← Chapters

ခွင့်လွတ်ပေးဖို့တော့မမျှော်လင့်တော့ပါဘူး

Vol. 40 Ch. 766

ခွင့်လွတ်ပေးဖို့တော့မမျှော်လင့်တော့ပါဘူး

Vol. 40 Ch. 766

ရှဲ့ဖင်းကန်းသည့် ထိုမြင်းလှည်းမောင်းသမားအား ကြည့်လိုက်သည့်အချိန် ထိုလူဟာ အကြောက်လွန်ပြီး ခြေထောက်များပင် တုန်နေခဲ့သည်။

အဲဒီနောက် သူသည် ရုတ်တရက် မြေကြီးပေါ် ဒူးထောက်ချလိုက်၍ “ဒီ- ဒီကျွန်အိုကြီးက အဲဒီ ကြွေပြား ဘယ်လောက်လှတယ်ဆိုတာကိုပဲ မြင်ခဲ့တာပါ။ ကျွန်တော့်လက်ထဲ ခဏလောက်ကိုင်ပြီး ကြည့်ခဲ့တယ်ဆိုရုံပါပဲ။ ဒီလို သက်ရောက်မှုမျိူး ရှိ‌လိမ့်မယ်မှန်းတကယ် မသိခဲ့ပါဘူး။ ကျွန်တော် ရှက်မိပါတယ်”

သူ့စကားဆုံးသည်နှင့် ဘေးနားက ကျောက်တုံးဆီ အရှိန်နှင့် ပြေးသွားလေသည်။ ဒုတ်ခနဲ မြည်သံနှင့်အတူ သူရဲ့ ခေါင်းကနေ သွေးများ စီးကျလာကာ မြေကြီးပေါ် လဲကျသွားတော့သည်။

သူသာ အမှန်အတိုင်း ပြောလိုက်လျှင် သူရော သူမိသားစုရော သေရလိမ့်မည်။

သူသာ အမှန်အတိုင်းမပြောခဲ့ပါက သူသေသွားလျှင်တောင် မတော်တဆမှုတစ်ခုအနေနဲ့သာ အဆုံးသတ်သွားလိမ့်မည်။ ဒုတိယသခင်မလေးက လက်စားချေချင်တယ်ဆိုလျှင်လည်း သူမ ပြန်ရောက်ရင်တောင် သူ့မိသားစုကို သေအောင် ရိုက်သတ်မှာတော့မဟုတ်။ အလွန်ဆုံး.. သူတို့ကို ရောင်းစားပစ်ရုံသာ။ အနည်းဆုံးတော့ သူတို့အသက်ကို ထိန်းထားနိုင်ဦးမှာပင်။

ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်လိုက်၏။

တစ်ဖက်တွင်တော့ သုန့်ယိယွင်တစ်ယောက် ထိတ်လန့်ပြီး တဆက်ဆက် တုန်လှုပ်နေခဲ့သည်။

သူ့ကိုသာ တကယ်ကြီး တစ်ယောက်‌ယောက်က ညွှန်ကြားခဲ့တာဆိုရင် သူ့အစ်မကလွဲပြီး တခြား ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ?

ဒါပေမဲ့၊ ထွက်လာတဲ့ လမ်းတစ်လျှောက်မှာ မြင်းလှည်းမောင်းသမားရဲ့ အပြုအမူတွေက ပုံမှန်အတိုင်းသာ ရှိခဲ့သည်မှာ ရှဲ့ဖင်းကန်းကို မတွေ့ခင်အထိ…

သုန့်ယိယွင်ရဲ့ စိတ်ထဲ၌ ရုတ်တရက်ကြိုးစတစ်ချောင်း ဆက်သွားသည့်အလား သူမ သဘောပေါက်သွားခဲ့သည်။

သူ့ရဲ့အစ်မက သူမကို ရှဲ့မိသားစုနဲ့ လက်ထပ်စေချင်ခဲ့တယ်မဟုတ်လား? ဒါပေမဲ့ ဘာလို့လဲ? သူမ အကြာကြီး တွေးခဲ့ပေမဲ့ နောက်ဆုံးတော့ စတုတ္ထမင်းသားကိုသာ တွေးမိလေသည်။

