စစ်ဝံပုလွေဂိုဏ်း ထပ်မံ ဒုက္ခရောက်နေခြင်း
Vol. 82 Ch. 1222
ချူးယွင်ဖန်း၏ နတ်ဘုရားကဲ့သို့သော စွမ်းဆောင်မှုသည် လူတိုင်း၏စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားစေသည်။ သူသည် လူပြန်ဝင်စားလာသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ပြိုင်ဘက်ကင်းသော ဖြစ်တည်မှုမျိုးဖြစ်သည်။ အခမ်းအနားပွဲအပြီးတွင် ချူးယောင်ဝေ့နှင့် သခင်မကြီးသည် သူ့ကို အိမ်တော်၏ အနောက်ဆောင်သို့ ခေါ်လိုက်ကြသည်။ အနောက်ဆောင်၏ ဧည့်ခန်းတွင် ချူးယောင်ဝေ့နှင့် သခင်မကြီးတို့သည် ပင်မထိုင်ခုံတွင် ထိုင်နေကာ ချူးယွင်ဖန်းသည် အောက်ဘက်ရှိ လူငယ်များထိုင်ရာ ထိုင်ခုံတွင် ထိုင်နေသည်။
"ယွင်ဖန်း၊ မင်း အမွေဆက်ခံဖို့ အစီအစဉ်မရှိဘူးလို့ ယောင်ဝေ့ဆီက ကြားထားတယ် အဲ့ဒါဟုတ်လား" သခင်မကြီးက တိုက်ရိုက်မေးမြန်းလိုက်သည်။
သခင်မကြီးသည် အလွန်လိမ္မာပါးနပ်သူဖြစ်သည်။ သူမသည် ချူးယွင်ဖန်းအပေါ် ကြင်နာသော်လည်း သူ့ကိုအမွေဆက်ခံသူဖြစ်လိုသည်ဟု ယခင်က တစ်ခါမျှ မပြောခဲ့ဖူးပေ။ သူမသည် ဆုံးပါးသွားသော သားအငယ်အတွက် အပြစ်ရှိသည်ဟု ခံစားရသောကြောင့်သာ သူ့အပေါ် ကြင်နာနေသော်လည်း ရေရှည်ကို မသိနားမလည်သူဟု မဆိုလိုပေ။ သို့သော် ယခုအခါ အခြေအနေသည် လုံးလုံးလျားလျား ကွဲပြားသွားလေသည်။ ချူးယွင်ဖန်း၏ စွမ်းဆောင်မှုအရ သူသည် အလွန်တရာ ထူးချွန်သူဟု ဆိုနိုင်သည်။
ချူးယွင်ဖန်းသည် အသက်နှစ်ဆယ်ဝန်းကျင်သာရှိသေးသည်။ သူ၏အနာဂတ်သည် အကန့်အသတ်မရှိမည်မှာ သေချာသည်။ အခြားမည်သည်ကိုမျှ ထည့်မပြောဘဲ၊ ဤခွန်အားတစ်ခုတည်းဖြင့်ပင် မြို့ဝန်၏ အမွေဆက်ခံသူဖြစ်လာရန် လုံလောက်ပေသည်။ ချူးယွင်ဖန်းသာ အမွေဆက်ခံသူဖြစ်လာလျှင် ချူးမိသားစုသည် ကျိန်းသေထွန်းကားလာမည်ဖြစ်သောကြောင့် သူမသည် တမလွန်ဘဝတွင်ပင် ပြုံးပျော်နိုင်ပေလိမ့်မည်။
သို့သော် သူမ၏ ထိုအတွေးများကို သားဖြစ်သူ ချူးယောင်ဝေ့ထံ ပြောပြသောအခါ ချူးယောင်ဝေ့သည် ယခင် ထိုအကြောင်းအရာကို ချူးယွင်ဖန်းထံ ပြောပြီးပြီဖြစ်ကြောင်း သူမ ကြားလိုက်ရသည်။ ချူးယွင်ဖန်းက အမွဆက်ခံမှုကို လုံးလုံးလျားလျား စိတ်မဝင်စားလိမ့်မည်ဟု မည်သူသိမည်နည်း။ အခြားလူများ အလွန်တရာလိုချင်နေကြသော ရာထူးအာဏာသည် ချူးယွင်ဖန်းအတွက် ဟောင်းနွမ်းနေသော ဖိနပ်တစ်ခုကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့် သူမသည် ချူးယွင်ဖန်းကို တိုက်ရိုက်မေးမြန်းလိုက်သည်။
