← Chapters

တွက်ချက်မှုမှားသွားခြင်း

Vol. 41 Ch. 782

တွက်ချက်မှုမှားသွားခြင်း

Vol. 41 Ch. 782

သုန့်ရှီးယွင်ရဲ့ မျက်လုံးထဲမှ အသနားခံနေသည့်အကြည့်တို့က အလွန်သိသာနေ၏။

“ အရှင့်သား၊ ဒီ မင်္ဂလာပွဲက ဆုံးဖြတ်ပြီးနေပြီ။ ကျွန်မရဲ့ နှလုံးသားထဲမှာ အရှင့်သားတစ်ယောက်ပဲ ရှိတာပါ။ အခုကျမှ ကျွန်မကို နောက်ဆုတ်လိုက်ဖို့ ဖိအားပေးနေတော့ ကျွန်မကို သေလမ်းဆီ ပို့နေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ အရှင့်သားကိုတောင်းဆိုပါတယ်၊ ကျွန်မရဲ့ စွဲလမ်းမှုကို ထောက်ထားပြီး အရှင်မင်းကြီးကို အမိန့်ပြန်ရုတ်သိမ်းပေးဖို့ ပြောပေးပါ”

သုန့်ရှီးယွင်သည် စကားပြောနေရင်းနှင့် ချက်ချင်း ဒူးထောက်ချလိုက်၏။

“ကျွန်မကို အရှင့်သားနဲ့ လက်ထပ်ပေးဖို့ စီစဉ်ခဲ့ကြတဲ့ အချိန်ကစပြီး အရှင့်သားကို ကျွန်မရဲ့ အနာဂတ်

ခင်ပွန်း‌တစ်ယောက် အဖြစ် သတ်မှတ်ထားခဲ့တာပါ။ အခု၊ ကျွန်မကို နောက်ထပ်တစ်‌ယောက်နဲ့ အတင်းလက်ထပ်ခိုင်းနေတာက ကျွန်မကို ပြည့်တန်ဆာတစ်ယောက်လိုဖြစ်အောင် လုပ်နေတာနဲ့ အတူတူပါပဲ။ တကယ်လို့ အရှင့်သားရဲ့ နှလုံးသားထဲမှာ တခြားတစ်ယောက်ရှိနေနှင့်ပြီးသားဆိုရင်လည်း ကျွန်မ ခြေတစ်လှမ်းနောက်ဆုတ်ပြီး အရှင့်သားရဲ့ ကိုယ်လုပ်တော် ဖြစ်ပေးနိုင်ပါတယ်”

သူမရဲ့ မျက်ရည်များနဲ့ ပြည့်နေသည့် ရှိုက်ငင်သံတို့က လူတစ်‌ယောက်ရဲ့ စိတ်ကို ပျော့ပျောင်းသွားစေနိုင်သည်။

စတုတ္ထမင်းသားသည် သူမ အတွက် တကယ်စိတ်မကောင်းဖြစ်မိ၏။

အခုလိုမျိုး ဝမ်းနည်းပက်လက်နှင့် ငိုကြွေးနေတာမျိုးကို မြင်နေရသည့်အခါ ပို့လိုတောင် ကရုဏာသက်မိရသည်။

“ စိတ်မကောင်း မဖြစ်ပါနဲ့ မင်းနဲ့ကိုယ်က ရေစက်မှ မပါလာတာ”

“ မဟုတ်ဘူး, အိမ်ရှေ့စံမင်းသားနဲ့ ရှဲ့သခင်မလေးက ကျွမ်မတို့ကို ခွဲပစ်တာ!” သုန့်ရှီးယွင်တစ်ယောက် ငိုယို တိုင်တန်းနေ၏။ “ကျွန်မက ရှဲ့သခင်မလေးအ‌ပေါ် မခန့်လေးစားလုပ်တယ်လို့ အိမ်ရှေ့စံမင်းသားက ထင်ပြီး ကျွန်မကို အရှင့်သားရဲ့ ဇနီး မဖြစ်လာစေချင်တာ၊ စတုတ္ထမင်းသား၊ ကျွန်မ ရှဲ့သခင်မလေးကို အမြဲတမ်းစိတ်ရင်းအမှန်နဲ့ ဆက်ဆံခဲ့တာပဲ မဟုတ်လား?”

