ဒဏ်ရာ အပြင်းအထန်ရရှိပြီးနောက် ဒူးထောက်ခိုင်းခံရခြင်း
Vol. 82 Ch. 1224
နတ်အဆင့်ကျွမ်းကျင်သူများသာလျှင် ဤကဲ့သို့ ပြုလုပ်နိုင်ကြသည်။ နတ်အဆင့်သည် မဖြစ်နိုင်သောအရာများကို ဖြစ်နိုင်ချေရှိသည်အထိ ပြောင်းလဲပေးနိုင်သော ကျင်ကြံမှုအဆင့်ဖြစ်သည်။ ထို့အပြင် မတူညီသော ကျင့်ကြံမှုအဆင့်များသည်လည်း သဘာဝအတိုင်း ကွဲပြားပေသည်။ ဝမ်ဖေးဟုန်၏အဆင့်တွင်၊ မွေးဖွားခြင်းနယ်မြေအဆင့်ရှိ ကျွမ်းကျင်သူများကို ပေါ့ပေါ့တန်တန် ကြည့်လိုက်ရုံဖြင့် သတ်ဖြတ်နိုင်၍ သာမန်နတ်အဆင့်ကျွမ်းကျင်သူများကို တစ်ချက်ကြည့်လိုက်ခြင်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိစေနိုင်သည်။
ထို့ကြောင့်သာ လျောင်သာ့ယီသည် ဤရုတ်တရက်တိုက်ခိုက်မှုကို မမျှော်လင့်ထားခြင်းဖြစ်သည်။ သို့သော်လည်း ဝမ်ဖေးဟုန်၏အကြည့်များမှ ဖွဲ့စည်းလာသည့် ထက်မြတ်သော ဓားသွားနှစ်လက်သည် ချူးယွင်ဖန်းနှင့် သုံးလက်မအကွာတွင် ရပ်တန့်သွားကာ တစ်စ တစ်စ ပြိုကွဲသွားခဲ့သည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏အနီးအနားသို့ပင် မကပ်နိုင်ခဲ့ပေ။
ဤအခိုက်အတန့်တွင် လူတိုင်း အာရုံပြန်ကပ်လာကြ၍ ချူးယွင်ဖန်းကို ကြည့်နေသည့်အမြင်များသည်လည်း လုံးလုံးလျားလျား ပြောင်းလဲလာခဲ့သည်။ ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်မှုကို အလွယ်တကူ တားဆီးနိုင်မည်ဟု ဝမ်ဖေးဟုန် မမျှော်လင့်ထားခဲ့ပေ။ ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်မှုကို လျစ်လျူရှုထားပုံပေါ်သည်။
"မဆိုးပါဘူး" ဝမ်ဖေးဟုန်သည် ကနဦးတိုက်ခိုက်မှုကို စတင်ခဲ့သူ မဟုတ်သည့်ဟန်ဖြင့် ပေါ့ပါးစွာ ပြုံးလိုက်သည်။ သူသည် ဖြစ်ပျက်ခဲ့သမျှကို နှလုံးသွင်းခဲ့ပုံမပေါ်ပေ။
ချူးယွင်ဖန်း၏ မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်များဖြင့် လင်းလက်သွားသည်။ သူသည် ဝမ်ဖေးဟုန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားကများ အတင့်ရဲလို့။ ခင်ဗျားမိဘတွေက ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ မသင်ပေးခဲ့ဘူးလား"
ထိုသို့ကြားသောအခါ ဝမ်ဖေးဟုန်၏ ဘာသိဘာသာဖြစ်နေသော အမူအရာများ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် ချူးယွင်ဖန်းကို လှောင်ရယ်၍ ပြောလိုက်သည်။