"ဟုတ်ပါတယ် သခင်မကြီး။ ကျွန်တော့် ရည်မှန်းချက်က ဒီမှာမဟုတ်တော့ ဒီနေရာမှာ စိတ်မပါဘဲနေနေရင်တောင် အသုံးဝင်မှာ မဟုတ်ပါဘူး" ချူးယွင်ဖန်းက ခေါင်းခါလိုက်သည်။
"ဒါပေမယ့် ချူးဟုန်ချိုင်က သင့်တော်တဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက်လို့ ကျွန်တော် ထင်ပါတယ်။ သူက ငယ်လည်း ငယ်ရွယ်သလို အလားအလာလည်းရှိပါတယ်။ အနာဂတ်မှာ အရည်အချင်းပြည့်မီတဲ့ အမွေဆက်ခံသူဖြစ်လာမှာ သေချာပါတယ်"
ချူးယောင်ဝေ့နှင့် သခင်မကြီး နှစ်ဦးစလုံး စိတ်ပျက်လက်ပျက်ဖြစ်နေသော အမူအရာမျိုး ထုတ်ဖော်ပြသလာသည်။ မှန်သည်၊ ချူးဟုန်ချိုင်၏ ထူးချွန်မှုသည် မလုံလောက်ဘူးဟု ၎င်းတို့ မပြောနိုင်ကြပေ။ သူသည် အသက်နှစ်ဆယ် မပြည့်မီ နတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ထိုသို့သောအရည်အချင်းမျိုးသည် မြို့တော်ရှိ မြင့်မြတ်သောမိသားစုများ၏ အမွေဆက်ခံသူများထဲတွင်ပင် အကောင်းဆုံးဖြစ်သည်။
သို့သော် ဤသည်မှာ အကောင်းအဆိုး အကြောင်းအကျိုး မသိခြင်း မဟုတ်ဘဲ၊ ကုန်ပစ္စည်းများကို နှိုင်းယှဉ်ခြင်းနှင့် ဆင်တူသည်။ အခြားသော နှိုင်းယှဥ်စရာမရှိပါက ချူးဟုန်ချိုင်သည် အလွန်ထူးချွန်သော ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။ သို့သော် ချူးယွင်ဖန်းနှင့် နှိုင်းယှဥ်ကြည့်မည်ဆိုလျှင် သူသည် အလွန်နိမ့်ကျဆဲဖြစ်သည်။ ၎င်းတို့သည် ထို့ကြောင့်သာ ချူးယွင်ဖန်းကို ပို၍နှစ်သက်နေခြင်းဖြစ်သည်။ သို့သော်လည်း မိသားစုကို အမွေဆက်ခံမည့်ကိစ္စအား တွန်းအားပေး လက်ခံခိုင်းရန် မဖြစ်ပေ။
"ဒါဆို ကိုယ်စားလှယ်လောင်းက ချူးဟုန်ချိုင်ဖြစ်နေသရွေ့ မင်း သူ့ကို ထောက်ခံပေးမယ်ပေါ့ ဟုတ်လား" ချူးယောင်ဝေ့သည် ချူးယွင်ဖန်း၏ စကားများကို ခေတ္တတွေးတောပြီးနောက် မေးမြန်းလိုက်သည်။
ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ သူသည် ချူးယောင်ဝေ့၏စကားများကို နားလည်နေသည်။ ချူးယောင်ဝေ့သည် ချူးယွင်ဖန်းကို မြို့ဝန်အိမ်တော်အား ထောက်ပံ့စေချင်နေခြင်းဖြစ်သည်။ အမွေဆက်ခံသူမဟုတ်သော်လည်း ချူးယွင်ဖန်းပြသခဲ့သည့် အရည်အချင်းနှင့် ခွန်အားများအရ၊ သူ၏အနာဂတ်အောင်မြင်မှုများသည် အကန့်အသတ်ရှိမည် မဟုတ်ပေ။ ထိုသိုအရည်အချင်းရှိသော ဖြစ်တည်မှုမျိုး၏ ပံ့ပိုးပေးမှုဖြင့် အိမ်တော်သည် အနည်းဆုံးလျှင် နှစ်ရာနှင့်ချီ၍ ဘေးကင်းနိုင်မည်ဖြစ်သည်။
"ဟုန်ချိုင်သာ အနာဂတ်မှာ အမွေဆက်ခံသူဖြစ်လာသရွေ့ အိမ်တော်ကို ကျွန်တော် ထောက်ပံ့ပေးမှာပါ။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်လည်း ချူးမိသားစုဝင်တစ်ယောက်လေ၊ ကိုယ့်မိသားစုကို မကူညီစရာ အကြောင်းမရှိပါဘူး" ချူးယွင်ဖန်းက ဆိုသည်။
"ကောင်းပြီလေ" ချူးယောင်ဝေ့က ပြောလိုက်သည်။
ဤသည်မှာ အကောင်းဆုံးရလဒ် မဟုတ်သော်လည်း အဆိုးဆုံးရလဒ်လည်း မဟုတ်ခဲ့ပေ။ ချူးယွင်ဖန်းသာ မြို့ဝန်အိမ်တော်ကို ထောက်ပံ့ပေးနေသရွေ့ ၎င်းတို့အတွက် များစွာအကျိုးရှိနေပေလိမ့်မည်။
"ဟုန်ချိုင်ကို အိမ်တော်ရဲ့အမွေဆက်ခံသူအဖြစ် ရွေးချယ်တင်မြှောက်မယ့်အကြောင်း တော်ဝင်ရုံးတော်ကို ကျုပ် ချက်ချင်းတင်ပြလိုက်မယ်"
ချူးယွင်ဖန်းက အလွန်နားလည်ပေးနေကြောင်း မြင်တွေ့လိုက်ရသဖြင့် ချူးယောင်ဝေ့သည် သူ၏ကျေးဇူးကို ချက်ချင်းပင် တုန့်ပြန်လိုက်သည်။ ဤကိစ္စသည် ဝေ့တိုင်းပြည်ရှိ တော်ဝင်တရားရုံးတော်၏ အတည်ပြုချက်ကို လိုအပ်နေသေးသော်လည်း ယေဘုယျအားဖြင့်ပြောရလျှင် ၎င်းတို့ထံ သတင်းပို့ခဲ့သရွေ့ အတည်ပြုသွားပေလိမ့်မည်။
"ကျုပ်လည်း ဟုန်ချိုင်က လူငယ်ကောင်းတစ်ယောက်လို့ ထင်ပါတယ်။ သူက ထက်မြက်ပြီး သန်မာတယ်။ အရေးအကြီးဆုံးကတော့၊ သူက စိတ်နှလုံးဖြူစင်တယ်။ သူ မင်းနဲ့ တွေ့ခွင့်ရတာ သိပ်ကံကောင်းတယ်" ချူးယောင်ဝေ့က ပြုံးလျက်ပြောလိုက်သည်။
