အမျိုးကောင်းသားများ၏ ချက်ချင်းရှုံးနိမ့်မှု
Vol. 82 Ch. 1218
ဒါဇင်ချီသော အမျိုးကောင်းသားများသည် ချူးယွင်ဖန်းကို စုပေါင်းတိုက်ခိုက်လိုက်ကြသည်။ ဤအမျိုးကောင်းသားများသည်လည်း သာမာန်ကျွမ်းကျင်သူများ မဟုတ်ကြပေ။ ၎င်းတို့အားလုံးသည် နတ်အဆင့်အထက်ရှိ ကျွမ်းကျင်သူများဖြစ်ကြသည်။ ဒုတိယ၊ တတိယ၊ စတုတ္ထအဆင့် နတ်အဆင့်များပင် ပါဝင်နေသည်။ ဤကျဉ်းမြောင်းသော နေရာအတွင်း ၎င်းတို့၏ ခွန်အားကို အပြည့်အဝ မပြသနိုင်ဘူးဟု ဆိုနိုင်သော်လည်း ၎င်းတို့၏ အရှိန်အဟုန်သည် လုံးလုံးလျားလျား တိုးမြင့်သွားလေသည်။
တက်ရောက်လာသူ အများအပြားသည် ၎င်းတို့၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သော်လည်း ၎င်းတို့နှင့် လိုက်လျောညီထွေ လိုက်နိုင်သူတိုင်း အံ့အားသင့်သွားကြသည်။ ကျွမ်းကျင်သူများစွာနှင့် တစ်ပြိုင်နက်တည်းရင်ဆိုင်ရချိန်တွင် ထိုကျဥ်းမြောင်းသောနေရာသည် ဤအမျိုးကောင်းသားများကို ကန့်သတ်ချုပ်ချယ်ထားသကဲ့သို့ဖြစ်နေသော်လည်း ချူးယွင်ဖန်း၏ ရွေ့လျားမှုအခြေအနေသည်လည်း ကျဥ်းမြောင်းသွားသည်။ ရုတ်တရက်ဆိုသလိုပင် ချူးယွင်ဖန်းက လှုပ်ရှားလိုက်သည်။ သူသည် လက်ထဲရှိ ချွန်ညှိထားသော သစ်သားချောင်းဖြင့် အရှေ့သို့ ထိုးစိုက်လိုက်သည်။
ဘန်း
အမျိုးကောင်းသားတစ်ဦးသည် ချူးယွင်ဖန်းဆီ ခုန်အုပ်ခါစသာရှိသေးသော်လည်း သစ်သားချောင်းဖြင့် ရိုက်နှက်ခံလိုက်ရသည်။ အဝေးမှ ကြည့်လျှင် ထိုအမျိုးကောင်းသားသည် သစ်သားချောင်းကို အားဖြင့် ဝင်တိုက်ခဲ့သကဲ့သို့ ထင်မှတ်ရစေသည်။ ဤအရာအားလုံးသည် ထူးဆန်းလှသည်။ အမျိုးကောင်းသားသည် ချက်ချင်းပင် ဗလုံးဗထွေး ညည်းညူကာ အနောက်သို့ လွင့်ပျံသွားလေသည်။ သူ၏မျက်နှာသည် သစ်သားချောင်း၏ ရိုက်ခတ်မှုကြောင့် သွေးများဖြင့် စိုရွဲနေကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြီးမားသော စွမ်းအင်ဖြင့် တွန်းကန်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကျိုးကြေလုနီးပါးဖြစ်နေသည်ဟု ခံစားနေရကာ အချိန်ခဏကြာသည်အထိ မထနိုင်ခဲ့ပေ။ ချူးယွင်ဖန်းသည် အမျိုးကောင်းသားတစ်ဦးကို လွင့်ပျံသွားသည်အထိ ရိုက်ထုတ်ပြီးနောက် မရပ်တန့်ခဲ့ပေ။ သူသည် ချီတက်လာသည့် နောက်ထပ် အမျိုးကောင်းသားနှစ်ဦးကို အရှိန်အဟုန်ဖြင့် ချက်ချင်း သုတ်သင်ပစ်လိုက်သည်။ ထိုအမျိုးကောင်းသားနှစ်ဦး လွင်ပျံကာ အတားအဆီးနှင့် ဝင်တိုက်သွားသဖြင့် စူးရှသော အော်သံများ ထွက်ပေါ်လာသည်။