လတ်တလော၌ သူမ တခြားဘာမှမလုပ်ဖြစ်ပေမဲ့ စတုတ္ထမင်းသားနှင့်တော့ တွေ့ဖြစ်ခဲ့သည်။

စတုတ္ထမင်းသားသည် သူမရဲ့အစ်မကို ဘဝင်မကျဖြစ်နေတဲ့ပုံပေါ်ပေမဲ့ သူတို့က စေ့စပ်ထားပြီး ဖြစ်လေရာ သုန့်ရှီးယွင်ကို လစ်လျူရှုထားဖို့က မသင့်တော်တာကြောင့် သူမကို ခေါ်ပြီး စကားပြောကာ အစ်မဖြစ်သူရဲ့ အမူအကျင့်တွေနဲ့ သဘောကျတဲ့အရာတွေကို မေးမြန်းတတ်သည်။ သူမကို ခွင့်လွှတ်ပေးဖို့ ရည်ရွယ်ထားခဲ့တာပင်။

သူ(မ)အစ်မက…. အထင်လွဲသွားတာများလား?

သူမ စဉ်းစားကြည့်လေလေ၊ ဖြစ်နိုင်ချေရှိတယ်လို့ ထင်လာလေလေပင်။

အရင်က ယွမ်လင်းယင်လိုဖြစ်ခဲ့သလိုမျိုး။ ယွမ်လင်းယင်သည် စတုတ္ထမင်းသား၏ အရံကိုယ်လုပ်တော်

တစ်ယောက် ဖြစ်ခဲ့တာကြောင့် သူ့(မ)အစ်မဆီကနေ အန္တရာယ်ပေးခြင်းခံခဲ့ရသည်။

ရှဲ့ဖင်းကန်းသည် ထိုလူအိုကြီး အသက်ရှုမရှု စစ်ဆေးဖို့ သွားခဲ့၏။ “အင်း၊ သူက မြန်မြန်ဆန်ဆန်ကြီးကို သေသွားတာပဲ၊ ငါဖမ်းတာခံရပြီး မှုခင်းစီရင်ရေးဌာနမှာ စစ်မေးမခံရတာနဲ့တင် ကံကောင်းနေပြီ”

ထိုသို့ပြောပြီးနောက် သုန့်ယိယွင်တစ်ယောက် တွေတွေကြီးဖြစ်နေတာကို မြင်၍ “မင်းဟာမင်း သေချာပြန်စဉ်းစား။ မင်း ငါ့ကို လိုအပ်တယ်ဆိုရင် မနက်ဖြန် မင်းတို့အိမ်ကို လာပြီး တောင်းရမ်းပေးမယ်၊ မလိုဘူးဆိုရင်လည်း ဒီကိစ္စကို မေ့လိုက်တော့”

သူ ဂရုမစိုက်ပေ။

သုန့်ယိယွင် သူ့ကို ကြည့်၍ အမြန်ခေါင်းညိတ်ပြ

လိုက်၏။ “ကျွန်မလုပ်မယ်၊ အစ်ကိုရှဲ့”

သူမ ပြန်ရောက်တဲ့အခါ …. သူ့အစ်မကို ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် ရှင်းပြရမည်။

အဲဒီနောက်မှာ သူမ အေးအေးချမ်းချမ်းနဲ့ နေသွားနိုင်မှာလား။ သုံးရက်တာကပ်ဘေးကနေ လွတ်မြောက်နိုင်ပါ့မလား?

ရှဲ့ဖင်းကန်းကတော့ အေးအေးလူလူပင်။ မှုခင်းစီရင်ရေးဌာနထဲမှ လူတစ်ယောက်အား ခေါ်၍ သုန့်ယိယွင်ကို အိမ်ပြန်ပို့ခိုင်းလိုက်သည်။

သူလည်း မှုခင်းစီရင်ရေးဌာနဆီပြန်ကာ အပေါ်ဝတ်ရုံအသစ်ကို ယူ၍ လုပ်စရာရှိတာလုပ်ရန်ချက်ချင်း ပြေးသွားခဲ့၏။

ဒီ သခင်မလေးက တကယ်ကို စိတ်အနှောင့်အယှက်

ပေးတာပဲ!

…..

