← Chapters

ခင်ဗျားကို အနိုင်ယူပြမယ်

Vol. 82 Ch. 1219

ခင်ဗျားကို အနိုင်ယူပြမယ်

Vol. 82 Ch. 1219

အခြေအနေ၏ ပြောင်းလဲမှုသည် မြန်လွန်းလှသည်။ မည်သူမျှ မတုံ့ပြန်နိုင်မီ အရာအားလုံး ဖြစ်ပျက်သွားပြီဖြစ်သည်။

"တော်တော် ကြောက်စရာကောင်းတာပဲ"

ဤသည်မှာ လူတိုင်းအတွက် ချူးယွင်ဖန်း၏ ခွန်အားကို အမှန်တကယ် သိရှိနားလည်ခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည် ချူးယန်ဟွေ့ကို ကန်ချက် တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည့် စံချိန်ကို ပြုလုပ်နိုင်ခဲ့သော်လည်း ချူးယန်ဟွေ့သည် မွေးဖွားခြင်းနယ်မြေအဆင့်တွင်သာ ရှိသေးသည်။ နတ်အဆင့် ကျွမ်းကျင်သူများ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ဤကြောက်မက်ဖွယ် မြင်ကွင်းနှင့် နှိုင်းယှဉ်ပါက၊ အလွန်ကွဲပြားခြားနားနေသည်။ ၎င်းတို့သည် တူညီသောအဆင့်တွင် မရှိကြပေ။

"ဒါက ချူးယွင်ဖန်းဖုံးကွယ်ထားတဲ့ စွမ်းအင်အစစ်အမှန်လား"

"သူ့ကျင့်ကြံမှုက ဘယ်အဆင့်ထိတောင် ရောက်နေလို့ သူ ကြံရာကျပန်း ခုတ်ထစ်ထားတဲ့ သစ်သားချောင်းမှာ ဒီလိုစွမ်းအင်တွေ ပါနေရတာလဲ"

လူအများအပြားသည် ထိုနေရာတွင် မြို့စားရှိနေခြင်းကိုပင် ဂရုမစိုက်နိုင်ဘဲ ဆွေးနွေးနေကြလေသည်။ အဘယ်ကြောင့်ဆိုသော် ဤဖြစ်စဥ်၏ တုန်လှုပ်ချောက်ချားမှုသည် အလွန်ကြီးမားသောကြောင့်ဖြစ်သည်။ အထူးသဖြင့် ချူးယွင်ဖန်း ပေးအပ်ခဲ့သော အမြင်သည် ၎င်းတို့၏ လောကအပေါ်ထားရှိသော အမြင်ကို ဖျက်စီးသွားသည်ဟုပင် ဆိုနိုင်သည်။ သူသည် အထက်သို့တက်လှမ်းရန် သခင်မကြီး၏ မျက်နှာသာပေးမှုကို အားကိုးခဲ့သူသာဖြစ်သည်။ သို့သော် ယခုဖြစ်စဥ်အရ ထိုသို့မဟုတ်ခဲ့ပုံပေါ်သည်။ ချူးယွင်ဖန်း ဖုံးကွယ်ထားသော ခွန်အားသည် အမှန်တကယ် ထိတ်လန့်ဖွယ်ကောင်းသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ မအံ့ဩခဲ့သူသည် ချူးဟုန်ချိုင်တစ်ဦးတည်းသာဖြစ်သည်။ ဤအချိန်အတောအတွင်း ချူးယွင်ဖန်းပြုလုပ်ခဲ့သည့် ကြီးမားသော မြင်ကွင်းများကို မြင်တွေ့ဖူးသောကြောင့် အနည်းငယ် စိတ်လှုပ်ရှားပြီးနောက် ငြိမ်သက်သွားခဲ့သည်။ ချူးယွင်ဖန်းသည် စစ်ဝံပုလွေဂိုဏ်း၏ လက်ထောက်ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သည့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းနှင့် နှိုင်းယှဉ်ပါက ယင်းသည် မပြောပါ့လောက်ပေ။ သို့သော် ချူးဟောက်ယွီသည် အလွန်အံ့ဩတုန်လှုပ်နေသည်။ သူသည် ချူးယွင်ဖန်း၏ စစ်မှန်သော စွမ်းအားကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။ ယခင်က သူ တိုက်ခိုက်ခဲ့ဖူးသူသည် ချူးဟုန်ချိုင်ဖြစ်ရာ၊ လက်ရှိအခြေအနေနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်မည်နည်း။