၎င်းတို့ခန္ဓာကိုယ်ပေါ်ရှိ မှော်အတားအဆီးများသည် ချူးယွင်ဖန်း၏ သာမန်သစ်သားချောင်းကြောင့် ကွဲကြေသွားခဲ့သည်။ ၎င်းတို့ခန္ဓာကိုယ်ပေါ်ရှိ မှော်လက်နက်များနှင့် အတွင်းဝတ်ချပ်ဝတ်တန်ဆာများသည်လည်း ဤသစ်သားချောင်းဖြင့် ဖျက်ဆီးခံလိုက်ရသည်။ ၎င်းတို့သာ မျက်လုံးဖြင့်ကိုယ်တိုင် မမြင်တွေ့ခဲ့ပါက၊ ယုံကြည်ကြမည် မဟုတ်ပေ။ အခြားအမျိုးကောင်းသားများသည် ဤအချိန်ကို အခွင့်ကောင်းယူ၍ ချူးယွင်ဖန်းကို တိုက်ခိုက်လာကြသည်။ သို့သော် ၎င်းတို့သည်လည်း လွဲချော်သွားဆဲဖြစ်သည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် အနည်းငယ်သာ ယိမ်းနွဲ့သွားသော်လည်း ၎င်းတို့၏ တိုက်ခိုက်မှုများ သူ့ခန္ဓာကိုယ်ကို ဖြတ်ကျော်ကာ လွဲချော်သွားလေ၏။
ဘန်း
ရှည်လျားသော သစ်သားချောင်းသည် ကောင်းကင်မှ ပြုတ်ကျလာကာ ချူးယွင်ဖန်းဆီ ချီတက်လာသော အမျိုးကောင်းသားများကို ဖယ်ရှားပစ်လိုက်သည်။ ဤအမျိုးကောင်းသားများသည် တစ်ဦးပြီးတစ်ဦး သွေားများ အန်ထုတ်နေကြသည်။ ၎င်းတို့၏နံရိုးများ လုံးလုံးလျားလျား ကျိုးကြေတော့မည်ဟု ခံစားနေရသည်။ ဤအရာအားလုံးသည် ရုတ်တရက်ဆိုသလိုပင် ဝေဝါးစွာ ဖြစ်ပျက်သွားခြင်းဖြစ်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် အမျိုးကောင်းသားများ၏ အရေအတွက် ထက်ဝက်ကျော်မျှ ကျရှုံးသွားကြသည်။ ၎င်းတို့၏ နတ်အဆင့် ကျင်ကြံမှုကိုပင် လုံးလုံးလျားလျား အသုံးမချနိုင်ခဲ့ပေ။
"ကြောက်စရာကြီး"
လူများစွာသည် ယခုမှသာ အပြည့်အဝ ပင့်သက်ရှိုက်နိုင်ကြသည်။ မျက်တောင်ခတ်လိုက်မိပါက၊ တိုက်ပွဲအခြေအနေကို လွတ်သွားလိမ့်မည်ဟု ၎င်းတို့ ခံစားနေရသည်။ ကျုံးရှင်မြို့ဝန်၏မိသားစုဝင်များသည် မြို့တော်မှ ဤအမျိုးကောင်းသားများ၏ မောက်မာမှုကို မကျေမနပ်ဖြစ်နေသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ချူးယွင်ဖန်းက ၎င်းတို့ကို သစ်သားတုတ်နှင့် သင်ခန်းစာ သင်ပေးလိုက်ကြောင်း မြင်လိုက်ရသောအခါ ချက်ချင်းပင် ဝမ်းသာသွားကြသည်။
ချန်ရှန်းဟုန်နှင့် ချူးရှို့ကျဲတို့၏အမူအရာများသည် အလွန်အကျည်းတန်သွားကြသည်။ ထိုအချိန်တွင် ခုနစ်ယောက် ရှစ်ယောက်ခန့် ကျန်ရစ်နေသေးသည်။ ၎င်းတို့၏ခြေလှမ်းများသည် အနည်းငယ် နှေးကွေးသွားသဖြင့် ပထမအခိုက်တွင် ချူးယွင်ဖန်းကို မတိုက်ခိုက်နိုင်ခဲ့ပေ။ သို့သော် ထိုခဏအတွင်းပင် တစ်ဝက်ခန့် ကျဆုံးသွားပြီဖြစ်သည်။ ချူးယွင်ဖန်းသည် သစ်သားချောင်းကို ကိုင်ဆောင်ထားဆဲဖြစ်၍ သူ၏ ခြေထောက်သည် အနည်းငယ်မျှ မရွေ့လျားခဲ့ပေ။ ဤအခိုက်အတန့်တွင် ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်သူတစ်ဦးနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရှိသွားကြသည်။ ချူးယွင်ဖန်းသည် ရွှီဖုန်းကို ကန်ထုတ်လိုက်ချိန်တွင် ၎င်းတို့အားလုံး သတိရှိခဲ့သင့်ကြောင်း နောက်ဆုံးတွင် သိရှိသွားကြသည်။
