်၍ မြင်းလှည်းနောက်ကို ဒုန်းဆိုင်းပြေးလိုက်သွားခဲ့၏။
မှုခင်းစီရင်ရေးဌာန၏ ဤ လမ်းမပေါ်၌ သာမန်အရပ်သားများ သိပ်ပြီးမရှိတတ်သလို ရှုပ်ထွေးလှတဲ့ မြို့တစ်မြို့လည်း မဟုတ်။
အပြစ်မရှိတဲ့သူတွေကို ဝင်တိုက်မိမှာမဟုတ်ဘူးဆိုပေမဲ့ ထိုမြင်းက လမ်းကြားထဲသို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် တဟုန်ထိုး ပြေးသွားနေလေသည်။
သူ နောက်တစ်ခေါက်ပြန်ကြည့်လိုက်သည့်အခါ မြင်းရဲ့ အမြီး မီးလောင်နေတာကို မြင်သွားခဲ့၏။
ဒါတင်မက မီးစများက မြင်းလှည်း၏ လိုက်ကာစများကိုပါ လွှင့်စင်ထိမှန်နေလေရာ မကြာခင် မြင်းလှည်းတစ်စီးလုံး မီးလောင်တော့ပေမည်။
သုန့်ယိယွင်သည် မြင်းလှည်းထဲ၌ ပိတ်မိနေ၏။
သစ်သားမြင်းလှည်း ဖြစ်နေသည့်အပြင် တိုက်ခတ်နေသည့် လေကြောင့် မီးတောက်များက မြန်မြန်ဆန်ဆန် တောက်လောင်နေလေသည်။
သုန့်ယိယွင် ကြောက်နေမိ၏။ တစ်ခဏ အတွင်း မီးစများက သူမခန္ဓာကိုယ်စီ လွင့်စင်လာကာ အဝတ်ကို မီးစွဲသွားတော့သည်။
ရွှမ်!
ရှဲ့ဖင်းကန်း ဓားကို မြှောက်၍ မြင်းလှည်း၏အမိုးအား ထက်ခြမ်းခွဲချပစ်လိုက်သည်။ မီးလောင်နေသည့် မြင်းလှည်းမှာ ကျိုးပဲ့လွယ်နေရာ သစ်သားစများအားလုံး မြေကြီးပေါ် ပျံ့ကျဲကုန်တော့သည်။ရှဲ့ဖင်းကန်း ကုန်းလိုက်ပြီး သူမကို ဆွဲခေါ်လို့ရအောင် လက်လှမ်းလိုက်သည်။ သူမကို သူ့ရဲ့ မြင်းပေါ်သို့ ဆွဲတင်အပြီး မီးစွဲနေတဲ့ အဝတ်ကို ကြည့်၍ အမြန်ဆွဲဖယ်ပစ်လိုက်ရာ နဂိုကတည်းက ပါးလှပ်နေသော အင်္ကျီစမှာ စုတ်ပြဲသွားခဲ့လေသည်။
သုန့်ယိယွင်တစ်ယောက် လုံးဝကို မှင်တက်နေမိသည်။
မီးတောက်များဟပ်ထားတဲ့ အရှိန်ကြောင့် သူမခန္ဓာကိုယ်နာကျင်နေတာကိုသာ ခံစားနေခဲ့ရသည်။ သူမ သေရတော့မည်ဟု တွေးမိလိုက်ရုံရှိသေး၊ ခန္ဓာကိုယ်က လေထဲကို လွင့်သွားခဲ့ကာ..
အဲဒီနောက်
ခံစားလိုက်ရသည်က သူမနောက်ကျောဘက်က ရင်အုပ်ကျယ်ကျယ်နဲ့…
သူမရဲ့ ခြေထောက်က အေးစက်စက်အထိအတွေ့
သူမရဲ့ အဝတ်အစားတွေက ပျက်စီးသွားခဲ့ပြီ..