"မင်းကတော့ သေကြောင်းကြံစည်နေတာပဲ။ ကျုပ် မိဘတွေကို ထည့်ပြောရအောင် မင်းကိုယ်မင်း ဘာထင်နေတာလား’’
အခြားလူများသည် ၎င်းတို့နှစ်ယောက်ကြားတွင် ပဋိပက္ခများဖြစ်ပွားနေကြောင်း မြင်သောအခါ စိတ်ဝင်စားစွာ ကြည့်နေကြသည်၊ အထူးသဖြင့် ဝမ်ဖေးဟုန်ကို ဖြစ်သည်။ ဝမ်ဖေးဟုန်သည် ဝံ့ကြွားလွန်းသည်အထိ ဂုဏ်မောက်သူတစ်ဦးဖြစ်သည်။ ဝမ်ဖေးဟုန်သည် ၎င်းတို့ကဲ့သို့ ကျော်ကြားသော ကျွမ်းကျင်သူများကိုပင် အထင်အမြင်သေးစွာ ဆက်ဆံဝံ့ခဲ့သည်။ သို့သော်လည်း သူ၏နောက်ကွယ်ရှိ အမွေခံဓားစံအိမ်ကြောင့် ၎င်းတို့သည် သူ၏အပြုအမူများကို သည်းခံနေရသည်၊ သို့သော် ယခုအခါ နောက်ဆုံးတွင် သူ့ကို သည်းမခံနိုင်သူတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီဖြစ်သည်။
"ဆေးဆရာချူး၊ စိတ်ကို လျှော့ပါဦး။ အမွေခံဓားစံအိမ်က သာမန်နေရာတစ်ခု မဟုတ်ဘူး။ အမွေခံဓားစံအိမ်ရဲ့ ပိုင်ရှင်က လွန်ခဲ့တဲ့ဆယ်စုနစ်လောက်ကတည်းက ရွှေအမတေခြေလှမ်းတစ်ဝက်အဆင့်ကိုရောက်နေတာ၊ သူ့ခွန်အားက နက်ရှိုင်းလွန်းတယ်" လျောင်သာ့ယီသည် ချူးယွင်ဖန်းနှင့် အလျင်အမြန် စိတ်ချင်းဆက်သွယ်လိုက်သည်။
ဝမ်ဖေးဟုန်သည် ချူးယွင်ဖန်းကို လှောင်ရယ်လိုက်သည်။ သူသည် ချူးယွင်ဖန်းကို မည်သို့ပင်ကြည့်နေပါစေ အလွန်မျက်စိစပါးမွှေးစူးနေမိသည်။ သူသည် ချူးယွင်ဖန်း မရောက်လာမီတွင် အငယ်ဆုံးနှင့် ဂုဏ်အယူရဆုံး ပါရမီရှင်ဖြစ်သည်။ သို့သော် စီနီယာအဆင့် ဆေးပညာရှင်ဖြစ်လာရန် မည်မျှခက်ခဲသည်ကို သူကောင်းမွန်စွာ သိထားသောကြောင့် ချူးယွင်ဖန်း၏ အသွင်အပြင်သည် သူ့ကို အလွန်စိတ်မကျေမနပ်ဖြစ်စေသည်။ ဤကောင်စုတ်လေးသည် သူ့ထက်ပင် မောက်မာနေဟန်ရှိသည်။ ထို့ကြောင့် သူသည် စိတ်မကျေမနပ်ဖြစ်နေသည့်အတွက် တိုက်ရိုက်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ သူသည် အကျိုးဆက်နှင့် ပတ်သက်၍ သိပ်မစဉ်းစားမိပေ။ မည်သို့ပင်ဆိုစေကာမူ လူတိုင်းသည် သူ၏ဖခင်ကို လေးစားကြသည်၊ ထို့ကြောင့် သူဘက်မှ ဤသို့တိုက်ခိုက်လျှင်ပင် မည်သည့်အကြောင်းအရာများဖြစ်ပွားနိုင်မည်နည်း။