"ချူးယွင်ဖန်းက အမြဲတမ်း ဒီလိုပဲ သန်မာခဲ့တာလား" အချိန်အတော်ကြာပြီးနောက် ချူးဟောက်ယွီက ရုတ်တရက် မေးမြန်းလိုက်သည်။

"ဟုတ်တယ်၊ အစ်ကိုဖန်းက အမြဲတမ်း အဲ့လိုအံ့ဩစရာကောင်းခဲ့တာ။ မင်းတို့ကသာ သူ့ကို ဘယ်တုန်းကမှ မယုံကြည်ခဲ့တာ" ချူးဟုန်ချိုင်က ဒဲ့ဒိုးပြောလိုက်သည်။

ချူးဟောက်ယွီက တိတ်ဆိတ်သွားသည်။ ချူးယွင်ဖန်း၏ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေရသော အပြုအမူသည် အံ့ဩဖွယ်မဟုတ်ပေ။ ချူးယွင်ဖန်းသည် အမွေဆက်ခံမှုအတွက် ယှဉ်ပြိုင်လိုပါက ၎င်းတို့တွင် မျှော်လင့်ချက်ရှိမည် မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းသည် ချူးဟုန်ချိုင်ကို အခွင့်အရေးပေးခဲ့သည်။

ရုတ်တရက်ဆိုသလိုပင် ချူးဟောက်ယွီသည် အလွန်မနာလိုဖြစ်လာမိသည်။ သူသည် မည်သို့ကြောင့် ချူးယွင်ဖန်းနှင့် ဦးစွာ မသိကျွမ်းခဲ့သနည်း။ ဤသည်မှာ ချူးယွင်ဖန်းသည် အမွေဆက်ခံမှုအတွက် ရည်မှန်းထားခြင်းမရှိကြောင်း သူသဘောပေါက်သွားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် ဤရာထူးကို လိုချင်နေသူတိုင်းအတွက် မည်သည့် ကန့်ကွက်မှုမျှမရှိဘူးဟုပင် ဆိုနိုင်သည်။

အကယ်၍ သူသာ ချူးယွင်ဖန်း၏ ထူးခြားသောစွမ်းရည်များကို ဦးစွာရှာဖွေတွေ့ရှိခဲ့ပါက ချူးယွင်ဖန်း၏ ပံ့ပိုးကူညီမှုကို ရရှိနိုင်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင်၊ ယခုအချိန် ရေပန်းစားနေသူသည် ချူးဟုန်ချိုင်မဟုတ်ဘဲ မိမိဖြစ်ပေလိမ့်မည်။ ချူးဟောက်ယွီသည် ထိုသို့ စဥ်းစားမိသောအခါ အလွန် စိတ်ဓာတ်ကျလာမိသည်။ ဤသည်မှာ သူ၏ကံတရားဟုသာ ဆိုနိုင်သည်။ သို့သော် ချူးယွင်ဖန်း၏ ခွန်အားကို မြင်တွေ့လေ၊ အခြားအတွေးများ မထားရှိဝံ့လေဖြစ်သည်။ ချူးယွင်ဖန်း၏ ခွန်အားဖြင့်ဆိုလျှင် သူနှင့် ရင်ဆိုင်ရန် မိနစ်ပိုင်းသာ လိုအပ်ပေလိမ့်မည်။

အားလုံး၏ထိတ်လန့်မှုများအပြင် သခင်မကြီးသည်လည်း အလွန်တုန်လှုပ်သွားသည်။ သူမသည် ချူးယွင်ဖန်းနှင့် ပထမဆုံးစတွေ့ချိန်ကတည်းက သူ့ကို နာမကျန်းဖြစ်နေသူအဖြစ် အမြဲတစေဆက်ဆံခဲ့သည်။ သူမသည် သူ့ကို ဤအဆင့်သို့ရောက်ရှိလာမည်ဟု မမျှော်လင့်ထားပေ။ သို့သော် အခြားလူများနှင့်မတူသည်မှာ ခေတ္တတုန်လှုပ်သွားပြီးနောက် သူမ၏မျက်လုံးများတွင် ကျေနပ်မှုနှင့် ဂုဏ်ယူမှုအရိပ်အမြွက်များပင် ပြည့်နှက်လာသည်။

ချူးယောင်ဝေ့သည် ချူးယွင်ဖန်းကို အလွန် တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်၊ သို့သော်လည်း သူ၏ စစ်မှန်သော အတွေးများကို မည်သူမျှ မသိကြပေ။ အမှန်မှာ သူသည် ချူးယွင်ဖန်း မှန်းဆထားသည့်အတိုင်း ယနေ့အခြေအနေများကို ခွင့်ပြုထားခြင်းဖြစ်သည်။ သူသည် ချူးယွင်ဖန်းက သူ၏ ခွန်အားတစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်ပြသလာသည်အထိ တွန်းအားပေးနိုင်ခြင်းရှိ၊ မရှိကို သိရှိရန်အတွက် ဤအခြေအနေကို အသုံးပြုလိုခဲ့သည်။

