ဧည့်သည်ရောက်လာခြင်း
Vol. 41 Ch. 786
ရှဲ့ချောင် ခေါင်းခါမိလိုက်၏။ ဆိုင်ရှင်ချန်သည် သူ့အသက်နဲ့မှမလိုက် နုံအနေလိမ့်မည်ဟု ရှဲ့ချောင် မမျှော်လင့်ထားခဲ့။
“ ရှင် မသိတာပဲကောင်းပါတယ်” ရှဲ့ချောင် ဆိုင်ရှင်ချန်ကို ပြုံးပြလိုက်သည်။ ဆိုင်ရှင်ချန်မှာ ထိုသို့ ကြားလိုက်ရတဲ့အခါ ပို၍ပင် သိချင်သွားတော့သည်။
“ သူဌေး၊ ပြောစရာရှိတယ်ဆိုရင်လည်း ပြောလိုက်ပါ၊ အခုလိုကြီး လျှို့ဝှက်နေတာမြင်ရတော့ စိတ်ထဲတမျိုးကြီးပဲ” ဆိုင်ရှင်ချန် ပြုံးလိုက်သည်
ရှဲ့ချောင် တံခါးမှာ ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းအား လက်ညှိုးထိုးကာ “ အဲ့ဟာက နေတိုင်း မြည်နေတာ၊ ရှင် ဘယ်လိုထင်လဲ”
“ လေပြင်းလို့လား” ဆိုင်ရှင်ချန်သည် ခဏတာတုံ့ဆိုင်းနေခဲ့ပြီးမှ “စဉ်းစားကြည့်တော့မှ အပြင်ဘက်ကနေ လေ တိုက်တာမျိုးလည်း မရှိဘဲနဲ့ အကြောင်းပြချက် မရှိ ခေါင်းလောင်းမြည်နေတာမျိုးလည်းရှိသလိုပဲ၊ ခေါင်းလောင်းထဲမှာ စက်ယန္တရားတစ်ခုခုများ ရှိတာလား”
ဆိုင်ရှင်ချန်ရဲ့ ပုံစံကို မြင်တော့ ရှဲ့ချောင် ပြုံးသာ ပြုံးလိုက်ပြီး “ဘာလို့လဲဆိုတော့ အဲဒါက ဝိဉာဉ်ခေါ်တဲ့ ခေါင်းလောင်းမလို့လေ၊ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် အနားကပ်လာပြီဆိုတာနဲ့ ခေါင်းလောင်းမြည်တတ်တယ်။ ရှင် ခေါင်းလောင်းသံကို ကြားရတယ်ဆိုရင် အဲ့ဒါ ဒုတိယထပ်ကိုဧည့်သည် အနေနဲ့တက်လာတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် ရှိနေပြီးတော့ ကျွန်မက အဲ့မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ တောင်းဆိုချက်တွေကို နားထောင်နေလို့”
အရင်က သူမ ဒီအကြောင်းကို မပြောပြခဲ့ရခြင်းမှာ ဆိုင်ရှင်နှင့် သိပ်ပြီး မရင်းနှီးတာကြောင့်ပင်။
အခုတော့ သူက သူမအတွက် ကြိုးကြိုးစားစား အလုပ်လုပ်ပေးနေပြီး ကောင်းလည်း ကောင်းတာကြောင့် သူ့သူဌေးရဲ့ လျို့ဝှက်ချက်ကို သိရမယ့် အချိန်ကျလေပြီ။
ဆိုင်ရှင်ချန်ကတော့ ထိုစကားကိုကြားတာနဲ့ ရယ်တော့သည်။ “သူဌေး နောက်နေတာမလား”
သူ တစ်ခါမှ မမြင်ဖူးတာ ဖြစ်နိုင်ပါ့မလား၊ နောက်ပြီး မကောင်းဆိုးဝါးဝိဉာဉ်တွေ အများကြီး ရှိနေတာဆိုရင် သူ အခုချိန်ထိ အသက်ရှင်နေဦးမှာတဲ့လား?