"စီနီယာအဆင့် ဆေးပညာရှင်လောက်နဲ့ ကျုပ်တို့ရဲ့အမွေခံဓားစံအိမ်ကို စော်ကားရဲ့တယ်ပေါ့လေ။ မင်းက သေကြောင်းကြံစည်နေတာပဲ၊ ကျုပ်ကို ဒူးထောက်ပြီး သုံးခါရှိခိုးရင် မင်းအသက်ကို ချမ်းသာပေးမယ်" ဝမ်ဖေးဟုန်သည် အရာအားလုံးကို ဖြစ်သင့်ဖြစ်ထိုက်သည်ဟု သတ်မှတ်နေဟန်ဖြင့် မောက်မာစွာ ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် ဝမ်ဖေးဟုန်သည် ချူးယွင်ဖန်းကို မကြိုက်နှစ်သက်သည့်အပြင် သူ့ကို အရှက်ရစေလိုကြောင်း လူတိုင်း တွေ့မြင်နိုင်သည်။ မည်သို့ကြောင့်မှန်း မသိသော်လည်း ဝမ်ဖေးဟုန်သည် ဤပန်းတိုင်ကို အရောက်လှမ်းချင်နေကြောင်း သိသာထင်ရှားသည်။
"အမွေခံဓားစံအိမ်တဲ့လား၊ ဘာမို့လို့လဲ။ ခင်ဗျားလို အမှိုက်သရိုက်မျိုး မပြောနဲ့ ခင်ဗျားအဖေ ရောက်လာရင်တောင် ကျုပ်နဲ့ ယှဉ်ဖို့ မတန်ဘူး"
ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်မျှသာရှိနေသော ကျွမ်းကျင်သူသည် အခြားလူများအတွက် ကြောက်မက်ဖွယ်ဖြစ်တည်မှုမျိုးဖြစ်နိုင်သော်လည်း ချူးယွင်ဖန်း၏အမြင်တွင် မပြောပါ့လောက်ပေ။ သူသည် ယခင်က ရွှေအမတေအဆင့်ကျွမ်းကျင်သူများကိုပင် မကြာခဏ သတ်ဖြတ်ခဲ့ဖူးရာ၊ သူ့ရှေ့တွင် မောက်မာစွာ ပြုမူရဲသည်နှင့် တစ်ချက်တည်း အလွယ်တကူ အသတ်ခံရနိုင်သည့် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကဲ့သို့သော ဖြစ်တည်မှုမျိုးကို သူ အနည်းငယ်မျှ ဂရုမစိုက်ပေ။ အခြားလူများအတွက်၊ ဝမ်ဖေးဟုန်တွင်ရှိနေသော ကျောထောက်နောက်ခံသည် လုံလောက်နိုင်သော်လည်း ၎င်းသည် ချူးယွင်ဖန်းအတွက် အလွန်ကလေးဆန်လှသည်။
"မင်း ဘာပြောလိုက်တယ်" ဝမ်ဖေးဟုန်သည် ဒေါသစိတ်ကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။ ယခုအချိန် သူ၏မျက်နှာတွင် ယခင်ကဲ့သို့ လှောင်ပြောင်နေသည့် အမူအရာမျိုး မရှိတော့ပေ။ သူသည် ယခုအခါ ချူးယွင်ဖန်းကို သတ်ဖြတ်ချင်စိတ် ပြင်းထန်နေသည့် မျက်လုံးများနှင့် ကြည့်နေလေသည်။
လျောင်သာ့ယီသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန် ခေါင်းကိုက်လာမိသည်။ နှစ်ဦးနှစ်ဖက်စလုံးသည် ၎င်းတို့ဘက်မှ စော်ကားရန် မသင့်သော ဖြစ်တည်မှုများဖြစ်သည်။
"ခင်ဗျားက အမှိုက်လို့ ပြောနေတာ၊ ဘာတဲ့ ကျုပ်က ခင်ဗျားကို ဒူးထောက်ရမယ် ဟုတ်လား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