"မြို့တော်ကလူတွေ အကုန်လုံးက ဒီလိုပဲအားနည်းကြတာလား၊ နှမြောစရာပဲ" ချူးယွင်ဖန်းက ပေါ့ပါးစွာ ပြောလိုက်သည်။
အမျိုးကောင်းသားများအားလုံး အလွန်ဒေါသနေကြသော်လည်း ယခင်ကဲ့သို့ မဆင်မခြင် မပြုမူရဲကြပေ။ မြေပြင်ပေါ်တွင် လဲလျောင်းကာ ညည်းညူနေသူများသည် ကနဦးတွင် မျက်စိစုံမှိတ်၍ တိုက်ခိုက်ခဲ့ကြသူများဖြစ်သည်။
"ဒင်းကို ပညာကောင်းကောင်းပေးရအောင်"
ထိုအချိန်တွင် အမျိုးကောင်းသားတစ်ဦးက ဟိန်းဟောက်၍ သူ၏ နတ်အဆင့် အရောင်အဝါကို ထုတ်လွှတ်လိုက်သည်။ သူသည် ယခင်က အကြောင်းအရာများစွာကို သတိထားပြုမူနေသောကြောင့် လက်တွေ့တွင် အပြည့်အဝ မလှုပ်ရှားနိုင်ခဲ့ပေ။ သို့သော် ယခုအခါ ၎င်းတို့တွင် ရွေးချယ်စရာမရှိတော့သည့်အတွက် ကွဲပြားသွားလေသည်။
တခဏချင်းမှာပင် အမျိုးကောင်းသားခုနစ်ဦး ရှစ်ဦးတို့၏ အရောင်အဝါများ ထွက်ပေါ်လာ၍ ၎င်းတို့နောက်ကွယ်တွင် အမျိုးမျိုးသော ဆန်းကြယ်ဖြစ်စဉ်များ ဖြစ်ပေါ်လာစေသည်။ ဤအမျိုးကောင်းသားအားလုံးတွင် ခိုင်မာသော မိသားစုနောက်ခံအသိုင်းအဝိုင်းများရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည်လည်း အဆင့်မြင့် သိုင်းပညာများ တတ်ကျွမ်းထားကြသည်။ ယခုအခါ ၎င်းသိုင်းပညာများကို လုံးလုံးလျားလျား ထုတ်လွှတ်လိုက်ပြီဖြစ်သည်။
ထိုမှသာလျှင် လူတိုင်းသည် ၎င်းတို့၏ မြင့်မြတ်သော မိသားစုနောက်ခံအုတ်မြစ်ကို မြင်တွေ့လိုက်ကြသည်။ ၎င်းတို့ကို အတားအဆီးတစ်ခုဖြင့် ပိုင်းခြားထားသော်လည်း လူများစွာသည် ဤနတ်အဆင့် ကျွမ်းကျင်သူများ၏ ကြောက်မက်ဖွယ် အရောင်အဝါကို ခံစားနိုင်ကြသည်။ ၎င်းတို့အားလုံး ချူးယွင်ဖန်းအတွက် စိတ်ပူစပြုလာသည်။ ယခုဖြစ်စဥ်သည် ယခင်ကနှင့် ကွဲပြားခြားနားသည်။ ဤအမျိုးကောင်းသားအားလုံးသည် ယခင်ကဲ့သို့ ပေါ့ပေါ့တန်တန် မတိုက်ခိုက်ဝံ့တော့ဘဲ အမှန်တကယ် အလေးထား တိုက်ခိုက်လာပြီဖြစ်သည်။
ဘုံး
အမျိုးကောင်းသားများအားလုံး ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။ ၎င်းတို့၏တိုက်ခိုက်မှုအားလုံးသည် ချူးယွင်ဖန်းဆီ စီးဆင်းနေသော ရေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ချူးယွင်ဖန်း၏အမူအရာသည် ဤတိုက်ခိုက်မှုကို စိတ်နှလုံးမသွင်းသကဲ့သို့ ငြိမ်သက်နေဆဲဖြစ်သည်။ သို့သော် သူ့လက်ထဲရှိ သစ်သားချောင်းရှည်ကို လှုပ်ရှားလိုက်သည်။