ချူးယွင်ဖန်းသည် လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။ ထူးဆန်းလွန်းသဖြင့် သူ့ကို မြို့ဝန်ဖြစ်သော မိမိကိုယ်တိုင်ပင် ထိုးဖောက်မြင်ရောက်နိုင်ခြင်း မရှိပေ။ သို့သော်လည်း ချူးယွင်ဖန်း၏ ခွန်အားသည် သူ့ကို အံ့အားသင့်စေဆဲဖြစ်သည်။ ထို့အပြင် ချူးယွင်ဖန်းသည် ယခုအချိန်တွင် သူ၏ အထွတ်အထိပ်အခြေအနေတွင် ရှိမနေကြောင်း သူမြင်တွေ့နိုင်သည်။ သာမန်သစ်သားချောင်းဖြင့် ထိုစွမ်းအားကို အလွယ်တကူ အသုံးပြုနိုင်သောအပြုအမူအရ သိသာထင်ရှားပေသည်။ နတ်စွမ်းအင်အစစ်ကို အသုံးပြုခဲ့ပါက၊ ချူးယွင်ဖန်းသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

ချူးယွင်ဖန်းသည် သူ၏ သစ်သားချောင်းကို ရုပ်သိမ်းပြီးနောက် ထိုနေရာတွင် ရပ်တန့်နေသည်။ သူသည် ကွင်းအပြင်ဘက်ရှိ ချန်ရှန်းဟုန်ကို ကြည့်၍ ပြောလိုက်သည်။

"အခု သွေးပူလေ့ကျင့်ခန်းပြီးပြီဆိုတော့ ကျုပ်ကို နည်းနည်းလောက် ညွှန်ပြပေးနိုင်မလား၊ ဒါပေမယ့် ခင်ဗျား ကြောက်နေရင်လည်း ထားလိုက်ပါ"

"ဘာ၊ ခင်ဗျားက ကျုပ်ကို သူရဲဘောကြောင်တယ်လို့ ပြောချင်နေတာလား" ချန်ရှန်းဟုန်သည် ချူးယွင်ဖန်း၏တိုက်ခိုက်မှုကြောင့် အမှန်တကယ် အံ့ဩသွားခဲ့သော်လည်း သူ့ကို ကြောက်လန့်သွားရန်မဖြစ်နိုင်ပေ။ ချူးယွင်ဖန်း၏ ရန်ဆွမှုကို ခံလိုက်ရပြီးနောက် သူသည် ချက်ချင်းထရပ်လိုက်သည်။

"ဒါဆို စင်ပေါ်တက်ခဲ့လေ။ ကျုပ် ခင်ဗျားကို ပြောစရာရှိတယ်" ချူးယွင်ဖန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“လောကမှာ ဝင်စွက်ဖက်ချင်တိုင်း စွက်ဖက်လို့ မရတဲ့အရာတွေရှိတယ်။ ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေတာလဲ"

ချန်ရှန်းဟုန်သည် အလွန်အကျည်းတန်နေသော အမူအရာဖြင့် ပြိုင်းကွင်းထဲသို့ ချက်ခြင်း ၀င်ရောက်လာသည်။ သူသည် လေထုထဲသို့ ဖမ်းဆုပ်လိုက်သည်နှင့် လက်ထဲတွင် အနက်ရောင်ဓားတစ်ချောင်း ပေါ်ပေါက်လာသည်။ သူ၏အရောင်အဝါများ ချက်ချင်း ပေါက်ကွဲထွက်ကာ ဆဋ္ဌမမြောက်နတ်အဆင့်၏ အထွတ်အထိပ်သို့ ချဉ်းကပ်လာလေ၏။ သူသည် ယခင်က အနိုင်ယူခဲ့သည့် အန်းကျန့်ကော်ထက်ပင် သန်မာနေသည်။

"ခင်ဗျားမပြောနဲ့ အန်းကျန့်ကော်တောင် ကျုပ်ရဲ့ပြိုင်ဘက် မဟုတ်ဘူး"