"ဟုတ်တယ်။ ဒါပေမယ့် အခုတော့ ဒူးထောက်ရုံနဲ့ လုံလောက်မှာ မဟုတ်ဘူး။ မင်းအသက်နဲ့ပဲ တောင်းပန်ရလိမ့်မယ်"
ဝမ်ဖေးဟုန်က အလွန်ဒေါသထွက်နေသည်။ ပြီးနောက် သူသည် ချက်ချင်းပေါက်ကွဲသွားပြီးနောက် ချူးယွင်ဖန်းဆီ ချီတက်လိုက်သည်။ အဋ္ဌမမြောက်နတ်အဆင့်၏ ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါများ ချက်ချင်းပင် ထွက်ပေါ်လာ၍ ချူးယွင်ဖန်းထံ တစ်ဟုန်ထိုး လွှမ်းခြုံသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် ဧည့်ခန်းထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ် ဓားအလင်းရောင်တစ်ခု ပေါက်ကွဲသွားလေ၏။ ကောင်းကင်တစ်ခုလုံး ထက်ခြမ်းကွဲအက်သွားပြီးနောက် ဓားအလင်းရောင်သည် မြစ်ရှည်ကြီးတစ်ခုအဖြစ် စုရုံးကာ ချူးယွင်ဖန်းထံ ပျံ့နှံ့သွားလေသည်။
"မဖြစ်ဘူး။ သတိထား၊ ဆေးဆရာချူး" လျောင်သာ့ယီက ကမန်းကတန်း အော်လိုက်သော်လည်း အရှေ့ကို မလှမ်းလာဝံ့ပေ။
သူသည် သတ္တမမြောက် နတ်အဆင့်ကျွမ်းကျင်သူတစ်ဦးသာဖြစ်၍ ဒေါသဖြင့် ပေါက်ကွဲထွက်နေသော ဝမ်ဖေးဟောင်သည် သူ့ထက် သန်မာသူဖြစ်သောကြောင့် အနားသို့ပင် မကပ်ဝံ့ပေ။ အခြားလူများသည်လည်း ထိခိုက်ဒဏ်ရာမရရှိစေရန် အတားအဆီးများ ပြုလုပ်လိုက်ကြသည်။ ချူးယွင်ဖန်းသည် ထိုတိုက်ခိုက်မှုကို အရေးတယူပြုပုံပင် မပေါ်ပေ။ သူသည် လက်ကို မြှောက်တင်၍ ကျရောက်လာသော ဓားအလင်းရောင်ကို ဖမ်းဆုပ်လိုက်သည်။ ချူးယွင်ဖန်းသည် ၎င်းကို အားစိုက်၍ ဖမ်းဆုပ်လိုက်သည်နှင့် ဓားအလင်းရောင်သည် တစ်စ တစ်စ ကွဲကြေသွားလေသည်။ အရာအားလုံးသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ချူးယွင်ဖန်းသည် ထိတွေ့စမ်းသပ်၍ ရနိုင်သောအရာတစ်ခုဖြစ် ပြောင်းလဲသွားသော ဓားအလင်းရောင်ကို ဖိညှစ်လိုက်သည်နှင့်အမျှ ၎င်းသည် တစ်စ တစ်စ ကွဲထွက်သွားခဲ့သည်။ ဓားအလင်းရောင်သည် သူ့ကို အနည်းငယ်မျှပင် မထိခိုက်နိုင်ခဲ့ပေ။
"မဖြစ်နိုင်ဘူး"
ဝမ်ဖေးဟုန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ချူးယွင်ဖန်းသည် သူ၏ စွမ်းအင်အပြည့်ပါရှိသော တိုက်ခိုက်မှုကို အမှန်တကယ် ပိတ်ဆို့နိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် ဓားအလင်းရောင်၏ အပိုင်းအစများကိုပင် မလှည့်ကြည့်ဘဲ ဝမ်ဖေးဟုန်ထံ ပြန်ပစ်လိုက်သည်။ ဤဓားအလင်းရောင်များသည် ချက်ချင်းဆိုသလိုပင် ဝမ်ဖေးဟောင်ဆီ လွင့်စင်သွားသည့် ချွန်မြသော အပိုင်းအစများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဘန်း