သူမ၏ မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။
မြင်းသည်လည်း တစ်ခဏ အတွင်း၌ မီးလောင်ပြီး သေဆုံးသွားခဲ့၏။ သာမန်အရပ်သားများမရှိဘူးဆိုပေမဲ့ အနီးနားတွင်က နန်းတွင်းရုံးတချို့ရှိနေဆဲ။ အထဲမှာ လူပေါင်းများစွာ ရှိနေတာကြောင့် ဘာဖြစ်သွားလဲဆိုတာကို မြင်လိုက်ကြသည်...
သုန့်ယိယွင်ခမျာ သူမ သေဖို့ အချိန်ရောက်လာပြီဟု ခံစားလိုက်ရလေသည်။ အခုဖြစ်ပျက်သွားခဲ့တာနဲ့တင် သူမကို သတ်လို့ရနေလေပြီ။
“ဟက်! မင်းကတော့ တကယ်ကံဆိုးတာပဲ!” ရှဲ့ဖင်းကန်းက အားရနေသည့်ပုံဖြင့်။ ထိုသို့ပြောပြီးနောက် သူမရဲ့ ခြေထောက်ကို ကြည့်လိုက်၏။ အတော်လေး ဖြူဖွေးလှသည်။ ထို့နောက် သူ့ရဲ့ အပေါ် ခြုံထည်ကို ဖြဲကာ သူမခန္ဓာကိုယ်မှာ ပတ်ပေးလိုက်၏။ “ကောင်းရော၊ ငါ မင်းကို လက်မ
ထပ်ချင်ရင်တောင် အခုတော့ လက်ထပ်ရတော့မယ်။ မင်း တမင်တကာများ လုပ်ခဲ့တာလား”
သုန့်ယိယွင်တစ်ယောက် နာကြည်းနေတဲ့ မျက်နှာနှင့် ခေါင်းခါပြလိုက်၏။
သူမ တကယ်ကို တမင်တကာလုပ်ခဲ့တာမဟုတ်။ မကြာခင် ထွက်သွားရတော့မှာဖြစ်၍ လာချောင်းခဲ့ရုံသာ။
သို့သော်လည်း သူ့ကိုမြင်လိုက်ရသည့်အခါ အဖြေတစ်ခုကို လိုချင်သွားခဲ့၏။
သူမရဲ့ မျက်လုံးတို့မှာ မျက်ရည်များဖြင့် ပြည့်နေလျက်။ ရှဲ့ဖင်းကန်းက သူမကို ချပေးပြီးသည်နှင့် ပိုပြီးတောင် အထင်မြင်သေးဟန်ဖြင့် ဆိုလာလေသည်။
“ဘာကိစ္စ ငိုနေရတာလဲ။ ဒီလိုအသေးအမွှား ပြဿနာလေးလောက်က မျက်ရည်ကျစရာလိုလို့လား၊ ပြီးတော့ ငါမင်းကိုယူပါမယ်ဆိုပြီးပြောခဲ့တယ်မဟုတ်လား။ အိမ်ပြန်ပြီး မင်းအဖေကိုသွားပြော ငါတို့ စေ့စပ်တော့မယ်လို့”
“စိတ်မဆိုးပါနဲ့..” သုန့်ယိယွင် သူ့အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်၏။
“ငါ လုံးဝ စိတ်မဆိုးဘူး၊ ဘာကို စိတ်ဆိုးစရာရှိလို့လဲ!”
ရှဲ့ဖင်းကန်း တကယ်ကို စိတ်မဆိုးခဲ့။ သူခုနက သစ်သားအချို့ကို ခုတ်ပစ်ခဲ့သည်။ စစ်ပွဲအခြေနေလိုမျိုးမှာ ရောက်နေတာကြောင့် သူ့ရဲ့ ဟန်ပန်က ဆွဲမက်စရာ ကောင်းသွားခဲ့ခြင်းပင်။
ဘာမှမလုပ်ပဲနဲ့ ဇနီးတစ်ယောက် ရလိုက်တဲ့ဟာကို ဘာများ မကျေမနပ်ဖြစ်စရာ ရှိလို့လဲ?