စတုတ္ထမင်းသားသည် ထိုစကားကြောင့် နန်းတော်မှာ သူမြင်တွေ့ခဲ့ရသည်အား ပြန်တွေးကြည့်မိ၏။

သူ အမြင်အာရုံ ချို့ယွင်းနေတာ မဟုတ်၍ ရှင်းရှင်းလင်းကြီးကိုမြင်ခဲ့ရသည်။

သုန့်ရှီးယွင်တစ်ယောက် စေ့စပ်ကြောင်းလှမ်းခြင်းကို ဖျက်သိမ်းလိုစိတ်မရှိမှန်း သူ ယုံကြည်ပေမဲ့ သူမ ရှဲ့သခင်မလေးအပေါ် မကောင်းတဲ့စိတ်ရှိမနေခဲ့ဘူးဆိုတာကိုတော့ မယုံကြည်ပေ။

“ ဘာပဲဖြစ်ဖြစ် ဒီမင်္ဂလာပွဲက ပျက်သွားပြီပဲ၊ အစ်ကိုတော်နဲ့ ခမည်းတော်ကို ဒီကိစ္စကြောင့် ဒုက္ခမပေးချင်ဘူး။ ပြန်စီစဉ်ဖို့ကလည်း ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့်မလို့ သုန့်သခင်မလေး၊ မင်းကို တော်ဝင်မိသားစုက စိတ်ပျက်စေမိခဲ့တယ်။ မင်းဆီ တောင်းပန်တဲ့လက်ဆောင် ပို့ပေးဖို့ မယ်တော့်ဆီတောင်းဆိုလိုက်မယ်။ မင်း လက်ထပ်တဲ့အချိန်ကျရင်လည်း ခန်းဝင်ပစ္စည်း ထပ်ထည့်ပေးမှာပါ။ ဒါ မင်းအတွက် ကိုယ့်ဘက်ကနေ ပြန်လျော်ပေးနိုင်တာပဲ၊ အဆင်ပြေရဲ့လား?”

သူ အဲ့လိုမျိုးပဲ လုပ်ပေးနိုင်သည်။

အစ်ကိုတော်သည် သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဝင်ပြီး စွက်ဖက်တတ်တဲ့ လူမဟုတ်။ အခုလို ဝင်စွက်ဖက်လာတဲ့ အခါမျိုး၌၊ သူ့ကို မလေးမစားလုပ်မိလို့ မဖြစ်ပေ။

သုန့်ရှီးယွင်ရဲ့ မျက်နှာ ဖြူဖျော့သွားရသည်။

ဘာလို့လဲ?

အိမ်ရှေ့စံမင်းသားက ရှဲ့ချောင်အတွက်ဆိုရင် အတားအဆီးမျိုးစုံကိုလည်း ကျော်ဖြတ်ပေးနိုင်တယ်၊ ကျိုးကြောင်းမသင့်တဲ့ လူတစ်ယောက်လည်း ဖြစ်ပေးနိုင်တယ်။ စတုတ္ထမင်းသားကျတော့ သူမအ‌ပေါ် ဘာလို့ဒီလောက်ထိ အေးစက်ရတာလဲ။ ရှဲ့ချောင်ရဲ့ ဘဝက အဲ့လောက်တောင် ကောင်းနေတာလား? အရည်အချင်းရှိပြီး ရုပ်လေးလှနေလို့လား?

သူမလည်း အဲ့လောက်ထိ ဆိုးနေတာမဟုတ်ဘူးလေ!

စတုတ္ထမင်းသားသည် သူမအား တောင်းတောင်းပန်ပန်နှင့် ပြုံးပြလိုက်ပြီးနောက် ခံစားချက် တစ်ခုတစ်လေတောင် မရှိဘဲ လှည့်ထွက်သွားတော့သည်။

မင်္ဂလာပွဲက သူ့ခမည်းတော် ဆုံးဖြတ်ရမည့်အရာပင်။

အစတုန်းကတော့ သူ ဒီလက်ထပ်ပွဲအတွက် မျှော်လင့်တချို့ရှိခဲ့ပေမဲ့ သုန့်ရှီးယွင်က သူ့အပေါ်ဘာခံသားချက်မှ ရှိမနေခဲ့။ သူလည်း ဒါကိုခံစားမိတာကြောင့် သူမလို လူတစ်ယောက်အတွက်နဲ့ ခမည်းတော်ရဲ့ အမိန့်ကို ဆန့်ကျင်မနေတော့ချေ။