သုန့်ယိယွင်လည်း အိမ်ကို ပြန်ကာ ရောက်သည်နှင့် သုန့်ရှီးယွင်ကို ချက်ချင်းရှာတော့သည်။

သူမ စိတ်ထဲ မကျေမနပ်ချက်တွေ ပြည့်နေပေမဲ့လည်း အစ်မအပေါ် ဒေါသမထွက်ရက်။ အံကိုသာ ကြိတ်ကာ ထိုနေ့က သူမကို စတုတ္ထမင်းသားရှာရတဲ့အကြောင်းမှန်သမျှကို ရှင်းသွားအောင် ပြောပြလိုက်သည်။

သုန့်ရှီးယွင်သည် ထိုစကားများအား ယုံတစ်ဝက် သံသယတစ်ဝက် ဖြစ်နေခဲ့၏။

စဉ်းစားကြည့်ပြီးတဲ့နောက် သူမ ယုံပေးခဲ့သည်။

သူမရဲ့ ဒီဉာဏ်နည်းလှတဲ့ ညီမက အတော်လေး ရူးမိုက်လွန်းသည်။ သူမကို လှည့်စားဖို့ အတွက် လုပ်ကြံပြီး ပြောလိမ့်မည်မဟုတ်။

“ညီမလေး… ငါ ငါလည်း ဘာဖြစ်နေမှန်းမသိဘူး။ တစ်ယောက်ယောက်က ငါ့ဆီကနေ စတုတ္ထမင်းသားကို ခိုးယူသွားတော့မယ်ဆိုတာ တွေးမိလိုက်ရင် ငါ့ရင်ထဲ ဘယ်လိုမှ နေလို့ အဆင်မပြေတော့ဘူး။ ငါ့ ခန္ဓာကိုယ်က ငါ့ ဦးနှောက်က ပြောတာကို နားမထောင်တော့….

ညီမလေးကို စိတ်ပျက်စေမိခဲ့တယ်ဆိုတာ သိပါတယ်။ အစ်မ ညီမလေးကို အထင်လွဲသွားမိတယ်..ညီမလေး.. အစ်မကို ခွင့်လွှတ်ပေးဖို့တော့ မမျှော်လင့်တော့ပါဘူး.."

သုန့်ရှီးယွင်သည် ကြမ်းပြင်တွင် ဒူးထောက်နေလေ၏။

သူမရဲ့ အသံဟာ ဝမ်းနည်းပက်လက်ဖြစ်နေလျက် အင်မတန်ကို စိတ်ထိခိုက်နေရသည့်ပုံပင်။

သုန့်ယိယွင်သည်လည်း ခံစားချက်များ ရှုပ်ထွေးနေ၏။ ဒါဟာ သူ့ရဲ့ အစ်မ။ သူမရဲ့အစ်မဟာ စွမ်းဆောင်ရည်ရှိတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ငယ်ငယ်လေးကတည်းက အစ်မကို သဘောကျခဲ့ရသည်။ သူ့(မ)အစ်မက တော်တော်များများကိုသိသည့်အပြင်.. အနုပညာလေးခုတွင်လည်း ထူးချွန်ထက်မြက်တဲ့သူတစ်ယောက်..

အတိတ်တုန်းကဆိုလျှင် သူမရဲ့အစ်မအား သူမရဲ့စံပြပုဂ္ဂိုလ်တစ်ယောက်အဖြစ်ပင် သတ်မှတ်ခဲ့၏။

အခုတော့ အစ်မကိုမုန်းနေမိပင်လျှင် သူမကို သေသွားအောင်တော့ တွန်းအားမပေးရက်။

“ဒါဆိုလည်း… အစ်မ၊ နောက်ကျရင် ဆင်ခြင်ပါ။ စတုတ္ထမင်းသားက အစ်မကို အရမ်းဂရုစိုက်တယ်။ သူနဲ့ ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းသွားသင့်တယ်။ ဒီလိုမျိုး ထပ်မလုပ်ပါနဲ့တော့။ နောက်ပြီး၊ သူက မင်းသားတစ်ပါးလေ.. နောက်ပိုင်း သူလည်း ကိုယ်လုပ်တော်တွေ ထပ်ယူရင် ယူနိုင်တာပဲ၊ အစ်မသာ ဆက်ပြီးခေါင်းမာနေမယ်ဆိုရင် ကိုယ်ပဲနာကျင်ရမှာ၊ ဟုတ်တယ်မလား”

•••••

All Chapters