“ ဒါက အမှန်တရားပဲ၊ ရှင် မယုံဘူးဆိုရင်လည်း ကိစ္စမရှိဘူး၊ ဒါပေမဲ့ ရှင် ဒီအကြောင်းကို ထပ်ပြီး တွေးနေစရာတော့မလိုဘူး။ မကောင်းဆိုးဝါးဝိဉာဉ်တွေ အများကြီးရှိတယ်ဆိုပေမဲ့ ကျွန်မရဲ့ ဆိုင်နေရာက
အားကောင်းတယ်။ နေရာတိုင်းမှာလည်း ဓမ္မတူရိယာနဲ့ အဆောင်စာရွက်တွေနဲ့။ သူတို့တွေ ပြဿနာရှာရဲမှာ မဟုတ်ဘူး” ထိုသို့ပြောပြီးသည်နှင့် ရှဲ့ချောင် အပေါ်ထပ်သို့ တက်သွားခဲ့၏။
စာရင်းသွင်းခြင်းမလုပ်ရသေးသည့် မကောင်းဆိုးဝါးဝိဉာဉ်များရဲ့ တောင်းဆိုချက်များ ရှိနေသေးသည်။
ရှဲ့ချောင် အပေါ်ထပ်သို့ တက်သွားရုံရှိသေး၊ တံခါးမှ ခေါင်းလောင်းသံ မြည်လာခဲ့သည်။
ဆိုင်ရှင်ချန် ရင်တုန်သွား၏။ သူ တံခါးဆီကို လျှောက်သွားကာ လက်ကိုဆန့်ပြီး အပြင်ဘက်က အခြေနေကို ခံစားကြည့်လိုက်သည်။ တကယ်ကို လုံးဝ လေတိုက်မနေခဲ့တာပင်!
ဘာလို့ ခေါင်းလောင်းမြည်သွားရတာလဲ? သူဌေးပြောသွားသလို… မကောင်းဆိုးဝါးဝိဉာဉ် လာတာ
လား?
ချက်ချင်းဆိုသလို ဆိုင်ရှင်ချန် တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထသွားရတော့သည်။
ကံကောင်းထောက်မစွာဖြင့် သူ အကြောက်လွန်ပြီး သတိလစ်မသွားခင် ဆိုင်ထဲကို ဧည့်သည်တစ်ယောက်ဝင်လာ၍သာ။
ရှဲ့ဖင်းဟွိုက်သည် လက်ထဲ၌ ငွေစတစ်ရာကို ကိုင်လို့ထားသည်။
ငွေစရဖို့အတွက် ကျောက်စိမ်းပြားနှင့် သားမွေးအဝတ်အစားတချို့ကို ပေါင်နှံခဲ့ရသည်။
သူ ငွေစပေါင်းများစွာကို ခက်ခက်ခဲခဲ စုဆောင်းခဲ့ရပြီး သူ့ညီမဆီကလည်း ချေးလာရသေးသည်။
“ ဒုတိယသခင်လေးရှဲ့၊ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ” ဆိုင်ရှင်ချန် အလွန်အံ့ဩသွားသည်။
ရှဲ့ဖင်းဟွိုက်က များများစားစား ပြောမနေဘဲ မေးစရာရှိတာကို မေးလိုက်၏။ “ခင်ဗျားတို့ ဆိုင်မှာ ကွယ်လွန်သွားတဲ့သူတွေအတွကိ မီးရှို့ပေးလို့ရတဲ့ဟာမျိုး ရှိလား..”