ဘန်း
ဘန်း
မရေတွက်နိုင်သော ဓားအလင်းတန်းများသည် ဝမ်ဖေးဟုန်၏ ခန္ဓာကိုယ်နှင့်ထိတွေ့ကာ ပေါက်ကွဲသွားပြီးနောက် ၎င်းကြောင့် သူကို လွင့်ထွက်သွားစေကာ ဧည့်ခန်း၏ တိုင်တစ်ခုနှင့် ဝင်တိုက်မိသွားလေသည်။ ဧည့်ခန်းတစ်ခုလုံး ခေတ္တတုန်ခါသွားစေသောကြောင့် ၎င်းတို့သည် အတားအဆီးများကို ထပ်ခါထပ်ခါ ပြန်လည်ပြုပြင်နေရသည်။ ဤတိုက်ခိုက်မှုသည် မည်မျှထိတ်လန့်ဖွယ်ကောင်းသည်ကို တွေးကြည့်၍ပင် သိနိုင်သည်။ သို့သော်လည်း အဆိုပါ ထိပ်တန်းကျွမ်းကျင်သူများကို အမှန်တကယ် ထိတ်လန့်စေသည့်အချက်မှာ ဝမ်ဖေးဟုန်သည် ၎င်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
ချူးယွင်ဖန်း၏ ပေါ့ပါးသော ပစ်ချက်သည် အံ့ဩထိတ်လန့်ဖွယ် စွမ်းအင်များ ပါရှိနေသည်။ ဝမ်ဖေးဟုန်သည် ပါးစပ်မှ သွေးများ အန်ထွက်လာသည်။ သူ၏ခန္ဓာကိုယ်တွင် ကာကွယ်ရန် ဝတ်ဆင်ထားသော အတွင်းဝတ်ချပ်ဝတ်တန်ဆာသည် လုံးလုံးလျားလျား ကွဲအက်သွားကာ နေရာအရပ်ရပ်သို့ ပြန့်ကျဲသွားခဲ့သည်။ သို့သော် သူသည် ချူးယွင်ဖန်းကို မထီမဲ့မြင်ပြုစွာ မကြည့်တော့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် အလွန်တုန်လှုပ်နေမိသည်။
သို့သော် ထိုအချိန်တွင် ချူးယွင်ဖန်းက အော်ဟစ်လိုက်သည်။ "ဒူးထောက်"
ထိုမှတစ်ဆင့် ဝမ်ဖေးဟုန်သည် သူ့အပေါ်သို့ ကြောက်မက်ဖွယ် တွန်းအားတစ်ခု ကျရောက်လာကြောင်း ခံစားလိုက်ရသည်။ ၎င်းသည် ထိုက်တောင်ကဲ့သို့ လေးလံသည့်အတွက် ဆက်လက်သည်းမခံနိုင်တော့ဘဲ ချက်ချင်းပင် ဒူးထောက်ကျသွားလေသည်။ သူ၏ဒူးများ ကြမ်းပြင်နှင့် ရိုက်ခတ်မိသွားကာ အပေါက်ကြီးနှစ်ခုဖြစ်ပေါ်လာစေ၏။ သူသည် အော်ဟစ်ချင်သော်လည်း အသံမထွက်နိုင်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်ထက်တွင် မန္တန်တစ်ခု ပေါ်ပေါက်လာကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ ၎င်းသည် သူ့အပေါ်ကို ဖိနှိပ်နေသည့် တောင်ကြီးတစ်ခုကဲ့သို့ဖြစ်နေ၍ မတ်တပ်မရပ်နိုင်အောင် တားဆီးနေလေ၏။