သူသည် ထိုကိုယ်စားလှယ်လောင်းများကို စောင့်ကြည့်နေခြင်းဖြစ်သည်။ သူသည် လျှို့ဝှက်ဆန်းကြယ်သော ချူးယွင်ဖန်းမှလွဲ၍ အခြားလူများ၏ အချက်အလက်များကို သဘာဝကျကျ သိထားသည်။ ထို့အပြင် သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ ချူးရှို့ကျဲကို ဖယ်ထုတ်ပြီးနောက် ချူးဟောက်ယွီက နှုတ်ထွက်သွားသည့်အပြင် ချူးယွင်ဖန်းသည်လည်း ပါဝင်ရန် ဆန္ဒမရှိခဲ့ပေ။ ထို့ကြောင့် ချူးဟုန်ချိုင်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ထို့အပြင် သူတန်ဖိုးအထားရဆုံးအချက်သည် ချူးဟုန်ချိုင်နှင့် ချူးယွင်ဖန်းတို့ကြားက ကောင်းမွန်သောဆက်ဆံရေးဖြစ်သည်။
"ဟုတ်တယ်" ချူးယွင်ဖန်းက ခေါင်းညိတ်ကာ ချူးယောင်ဝေ့၏ ထင်မြင်ချက်ကို သဘောတူလိုက်သည်။ "ဒါပေမယ့် ဒီနေ့ ကျွန်တော် ချန်ရှန်းဟုန်ကို ထိခိုက်အောင် လုပ်လိုက်တာဆိုတော့ သခင်မကြီးအတွက် အခက်အခဲမဖြစ်စေဖို့ မျှော်လင့်မိပါတယ် "
သခင်မကြီးက ခေါင်းခါ၍ ပြောလိုက်သည်။
"ဘာအခက်အခဲရှိရမှာလဲ၊ မြို့စားနင်က အဖွားရဲ့ တူပါ။ ဒင်းသာ အဖွားကို သွားဖြဲပြရဲရင် တစ်ခါတည်း ခုတ်ချပစ်လိုက်မယ်။ ဒါ့ပြင် ချန်ရှန်းဟုန်က အတင့်ရဲလွန်းတယ်။ သူက တခြားလူတွေရဲ့ မိသားစုကိစ္စကိုတောင် ဝင်စွက်ဖက်ရဲတယ်။ မင်း သူ့ကို ဒီလိုရိုက်နှက်လိုက်တာကလည်း သူ့အကျိုးအတွက်ပဲလေ။ မဟုတ်ရင် သူ မကြာခင် တစ်ခုခုဖြစ်ရလိမ့်မယ်"
သခင်မကြီးသည် ချန်ရှန်းဟုန်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း သူသာ ယနေ့တွင် ထိုသို့အရိုက်မခံရပါက နောင်တွင် ပို၍ဒုက္ခရောက်ရမည်ကို သူမ သိနေသည်။ ချူးယွင်ဖန်းသည် သူ့ကို သေးငယ်သော ပြစ်ဒဏ်တစ်ခုသာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ တခြားရက်စက်ကြမ်းကြုတ်သူတစ်ဦးသာဖြစ်ခဲ့လျှင် ယခုအချိန် သူ့ကို သတ်ပစ်လိုက်ပြီဖြစ်သည်။ ချန်မိသားစု၏ အကြီးအကဲတစ်ဦးဖြစ်သော သူမသည် ဤပုံစံဖြင့်ဆိုလျှင်ပင် ဂျူနီယာများကို သွန်သင်ဆုံးမပေးရန် တာဝန်ဝတ္တရားရှိပေသည်။
"ဟုတ်တယ်၊ ဘာမှမဖြစ်ပါဘူး။ ကျုပ် မြို့စားနင်ဆီ စာတစ်စောင် ရေးလိုက်မယ်။ ဒဏ်ရာတွေက သိပ်မကြီးပါဘူး၊ သူတို့ အားလုံးက နတ်အဆင့်ကျွမ်းကျင်သူတွေဆိုတော့ ရက်အနည်းငယ်လောက်နဲ့ ပြန်တက်ကြွလာလိမ့်မယ်"