“ ဟုတ်ကဲ့၊ ရှိပါတယ်။ ဒီနေရာကို ကြည့်လိုက်ပါ၊ ဒီဆိုင်မှာက စက္ကူစာရွက်မျိုး (ကွယ်လွန်သူတွေအတွက် မီးရှို့ပေးတဲ့ဟာ) မရှိပါဘူး၊ အကုန်လုံးနီးပါးက သစ်သားနဲ့ လုပ်ထားတာတွေချည်း။ အရည်အသွေး ကောင်းရုံတင်မကဘူး ဘိုးဘေးတွေ သက်တောင့်သက်သာ ရှိစေဖို့လည်း အာမခံပေးနိုင်တယ်။ ဒီဟာက သုံးထပ် အဆောင်အအုံတစ်ခု၊ သိပ်မဆိုးဘူးဟုတ်? အရင်ကဆို၊ အထက်တန်းလွှာတချို့ ဒီအဆောက်အအုံကို ဝယ်ပြီး အိမ်ကို ယူသွားကြတာ။ အိမ်မွေးတိရစ္ဆာန်တွေလည်း ရှိသေးတယ်။ သခင်လေး ဘယ်လိုဟာမျိုးကို ရှာနေတာလဲ။
တစ်ခုခု ထူးခြားတာမျိုးကို လိုချင်တယ်ဆိုရင်လည်း သူဌေးကို ကိုယ်တိုင်ထွင်းထုပေးဖို့ တောင်းဆိုလို့ရတယ်”
ဆိုင်ရှင်ချန်သည် လာဝယ်သူဖြစ်နေတာကြောင့် ယဉ်ယဉ်ကျေးကျေးနှင့် ပြန်ဖြေခဲ့၏။
ရှဲ့ဖင်းဟွိုက် ခဏလောက် စဉ်းစားလိုက်၍ “ ဒီအိမ်က… ဘယ်လောက်လဲ”
“ ခြံဝန်းသုံးခုပါတဲ့ဟာက ငွေစ သုံးရာပါ၊ ၃၀ ရာခိုင်နှုန်း လျှော့ဈေးပေးလို့ရပါတယ်”
ရှဲ့ဖင်းဟွိုက် ပြောလိုက်သည်။
ထိုပမာဏက သူ တတ်နိုင်တဲ့ ပမာဏ မဟုတ်…
“ ကျွန်တော် အိမ်အသေးတစ်လုံးပဲယူမယ်.. ငွေဆယ်စလောက်ကျမယ့် တစ်ထပ်အိမ်ဆိုရပြီ။ ပြီးတော့ .. ခွေးတစ်ကောင်ရော။ အကောင်သေးတဲ့ဟာက ပိုပြီး ဈေးသက်သာတယ်ဟုတ်။ အစေခံလည်း လိုတယ်။ နှစ်ယောက်လောက်။ ကျွန်တော့်မှာ ငွေစတစ်ရာရှိတယ်..လောက်ရဲ့လား” ရှဲ့ဖင်းကန်းရဲ့ အသံမှာ ခြောက်အက်အက် ဖြစ်နေခဲ့သည်။
ဆိုင်ရှင်ချန်က ချက်ချင်းသဘောတူလိုက်၏။
သူဌေးရဲ့ ပန်းပုလက်ရာများက ရောင်းဖို့ လွယ်တာမဟုတ်။ ဆိုင်ကိုလာကြတဲ့သူအများစုမှာ ရာထူးအမြင့်ပိုင်းမှ အရာရှိများနှင့် အထက်တန်းလွှာများဖြစ်ကြသည်။
ဆရာရှောင်းတို့လို ဘာသာရေး အယူအဆတွေဘာတွေကို လစ်လျူရှူပြီး ပစ္စည်း ဝယ်ကာ အိမ်မှာ စုဆောင်းတတ်ကြသူများလည်း ရှိ၏။
စီးပွားရေး လုပ်ငန်းကြီးတစ်ခုဟု ယူဆလို့ရသည်။
“ ဒုတိယသခင်လေးကို ကြည့်ရတာ နေလို့သိပ်မကောင်းတဲ့ပုံပဲ၊ အိမ်မှာ တစ်ခုခုဖြစ်လို့လား။ ဒါတွေကို ဘယ်သူ့အတွက် မီးရှို့ပေးချင်လို့လဲ။ နာမည်နဲ့ လိပ်စာ ပေးထားခဲ့လို့ရတယ်။ သူဌေးကိုယ်တိုင် မီးရှိူ့ပေးပြီးတော့ ကွယ်လွန်းသူတွေဆီ ပို့ပေးတယ်” ဆိုင်ရှင်ချန်က ပြုံးလျက် ဆိုလိုက်လေသည်။
•••••