ချန်ရှန်းဟုန်က ထိုသို့ပြောသောအခါ ၎င်းကိုကြားသိလိုက်ရသူတိုင်း ချက်ချင်း တုန်လှုပ်သွားကြသည်။ အန်းကျန့်ကော်လျှင်ပင် ချန်ရှန်းဟုန်ထံတွင် ရှုံးနိမ့်ခဲ့ရသည်။ လူအများက ချန်ရှန်းဟုန်၏ ခွန်အားကို မှန်းဆနေကြသည်။ ဤအရာသည် အမျိုးကောင်းသားများနှင့် နှိုင်းယှဉ်နိုင်သည့်အရာမဟုတ်ကြောင်း သိသာထင်ရှားသည်။

"လာ၊ ကျုပ် ခင်ဗျားကို ဒီနေ့ သင်ခန်းစာတစ်ခု ပေးလိုက်မယ်" ချူးယွင်ဖန်းက ချန်ရှန်းဟုန်ကို သစ်သားချောင်းဖြင့် ညွှန်လိုက်သည်။

"ခင်ဗျားက သေကြောင်းကြံစည်နေတာပဲ"

ချန်ရှန်းဟုန်သည် ရုတ်တရက် ပေါက်ကွဲသွားလေသည်။ သူ၏လက်ထဲရှိ ဓားသွားကို လှုပ်ရှားလိုက်သည်နှင့် ထိတ်လန့်ဖွယ် ဓားအလင်းရောင်များ လွင့်ထွက်လာလေ၏။ ဓားအလင်းရောင်သည် ကောင်းကင်သို့ ပျံသန်းသွားကာ ကမ္ဘာကြီးကိုပင် တိုက်ရိုက် ခွဲထုတ်လိုက်ပုံပေါ်သည်။

ဘုံး

ဓားအလင်းရောင်မှ သယ်ဆောင်လာသော ကြောက်မက်ဖွယ် လှိုင်းလုံးကြီးသည် အရာအားလုံးကို ဖြိုခွင်းသွားကြောင်း လူတိုင်း မြင်တွေ့နိုင်သည်။ အတားအဆီးကြောင့်သာမဟုတ်ပါက၊ ခန်းမတစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။ ချန်ရှန်းဟုန်သည် မောက်မာ၍ ဝံ့ကြွားသူဖြစ်သော်လည်း အမှန်တကယ် သန်မာသူဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည်လည်း လျော့တွက်သင့်သူ မဟုတ်ပေ။ သူသည် လက်ထဲရှိ သစ်သားချောင်းကို လှံတစ်စင်းကဲ့သို့ ထိုးနှက်လိုက်သည်။

ဘုံး

ဓားအလင်းရောင်နှင့် သစ်သားချောင်းတို့ တိုက်မိသွားကြသည်။ ချန်ရှန်းဟုန်၏ တိုက်ခိုက်မှုသည် ဝေဟင်တွင် ပိတ်ဆို့ခံလိုက်ရသောကြောင့် အရှေ့သို့ ဆက်မသွားနိုင်တော့ပေ။ သူ့ထံ ပို၍ကြောက်မက်ဖွယ်ကောင်းသော ခွန်အားတစ်ခု ပျံ့နှံ့လာကြောင်း ခံစားရနိုင်သည်။ ၎င်းသည် တခဏအတွင်းမှာပင် သူ့ကို လွင့်ပျံသွားသည်အထိ တွန်းကန်တော့မည့်ဟန်ရှိသည်။

ချန်ရှန်းဟုန်သည် လေထဲတွင် အကြိမ်အနည်းငယ် ကျွမ်းပစ်လိုက်ပြီးနောက် ထိုကြောက်မက်ဖွယ် စွမ်းအားကို ချေဖျက်နိုင်ခဲ့သည်။ အသိစိတ်ပြန်ကပ်လာသောအခါ ချူးယွင်ဖန်းသည် သူ့အရှေ့တွင် ရပ်နေပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။ ချူးယွင်ဖန်းသည် မြန်ဆန်လွန်းလှသည်။ ချူးယွင်ဖန်းသည် မည်သူမျှ မတုံ့ပြန်နိုင်မီ အရှိန်အဟုန်ဖြင့် ချီတက်နေပြီဖြစ်သည်။

ဘန်း

သစ်သားချောင်းသည် ချန်ရှန်းဟုန်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်လာပြီဖြစ်သည်။ သူသည် စူးရှစွာ အော်ဟစ်ပြီးနောက် အနောက်သို့လွင့်ထွက်သွားကာ ခန်းမကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ကြမ်းပြင်သည် ၎င်းသက်ရောက်မှုကြောင့် အမှုန့်ဖြစ်သည်အထိ ရိုက်ခတ်ခံရကာ အပေါက်ကြီးတစ်ခုဖြစ်ပေါ်သွားစေ၏။

All Chapters