ချူးယောင်ဝေ့က ဤအကြောင်းကိစ္စကို စိတ်ထဲမထားခဲ့ပေ။ မြင့်မြတ်သောမိသားစု၏ အမျိုးကောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ၎င်းတို့အားလုံးငယ်ရွှယ်စဥ်တွင်လည်း ယခုနှင့် ထူးမခြားနားခဲ့ပေ။ တစ်ဦးပြီး တစ်ဦးတိုက်ခိုက်ခြင်းသည် ရယ်ဖွယ်ရာကောင်းလှသည်။ ၎င်းတို့သည် တစ်ဖက်လူကို မသတ်ဖြတ်မိသရွေ့ ကြီးးမားသော ပြဿနာမဟုတ်ပေ။
"ဒါ့အပြင် မြို့စားနင်နဲ့ တခြားသူတွေက ဒီကိစ္စကို အလျော့မပေးချင်ဘူးဆိုရင်တောင် မင်းက ကြောက်မှာမို့လို့လား" ချူးယောင်ဝေ့သည် ချူးယွင်ဖန်းကို ထိုးဖောက်မြင်နေဟန်ဖြင့် ခပ်ပါးပါး ပြုံး၍ ကြည့်လိုက်သည်။
ချူးယွင်ဖန်းက ပြုံးပြလိုက်သော်လည်း သူ၏မေးခွန်ကို ပြန်မဖြေခဲ့ပေ။ မှန်သည်၊ ချူးယွင်ဖန်းသည် မကြောက်ရွံ့ပေ။ သူ၏ ခွန်အားပြန်လည်ရရှိလာသောအခါ ဝေ့တိုင်းပြည်တစ်ခုလုံးသည် သူ့အား သနားညှာတာမှုအောက်တွင် ရောက်ရှိနေပေလိမ့်မည်။ ထို့ကြောင့် မည်သည်ကိုမျှ ကြောက်ရွံ့ရန် မလိုအပ်ပေ။
“ကောင်းပြီ မင်းတို့ နှစ်ယောက်စလုံး သွားလို့ရပြီ။ ငါ ပင်ပန်းနေပြီ" သခင်မကြီးသည် ၎င်းတို့ကို ထွက်ခွာရန် အမိန့်ပေးလိုက်သည်။
ချူးယွင်ဖန်းသည် အိမ်တော်မှ ထွက်ခွာကာ ရှန်ဟဲဆေးပညာရိပ်မြုံသို့ ပြန်ရောက်သွားသောအခါ အချိန်အတော်ကြာ စောင့်ဆိုင်းနေသည့် စစ်ဝံပုလွေဂိုဏ်း၏အဖွဲ့ဝင်တစ်ဦးကို တွေ့ရှိလိုက်ရသည်။
"ဆေးဆရာချူး၊ ကျုပ် ခင်ဗျားကိုစောင့်နေတာ” ထိုစစ်ဝံပုလွေဂိုဏ်း၏အဖွဲ့ဝင်သည် သူ့အရှေ့သို့ ကမန်းကတန်း လျှောက်လာကာ ပြောလိုက်သည်။
"ဘာကိစ္စရှိလို့လဲ" ချူးယွင်ဖန်းသည် ထိုစစ်ဝံပုလွေဂိုဏ်း၏အဖွဲ့ဝင်ကို စူးစမ်းနေသော အမူအရာဖြင့် ကြည့်လိုက်သည်။
“ကျုပ်တို့ ဂိုဏ်းခေါင်းဆောင်က ခင်ဗျားကို ဌာနချုပ်ဆီ ဖိတ်ထားလို့ပါ" စစ်ဝံပုလွေဂိုဏ်း၏အဖွဲ့ဝင်က အလျင်အမြန် ပြောလိုက်သည်။
"ဘာတဲ့လဲ" ချူးယွင်ဖန်းက မေးမြန်းလိုက်သည်။
စစ်ဝံပုလွေဂိုဏ်း၏အဖွဲ့ဝင်သည် အခက်တွေ့နေသည့် အမူအရာမျိုး ထုတ်ဖော်ပြသလိုက်သည်။
"ကျုပ် မသိဘူး၊ ကျုပ်လို လူမျိုးက ဒီကိစ္စတွေကို ဘယ်လိုလုပ်သိမှာလဲ၊ ဆေးဆရာချူး ပြန်ရောက်လာတာနဲ့ ဌာနချုပ်ကို ချက်ချင်း ကြွခဲ့ပေးဖို့ ကျုပ်တို့ခေါင်းဆောင်က ဖိတ်ထားတာပါ။ သူ့မှာ ခင်ဗျားနဲ့ အရေးတကြီးဆွေးနွေးစရာ ရှိတယ်တဲ့"