သုန့်ရှီးယွင်ကတော့ တစ်ယောက်တည်း ရပ်ကျန်ရစ်ခဲ့ရင်း ဖိုသီဖတ်သီ ဖြစ်လို့နေလျက်။

သူမ အလောတကြီးနဲ့ အပြင်ထွက်လာခဲ့ရ၍ သူမရဲ့

အဝတ်အစားတွေက ခါတိုင်းလို သေသပ်သိမ်မွေ့မှုလည်း မရှိသလို သူမရဲ့ ဆံပင်တို့ကလည်း ရှုပ်ပွလို့နေ၏။ သူမရဲ့ မျက်နှာပေါ်က ချွေးစက်တို့က လိမ်းထားတဲ့ မျက်နှာချေတို့နဲ့ ရောပြီး ပေပွကုန်၏။

သူမ အရင်ကလို ကြည့်ကောင်းမနေတော့။

သူမ ထိုနေရာတွင်သာ နှုတ်ဆိတ်စွာနှင့် ခဏလောက် ရပ်နေခဲ့သည်။

ကျောင်းတော်ကနေ ထွက်လာပြီးနောက် ခြေဦးတည့်ရာလျှောက်သွားခဲ့သည်မှာ ဝိဉာဉ် ပျောက်ဆုံးသွားတဲ့ လူတစ်ယောက်ပမာ။ မြင်းလှည်းထဲတွင် ထိုင်ရင်း လမ်းတစ်လျှောက် ပတ်သွားနေခဲ့သည်။

သူမ ဆူဆူညံညံပျားပန်းခတ်သွားလာနေကြသည့် လမ်းမထက်မှာ သွားနေရင်း ကြမ္မာဥယျာဉ်၏ တံခါး

ရှေ့သို့ အရောက်၌ မြင်းလှည်းမောင်းသမားကို ရပ်ခိုင်းလိုက်သည်။

သူမရဲ့ ညီမ သုန့်ယိယွင်သည် မစေ့စပ်ရသေးခင်က ကြမ္မာဥယျာဉ်ကို လာခဲ့သေးတယ်ဆိုတာ သူမသိထားသည်။

သူမညီမ ဒီကိုလာတဲ့နေ့က မြင်းလှည်းမောင်းသမားသည် သူမ စီစဉ်ထားတဲ့သူဖြစ်၏။ သူမမှာ အကြံတစ်ခုရှိခဲ့သည်။ သူမရဲ့ညီမသာ ရှဲ့ဖင်းကန်းကို မြင်လိုက်လျှင် တစ်ခုခုဖြစ်သွားအောင် သူမ ဖန်တီးမည်။ ရှဲ့ဖင်းကန်းသာ သူမကို မကယ်ခဲ့လျှင် သေသွားတာ ဒါမှမဟုတ် ဒဏ်ရာရသွားတာမျိုး ဖြစ်သွားနိုင်သည်။ ကယ်ခဲ့တယ်ဆိုလျှင်၊ ဒီလို နေ့ခင်းကြောင်တောင်ကြီးမှာ ဖြစ်သွားတာဖြစ်၍ သူမ ရှဲ့ဖင်းကန်းနှင့် အထိအတွေ့တချို့တော့ ရှိသွားမည်ပင်။

ထိုအချိန်က သူမ သေချာစီစဉ်ထားခဲ့တာဖြစ်ပြီး

မျှော်လင့်ထားသလိုလည်း ဖြစ်သွားခဲ့သည်။

သို့သော် သူမ မမျှော်လင့်ထားခဲ့သည်က ရှဲ့အိမ်တော်နဲ့ စေ့စပ်အပြီးမှာ ရှဲ့ဖင်းကန်းကို အိမ်တော်ထဲ လွတ်လွတ်လပ်လပ်ဝင်ဖို့ ခွင့်ပြုပေးခဲ့လိမ့်မည်ဟု!

ရှဲ့ဖင်းကန်းနဲ့ တခြားသူတွေသာ ဝင်မစွက်ဖက်ခဲ့လျှင် သူမ ဒီလိုမျိုး အဆုံးသတ်ရမှာမဟုတ်!

သူမရဲ့ စေ့စပ်သေချာနေတဲ့ အစီအစဉ်ထဲက ဒီလို ပြဿနာအသေးလေးကို တွက်ချက်တာမှားသွားလိမ့်မယ်လို့ မထင်ထားခဲ့ချေ!

•••••

All Chapters