"မတုံ့ပြန်ရင် ရိုင်းစိုင်းရာကျမယ် မဟုတ်လား’’ ချူးယွင်ဖန်းက အော်ပြောလိုက်သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်မှ မြင့်တက်လာကာ လေထုထဲသို့ ဝဲပျံသွားလေသည်။ သူ့လက်ထဲရှိ သစ်သားချောင်းဖြင့် ထိုအမျိုးကောင်းသားများ၏ ဦးတည်ရာကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။
ဘုံး
ထိုအမျိုးကောင်းသားများ စုပေါင်းထုတ်လွှတ်လာသည့် သိုင်းပညာများသည် ချူးယွင်ဖန်းကို မထိခိုက်နိုင်ခဲ့ပေ။ ၎င်းသိုင်းပညာစွမ်းအင်များသည် ဤသာမန် သစ်သားချောင်းဖြင့် အပိုင်းပိုင်း ပိုင်းဖြတ်ခံခဲ့ရသည်။
"မဖြစ်နိုင်တာ"
ဤအမျိုးကောင်းသားများသည် မယုံကြည်နိုင်ဖြစ်နေကြသည်။ ၎င်းသည် သာမန်သစ်သားချောင်းတစ်ချောင်းမျှသာဖြစ်သည်။ ယုတ္တိရှိစွာပြောရလျှင် ၎င်းသည် ပထမအခိုက်အတန့်၌ပင် ကွဲထွက်သွားသင့်သည်။ သို့သော်လည်း ထိုသစ်သားချောင်းသည် ၎င်းတို့၏ တိုက်ခိုက်မှုများကို ဖြိုခွဲနိုင်လိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ခဲ့ပေ။ ဤသည်မှာ အံ့ဖွယ်ဖြစ်ရပ်ဖြစ်သည်။ သိုင်းပညာစွမ်းအင်များကို အပိုင်းပိုင်းခွဲဖြတ်လိုက်ပြီးနောက် သစ်သားချောင်းသည် အရှိန်မပျက်ပြယ်ဘဲ ထိုအမျိုးကောင်းသားများဆီ အံ့အားသင့်ဖွယ်အရှိန်အဟုန်ဖြင့် ဆက်လက်ပြုတ်ကျသွားခဲ့သည်။
သစ်သားချောင်း ပြုတ်ကျလာသည်နှင့်အမျှ ရေမျက်နှာပြင်ပေါ်ရှိ လှိုင်းဂယက်များကဲ့သို့ ထင်မှတ်ရစေသော ကြောက်မက်ဖွယ် ဒီရေလှိုင်းများသည် အတားအဆီးတစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။
ဘန်း
နောက်ဆုံးတွင် သစ်သားချောင်း ကျရောက်လာကာ ဤအမျိုးကောင်းသားများအားလုံး တိုက်ရိုက် ချေမှုန်းခံလိုက်ရသည်။ ၎င်းတို့အားလုံး နာကျင်စွာ အော်ဟစ်၍ အနောက်သို့ လွင့်ပျံသွားကြသည်။ ပြီးနောက် အတားအဆီးနှင့် တိုက်မိကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ ၎င်းတို့သည် ဒဏ်ရာ ပြင်းထန်စွာရရှိသွားသောကြောင့် သွေးများ အန်ထုတ်နေကြ၏။
ချက်ခြင်းရှုံးနိမ့်ခြင်း။
ချူးယွင်ဖန်းသည် ဤလူများကိုသုတ်သင်ရန် လှုပ်ရှားမှုတစ်ခုသာ အသုံးပြုခဲ့သည်။ လူအများအပြားသည် ၎င်းဖြစ်စဉ်ကို မယုံကြည်နိုင်ကြသေးပေ။ မည်သို့ပင်ဆိုစေကာမူ၊ အရာအားလုံးသည် မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။ ချူးယွင်ဖန်းသည် ပထမအခိုက်အတန့်တွင် ဝိုင်းရံခံထားရသော်လည်း နောက်အခိုက်အတန့်တွင် အမျိုးကောင်းသားများ အားလုံး လဲလျောင်းနေကြသည်။ ဤအခြေအနေ ပြောင်းလဲမှုသည် မြန်ဆန်လွန်းလှသည်။