သို့သော် သူက အိမ်ထောင်ပြုဖို့အတွက် မသင့်တော်ဘူးဆိုတာကို သူသိသည်။ သူ ပြန်ပြီး ဆရာမမော့ကို ဖြစ်ဖြစ် တော်ဝင်မင်းဆရာကိုပဲဖြစ်ဖြစ် မေးကြည့်ရမည်။ အရင်ဆုံး စေ့စပ်ထားပြီးတော့မှ မင်္ဂလာပွဲကိုဘယ်အချိန်ကျင်းပလျှင် သင့်တော်မလဲဆိုတာ ကြည့်ကြည့်ရပေမည်။
သူခုနက အမှုမဲ့အမှတ်မဲ့နှင့် အနှီသခင်မလေးရဲ့ ခြေထောက်ကို ထိမိသွားခဲ့သည်။ လူပေါင်းများစွာက ကြည့်နေကြတာကြောင့် သူမရဲ့ပုံရိပ်ကို လူဘယ်နှယောက်လောက်က မြင်သွားမလဲဆိုတာ မသိနိုင်။ သူသာ စေ့စပ်ကြောင်းလှမ်းဖို့ မလုပ်ခဲ့ဘူးဆိုလျှင် ဒီသခင်မလေးက တကယ်ကို သေလမ်းရှာလိမ့်မည်။
သုန့်ယိယွင်ရဲ့ စိတ်ထဲ ပရမ်းပတာ ဖြစ်လို့နေလျက်။
မြင်းလှည်းမောင်းသမားက အပြေးရောက်လာခဲ့၏။
“ဒုတိယသခင်မလေး! ဒါတွေအားလုံးကျွန်တေ့ာ်အပြစ်ပါ။ ဒါပေမဲ့ ဒီမြင်းကို ဘယ်လိုဖြစ်ပြီး မီးစွဲသွားလဲဆိုတာ ကျွန်တော် မသိပါဘူး”
သုန့်ယိယွင်သည် မြင်းလှည်းမောင်းသမားအား အပြစ်မတင်ခဲ့။ဘယ်သူကမှ ဒီလိုဖြစ်လာစေချင်မှာမဟုတ်ပေ။
သို့ပေမဲ့ ရှဲ့ဖင်းကန်းကတော့ ကျိတ်ရယ်လိုက်ကာ မြင်းလှည်းမောင်းသမား၏ လည်ပင်းပေါ်ဓားရွယ်လိုက်လေသည်။ “ကျုပ်ကို အကန်းလို့များ
ခင်ဗျားထင်နေတာလား။ ကျုပ်မြင်းပေါ်တက်ပြီးပြီးချင်း ခင်ဗျားတစ်ခုခုပစ်လိုက်တယ်မလား”
သူ အဲဒီ ရှင်းလင်းပြတ်သားတဲ့အသံကို ကြားလိုက်ရသည်။
ရှဲ့ဖင်းကန်းက ပြောပြီးသည်နှင့် သူရှိခဲ့သည့်နေရာကို ခြေလှမ်းကျဲကြီးနှင့် လျှောက်သွားခဲ့၏။ ထိုနေရာကိုရောက်သည့်အခါ မြေကြီးပေါ်မှာ ရှိနေတဲ့ ဖန်ကွဲစများကို တွေ့လိုက်ရလေသည်။
“ဒီပစ္စည်းက မီးစပြီးလောင်စေနိုင်တယ်ဆိုတာ ကျုပ်သိတယ်။ ကျုပ်အရင်က လိုက်ခဲ့ဖူးတဲ့အမှုတွေမှာ တခြားသူတွေကို အန္တရာယ်ပေးဖို့ ဒီပစ္စည်းကိုသုံးခဲ့တဲ့သူတွေရှိတယ်။ ခင်ဗျားကကျုပ်ရှေ့မှာ ရာဇဝတ်မှုကို ကျူးလွန်ရဲတယ်ဆိုတော့ သေဖို့ ဆန္ဒရှိနေတဲ့ပုံပဲ! ပြောစမ်း! ခင်ဗျားကိုဘယ်သူခိုင်းတာလဲ!”
•••••